ငန်းမမကြီး
Vol. 6 Ch. 60
အထက်လူကြီးနှင့်စကားပြောပြီး လီနန်ခယ့် တစ်နေ့လုံးပင်ပန်းနွမ်းနယ်လာသမျှ အိပ်ရာပေါ် ဘုန်းဘုန်းကျပစ်လဲလေတော့သည်။
ပြတင်းပေါက်မှ ထွက်ပြူခါစနေလုံးနီနီကို ထီးထီးကြီးမြင်ရချိန် ကျောက်စိမ်းရေနာရီနှိုးစက် အသံတိတ်ချိန်မှ သူ့မျက်လုံးတို့ စင်စင်ပွင့်တော့၏။
အခန်းတံခါးကိုတွန်းဖွင့်လိုက်ပြီး လီနန်ခယ့်တစ်ယောက် ခြံဝင်းထဲသို့လျှောက်ထွက်ကာ သန့်ရှင်းလတ်ဆတ်သောလေနုအေးကို လောဘတကြီးရှူသွင်းလိုက်သည်။ မြက်စိမ်းနံ့သင်းဖျော့ဖျော့နှင့် သစ်ပင်သစ်ခက်များ၏ အေးမြမှုက ကြွင်းကျန်ရစ်သောနွမ်းနယ်မှုများကို တိုက်ခတ်ဖယ်ရှားကာ သူ့စိတ်အစဥ်ကို တဖြည်းဖြည်း ကြည်လင်လန်းဆန်းသွားစေသည်။
နတ်ဆေးသမားတော် ဇနီးသည်လေး၏ သွယ်လျလျကိုယ်ဟန်ကား ထုံးစံအတိုင်း တလှုပ်လှုပ်အလုပ်များလျက်။
အမျိုးသမီး၏ ဆံနွယ်ရှည်နက်နက်တို့က ပုခုံးပေါ်သို့ဖြန့်ကျလျက် အရောင်တလက်လက်တောက်ပနေခဲ့သည်။
မနက်ခင်းနေရောင်ကို မျက်နှာပြုလျက် လျှော်ဖွပ်ပြီးစအဝတ်များကို နေလှန်းအခြောက်ခံနေခြင်းဖြစ်သည်။ ထောင်မတ်ထားသော အဝတ်လှန်းဝါးတိုင်လေးများထက် ယောက်ျားဝတ် မိန်းမဝတ် အင်္ကျီများကို ချိတ်ဆွဲအခြောက်ခံထားသည်။
"ယောက်ျား နိုးနေပြီလား"
အမျိုးသမီးက သိမ်မွေ့အေးဆေးသောမျက်နှာထားတွင် အပြုံးနုနုတစ်ပွင့်ဆင်လျက် ခင်ပွန်းဖြစ်သူကိုလှည့်ကြည့်လာသည်။
လီနန်ခယ့်က အသံပြန်ပြုလိုက်ပြီး တံခါးဘေးတွင်ချထားသော ဝါးခြင်းတောင်းတစ်ခုကိုသတိပြုမိကာ မျက်မှောင်ကြုတ်လျက်မေးသည်။
"ဒီနေ့ တောင်ပေါ်ဆေးပင်နှုတ်သွားဦးမလို့လား"
လော့ချန်းချိုးက ပြန်ပြောလာသည်။
"တချို့ဆေးဖက်ဝင်ပစ္စည်းလေးတွေ ကုန်စပြုနေပြီလေ"
သူ သတိပေးစကားပြောမည်အပြုတွင် အမျိုးသမီးက ခပ်ဖွဖွပြုံးလျက် ပြောလာသည်။
"အခုတလော အခြေအနေတွေသိပ်အေးချမ်းမနေဘူးဆိုတာ ကျွန်မလည်းသိပါတယ်။ အဲ့ဒါကြောင့် အနီးအနားပဲသွားဖို့လုပ်ထားတာ။ ဒီတစ်ကြိမ်မှာ ငန်းမမကြီးကကျွန်မနဲ့အဖော်လိုက်လာဦးမှာ။ ဘာမှမဖြစ်ပါဘူးရှင်ရယ်။"
ငန်းမမကြီးနဲ့လား။
ငန်းမမကြီးက ဘာများကူပေးနိုင်မှာမလို့လဲ။
မဟုတ်မှ မိစ္ဆာတွေသားရဲတွေနဲ့တွေ့တဲ့အခါ ငန်းမမကြီးက စိတ်ဆိုးမာန်ဆိုး နှုတ်သီးနဲ့လိုက်ထိုးပေးမှာမလို့လား။
လီနန်ခယ့်စိတ်ထဲမှ မကျေမနပ်ပြောလိုက်သော်ငြား ထပ်ပြောလည်း ဇနီးသည်ကနားထောင်မည်မဟုတ်မှန်းသိသဖြင့် သူထပ်တားမနေတော့။
"ကိုယ်လည်းဒီနေ့အားတယ်။ တောင်ပေါ်ဆေးမြစ်သွားတူးတဲ့အခါ အတူလိုက်ခဲ့မယ်"
"မလိုပါဘူးရှင် ဒီဇနီးက—"
"ကဲ ဒါဆိုလိုက်ဖို့ပြောပြီးပြီနော် ပျော်စရာကြီးဟေ့" အမျိုးသားက သူလုပ်ချင်သလို တဇွတ်ထိုးဆုံးဖြတ်လေသည်။
လော့ချန်းချိုးက အူကြောင်ကြောင်ဖြစ်သွားဟန်ဖြင့် မျက်တောင်လေးတဖျတ်ဖျတ်ခတ်ပြီးမှ နှုတ်ခမ်းနှစ်လွှာက လခြမ်းကွေးလေးနှယ် ပြုံးရယ်လာသည်။
"ကောင်းပါပြီ"
မျက်နှာကို ရေအေးအေးနှင့်သန့်စင်ပြီး ဇနီးဖြစ်သူပြင်ဆင်ထားသော ကျောက်ကပ်အားဖြည့်မနက်စားကို အားပါးတရသုံးဆောင်ပြီးချိန်တွင် လီနန်ခယ့်လည် ဝါးခြင်းကလေးကို နောက်ကျောတွင်သိုင်းကာ ဇနီးနှင့်အတူ တောင်ပေါ်သို့ ဆေးမြစ်တူးထွက်လေသည်။ ဆိုင်ယွင်ပေးထားသော သေနတ်ကိုလည်း အတူသယ်ဆောင်လာလိုက်သည်။
သူ့တွင် လက်ရှိ သေနတ်သုံးလက်ရှိထားပြီဖြစ်၏။
တစ်လက်မှာ မိုးနီအိပ်မက်ကမ္ဘာထဲတွင် သုံးသောလက်နက်ဖြစ်သည်။
တစ်လက်ကား ဆိုင်ယွင်ပေးထားသော သာမန်သေနတ်တစ်လက်။
တစ်လက်ကတော့ သူ၏မွေးရာပါ ပြိုင်ဘက်ကင်းသေနတ်ဖြစ်ပြီး ကျည်ဆံတောင့်တို့က ဘယ်တော့မှမကုန် အဆုံးမရှိဖြစ်သည်။ (သေနတ်အကြောင်းပြောနေခြင်းမဟုတ်လောက်ပါ)
သုံးလက်စလုံး သူ့ဟာနှင့်သူတော့ အစွမ်းထက်ကြသည်ချည်းသာ။
သို့သော် သေနတ်သုံးလက်နှင့် လီနန်ခယ့်တစ်ယောက်လုံးပါလာသည့်တိုင် လော့ချန်းချိုး၏ဘေးတစ်ဖက်တွင် ငန်းမမကြီးက အတူလိုက်ပါလာမြဲဖြစ်၏။
လီနန်ခယ့်က ထိုအချက်နှင့်ပက်သက်ပြီး သိပ်တော့မကျေနပ်လှ။
ငါ့အင်အားက ငန်းတစ်ကောင်လောက်တောင် စိတ်မချရလို့လား။
တောင်တန်းများမှာ အထပ်ထပ်တည်ရှိလျက် အရောင်သစ်ခြယ်ထားသည့်အလား သစ်လွင်စိုမြနေခဲ့သည်။
လော့ချန်းချိုးက ပြောခဲ့သလိုပင် တောနက်ထဲထိမဝင်ပါဘဲ အနီးရှိတောအုပ်လေးတစ်ခုတွင်သာ ဆေးမြစ်ရှာတူးဖို့ဆုံးဖြတ်လေသည်။
သစ်ပင်များက စီရီဖြောင့်တန်းစွာတည်ရှိပြီး ပျော့ပျောင်းသောမြက်ခင်းပြင်က မြေပြင်ကို ကော်ဇောခင်းထားသကဲ့သို့ ဖုံးလွှမ်းနေကာ တောအုပ်တွင်းမှာ အလွန်သာယာသည်။
လီနန်ခယ့်သည် မူလကတော့ ဆေးမြစ်ဆေးပင်တူးရာတွင် ကူညီဖို့စဥ်းစားထားပေသည့် ဆေးပင်ငါးပင်လောက် ကျိုးကြေသွားပြီးနောက်ပိုင်း ဇနီးဖြစ်သူ၏ မကျေမနပ်အကြည့်အောက် ငန်းမမကြီးကိုပွေ့ကာ အနီးအနားကသစ်ပင်တစ်ပင်အောက်တွင်သာ ငြိမ်ငြိမ်လေးသွားထိုင်နေရတော့လေသည်။
သက်တော်စောင့်တာဝန်လေးကိုပဲ ကျေပွန်အောင်ထမ်းဆောင်ကြတာပေါ့လေ။ '
လီနန်ခယ့် သူ့ဘာသာသူတွေးနေလိုက်သည်။
လော့ချန်းချိုးက အသုံးမကျသောယောက်ျားကို သိပ်အာရုံစိုက်မနေတော့ဘဲ ဝါးခြင်းတောင်းကိုလွယ်လျက် တွေ့သမျှဆေးပင်ဆေးမြစ်များကို တူရွင်းငယ်လေးဖြင့် တူးထုတ်စုဆောင်းနေသည်။
တောင်တန်းပေါ်မှ လေပြေလေညင်းက ညင်သာစွာတိုက်ခတ်လာကာ အမျိုးသမီး၏ ဖြူလွလွဂါဝန်စကို လွင့်ခါသွားစေသည်။
လီနန်ခယ့်၏အမြင်တွင် ထိုမြင်ကွင်းမှာ ကျော့ရှင်းသစ်လွင်သော ရှုခင်းသာပန်းချီတစ်ချပ်ကို ရှုစားနေရသကဲ့သို့။
သူသည် မျက်စိရှေ့ရှိမြင်ကွင်းကို မူးမူးမေ့မေ့ငေးမောနေစဥ် အနာဂတ်နေ့ရက်များလည်း ဤကဲ့သို့ ပေါ့ပါးသာယာနေမည်ဆိုပါက ဘဝမှာ မနေပျော်စရာမရှိဟု အတွေးဝင်မိသည်။
ဇနီးသည်က အလှပဂေးတစ်ဦးဟု မဆိုသာသော်လည်း ခံစားချက်များ တဖြည်းဖြည်းရင်းနှီးတည်ဆောက်ပြီးနောက်ဝယ် အိမ်ထောင်သည်ဘဝလေး ပိုလို့အရောင်စုံစိုပြေလာပေမည်။
မကြာမီပင် တိမ်တိုက်များက လွင့်ပျယ်ကွယ်ပျောက်ကာ နေမြင့်လာသည်။
မသိလိုက်ခင်မှာပင် မွန်းတည့်ချိန်တောင် တိုင်ပေတော့မည်။
လော့ချန်းချိုးလည်း ခြင်းတောင်းတစ်ဝက်စာလောက် တူးယူစုဆောင်းပြီးနောက် အနည်းငယ် မောပန်းနွမ်းနယ်ဟန်ပြလာသည်။
"ခဏလောက်နားကြတာပေါ့"
လီနန်ခယ့်က သူမကိုတွဲခေါ်လိုက်ပြီး ရေထည့်ထားသောဘူးသီးခြောက်ကို ဖွင့်ပေးသည်။
"ကျေးဇူး"
လော့ချန်းချိုးက လည်ကုပ်မှချွေးများကို လက်ဖမိုးနှင့်သပ်ချပြီး ဘူးသီးခြောက်ကိုယူကာ ရေတစ်ငုံနှစ်ငုံသောက်သည်။
"ယောက်ျားပျင်းလာရင် ဟိုနားဒီနားလမ်းလျှောက်လေ"
"ရပါတယ်"
သက်တော်စောင့်နေရာကိုတာဝန်ယူထားသဖြင့် သူပေါ့ပေါ့ပါးပါးနေလို့မဖြစ်။
သတိတစ်ချက်လွတ်သွားမိချိန် အန္တရာယ်များသောတစ်စုံတစ်ရာ ပြေးဝင်လာလျှင် ထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်သည် မဟုတ်ပါလော။
"ယောက်ျား အရာရှိမင်းလုပ်ရတာ ကြိုက်သလား"
လော့ချန်းချိုးက သူ့ဘေးတွင်ဝင်ထိုင်ပြီး ရုတ်တရတ်ထမေးသည်။
လီနန်ခယ့်က ခေါင်းသာယမ်းသည်။
"ကိုယ်လည်းမသိပါဘူး။ တစ်ခုခုအောင်မြင်ချင်လို့သာ လက်ခံလိုက်ပေမဲ့ အရမ်းပင်ပန်းတယ်လို့လည်းခံစားရတယ်။ ကဲပါ စောင့်ကြည့်ကြတာပေါ့။ လောကကြီးထဲ ကျင်လည်ကျက်စားနေမှတော့ မလွှဲမရှောင်သာတဲ့ကိစ္စတွေဆိုတာ ရှိလာတာပဲလေ"
"ဒါပေါ့ လောကကြီးထဲကျင်လည်ရတာ ဒီလိုပါပဲလေ"
လော့ချန်းချိုးက ခပ်တိုးတိုးရေရွတ်ပြီး ဆောင်းဦးရေပြင်လိုကြည်လင်သောမျက်ဝန်းများ နက်နဲစွာရှုပ်ထွေးသွားဟန်ရှိ၏။
တောင်တန်းလေပြေညင်းသွဲ့သွဲ့က အမျိုးသမီး၏ဆံပင်နက်များမှတစ်ဆင် ပြေးဖြတ်ပြီး အမျိုးသား၏ပါးပြင်ထက်တိုးဝှေ့သွားရာ ရနံ့သင်းသင်းတစ်မျိုးက လီနန်ခယ့်ထံစွဲကျန်သည်။ လီနန်ခယ့် မိန်းမောသွားတော့မည့်ဆဲဆဲ အသိစိတ်ပြန်ကပ်သွားရသည်။ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသောကြောင့်ပင်။
အမျိုးသမီးသည် ကိုယ်ကျပ်ဂါဝန်အစိမ်းရောင်ကိုဝတ်ထားပြီး ခေါင်းပေါ်တွင် ဝါးဦးထုပ်တစ်လုံးဆောင်းကာ မျက်နှာကိုလည်း အဖြူရောင်ပဝါပါးတစ်ခုဖြင့် ကာထားသည်။
ခန္ဓာကိုယ်သည် ပြည့်စုံအချိုးကျပြီး ခါးလေးက သေးကျဥ်လုံးဝန်းသည်။
အထင်ရှားဆုံးမှာတော့ ထိုအမျိုးသမီး၏ကျောနောက်တွင်ချိတ်လာသော လှံတိုနှစ်ချောင်းဖြစ်သည်။ အသေအချာကပ်ကြည့်မည်ဆိုပါက လှံနှစ်ချောင်းမဟုတ်ဘဲ တစ်ချောင်းတည်းကိုအပိုင်းနှစ်ပိုင်းခွဲကာ ကြားတွင် ဝက်အူရစ်ဆက်ထားသော နှစ်ဖက်သွားလှံဖြစ်သည်။ လိုအပ်လျှင် တစ်ချောင်းတည်းဆက်လို့ရသလို နှစ်ချောင်းခွဲတိုက်လို့လည်းလွယ်ပေမည်။
"တစ်ဆိတ်လောက်ရှင့်"
ဝါးဦးထုပ်နှင့်အမျိုးသမီးက သူတို့နားလျှောက်လာပြီး ကြည်လင်သာယာသောအသံလေးဖြင့်ဆိုသည်။
"မိန်းကလေး လမ်းပျောက်နေတာလား"
လီနန်ခယ့်၏ ချောမောခန့်ညားသောမျက်နှာထက် အပြုံးရေးရေးပေါ်လာသော်ငြား ညာလက်ကတော့ ခါးကြားရှိသေနတ်ကို အသာစမ်းသပ်နေလိုက်သည်။
သို့သော် လော့ချန်းချိုးကတော့ မျက်နှာကိုအသာငုံ့ကာ ခြင်းတောင်းထဲရှိဆေးပင်များကို ဗလာသက်သက်စိုက်ကြည့်နေခဲ့လေသည်။
ဝါးဦးထုပ်နှင့်အမျိုးသမီးက အမျိုးသား၏သေနတ်ကို သတိပြုမိသော်လည်း ဂရုစိုက်ဟန်မတူဘဲ ဆက်ပြောသည်။
"ပိုးတုံးလုံးတစ်ကောင်များ မြင်လိုက်ကြသလားလို့ပါ။ ဒီလောက်လောက်ကြီးပြီး အရောင်စုံစုံနဲ့ အရမ်းလှတယ်ရယ်"
အမျိုးသမီးက လက်ဟန်ခြေဟန်ဖြင့် ဆိုလာသည်။
လက်မတစ်ချောင်းစာလောက် အရွယ်အစားပင်။
ပိုးတုံးလုံးတဲ့လား။
လီနန်ခယ့် ခေါင်းရှုပ်သွားသည်။
"မိန်းကလေး ပိုးတုံးလုံးဖမ်းချင်ရင် ဒီတောအုပ်တောင်ပိုင်းကိုသွားပါ။ အဲ့ဒီမှာ အများကြီးရှိလောက်မယ်"
"ပိုးတုံးလုံးလိုက်ဖမ်းနေတာမဟုတ်ပါဘူးရှင့်"
ဝါးဦးထုပ်နှင့်အမျိုးသမီးက စိတ်ရှည်လက်ရှည် ရှင်းပြလာသည်။
"အဲ့ဒီပိုးတုံးလုံးက ကျွန်မမွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်လေးပါ။ ပိုးကတ္တီပါသေတ္တာထဲကိုထည့်ပြီး တယုတယမွေးထားပေမဲ့ ခုနကပဲလွတ်ထွက်သွားလို့လေ။ တစ်နေရာရာမှာမြင်မိရင် ကျွန်မကိုပြောပါနော်။ ဆုငွေ ထိုက်ထိုက်တန်တန်ပေးပါ့မယ်"
ဘုရားရေ၊ ပိုးတုံးလုံးကို အိမ်မွေးတိရိစ္ဆာအဖြစ်မွေးသတဲ့။ ကြားလို့မှကောင်းကြသေးရဲ့လား။
လီနန်ခယ့်မှာ တအံ့တသြဖြင့် ပြန်ဖြေရသည်။
"အားနာပါတယ်။ ကျွန်တော်တို့လည်း ပိုးတုံးလုံးတစ်ကောင်မှ မတွေ့မိဘူးရယ်"
"ကောင်းပါပြီရှင် နှောင့်ယှက်မိလို့တောင်းပန်ပါတယ်"
အမျိုးသမီးသည် စိတ်ပျက်လက်ပျက်ဖြင့် လှည့်ပြန်တော့မလိုပြင်လိုက်၏။
သို့သော် တစ်ဖက်ကိုလှည့်ခါနီးအချိန်မှာ အဖြူရောင်ဇာပဝါစကြားက မျက်လုံးများက လော့ချန်းချိုးအပေါ်သို့ကျရောက်သွားပြီး သူမ ဆတ်ခနဲငြိမ်သက်သွားခဲ့သည်။
"ကျွန်မတို့ တစ်နေရာရာမှာများ တွေ့ဖူးကြသလားနော်"
အမျိုးသမီးကမေးသည်။
လော့ချန်းချိုးက ချိုသာစွာပြုံးလျက် ဆိုသည်။
"မဟုတ်တာရှင်။ အဲ့ဒီဘက်က သေချာပေါက် လူမှားနေတာဖြစ်ပါလိမ့်မယ်"
"ဟုတ်မှာပါလေ"
အမျိုးသမီးသည် လော့ချန်းချိုးကို အတန်ကြာစိုက်ကြည့်နေပြီးမှ တစ်ခွန်းမှထပ်မပြောဘဲ လှည့်ပြန်ထွက်ခွာသွားလေသည်။
အဝေးသို့လျှောက်သွားသော အမျိုးသမီး၏ပုံရိပ်ကိုကြည့်ရင်း လီနန်ခယ့်၏ တင်းကျပ်နေသောနှလုံးသားလည်း ဖြည်းဖြည်းချင်းပြေလျော့ကာ အသင့်ဆုပ်ထားသောသေနတ်မောင်းကို လွှတ်လိုက်သည်။
"သိပ်မလန့်ပါနဲ့ ယောက်ျားရယ်။ သူက အန္တရာယ်ပြုလိုစိတ်မရှိပါဘူး"
သူ့အမျိုးသား၏ သတိတကြီးတုံ့ပြန်မှုကြောင့် လော့ချန်းချိုးရွှင်မြူးသွားသလို ရင်ထဲလည်း နည်းနည်းထိသွားရသည်။
ယောက်ျားက သူ့အတွက် အဲ့လောက်စိုးရိမ်ပေးနေတာမဟုတ်လား။
"ဒီလိုနေရာမှာ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ကို လက်နက်တွေနဲ့တွေ့လိုက်ရမှတော့ သတိကြီးကြီးထားရမှာပဲ။ ကိုယ်တို့လည်း ပြန်ကြစို့လေ"
လီနန်ခယ့်က ဇနီးသည်၏လက်နုနုကိုဆွဲကာ ဆိုသည်။
"နောက်ပြီး ပိုးတုံးလုံးကိုတယုတယမွေးထားမှတော့ အဲ့မိန်းကလေး ခေါင်းလည်းသိပ်ကောင်းလောက်မယ်မထင်ဘူး"
"ဟုတ်ပါပြီ"
အမျိုးသားက သူ့လက်ကိုဆွဲကိုင်လာသော လော့ချန်းချိုးရုန်းထွက်ပစ်ချင်ပေသည့် လီနန်ခယ့်က အတည်ကြီးစိုးရိမ်ပူပန်နေဟန်ရှိသောကြောင့် သူမလည်း ငြိမ်ငြိမ်သာလိုက်လာလိုက်သည်။
"ငန်းမမကြီး သွားကြစို့"
လီနန်ခယ့်က ငန်းမမကြီးကိုအတူခေါ်လိုက်သည်။
သို့သော် သူလှည့်ကြည့်လိုက်ချိန်တွင် ငန်းမမကြီးသည် လည်ကိုဆန့်ကာ တစ်စုံတစ်ခုကိုငေးစိုက်ကြည့်နေရင်း ပါးစပ်ထောင့်မှ သွားရည်များပင်စီးကျတော့မတတ် သတိလွတ်နေလေသည်။
"ဘာတွေကြည့်နေတာလဲ"
လီနန်ခယ့် စိတ်ထဲတစ်မျိုးခံစားရသဖြင့် အရှေ့ကိုတိုးကြည့်လိုက်သည်။
ထိုနေရာတွင် သစ်ရွက်တစ်ရွက်ပေါ် အရုပ်ကလေးအလားတင်နေသော ရောင်စုံပိုးတုံးလုံးလေးတစ်ကောင်အား လှလှလေးတွေ့လိုက်ရတော့၏။
ထိုစဥ် တစ်ခုခုမှားနေသည်ကို သတိထားလိုက်မိပြီး လီနန်ခယ့်အမြန်ထအော်လိုက်သည်။
"ငန်းမမကြီး မလုပ်—"
သို့သော် နောက်ကျသွားခဲ့လေပြီ။
ပိုးတုံးလုံးလေးမှာ ငန်းမမကြီးဆီမှ မျိုချခံလိုက်ရပြီးဖြစ်၏။
ထိုစဥ် တိုက်တိုက်ဆိုင်ဆိုင်ပင် အနောက်ပြန်လှည့်လာသော ဝါးဦးထုပ်အမျိုးသမီးနှင့် တည့်တည့်တိုးလေသည်။