← Chapters

သည်းဦးပန်းဆွတ်

Vol. 6 Ch. 57

သည်းဦးပန်းဆွတ်

Vol. 6 Ch. 57

လီနန်ခယ့်က အဖြေကိုပြင်ဆင်ထားသကဲ့သို့ အတိအကျဆိုလိုက်သည်။

သူဌေးလင်၏ အပြုံးမှာ အေးခဲသွားပြီး လီနန်ခယ့်ကိုစိုက်ကြည့်ကာ ဆိုလိုက်သည်။

"ညီလေးလီ။ မင်းသာဆိုရင် သေချာပေါက် ငါ့ထက်ပိုရက်စက်လိမ့်မယ်လို့ တပ်အပ်ပြောရဲတယ်"

လီနန်ခယ့်က ပြောသည်။

"ခင်ဗျားက မေရှင်းအာနဲ့ လင်ကျောင်ယွဲ့တို့ကို ကြောက်ရွံ့မှုတွေ စိုးရိမ်မှုတွေကြားမှာ ခက်ခက်ခဲခဲရှင်သန်နေတာကို ထိုင်ကြည့်ချင်ခဲ့တာ။ မေရှင်းအာတစ်ယောက် ခင်ဗျားရှေ့မှာ ဟန်ဆောင်သရုပ်လုပ်နေရပြီး စိတ်ထဲမှာတော့ မလုံမလဲ ကြောက်ဒူးတုန်နေရတာကို ခင်ဗျားမြင်ချင်ခဲ့တာ။"

"လင်ကျောင်ယွဲ့က သူ့ရဲ့ တော်ဝင်မင်းသမီးအိပ်မက်အတွက် အချည်းနှီးကြိုးစားနေတာကို ခင်ဗျားကြည့်ချင်ခဲ့တယ်။ သူတို့သားအမိ အချင်းချင်းစိတ်ဝမ်းကွဲပြီး တစ်ယောက်နဲ့တစ်ယောက် ပြန်သတ်ချင်လောက်တဲ့အထိ ဆိုးရွားပျက်စီးသွားတာကို ခင်ဗျားမြင်ချင်ခဲ့တာ"

"ခင်ဗျားဘက်က ဘာမှမသိသလို ဟန်ဆောင်လေ သူတို့မှာ အပြစ်ရှိစိတ်နဲ့ ပိုပြီးခံစားရလေပဲ"

"ရေနွေးပူပူထဲကို ဖားတစ်ကောင်ပစ်ထည့်လိုက်တာက ကျေနပ်စရာကောင်းပေမဲ့ ရေနွေးနွေးလေးထဲမှာစိမ်ပြီး ဖြည်းဖြည်းချင်း နှိပ်စက်သတ်ဖြတ်တာကမှ ခင်ဗျားရဲ့အာဃာတကို အပြည့်အဝဖြေဖျောက်နိုင်မှာ မဟုတ်လား။"

"ခင်ဗျားတကယ်လိုချင်ခဲ့တာ အဲ့လိုလက်စားချေခြင်းပဲ"

"ပြီးတော့ တကယ်လည်းအောင်မြင်ခဲ့တယ်။ ခင်ဗျား ကြိုတွက်ထားတာထက်တောင် ပိုပြီးအောင်မြင်ခဲ့သေးတယ်"

အခန်းတွင်း၌ တိတ်ဆိတ်သွားခဲ့သည်။

ရှိသမျှလူတိုင်းက သူဌေးလင်ကို ကြောက်လန့်တကြား ကြည့်နေမိကြသည်။

လူရိုးလူအတစ်ယောက် ဒေါသထွက်လာလျှင် ဤမျှသွေးအေးရက်စက်နိုင်လှသည်လော။

"မင်းကငါ့ကို နားအလည်ဆုံးပဲ"

သူဌေးလင်က သက်ပြင်းအရှည်ကြီးချလိုက်ပြီး မျက်နှာထက်မှအပြုံးမှာ လွန်စွာရက်စက်ကြမ်းကြုတ်ပေသည်။

သူကိုယ်တိုင်လည်း ကမ္ဘာတစ်ခုလုံးကိုစတေးခဲ့ရသည့် အကြီးမားဆုံး လက်စားချေမှုပင်။

ဖြစ်ပျက်သမျှအရာအားလုံးဟာ သူ့လက်ချက်သာဖြစ်မှန်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ထုတ်မပြောနိုင်ဘဲ ဖုံးဖိထားခဲ့ရခြင်းက အင်မတန်နေရခက်လှသည်။

ယခု လီနန်ခယ့်က အရာအားလုံးကိုဖွင့်ချလိုက်ချိန်တွင် လွန်စွာ စိတ်လက်ပေါ့ပါးသွားရသည်။

ဘာပဲဖြစ်ဖြစ် ဒီလောကမှာ သူ့ကိုနားလည်ပေးနိုင်တဲ့သူ ရှိသေးတာပဲမဟုတ်လား။

လိန်ရှင်းနန်၏ မျက်လုံးများမှာ ခံစားချက်များစွာ ရှုပ်ထွေးနေခဲ့သည်။

"သူဌေးလင် ရှင့်ရဲ့ကလဲ့စားချေချင်စိတ်ကို ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ မဆီမဆိုင် အသက်ပေးခဲ့ရတဲ့လူတွေကိုရော ရှင်မကြည့်တော့ဘူးလား"

"အဲဒီလူတွေကို ကျွန်တော်သတ်ခဲ့တာလား"

သူဌေးလင်က အသံကိုမြှင့်ပြီး လှောင်သံဖြင့်တုံ့ပြန်သည်။

"အရာရှိလိန်ကို မေးပါရစေ။ ကျွန်တော် ဘယ်သူ့ကို ကိုယ်ထိလက်ရောက်သတ်ခဲ့လို့လဲ။ ဝမ်ယင်းယင်းနဲ့ ဝမ်ကျင်းအာတို့ သေသွားတာကို ကျွန်တော်လည်းစိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်သတ်ခဲ့တာလား။"

"ဟယ့်ချင်းယွီ သေသွားတာကိုတော့ ကျွန်တော်အရမ်းဝမ်းသာတယ်။ ဒါပေမဲ့ သူ့ကိုသတ်ခဲ့တာ ကျွန်တော်လား"

"အဘိုးချင် မိစ္ဆာဖြစ်သွားတာကိုလည်း ကျွန်တော်တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်က မိုးနီတွေကိုရွာသွန်းစေခဲ့တာလား"

"အစကနေ အဆုံးထိ ကျွန်တော့်လက်‌တွေက စင်ကြယ်သန့်ရှင်းပါတယ်"

သူဌေးလင်က လက်ကိုနောက်ပစ်ကာ ရင်ဘတ်ကိုကော့၍ ဆိုလိုက်သည်။

"ကျွန်တော်က ဟယ့်ချင်းယွီနဲ့ လင်ကျောက်ယွဲ့ကို သိသင့်တဲ့အမှန်တရားကိုပဲ ပြောပြခဲ့တာ။ ကျွန်တော်လုပ်ခဲ့သမျှက အဲ့ဒီသားအမိကို ဘုရားကျောင်းလေး တစ်ခါခေါ်သွားရုံပါပဲ"

"ကျွန်တော် ဘာများအမှားလုပ်မိလို့လဲ။ ကျွန်တော့်ရဲ့လုပ်ရပ်တွေက နိုင်ငံရဲ့ ဘယ်ဥပဒေကို ချိုးဖောက်ခဲ့လို့လဲ။"

"ခင်ဗျားတို့တကယ်ပဲ ဒါလေးကြောင့်နဲ့ ကျွန်တော့်ကိုဖမ်းတော့မလို့လား"

ကောကန်းက အသံငြိမ်ငြိမ်ဖြင့် ဆိုသည်။

"ခင်ဗျားဇနီးက ဟယ့်ချင်းယွီကို မတော်တဆ အသက်ပြန်သွင်းမိခဲ့တယ်။ သူသောက်မဲ့လက်ဖက်ရည်ခွက်ထဲ ခရုနီဆေးတွေ အလွန်အကျွံထည့်ခဲ့တာ ခင်ဗျားပဲ။ ဒီတစ်ခုကိုတော့ ခင်ဗျားငြင်းနိုင်မှာမဟုတ်ဘူးမလား"

သူဌေးလင်က ပြုံးလိုက်သည်။

"သေချာပေါက် ငြင်းလို့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့မှာ ခိုင်လုံတဲ့သက်သေမရှိဘူးလေ။ ပြီးတော့ ခင်ဗျားတို့ပြောသလိုပဲ ကျွန်တော့်ဇနီးက ဟယ့်ချင်းယွီကို အသက်ပြန်ဝင်စေခဲ့တာမလား။ ကျွန်‌တော်နဲ့ ဘယ်နေရာမှာသက်ဆိုင်သွားလဲ"

"ဒါပေမဲ့ ကျွန်တော်လင်မျိုးရိုးက ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့လူစားပါ။ ကျွန်တော့်ဇနီးရဲ့ လက်ဖက်ရည်ခွက်ထဲ ခရုနီဆေးမြစ်တွေ ထပ်ပေါင်းထည့်ခဲ့တာကို ဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒါက ဇနီးသည်ရဲ့အာရုံကြောတွေ ပြေလျော့သက်သာအောင် ကူညီချင်ရုံသက်သက်ပါ"

"သူလည်း ဆေးတွေကြိုထည့်ထားတာကို ကျွန်တော်မသိထားလို့ နှစ်ဆလောက်များသွားရုံပါ။ ဒါကိုအပြစ်လို့ပြောလို့ ဘယ်ရမလဲ"

"အရာရှိလိန်။ ခင်ဗျားက ဒီပြစ်မှုလေးနဲ့ပဲ ကျွန်တော့်ကိုဖမ်းမှာလား။ ကျွန်တော်က မိုးနီရေကို ဝယ်ခဲ့ရုံပဲရှိတာလေ။ မရောင်းခဲ့ပါဘူး"

"ခင်ဗျားတို့ အရင်ကသိမ်းဆည်းရခဲ့တဲ့ ဆေးဆိုင်တွေမှာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ခရုနီဆေးဝယ်ခဲ့တဲ့သူ အယောင်ခုနစ်ဆယ်လောက်ရှိတယ်ဆို။ သူတို့ကိုရော ဖမ်းဦးမှာတဲ့လား"

"ကျွန်တော့်ကိုပဲကွက်ဖမ်းပြီး သူတို့ကို မဖမ်းဘူးဆိုရင်တော့ တရားမျှတမှုမရှိဘူးလေနော်"

သူဌေးလင်၏ ချေပချက်များကို ကြားသောအခါ သူတို့အားလုံးလည်း မကျေမချမ်းဒေါသထွက်ရုံမှအပ ဘာမှမတတ်နိုင်ခဲ့။

တစ်ဖက်လူက သတ်ဖြတ်ကျူးလွန်မှုတွင် တိုက်ရိုက်မပါဝင်ခဲ့သည် အမှန်ပေ။

ဟယ့်ချင်းယွီ ပြန်လည်နိုးထလာမှုတွင် ပါဝင်ခဲ့ခြင်းမှာလည်း သက်သေအထောက်အထားမရှိ။

အတင်းအဓမ္မအပြစ်ပေးလို့ ရနိုင်ပေသည့် သူဌေးလင်သည် အစိုးရအသိုင်းအဝိုင်းတွင်လည်း ဩဇာညောင်းသူဖြစ်သည်။ အကယ်၍ သက်သေမခိုင်လုံဘဲ အပြစ်ပေးမိရာမှ တစ်ခုခုလွဲချော်သွားလျှင် ဘယ်သူမှ ခေါင်းခံတာဝန်ယူနိုင်မည်မဟုတ်။

"ရှင်ဘာလို့ ဟယ့်ချင်းယွီကို ပြန်လည်နိုးထစေခဲ့တာလဲ" လိန်ရှင်းနန်က မေးလိုက်သည်။

သူဌေးလင်က လက်နှစ်ဖက်ကိုဖြန့်ပြကာ အပြစ်ကင်းစင်ပုံဖြင့် ဆိုသည်။

"အရာရှိလိန် ကျွန်တော့်ဇနီးက သူ့ကို ပြန်လည်နိုးထစေခဲ့တာလေ။ ကျွန်တော့်ကိုလာမေးနေလည်း အပိုပဲ"

ဤမြေခွေးအိုကြီးမှာ အစကနေ အဆုံးထိ လုပ်ခဲ့သမျှပြစ်မှုကို လုံးဝဝန်ခံမည့်ပုံမရှိ။

လီနန်ခယ့်က ကြားဝင်အဖြေပေးလိုက်သည်။

"ဘာလို့လဲဆိုတော့ လင်ကျောင်ယွဲ့က ဒီလောက်အထိရက်စက်ပြီး သူ့ညီအစ်မတွေတင်မက ဖခင်ရင်းဟယ့်ချင်းယွီကိုပါ သတ်လိမ့်မယ်လို့ သူမထင်ထားခဲ့လို့ပဲ။ အကယ်၍ သူသာဝင်မပါခဲ့ရင် ဒီကိစ္စက လင်ကျောက်ယွဲ့အစီအစဥ်တိုင်း ပိပိရိရိအဆုံးသတ်သွားမှာမဟုတ်လား"

"ဒါ့အပြင် ဟယ့်ချင်းယွီသေတဲ့အမှုကို ပြန်စုံစမ်းတဲ့အခါ အားလုံးက သူ့ကိုအရင် သံသယဝင်ကြမှာပဲလေ"

"ဒါကြောင့် ဟယ့်ချင်းယွီကို ဒီအတိုင်းပေးသေလိုက်လို့မဖြစ်ဘူး"

"ဟယ့်ချင်းယွီကို ပြန်လည်နိုးထစေလိုက်မယ်ဆိုရင် မေရှင်းအာနဲ့လင်ကျောက်ယွဲ့ကိုလည်း တစ်ခါတည်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်ပြီးသားဖြစ်သွားမယ်"

သူဌေးလင်က တစ်ဖန် လက်မထောင်ပြလိုက်သော်လည်း ဘာမှဝင်မပြောခဲ့ပေ။

ဤအပြုအမူကပင် လီနန်ခယ့်၏ခန့်မှန်းချက် မှန်ကန်ကြောင်းအတည်ပြုရန် လုံလောက်နေပြီဖြစ်သည်။

"ကဲပါ။ အချိန်လည်း နောက်ကျနေပြီဆိုတော့ ခင်ဗျားတို့ရဲ့အလုပ်တာဝန်တွေကို မနှောင့်ယှက်တော့ပါဘူး။ တကယ်လို့ မေးချင်တာတစ်ခုခု ထပ်ရှိလာရင်လည်း လင်အိမ်တော်ကိုလာပြီး အေးအေးဆေးဆေး မေးနိုင်ပါတယ်။ ကျွန်တော် လင်မျိုးရိုး သေချာပေါက် ဧည့်ဝတ်ကျေကျေ ပူးပေါင်းပေးပါ့မယ်"

သူဌေးလင်က လိန်ရှင်းနန်နှင့် လီနန်ခယ့်ကို ဦးညွှတ်လိုက်ပြီး လွန်စွာတောက်ပကြည်လင်စွာပြုံးလျက် ဆိုလာ၏။

"အထူးသဖြင့် ညီလေးလီပေါ့။ ဒီတစ်ခါတော့ မင်းကိုတကယ်ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင်ကိစ္စတွေက ထုတ်ပြောရအတော်ခက်လိမ့်မယ်"

ထိုသို့ ပြောပြီးနောက် သူလှည့်ထွက်သွားခဲ့သည်။

ဆိုင်ယွင်နှင့်ဆိုင်ယွဲ့တို့က အမြန်ပိတ်ဆို့ရန် ပြင်လိုက်ကြသော်လည်း လိန်ရှင်းနန်က ခေါင်းခါပြလိုက်သဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။

"ကျွန်တော့်မှာ မေးခွန်းနှစ်ခု ကျန်သေးတယ်" လီနန်ခယ့်က ရုတ်တရက် ဆိုလိုက်သည်။

"မေးပါ ညီလေးလီ"

သူဌေးလင်က ခြေလှမ်းရပ်ပြီး လှည့်ကြည့်လာသည်။

လီနန်ခယ့်က မေးလိုက်သည်။

"ခင်ဗျား ကလေးမရနိုင်မှန်း ဘယ်တုန်းကသိခဲ့တာလဲ"

"ဧပြီလတုန်းကပါ။ ဇနီးသည်နဲ့ ဆက်ဆံရေးက အရင်လိုမကောင်းတော့တာကြောင့် ဆရာဝန်နဲ့သွားပြခဲ့တာ"

သူ့ကို အပြစ်ပေးလို့မရနိုင်မှန်း သိထားသဖြင့် သူဌေးလင်က ဘာမှဖုံးကွယ်မထားတော့ပေ။ လီနန်ခယ့်အပေါ် အထင်ကြီးစိတ် ရှိနေတာကြောင့်လည်း ရိုးရိုးသားသား ရှောရှောရှူရှူဖြေလိုက်ခြင်း ဖြစ်သည်။ သူ၏ အမူအရာတွင် အားငယ်စိတ်အနည်းငယ်ကိုလည်း ခံစားရနိုင်၏။

ယောကျာ်းတစ်ယောက်အတွက် အိမ်ထောင်ရေးသုခ မပြည့်စုံခြင်းမှာ အကြီးမားဆုံး အားနည်းချက် မဟုတ်ပါလား။

"ကောင်းပြီ။ ဒုတိယမေးခွန်း"

လီနန်ခယ့်က ဆက်မေးသည်။

"ခင်ဗျားလို ချမ်းသာကြွယ်ဝပြီး လိုတရနိုင်တဲ့လူတစ်ယောက်က ဘာလို့ ပြည့်တန်ဆာတစ်ယောက်ကို လက်ထပ်ခဲ့တာလဲ"

သူဌေးလင် တိတ်ဆိတ်သွားသည်။

သူ၏ မျက်ဝန်းအစုံတွင် ဖော်ပြရခက်သော ခံစားချက်အရှုပ်အထွေးများ တရိပ်ရိပ်ပေါ်လာသည်။

အတော်ကြာမှ သူလှည့်ထွက်သွားခဲ့ပြီး အဖြေစကားတစ်ခု ခပ်လျော့လျော့လွင့်ပျံလာခဲ့သည်။

"ဘာလို့လဲဆိုတော့ အဲ့အမျိုးသမီးက ကျွန်တော်ငယ်ငယ်တုန်းက ချစ်ခဲ့ရတဲ့အမျိုးသမီးနဲ့ နည်းနည်းဆင်တူနေလို့ပါ"

"လက်ခံနိုင်စရာ အဖြေပါပဲ"

လီနန်ခယ့် ဒီတစ်ခုကိုတော့ နားလည်နိုင်ပါသည်။

ယောကျာ်းအများစုအတွက်တော့ သည်းဦးပန်းဆွတ် အမျိုးသမီးဆိုတာမျိုးက ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ ချိုမြိန်နာကျင်ဖွယ် တစ်သက်တာအမှတ်တရတွေပဲ မဟုတ်ပါလား။

All Chapters