← Chapters

ကျွန်တော်လင်မျိုးရိုးမှာ အပြစ်တစ်စုံတစ်ရာမရှိ

Vol. 6 Ch. 56

ကျွန်တော်လင်မျိုးရိုးမှာ အပြစ်တစ်စုံတစ်ရာမရှိ

Vol. 6 Ch. 56

လီနန်ခယ့်၏ စကားသံအဆုံးတွင် ဆူညံနေသော အခန်းတွင်း၌ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ထိတ်လန့်အံ့သြနေသော အမူအရာများဖြင့် သူတို့အားလုံး နေရာတွင်မလှုပ်မယှက် မြဲမြံစွာရပ်နေမိခဲ့ကြ၏။

အမှုက မပြီးနိုင်သေးဘူးလား။

ဤမျှအဓိပ္ပာယ်မရှိသော အလှည့်အပြောင်းကြီက ဘယ်ကဘယ်လိုပေါ်ပေါက်လာရသနည်း။

"ကိုဉာဏ်ကြီးရှင်၊ ဘာတွေပြောနေတာလဲ။ သနားစရာ သူဌေးကြီးလင်က ဘယ်လိုလုပ် နောက်ကွယ်ကကြိုးကိုင်သူဖြစ်ရမှာလဲ"

ယုန်မလေးမုန့်က နားမလည်နိုင်စွာမေးသည်။

အားလုံး၏အတွေးကို ကိုယ်စားပြုမေးခွန်းထုတ်လိုက်သလိုပင်။

သူဌေးကြီးလင်မှာ ဤအမှုကိစ္စတစ်ခုလုံးတွင် သနားစရာအကောင်းဆုံးသူသာဖြစ်၏။ နှစ်ကိုယ်ယှဥ်တွဲ ပေါင်းသင်းနေထိုင်ခဲ့ပါသော ဇနီးသည်က ချစ်သူဟောင်းကို အစဥ်မပြတ် အောက်မေ့သတိရနေခဲ့ကာ သမီးငယ်မှာလည်း သူကိုယ်တိုင်၏သွေးသားရင်းဟုတ်မနေခဲ့။ သူ့ခေါင်းမှာ ဦးထုပ်စိမ်းဆောင်းခံရရုံမက မြက်ခင်းကြီးတစ်ခုလောက်ပင် စိမ်းလန်းနေခဲ့လေပြီ။

ဤမျှ သနားစာနာဖွယ်ကောင်းလှသော နစ်နာသူတစ်ဦးက မည်သို့မည်ပုံ ကြိုးကိုင်သူနေရာတွင်ရှိရမည်နည်း။

လိန်ရှင်းနန်က အမြန်ဆုံးအသိဝင်လာသူဖြစ်ပြီး သူဌေးကြီးလင်ကို ပြေးပေါက်မရှိအောင် ချက်ချင်းပိတ်ဆို့တားဆီးလိုက်သည်။

တစ်ဖက်မှ သူဌေးကြီးလင်မှာ ကြောင်အနေဆဲအခြေအနေတွင်ရှိသည်။

ထို့နောက် လီနန်ခယ့်ကိုလှည့်ကြည့်လာကာ ပင်ပန်းနွမ်းနယ်နေသောမျက်နှာဖြင့် ဇဝေဇဝါမေးလိုက်သည်။

"အရာရှိလီ ခင်ဗျားဘာတွေပြောနေတာလဲ။ ဘယ်လို နောက်ကွယ်ကကြိုးကိုင်သူလဲ"

"ဒီလောကမှာ တိုက်ဆိုင်မှုတွေ ကျွန်တော်ထင်တာထက် အများကြီးရှိနိုင်တာပဲ"

လီနန်ခယ့်က အေးဆေးတည်ငြိမ်စွာ ဆိုသည်။

"ဒါပေမဲ့ တိုက်ဆိုင်မှုတွေအများကြီးက အဆင့်ဆင့်ဖြစ်ပေါ်ပြီး တစ်နေရာတည်းမှလာဆုံနေတာမျိုးတော့ လုံးဝမဖြစ်နိုင်ဘူး။ အထူးသဖြင့် အဲ့ဒီတိုက်ဆိုင်မှုတွေက ရည်ရွယ်ချက်ကြီးကြီးတစ်ခုတည်းကို ဦးတည်နေတာမျိုးပေါ့"

"မေရှင်းအာနဲ့လင်ကျောက်ယွဲ့ရဲ့ ကံကြမ္မာလမ်းကြောင်းတွေက ဘယ်အချိန်ကစပြီး ပြောင်းလဲသွားခဲ့တာလဲ"

"လွန်ခဲ့တဲ့လဝက်အချိန် သူဌေးကြီးလင် သူတို့ကို အမွှေးတိုင်ကပ်လှူပူဇော်ဖို့ ခေါ်သွားတဲ့အချိန်က စခဲ့တာမဟုတ်လား"

"ဘုန်းကြီးချန်းမင်ရဲ့ ပြောစကားအရဆိုရင် အဲ့ဒီတုန်းက ခင်ဗျားရဲ့မိသားစုဝင်တွေတင်မက ဝမ်ယင်းယင်းနဲ့ဝမ်ကျင်းအာပါ အတူလိုက်ပါခဲ့ကြတယ်တဲ့"

"ဆရာတော်ရဲ့ တရားဒေသနာဟောကြားမှုကိုနာယူဖို့ တရားထိုင်ခန်းထဲအတူစုနေချိန်မှာ ဝမ်ယင်းယင်းတို့မိန်းကလေးငယ်တွေ အရမ်းနားညည်းတယ်ဆိုပြီး သူတို့နှစ်ယောက်နဲ့အတူ လင်ကျောက်ယွဲ့ကိုပါ ဘေးကပ်ရပ်အခန်းဆီပို့လိုက်တယ်"

"နောက်တော့ အကြောင်းပြချက်တစ်ခုရှာပြီး မေရှင်းအာကိုပါ တရားထိုင်ခန်းထဲ တစ်ယောက်တည်းချန်ထားခဲ့ပြန်တယ်"

"အဲ့ဒီအခွင့်အရေးကို ဟယ့်ချင်းယွီကအရယူပြီး တရားထိုင်ခန်းထဲအမြန်ပြေးဝင် မေရှင်းအာကိုမေးခွန်းထုတ်တယ်။ လင်ကျောက်ယွဲ့က သူ့သမီးလားတဲ့"

"မေရှင်းအာလည်း ရုတ်တရတ်ဆန်တဲ့အခြေအနေမှာ သူ့သမီးနဲ့သူငယ်ချင်းမလေးတွေ ဘေးခန်းမှာရှိတာကိုမေ့ပြီး လျှို့ဝှက်ချက်ကို အချိန်မီမဖုံးကွယ်လိုက်နိုင်ဘူး ဖြစ်သွားခဲ့တယ်"

လီနန်ခယ့်က စကားပြောရင်း အေးစက်ထက်မြက်သော အကြည့်များဖြင့် သူဌေးလင်၏မျက်နှာအား စူးစိုက်အကဲခတ်သည်။

"ကျွန်တော့်မေးတာဖြေပါဦး။ ဒီအဖြစ်အပျက်တွေအားလုံးက တိုက်ဆိုင်မှုသက်သက်ပဲလား။ စီစဥ်သူတစ်ယောက် နောက်ကွယ်မှာရှိနေခဲ့တာလား"

သူဌေးလင်က တိတ်ဆိတ်နေသော်ငြား အင်္ကျီလက်စဖြင့်ဖုံးအုပ်နေသော သူ့လက်သီးများကို တင်းတင်းဆုပ်ထားလျက်ရှိသည်။

လီနန်ခယ့်က အသံကို မြှင့်လိုက်သည်။

"ပထမဆုံး မေးခွန်းကို ပြန်သွားရအောင်။ ဟယ့်ချင်းယွီက လင်ကျောင်ယွဲ့ဟာ သူ့သမီးရင်းဖြစ်နေတာကို ဘယ်လိုလုပ်သိသွားတာလဲ။

"သခင်မကြီးက လွှတ်ခနဲထွက်သွားမိလို့ မတော်တဆကြားသွားတဲ့တစ်ယောက်ယောက်ကများ ဟယ့်ချင်းယွီကို တကူးတကသွားပြောပြခဲ့တာလား"

"ဒါမှမဟုတ် ဟယ့်ချင်းယွီတစ်‌ယောက် အတိတ်နိမိတ်တွေ အိပ်မက်မက်ပြီး သူ့ဘာသာသိသွားခဲ့တာလား"

"သခင်မကြီး ဘယ်လောက်ရိုးသားတုံးအနေပါစေ အသက်နဲ့တမျှအရေးကြီးတဲ့လျှို့ဝှက်ချက်ကြီးကိုတော့ သတိလက်လွတ်ထုတ်ပြောမိစရာ အကြောင်းမရှိပါဘူး"

"သူ့ဘက်ကထုတ်မပြောလာသရွေ့ အပြင်လူမသိနိုင်တဲ့လျှို့ဝှက်ချက်မျိုးပဲမဟုတ်လား။ ဒါပေမဲ့ နေ့မကွာညမကွာ အတူရှိနေတဲ့ခင်ပွန်းသည်ကတော့ မူမမှန်တာတစ်ခုခုရှိရင် တန်းသိနိုင်မှာပဲလေ။ သခင်မကြီးများ အိပ်မောကျရင်းယောင်ပြောမိသလား။ သူဌေးလင်ကပဲ သမားတော်ပြရင်း သူ့ကိုယ်သူကလေးမရနိုင်မှန်း သိသွားတာမျိုးလား"

ထိုစကားအရောက်တွင် သူဌေးလင်က ရုတ်တရတ်ခေါင်းမော့ကြည့်လာသည်။ စိုက်ကြည့်လာသောမျက်လုံးများတွင် ပုံမှန်မဟုတ်သောအကြည့်များဖြင့် စူးရှအေးစက်လျက်။

သူဌေးလင်ကို တလျှောက်လုံးအကဲခတ်နေခဲ့သော လီနန်ခယ့်က ပြုံးသည်။

"ကြည့်ရတာ သမားတော်ပြရင်းသိသွားတာထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကလေးမရနိုင်ဘူးဆိုတာသိသွားတော့ မေရှင်းအာက ခင်ဗျားကိုလှည်းကျိုးထမ်းခိုင်းခဲ့တာမှန်း သိသွားခဲ့ရောပေါ့"

သူဌေးလင်က သူ့မျက်လုံးများကိုမှိတ်ချလိုက်သည်။ မတိုင်မီက ဝမ်းနည်းအားငယ်စွာ မှိုင်းရီနေသောမျက်နှာအမူအရာမှာလည်း တမုဟုတ်ချင်း ပျောက်ကွယ်သွားခဲ့၏။ မျက်လုံးများက ချက်ချင်းပင် စူးရှထက်မြက်လာကာ အရှိန်အဝါပင် ပြောင်းလဲသွားလေသည်။

ထိုနေရာတွင် မှောင်မိုက်ကွယ်ဝှက်မှုက အစားထိုးဝင်ရောက်လာသည်။

တစ်ဖက်လူ၏ တုံ့ပြန်ပုံကိုမြင်မှ သူတို့အားလုံးလည်း သူဌေးလင်သည် မြင်နေရသလို ရိုးသားတုံးအသူတစ်ဦးမဟုတ်မှန်း လက်ခံလိုက်ကြရတော့သည်။

နောက်ဆုံးတော့ သရုပ်ဆောင်ကောင်းတစ်ဦးသာဖြစ်ခဲ့သည်ပင်။

"ခင်ဗျား မေရှင်းအာကို စိတ်ရင်းနဲ့ချစ်ခဲ့တယ်ဆိုတာတော့ ကျွန်တော်ယုံပါတယ်။ အဲ့လိုချစ်ခဲ့လို့ပဲ ဒီလောက်ထိဒေါသကြီးခဲ့ရတာပေါ့"

"မတိုင်ခင်ကတော့ မေရှင်းအာနဲ့ ဟယ့်ချင်းယွီတို့မှာ ဒီလိုအတိတ်ရှိခဲ့မှန်း ခင်ဗျားသိခဲ့ပေမဲ့ သိပ်ဂရုမစိုက်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် မေရှင်းအာကို ခင်ဗျားကိုယ်တိုင် ပြည့်တန်ဆာအိမ်ကနေ ရွေးထုတ်ခဲ့တာပဲလေ။ ပြည့်တန်ဆာတစ်ယောက်ဆီကနေ အပျိုစင်ဘဝကို မျှော်လင့်လို့မရမှန်း ခင်ဗျားသိခဲ့တာပေါ့။"

ဒါပေမဲ့ တခြားလူတစ်ယောက်ရဲ့ သွေးသားကို ကိုယ်ကကျွေးမွေးပျိုးထောင်ပေးနေရတယ် ဆိုတဲ့အချက်ကိုတော့ ခင်ဗျားလုံးဝလက်မခံနိုင်ခဲ့ဘူး"

"ခင်ဗျားအမြင်မှာတော့ မေရှင်းအာကခင်ဗျားကို အရူးကြီးလို့ပဲသတ်မှတ်ထားပြီး အတူအိပ်ဆောင်ဝင်ချိန်တိုင်း စိတ်ထဲကနေ လှောင်ပြောင်ပြက်ရယ်ပြုနေလောက်မယ်လို့ ထင်ခဲ့မှာပေါ့"

"ဒီလိုနဲ့ ဒေါသအလျောက် အကြံအစည်တစ်ခုကို စနစ်တကျစီစဥ်ခဲ့လိုက်တယ်"

လီနန်ခယ့်က ကုလားထိုင်ပေါ်တွင်ပြန်ထိုင်ကာ စားပွဲကိုလက်ဖြင့်ခေါက်လျက် တင်းမာပြတ်သားစွာ ဆိုသည်။

"ခင်ဗျားက ဟယ့်ချင်းယွီကို ဒီအကြောင်းသိအောင်လုပ်ပြီး မေရှင်းအာဆီ ကိုယ်တိုင်သွားမေးစေခဲ့တာမဟုတ်လား"

"ဒါပေမဲ့ မေရှင်းအာကလည်း အိမ်ပြင်ကို ထွက်ခဲလွန်းတယ်။ ဟယ့်ချင်းယွီကိုယ်တိုင်ကလည်း လင်အိမ်တော်ထိအရောက်လာရအောင် ကမှူးရှူးထိုးဆန်တဲ့သူမဟုတ်ဘူး။ ဒါကြောင့် သူ့အတွက်အခွင့်အရေးရအောင် မိသားစုကို ဘုရားကျောင်းဆီခေါ်သွားခဲ့တာပေါ့"

"ဒါ့အပြင် ဒီကိစ္စကို သူတို့ဖုံးဖိမထားနိုင်အောင် ဝမ်ယင်းယင်းတို့ကိုပါခေါ်လာပြီး အမိအရထောင်ချောက်ဆင်ခဲ့တယ်"

"လင်ကျောင်ယွဲ့ကိုလည်း ဒီအမှန်တရားကို ရုတ်ချည်းဆန်ဆန်အသိပေးခဲ့တာပေါ့"

ထိုစကားအထိ ကြားပြီးချိန်တွင် သူဌေးလင်သည် သူ၏ဟန်ဆောင်မှုများကို အပြီးတိုင်ခွာချလိုက်ပြီဖြစ်သည်။ ဝမ်းနည်းမှုနှင့် အထီးကျန်ဆန်မှုများအစား သွေးအေးအေးအပြုံးတစ်ခုက နှုတ်ခမ်းထက်တွဲခိုလာသည်။

"ဖြောင်း ဖြောင်း"

သူဌေးလင်က လက်ခုပ်တီးလိုက်ပြီး လီနန်ခယ့်ကို လက်မထောင်ပြလိုက်သည်။

"တော်လိုက်တာ။ တကယ်တော်တဲ့လူငယ်လေးပဲ။ အဲဒီကောင်မစုတ်လေးသာ ငါ့သမီးအရင်းဖြစ်နေခဲ့ရင် မင်းကို သေချာပေါက် ငါ့သမက်အဖြစ် အရခေါ်ထားမိမှာ"

သူဌေးလင်ကိုယ်တိုင် ဝန်ခံလိုက်သည်ကို မြင်သောအခါ အခန်းထဲရှိလူတိုင်း ကြက်သီးဖြန်းဖြန်းထအောင် ကျောချမ်းသွားကြသည်။

လင်ကျောင်ယွဲ့ တစ်ယောက်တည်းနှင့်ပင် သူတို့တစ်ဖွဲ့လုံး မနားမနေခေါင်းကိုက်နေရပြီဖြစ်သည်။

မထင်မှတ်ဘဲ ဖခင်ဖြစ်သူကလည်း ပိုမိုနက်ရှိုင်းသောတစ်နေရာမှ အရာအားလုံးကို ကြိုးကိုင်စီစဥ်ခဲ့လေသည်တဲ့။

"သမက်လုပ်ဖို့ကတော့ ထားလိုက်ပါတော့။ ခင်ဗျားသမီးကို ကျွန်တော်သိပ်စိတ်မဝင်စားဘူး"

လီနန်ခယ့်က ပြုံးလိုက်သည်။

"ဒါပေမဲ့ ခင်ဗျားရဲ့ဇနီးကတော့ တကယ်ကို ဆွဲဆောင်မှုရှိတယ်လို့ ထင်မိသားပဲ"

"ဟားဟား ညီလေးလီရဲ့အကြိုက်က တစ်မျိုးထူးတာပဲဗျာ”

သူဌေးလင်က အားရပါးရ ရယ်မောလိုက်သည်။

သို့သော် သူ၏အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားပြီး လီနန်ခယ့်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။

"ဒါဆိုရင် ညီလေးလီ။ မင်းအမြင်မှာ ငါ့ရဲ့အဲ့ဒီအစီအစဥ်က မှန်သလား မှားသလား"

"ကျွန်တော့်မှာ ဝေဖန်ပိုင်ခွင့် မရှိပါဘူး" လီနန်ခယ့်က ဆိုလိုက်သည်။

သူဌေးလင်၏ မျက်နှာပျက်သွားပြီး အသံတင်းတင်းဖြင့်ဆိုသည်။

"ကျုပ် လင်မျိုးရိုးက သိုသိုသိပ်သိပ်နေတတ်တယ်ဆိုတိုင်း အနိုင်ကျင့်သမျှငြိမ်ခံနေမဲ့သူမဟုတ်ဘူး။ အဲ့ဒီဈေးပေါတဲ့ပြည့်တန်ဆာမက ကျုပ်ကိုနွားဇာတ်သွင်းပြီး သူ့လင်ဟောင်းသမီးကိုပါ အကျအနမွေးခိုင်းထားတာ။ ကျုပ်ကသည်းခံစရာလား"

"ဒီကလူတိုင်းကို ကျုပ်မေးချင်တယ်။ ခင်ဗျားတို့သာ ဒီလိုအခြေအနေမျိုးနဲ့ကြုံလာရရင် ဘာလုပ်မလဲ။ ခင်ဗျားတို့ရော ဒီလိုအရှက်ခွဲခံရတာကို လက်ခံနိုင်မလား။"

"ညီလေးလီ မင်းသာဆိုရင် ဘာလုပ်မလဲ"

လီနန်ခယ့်က ခပ်ပြုံးပြုံးဖြင့်သာ သွယ်ဝိုက်ပြန်ဖြေသည်။

"ကျွန်တော် မကြုံဖူးသေးပေမဲ့ ခင်ဗျားကိုတော့ နားလည်ပေးနိုင်ပါတယ်"

ယုန်မလေးမုန့်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ဘာလို့ ဒီလောက်ရှုပ်ထွေးအောင် လုပ်ချင်ရတာလဲ။ အရှက်ကွဲမှာချင်းအတူတူ ဒီကိစ္စကို တိုက်ရိုက်ပဲဖွင့်ချလိုက်ရင် ပြီးနေတာပဲမဟုတ်လား။ မေရှင်းအာနဲ့လင်ကျောက်ယွဲ့တို့ ရှေ့ဆက်စရာမရှိအောင်ဘဝပျက်သွားရင် ရှင့်ရည်ရွယ်ချက် အောင်မြင်သွားတာပဲလေ"

"အခုတော့ မဆိုင်တဲ့လူတွေအများကြီးသေကုန်ပြီး မိစ္ဆာတွေ သင်္ချိုင်းလူသားတွေ ထပ်ပေါ်လာတာကြောင့် တုန်းချီခရိုင်တစ်ခုလုံးလည်း ပရမ်းပတာဖြစ်ကုန်ရပြီ"

သူတို့အားလုံးစိတ်ထဲ ထိုမေးခွန်းတစ်ခုရှိနေသည်။

ရိုးရှင်းသော ကိစ္စတစ်ခုကို အဘယ့်ကြောင့် ဤမျှရှုပ်ထွေးအောင် ချည်နှောင်ချင်ရသနည်း။

သူဌေးလင်က လီနန်ခယ့်ကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။

"ညီလေးလီ မင်းကသိပ်တော်တယ်မဟုတ်လား။ ငါဘာလို့ဒီလိုလုပ်ခဲ့သလဲ ခန့်မှန်းကြည့်ပါဦး"

"သတ်လိုက်တာက စိတ်ကျေနပ်စရာကောင်းတဲ့ လက်စားချေနည်းတစ်မျိုးဆိုပေမဲ့ စိတ်ဓာတ်ကို ဖျက်ဆီးချေမွလိုက်တာကမှ တကယ့်အငြှိုးအာဃာတကို ဖြေဖျောက်နိုင်တာမဟုတ်လား"

All Chapters