← Chapters

နတ်ဆေးသမားတော် ဇနီးသည်ကို ရိုရိုကျိုးကျိုးဆက်ဆံပါ။

Vol. 6 Ch. 59

နတ်ဆေးသမားတော် ဇနီးသည်ကို ရိုရိုကျိုးကျိုးဆက်ဆံပါ။

Vol. 6 Ch. 59

ညဘက်ကောင်းကင်မှာ ပါးလျရီဝေကာ ပတ်ဝန်းကျင်လည်း မှောင်ရိပ်သန်းစပြုလာသည်။

တိမ်မည်းတိမ်ညိုများက လှိုင်းတံပိုးများသဖွယ် ကောင်းကင်အနှံ့ အလိပ်လိုက်ခရီးနှင်နေကြပြီး ရံဖန်ရံခါဆိုသလို ညလေပြင်းထံမှ တိုးဝှေ့တိုက်ခတ်ခံရကာ ကျယ်ပြောသောကောင်းကင်ပြာကို တစ်စွန်းတစ်စ လှစ်ဟပြတတ်ကြသည်။

လီနန်ခယ့်သည် ရေကန်နံဘေးတွင် တိတ်ဆိတ်စွာထိုင်နေခဲ့၏။ ညကောင်းကင်နောက်ခံနှင့် ထိုသူ၏ပုံရိပ်မှာ စုတ်ချက်ဆွဲပန်းချီကားတစ်ချပ်အလား။

လိပ်ဆရာကြီးလည်း အခွံထဲခေါင်းထိုးဝှက်ကာ မလှုပ်မယှက် အတူရှိနေခဲ့သည်။

ကျောက်တုံးတစ်တုံး အသေချထားသည့်အလား။

ငန်းမမကြီးသည် အထီးကျန်ပျင်းရိနေဟန်ရသည့် အမျိုးသားကို ဘေးမှအတူအဖော်ပြုပေးဖို့စဥ်းစားထားပါသော်ငြား အိပ်ငိုက်လွန်းလှသဖြင့် လက်လျှော့အရှုံးပေးစွာ အိပ်မောကျသွားပြီဖြစ်၏။

သူ့လက်မောင်းများထက် ချစ်စရာကောင်းစွာ ခွေလှဲအိပ်ပျော်နေခြင်းပင်။

ညဘက်ဆောင်းလေအေးသည် မြောက်အရပ်မှတိုက်ခတ်လာကာ ချစ်ရသူ၏လက်ဖဝါးပြင်နုနုကဲ့သို့ ငန်းမမကြီး၏ ဖြူဖွေးနူးညံ့သောအမွေးများထက် တိုးဝှေ့ပွတ်သပ်သွားပုံမှာ သာယာအေးချမ်းလှသည်။

အိမ်ငယ်လေးတွင်းမှာလည်း အလင်းရောင်နွေးနွေး ထင်ဟပ်နေဆဲပင်။

ပြတင်းပေါက်ကြားမှ တိုးထွက်လာသောလေစီးကြောင်းဖျော့ဖျော့မှတစ်ဆင့် အိမ်တွင်းရှိအမျိုးသမီးငယ်လေး၏ အမွှေးနံ့သဲ့သဲ့ကို ခံစားရှူရှိုက်ကြည့်နိုင်သည်။

လီနန်ခယ့်တစ်ယောက် နွေးနွေးထွေးထွေး အိမ်ထဲဝင်မကွေးသေးဘဲ အပြင်ဘက်တွင် လေအေးခံနေရသည့်အကြောင်းရင်းမှာ တစ်ကိုယ်လုံးနီးပါး လှစ်ဟဖော်ပြထားသည့် အမျိုးသမီးလှလှတစ်ယောက်က လော့ချန်းချိုး၏ အထူးပြုလုပ်ထားသော ရေနွေးငွေ့သေတ္တာထက်လှဲလျောင်းကာ အတွင်းဒဏ်ရာကုသနှိပ်နယ်ခြင်းကို ခံယူနေဆဲဖြစ်သောကြောင့်။

အိမ်ထဲရှိမြင်ကွင်းကို သူမမြင်နိုင်သော်ငြား စိတ်ကူးနှင့်ပင် အခကြေးငွေပေးရလောက်သည်အထိ လူကြိုက်များသော ဝတ္ထုတစ်ပိုင်းစာလောက်ကို ခံစားကြည့်နေနိုင်လေပြီ။

မကြာခင်တွင် အိမ်တံခါး ဖြည်းညင်းစွာပွင့်ဟလာခဲ့သည်။

လော့ချင်းချိုးသည် ဆေးမြစ်စုံစိမ်ထားသော ရေဖလားခွက်အား ပန်းခင်းထဲသို့လှမ်းပက်လိုက်ပြီး လီနန်ခယ့်ကိုလှမ်းပြောသည်

"ယောက်ျားရေ၊ အိမ်ထဲကမီးဖိုလာရွှေ့ပေးဦး"

"ဪ လာပြီ လာပြီ"

လီနန်ခယ့်က ပွေ့ပိုက်ထားသောငန်းမမကြီးကို ရေကန်ထဲသို့လှိမ့်ချလိုက်ပြီး ဇနီးဖြစ်သူကိုကူညီဖို့ အိမ်ထဲပြေးဝင်သွားသည်။

အိမ်ထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဆေးမြစ်စုံနံ့များရောနှောနေသော ရေနွေးငွေ့တစ်သုတ်က သူ့အားဆီးကြိုရိုက်ခတ်လိုက်ရာ လီနန်ခယ့်မှာ ဇိမ်ခံရေပူစမ်းခန်းဆောင်တစ်ခုထဲ ဝင်သွားရသည်လားဟုပင် ထင်မှတ်မှားသွားရ၏။

ငြှိမ်းသတ်ထားသော မီးလင်းဖိုက လိုက်ကာစ၏တစ်ဖက်တွင်ရှိသည်။

ပိတ်ကာထားသော လိုက်ကာစ၏တစ်ဖက်တွင် ကျော့ရှင်းသွယ်လျသောအရိပ်တစ်ခုက ဖယောင်းတိုင်မီးရောင်အောက်တွင် တိတ်တဆိတ်ထိုင်လျက်ရှိနေခဲ့သည်။

"အပူမလောင်အောင် သတိထားဦးနော်"

လော့ချန်းချိုးက လိုက်ကာကိုအနည်းငယ်ဆွဲဖွင့်လိုက်ပြီး အေးစက်စိုစွတ်နေသော အဝတ်နှစ်ထည်ကိုလှမ်းယူကာ လီနန်ခယ့်ဆီကမ်းပေးလိုက်သည်။ မီးဖိုကို အပူမလောင်စေရန် လက်ခုကိုင်ဖို့ဖြစ်သည်။

လီနန်ခယ့်လည်း အဝတ်စိုများကိုယူလိုက်ပြီး မျက်လုံးအကြည့်က မဟတဟပွင့်လှစ်နေသော လိုက်ကာစနှစ်ခုကြားသို့ ဖျတ်ခနဲအကြည့်ရောက်သွားခဲ့သည်။

သီးသန့်ခန်းငယ်ထဲတွင် လိန်ရှင်းနန်သည် ဝတ်ရုံကြီးတစ်ခုဖြင့်ထုပ်ပိုးခံထားလျက်သားဖြင့် ခုံရှည်တစ်ခုပေါ်ထိုင်နေကာ မျက်လုံးများကလည်း အနည်းငယ်စင်းကျနေသည်။ ခေါင်းထက်တွင် ငွေအပ်အချို့က စိုက်လျက်သားထောင်မတ်နေကြပြီး အပ်ဖျားအစွန်းမှ အငွေ့ဖြူဖြူများက လွင့်ပျံနေလျက်သား။

နူးညံ့သောခြေဖဝါးလေးတစ်စုံက ခုံခြေတင်ပေါ် နုနုရွရွလေးရှိနေကြသည်။

အနီးကပ်ကြည့်လိုက်ပါက ထိုအမျိုးသမီး၏ ကျောက်စိမ်းလေးကိုင်းသဖွယ် ခုံးညွှတ်နေသောခြေဖမိုးလေးများမှတစ်ဆင့် ကြည်လင်သောရေစက်ရေပေါက်များက ခြေမျက်စိထက် တွဲခိုသီးထနေသည်ကို မြင်တွေ့နိုင်ပေမည်။

လိန်ရှင်းနန်မှာ ရေချိုးသန့်စင်ပြီးစအလား ဆံနွယ်နက်များသည်လည်း မျက်နှာထက် အချောင်းလိုက်စိုကပ်နေသောကြောင့် မြင်နေကျ အေးတိအေးစက် မာတင်းတင်းဟန်ပန်မှ ယခုတော့ စွဲမက်ဖွယ်အသွင်သဏ္ဍာန်တစ်ခု ဆောင်ကျဥ်းနေလျက်ရှိလေသည်။

အဖြူရောင်ဝတ်ရုံ၏အောက်ဘက်တွင် လှစ်ဟနေသော ခြေသလုံးအောက်ပိုင်းလေးများမှာ လတ်လတ်ဆတ်ဆတ်ကြာရိုးလေးအလား ဖြောင့်မတ်ဝင်းမွတ်ကာ ပန်းချီလက်ရာတစ်ခုလို ရင်သပ်ရှုမောဖွယ်။

လီနန်ခယ့်သည် မီးလင်းဖိုကိုမပြီး လော့ချန်းချိုးညွှန်ကြားသည့်အတိုင်း ရေပူကိုမထိအောင်သတိထားကိုင်ပြီး အခန်းတွင်းမှ သတိကြီးစွာထွက်လာရသည်။ အစကတော့ ပျင်းပျင်းနှင့် ငန်းမမကြီးကိုသွားနှောင့်ယှဥ်ဖို့ စီစဥ်ထားသော်ငြား ငန်းမမကြီးကိုရှာမတွေ့သဖြင့် လိပ်ဆရာကြီး၏နောက်ကျောပေါ်တက်ထိုင်ပြီး ညလေအေးကိုခံစားနေရုံသာရှိတော့လေသည်။

အချိန်များက မိုးရေစက်များအလား ကုန်လွန်ခမ်းခြောက်သွားကာ ညသန်းခေါင်အချက်ပြ မောင်းသုံးချက်တီးသံကိုပင် လွန်မြောက်ခဲ့လေပြီ။

အခန်းတွင်းမှလိန်ရှင်းနန်သည် ရေနွေးငွေ့ခံထားရာမှ ထွက်လာသောချွေးစက်များကို ဆေးကြောသန့်ရှင်းပြီး အဝတ်အစားပြန်လည်ဆင်ယင်သည်။ ခံစားနေရသော ပေါ့ပါးသက်သာမှုကြောင့် သက်ပြင်းတစ်ချက်ကို မနေနိုင်စွာချမိသည်။

"သမားတော်လော့ရဲ့ ဆေးပညာစွမ်းရည်ကတော့ တကယ်ကိုချီးကျူးချင်စရာပါပဲ။ ဘယ်နတ်ဆေးသမားတော်ဆီ တပည့်ခံသင်ယူခဲ့တာလဲလို့ အရဲစွန့်မေးခွန်းထုတ်ပါရစေ"

"အနာဂတ်မှာ အခွင့်အရေးများရှိလာခဲ့ရင် ကျွန်မကိုယ်တိုင်ပြောပြပါ့မယ်ရှင်"

လော့ချန်းချိုးက သိမ်မွေ့စွာဆိုသည်။

ပြောချင်သည့်အဓိပ္ပာယ်ကရှင်းပါသည်။ နောက်ကြောင်းရာဇဝင်အထိ ဖွင့်ချရလောက်အောင် ရှင့်နဲ့ကျွန်မ မရင်းနှီးသေးဟု။

တစ်ဖက်လူ၏ ယဥ်ကျေးသောငြင်းဆိုချက်ကြောင့် လိန်ရှင်းနန်လည်း ထပ်မမေးဖို့သာဆုံးဖြတ်လိုက်သည်။

အချိန်အတော်ကြာ ငြိမ်သက်နေပြီးမှ လော့ချန်းချိုးကပြုံးကာဆိုသည်။

"အတော်တော့ထူးဆန်းသားပဲ အရာရှိလိန်။ ရှင်ကအပြင်ပန်းမှာတော့ အေးစက်စက်ပုံရပေမဲ့ နှလုံးသားကနွေးထွေးတယ်ထင်ပါတယ်။ တခြားဘယ်သူ့ကိုမဆို အေးတိအေးစက်ပဲဆက်ဆံတတ်ပေမဲ့ ကျွန်မအမျိုးသားနဲ့ကျ ရက်တိုအတွင်းမှာတင် ဒီလောက်ရင်းရင်းနှီးနှီး နီးကပ်သွားကြတာပဲနော်။ ကံကြမ္မာရေစက်တစ်ခုခုလို့များ ဆိုနိုင်မလား"

သူကဘာကိုဆိုလိုချင်တာလဲ။

လီနန်ခယ့်နဲ့ အရမ်းရင်းနှီးလာလို့ သတိပေးချင်တာလား။

မဟုတ်လောက်ပါဘူးနော်။

လိန်ရှင်းနန်မျက်မှောင်ကြုတ်ပြီး သေချာပြန်လှန်ဆင်ခြင်ကြည့်မှ ယခုတလော လီနန်ခယ့်ကို အတော်လေးအကျွမ်းတဝင်ဖြစ်နေမိမှန်း သူ့ဘာသူသတိထားလိုက်မိသည်။

သို့သော် ရင်းနှီးမှုတိုင်းသည် မရိုးမသားဆက်ဆံရေးကို အခြေမပြု။

နှစ်ဖက်ကြားအထင်လွဲမှုကိုရှောင်ရှားရန် လိန်ရှင်းနန် တည့်တည့်သာပင် သူမ၏စိတ်ရင်းကိုဖွင့်ဟလိုက်သည်။

"သမားတော်လော့ အထင်မလွဲပါနဲ့။ ကျွန်မ ရှင့်အမျိုးသားကို အရည်အချင်းရှိတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်လိုသာ သ‌ဘောထားပါတယ်"

"ရှင်အထင်လွဲမှာကိုမကြောက်ဘဲ ထပ်ပြောရရင် သူနဲ့ဒီရက်ပိုင်းအတူအလုပ်လုပ်ပြီး ထူးထူးဆန်းဆန်း ရင်းနှီးကျွမ်းဝင်နေသလိုခံစားရတာတော့အမှန်ပဲ။ ကျွန်မတို့တစ်နေရာရာမှာ သိကျွမ်းခင်မင်ဖူးသလိုပဲ။ ဒါပေမဲ့ ဒါကမိတ်ဆွေတွေကြားမှာ ရှိတတ်တဲ့ရင်းနှီးမှုသက်သက်ပါပဲ။

"သမားတော်လော့ဘက်က အဆင်မပြေရင် အနာဂတ်မှာ ကျွန်မသူနဲ့ တတ်နိုင်သမျှဝေးဝေးနေပေးပါ့မယ်။ ညကင်းလှည့်တပ်ဖွဲ့မှာလည်း ကျွန်မလက်အောက်မဟုတ်တဲ့ တခြားအဖွဲ့ခွဲတစ်ခုဆီကို လွှဲပြောင်းပေးလိုက်လို့ရပါတယ်။ သူ့ကို ကျွန်မအစားကြည့်ပေးဖို့ လူတစ်ယောက်ပါ ထပ်စီစဥ်ပေးနိုင်ပါတယ်"

လိန်ရှင်းနန်၏ ရိုးသားပွင့်လင်းမှုကြောင့် လော့ချန်းချိုးတွန့်ခနဲဖြစ်သွားပြီး ပြုံးလျက်ဆိုသည်။

"အရာရှိလိန်က ကျွန်မစကားရဲ့ဆိုလိုရင်းကို နားမလည်လိုက်ဘူးနဲ့တူပါတယ်"

"ဒါဆို ရှင်ဘာကိုဆိုလိုချင်တာများလဲ"

"အချိန်တောင်နောက်ကျလှပါပကော၊ အရာရှိလိန်လည်း အိမ်ပြန်ပြီး စောစောနားပါတော့လေ"

‌လော့ချန်းချိုးက ချစ်စဖွယ်ပြုံးကာ ဆိုသည်။

တစ်ဖက်လူက ဘာမှထပ်ရှင်းပြမလာသော် လိန်ရှင်းနန်လည်း လက်လျှော့လိုက်ရပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါပြီ ဒါဆိုလည်း ရှင်တို့ဇနီးမောင်နှံကို ကျွန်မထပ်မနှောင့်ယှက်တော့ပါဘူး"

"အရာရှိလိန် အရင်က ဒဏ်ရာတစ်ခုခုရခဲ့ဖူးသလား"

သူထွက်ခွာတော့မည့်အချိန်မှ လော့ချန်းချိုးက သူ့ခေါင်းသူလက်ညှိုးထိုးပြပြီး ရုတ်တရတ်မေးလာသည်။

"ဒီနေရာမှာလေ"

လိန်ရှင်းနန် အံ့သြသွားဟန်ဖြင့် မျက်လုံးလေးများပြူးကျယ်သွားသည်။

"အဲ့ဒါကိုရော ဘယ်လိုသိသွားတာလဲ"

လော့ချန်းချိုးကပြုံးသည်။

"ခေါင်းနောက်စေ့မှာ အနာရွတ်ဟောင်းတစ်ခုတွေ့လို့ပါ"

လိန်ရှင်းနန်က "ဪ"ဟု ခပ်တိုးတိုးရေရွတ်လိုက်ပြီး ပြောပြလာသည်။

"ကျွန်မအသက်ကိုးနှစ်တုန်းက အိမ်ခေါင်မိုးပေါ်တက်ဆော့ရင် မတော်တဆပြုတ်ကျခဲ့တာကြောင့် ခေါင်းထိသွားတာ။ ရက်အတော်ကြာသတိလစ်နေပြီးမှ ပြန်နိုးလာတာလေ"

"အဲ့ဒီနောက်ရော ဘာဝေဒနာတွေကျန်ခဲ့သေးလဲ" လော့ချန်းချိုးကမေးသည်။

"နောက်ဆက်တွဲဝေဒနာတော့မရှိပေမဲ့ အသက်ကိုးနှစ်အရှေ့ကမှတ်ဉာဏ်တွေအကုန် ဝေဝါးသွားတာတော့ရှိတယ်။ ဒါလည်း ပြောပလောက်စရာမဟုတ်ပါဘူး။ မဟုတ်လည်း ကလေးဘဝကမှတ်ဉာဏ်တွေကို ဘယ်သူမှမှတ်မိနေတာမှမဟုတ်တာ။ ပြဿနာတစ်စုံတစ်ရာများရှိလို့လား သမားတော်လော့"

အမျိုးသမီးက စိတ်ပူပင်ဟန်ဖြင့် ပြန်မေးလာသည်။

လော့ချန်းချိုးက သူ့ကို ညင်သာစွာနှစ်သိမ့်လိုက်သည်။

"ဘာပြဿနာမှမရှိပါဘူး။ ကျွန်မဒီတိုင်းစပ်စုရုံပါ"

"တော်သေးတာပေါ့ရှင်"

လိန်ရှင်းနန် စိတ်အေးသွားသည်။

အိမ်အပြင်ဘက်တွင်၊

လီနန်ခယ့်သည် ဝါးခနဲသမ်းဝေလိုက်ရင်း အနံ့သင်းသင်းလေးတစ်ခု သူ့နှာဝသို့တွန်းတိုက်သွားချိန် မော့ကြည့်လိုက်သော် လိန်ရှင်းနန်အိမ်အပြင်ထွက်လာပြီး သူ့ကိုလှမ်းကြည့်နေသည်အား တွေ့လိုက်ရသည်။

အမျိုးသမီး၏ ရင်သပ်ရှုမောဖွယ် ကိုယ်ခန္ဓာအလှမှာ မှင်ရောင်နက်စိုသော ဝတ်ရုံရှည်၏ကပ်ချပ်မှုတွင် အထင်းသားပေါ်လွင်လျက်ရှိပြီး လေတွင်တဖျတ်ဖျတ်လွင့်နေသောဝတ်ရုံစမှာ ညအမှောင်ထဲမှလရောင်တန်းလေးအလား လင်းလက်နေခဲ့သည်။

"မင်းတို့ ပြီးကြပြီလား"

လီနန်ခယ့်ထရပ်လိုက်သည်။

လိန်ရှင်းနန်က ခေါင်းလေးဆတ်ပြပြီး တောင်းပန်စကားဆိုလာသည်။

"ဒုက္ခတွေအများကြီးပေးမိတဲ့အတွက် တကယ်အားနာရပါတယ်ရှင်။ ကိုယ့်တာဝန်အမှုဖြေရှင်းဖို့ကို ရှင့်ကိုအကူအညီရပြီး ‌ရောဂါဝေဒနာအတွက်လည်း ရှင့်ဇနီးကိုအလုပ်များရစေပြန်တယ်"

လီနန်ခယ့်ပြုံးလိုက်သည်။

"ကျွန်တော်လည်း ကိုယ့်တာဝန်ကိုယ်လုပ်ရုံပါ"

ထို့နောက် နှစ်ဦးလုံးငြိမ်ကျသွားသည်။

လော့ချန်းချိုးပြောခဲ့သောစကားများအား ပြန်အောက်မေ့မိပြီး လိန်ရှင်းနန်မသိလိုက်စွာ အနောက်သို့ခြေတစ်လှမ်းဆုတ်ကာ ထိုအမျိုးသားဆီမှ ပိုဝေးဝေးနေလိုက်သည်။

"ရှင့်ကို ညကင်းလှည့်တပ်ဖွဲ့ဝင်အဖြစ်ခန့်အပ်ဖို့ ထောက်ခံစာတစ်စောင်ရေးပြီး အထက်လူကြီးတွေဆီတင်ပြထားပေမဲ့ အောင်မြင်မမြင်ကတော့ပြောရခက်တယ်။ ခွင့်ပြုစာကျတာကိုစောင့်ရဦးမယ်။ ဒါပေမဲ့ လုံခြုံရေးအတွက်တော့ ကျွန်မအာမခံတာမလို့ စိတ်မပူပါနဲ့။ ညကင်းလှည့်တပ်ဖွဲ့ထဲကိုဝင်တာနဲ့ ရှင့်အရည်အချင်းနဲ့ဆိုရင် နဂါးပြာဌာနဆီ ဝင်လို့ရနိုင်မှာပါ"

"မလိုပါဘူး ‌ကျေးဇူးပါ။ ကျွန်တော် ခင်ဗျားနောက်ပဲလိုက်ပါတော့မယ်"

လီနန်ခယ့်က ငြင်းဆန်လိုက်သည်။

"ဒီအချိန်မှာ မီးမောင်းထိုးပြခံရရင် ခေါင်းခဲစရာတွေပဲဖြစ်လာလိမ့်မယ်။ သိုသိုသိပ်သိပ်ပဲနေပြီး အရည်အချင်းတက်လာအောင် အရင်ကြိုးစားရမလားလို့လေ။ နောက်ပြီး—"

ယုန်မလေးမုန့်၏သွင်ပြင်က သူ့အတွေးထဲ ဖျတ်ခနဲဝင်ရောက်လာပြီး သူအတည်အတံ့ပြောလိုက်သည်။

"ကျွန်တော်က ဘောလုံးအိအိလေးတွေလည်း ကြိုက်တတ်လို့"

"ဟမ်"

လိန်ရှင်းနန် နားမလည်လိုက်ပေ။

လီနန်ခယ့်ကလည်း ဒီ့ထက်ပိုရှင်းပြမလာဘဲ စကားလမ်းကြောင်းချက်ချင်းပြောင်းလိုက်သည်။

"သူဌေးလင်ကိုတော့ သေချာစောင့်ကြည့်ထားဖို့လိုဦးမယ်"

"သူက ပြဿနာဖြစ်နိုင်တုန်းပဲလား"

"ကျွန်တော်လည်းမသိဘူး၊ ခန့်မှန်းကြည့်ရသလောက်ပေါ့"

လီနန်ခယ့်က တွန့်ဆုတ်နေပြီးတော့မှ သူ့ယူဆချက်ကိုထုတ်ပြောလာသည်။

"သူ့ကိုကျွန်တော်မေးခဲ့တဲ့မေးခွန်း ခင်ဗျားမှတ်မိသလား"

အမျိုးသမီးက ပြန်စဥ်းစားနေသည်။

"သူ့ကိုယ်သူ ကလေးမရနိုင်မှန်း ဘယ်အချိန်ကစသိခဲ့တာလဲလို့မေးတာလေ။ သူဌေးလင်က ဧပြီလကလို့ပြန်ဖြေခဲ့တယ်"

လီနန်ခယ့်၏အကြည့်က လေးနက်လာသည်။

"သူကလေးမရနိုင်တဲ့အကြောင်းကို ဧပြီလမှာစသိခဲ့ပြီး အစီအစဥ်တွေကိုတော့ သြဂုတ်လမှစလုပ်ခဲ့တာလေ။ ဘာလို့အဲ့လောက်အကြာကြီး နှောင့်နှေးနေခဲ့ရတာလဲ"

"မေရှင်းအာပေါ် ခံစားချက်တွေရှိနေသေးလို့ ဆုံးဖြတ်ဖို့ခက်ခဲနေခဲ့တာလည်း ဖြစ်နိုင်တာပဲ"

လိန်ရှင်းနန်က အဓိကအကြောင်းရင်းကို ဆွဲထုတ်ပြသည်။

"သေချာတာပေါ့။ သူ့မှာ မေရှင်းအာအပေါ် ခံစားချက်တွေရှိနေသေးလို့ ဝေခွဲမရဖြစ်နေသေးတာ"

လီနန်ခယ့်၏ အေးစက်စက်အပြုံးတွင် လှောင်ပြောင်ရိပ်များခိုအောင်းနေသည်။

"ဒါပေမဲ့ သူကသြဂုတ်လမှာမှ အစီအစဥ်ကိုစခဲ့တယ်။ မင်းသားငယ်ပိုင်ပုအိုက်တစ်ယောက် လင်ကျောက်ယွဲ့ကိုချစ်လှပါချည်ရဲ့လို့ ကြေညာမောင်းခတ်ပြီးတဲ့အချိန်မှာ အရာအားလုံးကိုစတင်ခဲ့တာ။ အချိန်ရွေးချယ်မှုက ဉာဏ်ပြေးလွန်းတယ်"

လိန်ရှင်းနန် မျက်ခုံးပင့်သွားသည်။

"လင်ကျောက်ယွဲ့ တော်ဝင်မင်းသမီးဖြစ်တဲ့အချိန်မှ လက်စားချေရင် ခက်ခဲသွားမှာစိုးလို့များလား"

လီနန်ခယ့်က ခေါင်းယမ်းလိုက်သည်။

"သူမင်းသမီးဖြစ်သွားပြီးချိန်မှ ဒါတွေဖော်ရင် ပိုလို့တောင်စိတ်ကျေနပ်စရာကောင်းဦးမယ်။ နောက်ဆုံးတော့ သူဌေးလင်က နစ်နာသူဖြစ်ခဲ့တာပဲလေ။ အန်းဖိန်မင်းသားအိမ်တော်က ဘယ်လောက်ပဲအမျက်ထွက်တယ်ဆိုဆို သူ့ကိုတော့ တိုက်ရိုက်ပစ်မှတ်ထားလို့မရဘူး။ တစ်ဖက်မှာ လင်ကျောက်ယွဲ့ကလည်း အမြင့်ကောင်းကင်ကိုရောက်ချိန်မှ အောက်ကိုတစ်ဖန်ပြန်ရိုက်ချခံလိုက်ရရင် ဒီ့ထက်ပိုပြီး ရူးမတတ်ဖြစ်သွားမှာပဲ"

"ဒါဆို ဘာလို့အဲ့လိုမလုပ်သလဲ"

လိန်ရှင်းနန်၏ဉာဏ်ရည်က ဤတစ်ကြိမ်တွင် ထိုအမျိုးသားကိုအမီမလိုက်နိုင်တော့။

လီနန်ခယ့်က တည်ငြိမ်စွာပင် ဆိုသည်။

"ရှင်းပါတယ်။ သူက အန်းဖိန်မင်းသားအိမ်တော်နဲ့ မပက်သက်ချင်လို့ပေါ့"

လိန်ရှင်းနန် အံ့သြသွားရသည်။

အန်းဖိန်မင်းသားအိမ်တော်၏ အာဏာလုပ်ပိုင်ခွင့်ကြောင့် တစ်နည်းနည်းနှင့် ဆက်သွယ်ချိတ်နွယ် အပြန်အလှန်အကျိုးပြုချင်သူများ ရိုက်သတ်မကုန်နိုင်အောင်များပြားလှသည်မဟုတ်လော။ ထိုသို့သောအိမ်တော်နှင့် ပက်သက်ဖို့ကို ဤမျှအားကြိုးမာန်တက်ရှောင်ရှားနေရသည့်အကြောင်းရင်းကား အဘယ်နည်း။

အကြောင်းရင်းတစ်ခုသာရှိသည်။ အန်းဖိန်မင်းသားက အလွန်ထင်ပေါ်ကျော်ကြား၍ပင်။

မင်းသားတစ်ပါး ထင်ပေါ်ကျော်ကြားသည် ဟူသောအဓိပ္ပာယ်မှာ လူပေါင်းများစွာက သူ့ကိုစောင့်ကြည့်ချောင်းမြောင်းနေကြပြီး ခြေတစ်လှမ်းပင်မှားလို့မရသော အနေအထားဖြစ်သည်။

လင်အိမ်တော်နှင့် အန်းဖိန်မင်းသားအိမ်တော်၏ လက်ဆက်ထိမ်းမြားပွဲဖြစ်မြောက်ခဲ့လျှင် ထိုမရေမတွက်နိုင်သော မျက်လုံးအစုံမှာ သူ့ထံတည့်တည့်ကျရောက်ပြီး မိသားစုနောက်ခံရာဇဝင်များကို မရမကတူးထုတ် ဖော်ပြကြပေတော့မည်။

သူဌေးလင်၏ လူသိမခံလိုသော လျှို့ဝှက်ချက်များလည်း ဘူးပေါ်သလို ပေါ်ကုန်ကြပေမည်။

"ကြည့်ရတာ သူဌေးလင်မှာ လူသိမခံချင်တဲ့လျှို့ဝှက်ချက်တွေရှိထားပုံပဲ။ ဒါကြောင့် သူက ဒီအချိန်ကိုမှရွေးပြီးလှုပ်ရှားတာ" လိန်ရှင်းနန်က ခပ်တိုးတိုးဆိုသည်။

"နောက်ပြီး လက်ဆက်ပွဲမလုပ်ချင်ဘူးဆိုလည်း ငြင်းလို့ရတဲ့နည်းလမ်းပေါင်းစုံရှိ‌ပေမဲ့ ဒီနည်းလမ်းက အလုံခြုံဆုံးပဲ။ သူနစ်နာရတဲ့အခြေအနေမှာ ဘယ်သူကသူ့ကို သံသယဝင်နေတော့မှာလဲ"

လီနန်ခယ့်ကသက်ပြင်းချသည်။

"ဘာပဲဖြစ်ဖြစ် သူဌေးလင်ရဲ့ လက်စားချေအကြံအစည်က အချစ်ကြီးလို့အမျက်ကြီးပြီး ဖြစ်လာရတာပါပဲ။ အန်းဖိန်မင်းသားအိမ်တော်ကိစ္စက သူ့အစီအစဥ် ပိုပြီးအခြေခိုင်သွားအောင် အားဖြည့်ပေးရုံသက်သက်ပဲဖြစ်မှာပါ။ ကျွန်တော်အတွေးလွန်နေတာလည်း ဖြစ်နိုင်ပါတယ်လေ။ ကျွန်တော်လည်း ဒီကိစ္စထဲ ဒီထက်ပိုပြီး ဝင်မပက်သက်ချင်တော့ဘူး"

"ကျွန်မနားလည်ပါပြီ"

လိန်ရှင်းနန်က အရှေ့မှအမျိုးသားကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။

"လီနန်ခယ့် ရှင်ဒီလောက် ဉာဏ်ရည်ထက်မြက်နေတာ အနာဂတ်မှာ အောင်မြင်မှုအကြီးကြီးတွေရယူနိုင်မှာ မလွဲမသွေဘဲ။ ရွှေဆိုတာ ရွှံ့အိုင်ထဲမှာတောင် အရောင်ညစ်သွားရိုးမရှိဘူးလေ"

လီနန်ခယ့်က ပြန်ပြောသည်။ "ကျွန်တော်လည်းအဲ့လိုပဲထင်ပါတယ်"

လိန်ရှင်းနန် နှုတ်ခမ်းလေးကွေးရုံပြုံးလိုက်ပြီး တစ်ခုခုကိုတွေးမိသွားသလို စနောက်ချင်ဟန်အကြည့်လေးဖြင့် ဆိုလာသည်။

"လီနန်ခယ့်၊ ကျွန်မသတိထားမိသလောက် ရှင့်ကြည့်ရတာ မိန်းမကြောက်ပုံတော့ရတယ်နော်။ အတော်လေးရိုကျိုးတာပဲ"

"ကြောက်ရတာပေါ့ဗျာ"

လီနန်ခယ့်က စိတ်ရင်းအတိုင်း ဖွင့်ဟလာသည်။

"ကျောက်ယွိတော်ဝင်အကျဥ်းထောင်မှာ နှိပ်စက်အပြစ်ပေးနည်း နည်းလမ်းပေါင်းသုံးရာရှိတယ်ဆို သမားတော်တွေမှာတော့ နည်းလမ်းပေါင်းရှစ်ရာရှိလိမ့်မယ်"

"ဒါကြောင့် ဆေးပညာတစ်ဖက်ကမ်းခတ် သမားတော်ကိုမှ ဇနီးတော်ထားရင်တော့ ရိုကျိုးပေးမှာတော်ကာကျမယ်လေ"

All Chapters