← Chapters

အခန်း (၁၀၇၃)

Vol. 104 Ch. 1073

အခန်း (၁၀၇၃)

Vol. 104 Ch. 1073

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မိခင်ဖြစ်သူက ပြောသည်။ "ဟုတ်တယ်... အိပ်မက်ဆိုးမိစ္ဆာဘုရင် ၊ ကံကြမ္မာမိစ္ဆာဘုရင် ၊ ရာက္ခသမိစ္ဆာဘုရင် ၊ ပျက်သုဉ်းခြင်းမိစ္ဆာဘုရင်နဲ့ ကျန်တဲ့ မိစ္ဆာဘုရင်ဆယ့်သုံးပါးလုံးက သူတို့သခင် ပြန်ရှင်သန်လာဖို့ ပတ်ဝန်းကျင် ဟင်းလင်းပြင်လောကတွေကို အရူးအမူး ကျူးကျော်ဝင်ရောက်ပြီး ဂြိုဟ်တွေရဲ့ စွမ်းအားကို ဝါးမျိုနေကြတာပဲ။"

ဤအရာကား အင်မတန် ကြောက်မက်ဖွယ် ကောင်းလှ၏။

ကံကြမ္မာမိစ္ဆာဘုရင်၏ စွမ်းအားကို တုပိုင် ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ထိုမိစ္ဆာဘုရင်သည် လက်သက်သက်ဖြင့်ပင် ကမ္ဘာမြေတစ်ခုလုံးကို တင်းကျပ်စွာ ဆုပ်ကိုင်နိုင်ခဲ့ပြီး ကီလိုမီတာတစ်သောင်းသုံးထောင် အချင်းရှိသည့် ဂြိုဟ်တစ်လုံး၏ လည်ပတ်မှုကို အတင်းအဓမ္မ ရပ်တန့်ပစ်ခဲ့၏။ ထိုအရာက မိစ္ဆာဘုရင်ဆယ့်သုံးပါးအနက် တစ်ပါးတည်း၏ စွမ်းအားသာ ရှိသေးသည်။

ထိုသို့ဆိုလျှင် ကြီးစိုးသူမိစ္ဆာဧကရာဇ်၏ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လောက်သည့် အတိုင်းအဆမဲ့စွမ်းအားကိုမူ မှန်းဆရန်ပင် မဖြစ်နိုင်တော့ချေ။ မိစ္ဆာဧကရာဇ်သာ ပြန်ရှင်သန်လာပါက ကမ္ဘာမြေကြီးသာမက မရေမတွက်နိုင်သော ဟင်းလင်းပြင်လောကများနှင့် ကမ္ဘာများအားလုံးအတွက်ပါ ပျက်ကပ်ကြီး ဆိုက်ရောက်လာပေလိမ့်မည်။

ထို့အပြင် ကံကြမ္မာမိစ္ဆာဘုရင်သည် ကမ္ဘာမြေ၏ စွမ်းအင်များကို ဝါးမျိုရာ၌ တစ်စက္ကန့်လေးမျှပင် အချိန်အလဟဿ မဖြုန်းတီးလိုဘဲ အချိန်နှင့်အမျှ အပြိုင်လုနေ၏။ ထိုသို့ အလောတကြီး လုပ်ဆောင်နေမှုက ကြီးစိုးသူ မိစ္ဆာဧကရာဇ်၏ ရှင်သန်နိုးထလာမှု နီးကပ်နေပြီဖြစ်ကြောင်း သက်သေပြနေသည်။

တုပိုင်ထံ၌ အချိန်မရှိတော့ပေ။ ကံကြမ္မာမိစ္ဆာဘုရင်ကို အနိုင်ယူရန်နှင့် မိစ္ဆာဧကရာဇ် ရှင်သန်နိုးထလာမှုကို တားဆီးနိုင်ရန်အတွက် တုပိုင်အနေဖြင့် ဤမရေမတွက်နိုင်သည့် နဂါးအလောင်းကြီးများထံမှ စွမ်းအားကို အသုံးချရန် လိုအပ်နေသည်။

ဤသည်ကား ငရဲမျှော်စင်၏ သတ္တမမြောက်ထပ်၌ သူရင်ဆိုင်ရမည့် စမ်းသပ်မှုပင်။

**--**--**--**--**--**--**--**

ဧရာမတောင်ကြီးနှင့် သေဆုံးနေသည့် နဂါးအလောင်းကြီးများကို တုပိုင် မော့ကြည့်လိုက်သည်။ နဂါးအလောင်း တစ်လောင်းတည်းကပင် ကြီးမားလှသော စွမ်းအားကို ပိုင်ဆိုင်ထားရာ တောင်တစ်လုံးစာ နဂါးအလောင်းများ၏ စွမ်းအားကိုမူကား မှန်းဆ၍ပင် မရနိုင်တော့ချေ။

သို့သော် အရေးကြီးဆုံး မေးခွန်းတစ်ခု ကျန်ရှိနေသေး၏။ ဤစွမ်းအားများကို သူ မည်သို့ ရယူရမည်နည်း။

မိခင်ဖြစ်သူကို သူ ထပ်မမေးတော့ပေ။ ဤစမ်းသပ်မှုကို သူ တစ်ယောက်တည်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်မှန်း သိထားပြီး ဖြစ်သည်။

နဂါးအလောင်းများဖြင့် တည်ဆောက်ထားသည့် တောင်ကြီးကို တုပိုင် အနီးကပ် လေ့လာကြည့်လိုက်သည့်အခါ ထူးဆန်းသော အရာတစ်ခုကို သတိထားမိလိုက်သည်။ နဂါးများအားလုံး မျက်လုံးများ ပြူးကျယ်နေသော်လည်း မျက်လုံးအိမ်များမှာမူ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေ၏။ နဂါးတိုင်းက သေဆုံးခြင်းမတိုင်မီ မျက်လုံးဖောက်ထုတ် ခံထားရသကဲ့သို့ပင်။

နဂါးအလောင်းကြီးများကို သူက မျက်လုံး ဆွဲပေးရန် လိုအပ်နေသည်လား။ မျက်လုံး ဆွဲပေးလိုက်သည်နှင့် နဂါးများ အသက်ဝင်လာသည်ဆိုသည့် ရှေးဟောင်းဒဏ္ဍာရီထဲက နောက်ဆုံးအသက်သွင်းသလိုမျိုး မျက်လုံး ဆွဲပေးရမည်လား။

သို့သော် လက်ရှိ တုပိုင်မှာ လက်ဗလာ ဖြစ်နေ၏။ သူ့၌ စုတ်တံ မရှိ ၊ မင်ရည် မရှိသလို ကိုယ်ပိုင်သွေးပင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လက်ရှိအချိန်၌ စိတ်ဝိညာဉ်ပုံရိပ်ယောင်တစ်ခု အဖြစ်သာ တည်ရှိနေသောကြောင့်ပင်။

ထိုသို့ဆိုလျှင် တောင်ကြီးပေါ်ရှိ တစ်နေရာရာ၌ တစ်ခုခုက သူ့ကို စောင့်ကြိုနေမည်လား။

မီတာသောင်းနှင့်ချီ၍ မြင့်မားသည့် ဧရာမနဂါးအလောင်း တောင်ကြီးကို တုပိုင် စတင် တက်လှမ်းလိုက်သည်။ စိတ်ဝိညာဉ်ပုံရိပ်ယောင် အခြေအနေ၌ သူ မပျံသန်းနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ခွန်အားများလည်း ကင်းမဲ့နေ၏။ လျှောက်လှမ်းစရာ လမ်းကြောင်းလည်း မရှိသဖြင့် လက်နှင့်ခြေထောက်များကို အပြည့်အဝ အသုံးပြုကာ အပေါ်သို့ တွယ်တက်ရသည်။

ထိုသို့ဖြင့် ပင်ပန်းခက်ခဲလှသည့် တောင်တက်ခရီးကြမ်းကြီး စတင်တော့၏။

ရှင်းလင်းသည့် လမ်းကြောင်းမရှိသော်လည်း မရေမတွက်နိုင်သော နဂါးအကြေးခွံများက သူ့အတွက် အားထားရာ ဖြစ်လာသည်။

နဂါးကြီးများမှာ အလွန်တရာ စွမ်းအားကြီးမားလှသဖြင့် အကြေးခွံတစ်ခုချင်းစီက ကျောက်ဆောင်များထက်ပင် ပိုမို မာကျောနေပြီး သဘာဝ ခြေကုပ်ယူစရာ လှေကားထစ်များသဖွယ် အသုံးဝင်နေ၏။

အကြေးခွံများကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း တုပိုင် တစ်ဆင့်ပြီးတစ်ဆင့် ခက်ခဲပင်ပန်းစွာ တက်လှမ်းနေသည်။

ဤသည်မှာ ဧဝရတ်တောင်ကို မည်သည့် အထောက်အကူပြုပစ္စည်းမျှမပါဘဲ တက်ရသည်နှင့် တူညီနေ၏။ သို့သော် ဤနဂါးတောင်ကြီးမှာ ဧဝရတ်တောင်ထက်ပင် များစွာ ကြီးမားနေသည်။

တုပိုင် မမောနိုင်မပန်းနိုင် ဆက်လက် တက်နေ၏။

ဆယ်နာရီ ၊ နာရီနှစ်ဆယ်။ သုံးရက် ၊ ငါးရက် ၊ ကိုးရက်... နောက်ဆုံး ဆယ့်သုံးရက်မြောက်နေ့၌ တုပိုင် နောက်ဆုံးအကြေးခွံကို တွယ်တတ်ကာ နဂါးအကျဉ်းထောင်တောင်ကြီး၏ ထိပ်သို့ ရောက်ရှိသွားတော့သည်။

နဂါးအလောင်းတောင်ကြီးသည် မီတာတစ်သောင်းကျော် အမြင့်ရှိပြီး တုပိုင်တတ်ဖူးသမျှထဲမှ အမြင့်ဆုံး တောင်ထိပ်ပင်။ ကံမကောင်းစွာဖြင့်ပင် ဤဟင်းလင်းပြင်လောက တစ်ခုလုံး၌ ဤတောင်ကြီး တစ်လုံးတည်းသာ ရှိနေသဖြင့် ခံစားကြည့်ရှုစရာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းမျိုး မရှိနေပေ။

တက်လှမ်းနေစဉ်အတွင်း အပေါ်ဆုံး၌ သူ့ကို မည်သည့်အရာက စောင့်ကြိုနေမည်လဲဆိုသည်ကို တုပိုင် စိတ်ကူးယဉ် ကြည့်ခဲ့သေးသည်။ ရှေးဟောင်း သက်ရှိတစ်ခုလား။ ရှေးဦးနဂါးကြီးတစ်ကောင်၏ ခေါင်းလား။ သို့မဟုတ် အခြား ဆန်းကြယ်သည့် ရှေးဟောင်းပစ္စည်း တစ်ခုခုလား။

သို့သော် တကယ့်လက်တွေ့၌မူ မည်သည့်အရာမျှ မရှိသလောက်ပင် ဖြစ်နေ၏။

သွေးကန်တစ်ကန်တည်းသာ ရှိနေသည်။

တောင်ထိပ်မှာ အံ့ဩစရာကောင်းလောက်အောင် သေးငယ်လှပြီး စတုရန်းမီတာတစ်ရာထက်ပင် ပိုသေးနေသည်။

ကန်ထဲ၌ မတူညီသည့် သွေးနှစ်မျိုး လည်ပတ်နေ၏။ တစ်မျိုးက တောက်ပနေသည့် ရွှေနီရောင်ဖြစ်ပြီး အခြားတစ်မျိုးက အနက်ရောင်အတိ ဖြစ်နေသည်။ သွေးနှစ်မျိုးလုံးက တစ်ဝက်စီ တိတိကျကျ ကွဲကွာလျက် လှည့်ပတ်နေကြရာ ယင်နှင့်ယန် သင်္ကေတပုံစံတစ်ခုသဖွယ် ဖြစ်ပေါ်နေ၏။

တုပိုင် တွေဝေသွားရသည်။

ရွှေရောင်အရည်မှာ သိသာလှစွာပင် နဂါးသွေး ဖြစ်ပြီး ပြိုင်ဘက်ကင်းလှသည့် ကြောက်မက်ဖွယ် စွမ်းအားများ သက်ဝင်ခုန်ပေါက်နေ၏။ အကယ်၍ သူသာ ထိုသွေးကို ဝါးမျိုလိုက်ပါက မြင့်မြတ်နယ်မြေ၏ ဘုရင်မနှင့် ကံကြမ္မာမိစ္ဆာဘုရင်ကို အနိုင်ယူရန် လုံလောက်သည့် စွမ်းအားများ ချက်ချင်း ရရှိသွားနိုင်မည်လား။

ထိုသို့ဆိုလျှင် အနက်ရောင်သွေးကရော မည်သည်နည်း။ မိစ္ဆာသွေးဖြစ်သည်လား။

ဘဝဆိုသည်မှာ အမြဲတစေ ရွေးချယ်စရာ မေးခွန်းများသာ ဖြစ်ပြီး များသောအားဖြင့် တုံ့ဆိုင်းမနေဘဲ ကိုယ့်အဖြေကို ပြတ်ပြတ်သားသား ရွေးချယ်ခြင်းက အကောင်းဆုံးပင်။

ထို့ကြောင့် တုပိုင် သံသယများကို ဘေးဖယ်ထားလိုက်သည်။

သူ သွေးကန်ထဲသို့ ခုန်ဆင်းရန် မကြိုးစားသလို နဂါးသွေးကို သောက်ရန်လည်း မကြိုးစားပေ။ အရူးတစ်ယောက်သာလျှင် ထိုသို့ လုပ်ပေလိမ့်မည်။ သွေးကန်တစ်ခုကို သောက်ရုံဖြင့် ကံကြမ္မာမိစ္ဆာဘုရင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု တွေးထင်နေခြင်းက လုံးဝ အရူးလုပ်ရပ်ပင်။ ဤနဂါးသွေးနှင့် မိစ္ဆာသွေးတို့တွင် သီးသန့်ရည်ရွယ်ချက်တစ်ခု ရှိနေ၏။ ဤသည်တို့မှာ နောက်ဆုံးအသက်သွင်းရန်အတွက် မင်ရည်များပင် ဖြစ်သည်။

ထိုအရာက အေးခဲလုနီးပါး ဖြစ်နေသည့် ဆင်းရဲသားတစ်ဦး ငွေသားသန်းရာနှင့်ချီ ရှာတွေ့သွားသည်နှင့် တူနေသည်။ အကယ်၍ သူသာ ထိုငွေများကို အိမ်သို့ ယူသွားနိုင်ပါက ဘီလျံနာတစ်ဦး ဖြစ်လာပေလိမ့်မည်။ သို့သော် အလွန်အမင်း အေးခဲနေသည့် တောရိုင်းထဲ၌ အသက်ရှင်ကျန်ရစ်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ အနွေးဓာတ်ရရှိရန် ထိုငွေစက္ကူတိုင်းကို မီးရှို့ပစ်ရန်သာ ဖြစ်၏။

သူ့တွင် စုတ်တံမရှိသည့်အတွက် တုပိုင် သူ၏ ကိုယ်ပိုင်လက်ကိုသာ အသုံးပြုလိုက်သည်။ လက်ဖဝါးကို နဂါးသွေးထဲသို့ အရင်စနှစ်လိုက်ပြီး ထို့နောက် မိစ္ဆာသွေးထဲသို့ ထပ်နှစ်လိုက်၏။

သွေးနှစ်မျိုးလုံး ပေကျံနေသည့် လက်ဖြင့် တုပိုင် လှည့်ထွက်လိုက်ပြီး ပထမဆုံး မျက်လုံးတစ်စုံကို ရေးဆွဲရန် ဧရာမနဂါးတောင်ကြီး၏ တောင်ခြေဆီသို့ ပြန်ဆင်းမည့် ခရီးစဉ်ကြီးကို စတင်လိုက်သည်။

သူ ရူးနေသည်လား။ အောက်ခြေအထိ အဆုံးတိုင် ပြန်ဆင်းရန်မှာ နာကျင်ခက်ခဲလှသည့် အချိန်များစွာ ယူရပေလိမ့်မည်။ အဘယ်ကြောင့် တောင်ထိပ်ရှိ နဂါးများ၏ မျက်လုံးများကို အရင် မဆွဲရသည်နည်း။

သို့သော် ဤသည်ကား တုပိုင်၏ စွဲလမ်းမှုတစ်ခု ဖြစ်၏။ လိုအပ်သည့် ထုံးတမ်းစဉ်လာ တစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် ဒဏ္ဍာရီလာ ယုကုန်းတောင်ရွှေ့သည်ထက်ပင် ပို၍ မိုက်မဲခေါင်းမာလှသည့် အလုပ်တစ်ခုကို သူ စတင်လိုက်တော့သည်။

နဂါးအကျဉ်းထောင် ဧရာမတောင်ကြီး၏ အောက်ခြေမှ တောင်ထိပ်သို့ တက်ရန် အချိန် ဆယ့်သုံးရက်အပြည့် ယူခဲ့ရ၏။ သို့သော် ယခုအခါတွင်မူ တုပိုင်သည် ဤခက်ခဲပင်ပန်းလှသည့် ခရီးကြမ်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတက်အဆင်း လုပ်ရမည် ဖြစ်သည်။

လက်တစ်ဆုပ်စာ သွေးက နဂါးတစ်ကောင်၏ မျက်လုံးများကို ရေးဆွဲရန်အတွက်သာ လုံလောက်သည်။ ဤသည်မှာ နောက်ဆုံးအသက်သွင်းခြင်းပင်။

မျက်လုံးတစ်စုံ ရေးဆွဲပြီးတိုင်း ဤမီတာသောင်းနှင့်ချီ မြင့်မားလှသော ဧရာမတောင်ကြီးကို အစကနေ ပြန်တက်ရမည် ဖြစ်၏။ ပထမဆုံးနဂါးအသက်သွင်းမှုအတွက် အချိန် နှစ်ဆယ့်ခြောက်ရက် ကုန်ဆုံးသွားလေပြီ။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၃ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ယုကုန်းတောင်ရွှေ့ခြင်းဆိုတာက တရုတ်ဒဏ္ဍာရီတစ်ပုဒ်ပါဗျ။ ရှေးတုန်းက ယုကုန်းဆိုတဲ့ နာမည်တဲ့ အဘိုးကြီးတစ်ယောက်ရှိခဲ့တယ်။ ယုကုန်းရဲ့ အိမ်ရှေ့မှာ ထိုက်ဟန်နဲ့ ဝမ်ဝူဆိုတဲ့ တောင်ကြီး ၂ လုံးရှိတယ်ဗျ။ အဲတောင်ကြီးက အိမ်ရှေ့မှာ ပိတ်နေပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ပေါ့။ အဲတာနဲ့ အဘိုးကြီးယုကုန်းက တောင်ပေါ်က ခဲတွေကို ယူပြီးတော့ ပင်လယ်ထဲ ပစ်ချတယ်ပေါ့။ အိမ်နီးနားချင်းတွေကတော့ အချိန်ကုန် လူပင်ပန်းတဲ့ အလုပ်ဆိုပြီး ပြစ်တင်ရှုံ့ချကြတယ်ဗျ။ အဘိုးကြီးယုကုန်းကလည်း ငါလက်ထပ်မှာ မပြီးရင်တောင် ငါ့သားတွေ ငါ့မြေးတွေရှိသေးတယ်။ တောင်ကြီးက ပိုပြီးတော့ ကြီးမလာနိုင်ဘူး တစ်ရက်ကြရင် ကုန်သွားမှာပဲ ဆိုပြီးတော့ ဆက်လုပ်ပါလေ​ကော။ သူ့လုပ်ရပ်ကို နတ်မင်းကြီးတစ်ပါးက မြင်ပြီးတော့ တောင်ကြီးကို ရွှေ့ပေးလိုက်ပါရောတဲ့။ ဒဏ္ဍာရီလေးက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ဇွဲမလျော့ပဲ ဆက်လုပ်ရင် အောင်မြင်ပါလိမ့်မယ်တဲ့လေ။

နဂါးပုံဆွဲရာတွင် မျက်လုံးတပ်ပေးခြင်းကလည်း ဒဏ္ဍာရီပဲဗျ။ ရှေးခေတ်တရုတ်ပန်းချီဆရာကြီး ကျန်းဆန်းယိုက ဘုရားကျောင်းတစ်ခုအတွက် နဂါးပုံတစ်ပုံဆွဲပေးခဲ့တယ်ဗျ။ ဒါပေမဲ့ မျက်လုံးက ပါမနေဘူး။ ဘာလို့ မပါလည်း မေးကြတော့ သူသာ မျက်လုံးကိုထည့်လိုက်ရင် နဂါးက အသက်ဝင်လာပြီး ပျံထွက်သွားလိမ့်မယ်ဆိုပြီး ပြောခဲ့တယ်။ သူပြောတာကို မယုံကြလို့ ကျန်းဆန်းယိုက မျက်လုံး၂ လုံးကို ​ဆွဲပေးလိုက်တော့ မိုးတွေခြိမ်း လေတွေကြမ်းလာပြီး နဂါးက တကယ်ကြီး အသက်ဝင်လာပါရောတဲ့။ အခု တုပိုင်ကလည်း နဂါးအလောင်းတွေ မျက်လုံးမပါတာကိုမြင်ပြီး မျက်လုံးဆွဲပေးမယ် လုပ်နေတာဗျ။

All Chapters