← Chapters

အခန်း (၁၀၇၄)

Vol. 104 Ch. 1074

အခန်း (၁၀၇၄)

Vol. 104 Ch. 1074

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ဒုတိယမြောက်နဂါး၏ မျက်လုံးများကို ရေးဆွဲရန်အတွက်လည်း နှစ်ဆယ့်ခြောက်ရက် အချိန်ယူလိုက်ရ၏။ တတိယမြောက်နဂါးမှာလည်း နောက်ထပ် နှစ်ဆယ့်ခြောက်ရက်ပင် ကြာမြင့်ပြန်သည်။

ကိုးဆယ့်ကိုးကောင်မြောက် နဂါးအထိ အကောင်တိုင်းအတွက် နှစ်ဆယ့်ခြောက်ရက်စီ ကြာမြင့်၏။

အဘယ်ကြောင့်ဆိုသော် အချင်း မီတာရှစ်သောင်းကျော်ရှိသည့် နဂါးအကျဉ်းထောင် ဧရာမတောင်ကြီး၏ အောက်ခြေ၌ နဂါးအလောင်း ကိုးဆယ့်ကိုးလောင်း ရစ်ခွေနေသောကြောင့်ပင်။ ထို့ကြောင့် တောင်ကြီး၏ ပထမဆုံးအလွှာရှိ နဂါးအလောင်းများအတွက် နောက်ဆုံးအသက်သွင်းပေးမှုကို ပြီးမြောက်ရန် အချိန်အားဖြင့် ၂၃၄ ရက်... ရှစ်လနီးပါးခန့် ကြာမြင့်၏။

(အချိန်က မှားနေသလိုပဲ။ နဂါးတစ်ကောင်ကို ၂၆ ရက်။ နဂါးအကောင်ပေါင်း ၉၉ ကောင်။ ၂၆x၉၉ = ၂၅၇၄ = ၇ နှစ်လေ။ ဘယ်လိုလုပ် ၂၃၄ ရက်လဲ... 😭)

ထို့နောက် ဒုတိယအလွှာရှိ နဂါးအလောင်းများဆီသို့ ရောက်လာသည်။ ထိုနေရာ၌ အလောင်း ကိုးဆယ့်ရှစ်လောင်း ရစ်ခွေနေရာ တုပိုင်အနေဖြင့် ပင်ပန်းခက်ခဲလှသည့် နေ့ရက်ပေါင်း ၂၁၉ ရက်တိုင်တိုင် အချိန်ပေးရပြန်၏။

တတိယအလွှာရှိ အလောင်း ကိုးဆယ့်ခုနစ်လောင်းအတွက် နောက်ထပ် ၂၀၅ ရက် ကြာမြင့်ပြန်သည်။

ဒဏ္ဍာရီများထဲ၌ တောင်ရွှေ့သည့် ယုကုန်း၏ လုပ်ရပ်က ကောင်းကင်ဘုံဧကရာဇ်ကို ထိရှသွားစေပြီး ထိုက်ဟန်နှင့် ဝမ်ဝူတောင်များကို သယ်ဆောင်သွားရန် နတ်မင်းများကို စေလွှတ်ခဲ့သည်။

သို့သော် ဤနေရာ၌ တုပိုင်ကို ကူညီရန် မည်သည့်နတ်ဘုရားမျှ ဆင်းသက်လာမည် မဟုတ်ချေ။

တစ်ရက်ပြီးတစ်ရက် တုပိုင်သည် နဂါးအကျဉ်းထောင် ဧရာမတောင်ကြီးကို အဆုံးအစမဲ့ အတက်အဆင်းလုပ်ကာ သက်မဲ့နဂါးအလောင်းများအား မျက်လုံးများ ရေးဆွဲပေးနေ၏။

အချိန်ကုန်ဆုံးသွားသည်ကိုပင် သူ လုံးဝသတိမထားမိသလောက် ဖြစ်သွားသည်။

တစ်နှစ် ၊ နှစ်နှစ် ၊ သုံးနှစ် ၊ လေးနှစ် ၊ ငါးနှစ်...

အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကိုးနှစ်တာအချိန် ကုန်လွန်သွားပြီ ဖြစ်၏။ တောင်ထိပ်ရှိ သွေးကန်မှာ လုံးဝခန်းခြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ နဂါးသွေးနှင့် မိစ္ဆာသွေး အနည်းငယ်သာ ကျန်ရှိတော့၏။

တုပိုင် လက်လှမ်းလိုက်ပြီး နောက်ဆုံးကျန်ရှိနေသည့် သွေးစက်များထဲသို့ လက်ကို နှစ်လိုက်ကာ ဧရာမတောင်ကြီးပေါ်ရှိ နောက်ဆုံးနဂါးအလောင်း၏ ခေါင်းဆီသို့ ချဉ်းကပ်သွားလိုက်သည်။

လျင်မြန်သည့် အချက်အနည်းငယ်ဖြင့် မျက်လုံးများ၏ ပုံကြမ်း ပေါ်လာ၏။ နောက်ဆုံးနဂါးအလောင်း၏ အသက်သွင်းပေးမှု ပြီးမြောက်သွားပြီ ဖြစ်သည်။

ဤသည်မှာ သူ၏ အမြန်ဆန်ဆုံးနှင့် အပြောင်မြောက်ဆုံး လက်ရာပင်။

ကိုးနှစ်... တုပိုင် ယုံကြည်နိုင်လောက်အောင် ကြီးမားလှသည့် လုပ်ငန်းစဉ်ကြီးကို နောက်ဆုံးတွင် အဆုံးသတ်နိုင်ပြီ ဖြစ်၏။ လုပ်ငန်းစဉ် တစ်လျှောက်လုံး၌ သူသည် ခြိုးခြံစွာ ကျင့်ကြံသော ရဟန်းတစ်ပါးကဲ့သို့ မှန်းဆ၍မရနိုင်လောက်အောင် ပင်ပန်းငြီးငွေ့ဖွယ်ကောင်းသည့် အလုပ်ကို နေ့ရက်တိုင်း ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထောင်နှင့်ချီသည့် နဂါးများ၏ မျက်လုံးများကို ရေးဆွဲပြီး နဂါးသွေးနှင့် မိစ္ဆာသွေးအားလုံးကို အပြည့်အဝ ကုန်စင်အောင် အသုံးပြုပြီး ဖြစ်၏။

သို့သော် အရေးကြီးသည့် မေးခွန်းက ကျန်ရှိနေဆဲပင်။ မျက်လုံးရေးဆွဲကာ အသက်သွင်းပေးခြင်းများက တကယ်ရော အသုံးဝင်ရဲ့လား။

တုပိုင် မသိပေ။

အချိန်များကုန်ဆုံးသွား၏။

နဂါးတစ်ကောင်မှ အသက်မဝင်လာပေ။

"ဂါးးး" ရုတ်တရက် နက်ရှိုင်းပြီး စွမ်းအားကြီးမားလှသည့် အသက်ရှူသံကြီးတစ်ခု လေထုထဲ၌ ပဲ့တင်ထပ်လာ၏။

ထို့နောက် နဂါးတစ်ကောင်၏ မျက်လုံးများက စတင်၍ လှုပ်ရှားလာသည်။ တုပိုင် ရေးဆွဲပေးလိုက်သည့် ထောင်နှင့်ချီသည့် နဂါးအလောင်းများထဲမှ နောက်ဆုံးတစ်ကောင်တည်းသာ နိုးထလာခြင်း ဖြစ်၏။

ထောင်နှင့်ချီသည့် နဂါးအလောင်းများ၏ မျက်လုံးများကို ကိုးနှစ်တာ အချိန်ယူကာ ရေးဆွဲပေးပြီးနောက် ထိုနဂါးများအားလုံး ပြန်လည်ရှင်သန်လာကာ သူတို့၏ စုပေါင်းစွမ်းအားများကို တုပိုင်ထံ ပေးအပ်လိမ့်မည်ဟု လူတိုင်းက ယူဆကောင်း ယူဆပေလိမ့်မည်။

လုံးဝ မဟုတ်ပေ။

ယခင်က သူ ရေးဆွဲသည့် မရေမတွက်နိုင်သည့် နဂါးမျက်လုံးများမှာ လေ့ကျင့်မှုသက်သက်သာ ဖြစ်၏။

မဟာလက်ရေးလှပညာရှင် ဝမ်ရှီးကျစ်သည် သူ၏ ပညာကို ကျွမ်းကျင်ရန်အတွက် ရေစည်ဆယ့်ရှစ်စည် ကုန်အောင် လေ့ကျင့်ရသကဲ့သို့ပင်။

လီယိုနာဒိုဒါဗင်ချီသည် သူ၏ အနုပညာကို ပြီးပြည့်စုံစေရန် ကြက်ဥပေါင်း မရေမတွက်နိုင်အောင် ရေးဆွဲရသကဲ့သို့ပင်။

မရေမတွက်နိုင်သည့် နဂါးအလောင်းများကို မျက်လုံးရေးဆွဲရန် တုပိုင်၏ အဆုံးအစမဲ့ ကြိုးပမ်းမှုများသည် ဤနောက်ဆုံးဆွဲချက်အတွက် ပြင်ဆင်မှုများသာ ဖြစ်၏။

နောက်ဆုံး၌ သူ၏ ခက်ခဲပင်ပန်းလှသည့် လေ့ကျင့်မှုများက အရာထင်သွားပြီ ဖြစ်သည်။ နောက်ဆုံးနဂါးအလောင်းမှာ ပြီးပြည့်စုံသည့် အသက်သွင်းပေးမှုကို ရရှိကာ အသက်ဝင်လာပြီ ဖြစ်၏။

နိုးထလာသည့် တစ်ကောင်တည်းသော နဂါးကြီးက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး တောင်ထိပ်ပေါ်ရှိ တုပိုင်အား ငုံ့ကြည့်ရန် လေထဲသို့ ပျံတက်သွားလိုက်၏။

နဂါးကြီးက ဩဇာပါပါ ပြောသည်။ "မင်း ငါ့ကျိန်စာကို ဖယ်ရှားပေးလိုက်ပြီ။ ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းအတွက် ဘာလုပ်ပေးရမလဲ။ ဆုတစ်ခု တောင်း။ ငါ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမယ်။"

တောင်းဆိုမှုတစ်ခု... သူ၌ ဆုတစ်ခုတည်းသာ ရှိ၏။

နဂါးကြီးက အလေးအနက် ဆက်ပြောသည်။ "မင်းအတွက် ငါ့ကို တိုက်ခိုက်ပေးစေချင်တာလား။ မင်း ပြန်ရှင်သန်ချင်တာလား။ ငါ့စွမ်းအားတွေ အားလုံးကို လိုချင်တာလား။ ပြော... ဘာမဆို တောင်းဆိုနိုင်တယ်။ ခြွင်းချက်မရှိ ဖြည့်ဆည်းပေးမယ်။"

တုပိုင် တိတ်ဆိတ်နေ၏။ အစစ်အမှန် စမ်းသပ်မှုကြီး ရောက်ရှိလာပြီ ဖြစ်သည်။

အကောင်းဆုံး တောင်းဆိုမှုမှာ သဘာဝကျကျပင် ပြန်လည်ရှင်သန်ခြင်း သို့မဟုတ် နဂါးကြီး၏ စွမ်းအားအားလုံးကို တောင်းခံခြင်းပင်။ ထိုသို့ဆိုလျှင် တုပိုင် ဧရာမနဂါးကြီးတစ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

သို့သော် ထိုအရာက လုံလောက်မည်လား။

အကယ်၍ သူ၏ တစ်ခုတည်းသော ပန်းတိုင်က မြင့်မြတ်နယ်မြေ၏ ဘုရင်မကို သတ်ဖြတ်ရန် ဖြစ်ပါက နဂါးတစ်ကောင်တည်း၏ စွမ်းအားဖြင့် လုံလောက်နိုင်သည်။

သို့သော် ကံကြမ္မာမိစ္ဆာဘုရင်ကို သတ်ဖြတ်ပြီး ကြီးစိုးသူမိစ္ဆာဧကရာဇ်ကို ဖျက်ဆီးပစ်ရန်ဆိုလျှင်မူ နဂါးတစ်ကောင်၏ စွမ်းအားက လုံးဝ လုံလောက်မည် မဟုတ်ပေ။

တုပိုင်၏ ပန်းတိုင်မှာ အစကတည်းက သတ်မှတ်ထားပြီး ဖြစ်၏။ သူသည် ထောင်နှင့်ချီသည့် နဂါးအလောင်းများအားလုံး၏ စွမ်းအားကို လိုချင်ခြင်း ဖြစ်သည်။ နဂါးသောင်းချီ၏ ဘုရင် ဖြစ်လာလို၏။

သို့သော် ထိုသို့သော တောင်းဆိုမှုကို ဖြည့်ဆည်းပေးရန်မှာ ဤနဂါးတစ်ကောင်တည်း၏ စွမ်းဆောင်နိုင်ရည်ထက် သေချာပေါက် ကျော်လွန်နေသည်။

ထိုသို့ဆိုလျှင် သူ ဘာလုပ်သင့်သနည်း။ သူ မည်သည့်ဆန္ဒကို တောင်းဆိုသင့်သည်နည်း။ သူ၏ အစစ်အမှန် ဉာဏ်ပညာကို စမ်းသပ်ရမည့်အချိန် ရောက်ရှိလာလေပြီ။

ထိုအခိုက်အတန့်၌ တုပိုင်၏ စိတ်ထဲတွင် မူဝါဒတစ်ခု ပေါ်လာသည်။

နှစ်ဘက်မြင်ကမ္ဘာ၌ မဖြစ်နိုင်သည့်အရာကို သုံးဘက်မြင်ကမ္ဘာတွင် အလွယ်တကူ ဖြေရှင်းနိုင်သည်။ သုံးဘက်မြင်တွင် မလုပ်နိုင်သည့်အရာကို လေးဘက်မြင်တွင် ရိုးရှင်းစွာ လုပ်ဆောင်နိုင်သည်။ တောင်းဆိုမှုတစ်ခုက စီရင်စုတရားသူကြီး၏ အာဏာထက် ကျော်လွန်သွားသောအခါ ပြည်နယ်ဘုရင်ခံထံ ယူဆောင်သွားရမည်သာ။

တုပိုင်က သူ၏ တစ်ခုတည်းသော တောင်းဆိုမှုကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ "နဂါးကြီး... ငရဲမျှော်စင်ရဲ့ အဋ္ဌမမြောက်ထပ်ကို သွားဖို့ မင်းခန္ဓာကိုယ်ကို တံတားတစ်စင်းအဖြစ် တည်ဆောက်ပေးပါ။"

ထိုစကားများကို ကြားသည့်အခါ နဂါးကြီးမှာ ခဏတာ ဆွံ့အသွား၏။

သူ၏ မှော်အစီအရင် ဆွဲကြိုးလေးထဲမှ မိခင်ဖြစ်သူက အလွန်တရာ ကျေနပ်အားရမှုများ ပြည့်နှက်နေသည့်လေသံဖြင့် ရုတ်တရက် ဆိုလာသည်။ "အမေ့ကလေးလေးက ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနဲ့ အထက်မြက်ဆုံးပဲ။"

တုပိုင် မှန်ကန်သည့် ရွေးချယ်မှုကို ပြုလုပ်ခြင်း ဖြစ်၏။

သူသည် ထောင်နှင့်ချီသည့် နဂါးများ၏ စွမ်းအားကို ရယူပြီး နဂါးသောင်းချီ၏ ဘုရင်အဖြစ် တက်လှမ်းရန် ရည်ရွယ်ထားသည်။ သို့သော် ဤတာဝန်စမ်းသပ်မှုကို ငရဲမျှော်စင်၏ သတ္တမမြောက်ထပ်တွင် ပြီးမြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အဋ္ဌမမြောက်ထပ်သို့ ရောက်ရှိရန် လိုအပ်၏။

နဂါးကြီးက ခမ်းနားထည်ဝါစွာ ပြောသည်။ "မင်းဆန္ဒအတိုင်းပါပဲ။"

ပြောပြီးနောက် နဂါးကြီးက လေထဲသို့ ပျံတက်သွားလိုက်ပြီး သူ၏ ဧရာမခန္ဓာကိုယ်ကြီးကို တောင်ကြီးအထက်၌ လိမ်ယှက်ကာ ငရဲမျှော်စင်၏ အဋ္ဌမမြောက်ထပ်သို့ တိုက်ရိုက်ဦးတည်နေသည့် ဝင်္ကပါလမ်းကြောင်းတစ်ခုအဖြစ် ဖန်တီးလိုက်၏။

နဂါးကြီးက ရိုသေလေးစားစွာ ပြောလာသည်။ "ငါ့ခန္ဓာကိုယ်ပေါ်ကနေ အဋ္ဌမမြောက်ထပ်ကို လျှောက်သွားပါ။"

တုပိုင်က နွေးထွေးစွာ တုံ့ပြန်လိုက်သည်။ "ကျေးဇူးပဲ။"

ထို့နောက် တုပိုင် ရှေ့သို့ လှမ်းကာ နဂါးကြီး၏ ကျောပေါ်မှတစ်ဆင့် တက်လှမ်းသွားလိုက်သည်။ ကီလိုမီတာ အတော်များများ လျှောက်သွားပြီးနောက် ဧရာမနဂါးကြီး၏ အဆုံးသို့ သူ ရောက်ရှိလာသည်။

သူ၏ ရှေ့၌ လုံးဝအမှောင်အတိ ကျနေသည့် ကန့်လန့်ကာတစ်ခု ရှိနေ၏။ ထိုအမှောင်ထု၏ အနောက်ဘက်၌ ငရဲမျှော်စင်၏ အဋ္ဌမမြောက်ထပ်က စောင့်ကြိုနေသည်။

တုပိုင် တုံ့ဆိုင်းမနေဘဲ အရိပ်ကျနေသည့် ကန့်လန့်ကာကို ဖြတ်၍ တိုက်ရိုက် ဝင်ရောက်သွားလိုက်၏။

**--**--**--**--**--**--**--**

တုပိုင် ငရဲမျှော်စင်၏ အဋ္ဌမမြောက်ထပ်သို့ ရောက်ရှိလာလေပြီ။

သတ္တမမြောက်ထပ်သည် အဆုံးအစမဲ့ ကြီးမားကျယ်ဝန်းပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသော်လည်း အဋ္ဌမမြောက်ထပ်မှာမူ စတုရန်းမီတာ သောင်းဂဏန်းမျှသာ ရှိပြီး အံ့ဩစရာကောင်းလောက်အောင် သေးငယ်နေ၏။

အထဲ၌ အဘိုးအိုတစ်ဦး... အလွန်တရာ သာမန်ပုံပေါက်သည့် အဘိုးအိုတစ်ဦးက မျက်စိမှိတ်လျက် အနားယူနေသည်။

တုပိုင် လျှောက်ဝင်လာသည်နှင့် အဘိုးအိုက ရုတ်တရက် နိုးထလာ၏။

အဘိုးအိုက ညည်းတွားလိုက်သည်။ "အင်း..."

အဘိုးအိုမှာ အံ့ဩတကြီးဖြင့် ပြောလာသည်။ "ငရဲမျှော်စင်ရဲ့ အဋ္ဌမမြောက်ထပ်ကို တကယ်ကြီး ရောက်လာတာပဲ။ မယုံနိုင်စရာပဲ... တကယ့်ကို မယုံနိုင်စရာပဲ။ ပြီးတော့ စိတ်ဝိညာဉ်ပုံစံနဲ့လား။ ပိုပြီးတောင် မယုံနိုင်စရာ ကောင်းသေးတယ်။ ဒီလောက် အားနည်းနေတာတောင် အဋ္ဌမမြောက်ထပ်ကို ရောက်လာသေးတယ်ပေါ့။"

ထို့နောက် အဘိုးအိုက တုပိုင်အား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ "လူငယ်လေး... မင်း ဘာရှာနေတာလဲ။"

တုပိုင်က ပြတ်သားစွာ ဆိုလိုက်သည်။ "သတ္တမမြောက်ထပ်က နဂါးအလောင်းတွေ အားလုံးရဲ့ စွမ်းအားကို ရယူချင်တယ်။ ပြီးတော့ နဂါးသောင်းချီရဲ့ ဘုရင် ဖြစ်ချင်တယ်။"

အဘိုးအိုက သဘောကျစွာ ရယ်မောလိုက်သည်။ "ပြဿနာမရှိဘူး။ လက်နက်တစ်ခု ရွေး ၊ ပြီးရင် အောက်ဆင်းပြီး နဂါးတွေ အားလုံးကို အောင်နိုင်လိုက်။"

ထိုသို့ပြောပြီးနောက် အဘိုးအိုက ထူးခြားသည့် ရှေးဟောင်းပစ္စည်းသုံးခုကို ထုတ်ပြလိုက်၏။

လေးနှင့်မြှား ၊ မှန်တစ်ချပ်နှင့် သရဖူတစ်ခုတို့ပင်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters