အခန်း (၆၄၃-၆၄၅)
Vol. 43 Ch. 643-645
အပိုင်း ၆၄၃ - မင်းတို့ သိုင်းတစ်ထောင်ခန်းမကလူတွေ အကုန်အတူတူထွက်ခဲ့
နတ်ဆိုးတိမ်များသည် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မျိုးဆက်စုံမဟာမိတ်အဖွဲ့တို့၏ စခန်းများ၏ အပြင်ဘက်သို့ သက်ဆင်းလာပြီး ကိုယ်ပိုင်အဖွဲ့တစ်ခုကို ဖွဲ့စည်း၏။
တိမ်များပျောက်ကွယ်သွားပြီးနောက် သိုင်းသမားများအားလုံးသည် ရွှေရောင်ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေသည့် ကျားတစ်ကောင်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းက လူအားလုံး၏ နှုတ်ခမ်းထောင့်များကို တွန့်ကွေးသွားစေ၏။ ဒီကြီးမားလှသည့် ကျားကြီးသည် တောင်ငယ်တစ်ခုမျှ အရွယ်အစားရှိပြီး လည်ပင်းတွင် ကြီးမားသည့် ရွှေဆွဲကြိုးကို စွဲထား၏။
ခြေထောက်များကို မြေပြင်ပေါ်၌ အနည်းငယ်ဖြန့်ထားကာ လက်သည်းများက ကုလားထိုင်လက်တန်းပေါ်တွင် အသာတင်ထားသည်။
၎င်း၏မျက်လုံးများသည် ပြူးကျယ်ကာ ကြောက်ဖို့ကောင်း၏။ အထိန်းအကွပ်ကင်းမဲ့သည့် အငွေ့အသက်တို့ကို ထုတ်လွှတ်နေပါသည်။
"မဟာနတ်ဆိုးဘုရင်... ဒီပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲကိုလာခဲ့တာ မင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ.."
ယွီလင့်စံအိမ်သခင်က မာကျောသောမျက်နှာဖြင့် မေး၏။
"ငါလည်း ပါရမီရှင်တွေအကြား ယှဥ်ပြိုင်ပွဲကို လာပြီးတော့ ယှဉ်ပြိုင်တာပေါ့... ဒါက စိတ်ဝိဉာဉ်နယ်မြေမှာရှိတဲ့ ပါရမီရှင်တွေအားလုံးအတွက် ပြိုင်ပွဲဖြစ်ကတည်းက ဘာလို့ငါတို့နတ်ဆိုးမျိုးနွယ်က ကျန်ရစ်ခဲ့ရမှာလဲ.."
ကြောင်နီက စွမ်းအားကြီးမားသည့်အသံဖြင့် ဖြေကြား၏။
"မဟာနတ်ဆိုးဘုရင်... မင်းက တကယ့်ကိုပြောရဲတာပဲ... ဒါက လူငယ်ပါရမီရှင်တွေအကြားက ယှဉ်ပြိုင်ပွဲလေ... မင်းကတော့ သူတို့အဖေဖြစ်ဖို့တောင် လုံလောက်အောင်အိုမင်းနေပြီ... ဝင်ပြိုင်ဖို့အတွက် အရှက်မရှိပြောထွက်တယ်ပေါ့.."
ယွီလင့်စံအိမ်သခင်က သရော်စွာဖြင့်ပြော၏။
"ငါကမွေးကတည်းက အခုအချိန်အထိ အသက်၃၀တောင်မပြည့်သေးဘူး... ဒါ့ကြောင့်မို့လို့ သက်တမ်းအရဆိုရင် လူငယ်ပါရမီရှင်တွေအကြားကို ဝင်နိုင်သေးတယ်.."
ကြောင်နီက ဂုဏ်ယူစွာဖြင့် ပြောသည်။
"ဘာ.."
လူတိုင်းသည် အံ့သြသွားကြ၏။ ဒီမဟာနတ်ဆိုးဘုရင်သည် အသက်၃၀ပင် မပြည့်သေးပေဘူးလား။ ဤသည်မှာ မဖြစ်နိုင်ပေ။
"ဆရာ... ကြောင်နီက တကယ်ပဲ အသက်၃၀မပြည့်သေးဘူးလား.."
စုလင်းရှုံက သိလိုစွာမေး၏။ လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး ဖြေကြားသည်။
"ဟုတ်လိမ့်မယ်.."
သူသည် ကြောင်နီကို တောင်များအတွင်းမှ စတင်ဖမ်းဆီးခဲ့စဉ်က ၎င်းသည် ကြီးမားသည့်ကြောင်တစ်ကောင် ဖြစ်နေပြီးဖြစ်၏။ သို့ပေမယ့် သူ၏သက်တမ်းကို ရေတွက်ကြည့်ပါက အသက်၃၀မပြည့်သေးသည်ပုံ ရသည်။
"မထင်မှတ်စရာပဲ... ကြောင်နီကလည်း ပါရမီရှင်တစ်ယောက်ပဲ.."
စုလင်းရှုံက ရယ်မော၏။
"မဟာနတ်ဆိုးဘုရင်... ဒီမှာလာပြီး ဟာသလုပ်မနေနဲ့.."
ယွီလင့်စံအိမ်သခင်က ခက်ထန်စွာပြောသည်။
"ဘယ်သူက မင်းနဲ့လာနောက်နေလို့လဲ... လိုအပ်ရင် ငါ့ရဲ့အသက်ကို အတည်ပြုပေးလို့ရတယ်... ငါဒီနေ့လာခဲ့တာက ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲအတွက် အထူးရောက်လာခဲ့တာပဲ.."
ကြောင်နီက ထိုကဲ့သို့ပြောကြားပြီးနောက် စိတ်ဝိဉာဉ်ဂိုဏ်းများဘက်သို့ အေးစက်စွာ ကြည့်ပြီးမေး၏။
"မင်းတို့ကောင်တွေက ငါ့ရဲ့ နတ်ဆိုးမျိုးနွယ်ကို အထင်သေးတာလား.."
ကြောင်နီ၏အနောက်ဘက်ရှိ နတ်ဆိုးမျိုးနွယ်မှ စွမ်းအားကြီးမားသည့် အဖွဲ့သားများက မာန်ဖီလိုက်ကြသည်။ တိုက်ပွဲတွင် ဝင်ပါရန်အတွက် ငြင်းဆန်ခြင်းခံရပါက ပြဿနာရှာရန် အဆင်သင့်ဖြစ်နေ၏။
"နတ်ဆိုးမျိုးနွယ်ကလည်း... စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကတည်းက ချန်ထားလို့ဘယ်ဖြစ်မလဲ... ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က ငြင်းပယ်ချက်မရှိဘူး.."
ဖန်းဟောင်က အပြုံးတစ်ခုဖြင့် ပြောသည်။
ယွီလင့်စံအိမ်သခင်မှာ မျက်မှောင်ကျုံ့သွား၏။ မဟာနတ်ဆိုးဘုရင်သည် အလွန်သန်မာလှသည်။ သာမန်ပါရမီရှင်များ၏ အတိုင်းအတာထက် ကျော်လွန်ပြီးဖြစ်၏။ သူ၏ ပထမဆုံးနေရာကို ဝင်ရောက်ယူဆောင်မှုအား ခွင့်ပြုပေးရမည်လား။
"မဟာနတ်ဆိုးဘုရင်သာ... စည်းမျဉ်းတွေထဲမှာ ရှိနေတယ်ဆိုရင်... သူ့ကို ပါဝင်ခိုင်းတာလည်း ပြဿနာမရှိဘူး.."
ဧကရာဇ်ကျိုးက အပြုံးတစ်ခုဖြင့် ပြောသည်။
နောက်ဆုံးတွင် ကြောင့်နီသည် ပြိုင်ပွဲအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့၏။ အတည်ပြုပြီးနောက် သူသည် နတ်ဆိုးမျိုးနွယ်၏ အဖွဲ့အတွင်းသို့ ပျောက်ကွယ်သွားကာ ချန်ချင်းစံအိမ်၏ မိုးပျံသင်္ဘောပေါ်၌ ပြန်ပေါ်လာခဲ့သည်။
သခင်ကြီးဖြစ်သူ လီရွှမ်၏ရှေ့တွင် ချစ်ဖို့ကောင်းအောင် အော်ပြ၏။
"မြှောင်.."
"မင်းက တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကြောင်တစ်ကောင်ပဲ.."
လီရွှမ်က ရယ်၏။ ကျောက်စိမ်းအဆောင်ဖြင့် ကြောင်နီ၏ဦးခေါင်းကို ထုလိုက်သည်။ ကြောင်နီ၏စွမ်းအားသည် ကြီးစွာမြင့်တက်လာခဲ့ပြီး သူသည် နတ်ဆိုးဆန်းကြယ်အတတ်များစွာတို့ကို တတ်မြောက်ထားခဲ့သည်။ ယွီလင့်စံအိမ်သခင်ကို ထပ်မံတိုက်ခိုက်ရပါက တစ်ဖက်လူသည် ကြောင်နီ၏ ပြိုင်ဖက် မဟုတ်လောက်တော့ပါ။
"မင်္ဂလာပါ ဆရာကြီး..."
ရှဲ့ထန်းဟန်နှင့် သူ့သားတို့သည် ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့မှ ရောက်ရှိလာခဲ့၏။
လီရွှမ်က ခေါင်းငြိမ့်သည်။ ရှဲ့ထန်းဟန်၏ဇနီး ဖူယွင်ကိုကြည့်၏။ သူသည် အနည်းငယ် အံ့ဩသွားသည်။ ရှဲ့ထန်းဟန်သည် ဘယ်လိုလုပ်ပြီး အတွင်းဘက်နယ်မြေ၌ ဖူယွင်ကို လက်ထပ်ထိမ်းမြားနိုင်ခဲ့သနည်း။
ဖူယွင်က လီရွှမ်ကို သိလိုစွာကြည့်သည်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူတစ်ယောက်လေလား။
ရှဲ့လင်ဖုန်းလည်း ပါရမီရှင်များအကြား တိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့မှ လိုက်ပါလာခဲ့သည့် ပါရမီရှင်အချို့လည်းရှိ၏။ ထိုအထဲတွင် လီရှောင်နှင့် ဟိုင်ပေါ်အာတို့လည်း အပါအဝင်ဖြစ်သည်။
"ညီလေးရွှီရော ဘယ်မှာလဲ..."
ရှဲ့လင်ဖုန်းက မုန့်ချုံတို့ကိုတွေ့ရပြီးနောက် သိလိုစွာမေးသည်။
"ငါတို့စီနီယာအစ်ကို ပြန်မလာသေးဘူး... ဒါပေမယ့် မကြာခင် ရောက်လာလောက်တော့မှာပါ.."
မုန့်ချုံက အပြုံးတစ်ခုဖြင့် ပြောသည်။
ပါရမီရှင်များအကြားတိုက်ပွဲနေ့သည် ရောက်ရှိလာခဲ့၏။
"ဘုန်း.."
သက်တန့်တစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းလာပြီး တင့်တယ်သည့်အလင်းနှင့် မိုးပြာရောင်ပင်လယ်ကို ထိန်လင်းသွားစေသည်။ ပုံရိပ်များစွာတို့ အရပ်မျက်နှာအားလုံးတို့ဆီသို့ ပြန့်ကျဲသွား၏။
"ဒီနေ့မှာ... ပါရမီရှင်တွေအကြား နောက်ဆုံးပြိုင်ပွဲကို ဆင်နွှဲပြီး ထိပ်တန်းအယောက်တစ်ရာကို ဆုံးဖြတ်မယ်... ပြီးရင် ထိပ်တန်းတစ်ရာကို ဝင်တဲ့အဖွဲ့က နေရာတစ်နေရာကိုရရှိမယ်... ထိပ်တန်းဆယ်ယောက်ကိုဝင်တဲ့အဖွဲ့က နေရာငါးနေရာကိုရရှိမယ်... ထိပ်တန်းသုံးယောက်ကိုဝင်တဲ့အဖွဲ့က နေရာဆယ်နေရာကိုရရှိမယ်.."
"အဲ့ဒီ့နေရာတွေက ဘာအတွက်လဲလို့မမေးနဲ့... တိုက်ပွဲပြီးရင် သိရလိမ့်မယ်.."
"ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲမှာ သေခြင်းရှင်ခြင်းကို ပါရမီရှင်တွေကပဲ ဆုံးဖြတ်လိမ့်မယ်... ဒီတိုက်ပွဲမှာ လက်စားချေတာတွေကို ခွင့်မပြုဘူး..."
ဧကရာဇ်ကျိုးက တိုက်ပွဲ၏စည်းမျဉ်းများကို စတင်ကြေငြာ၏။
"စီနီယာအစ်ကိုကြီး ဘာလို့ ပြန်မလာသေးတာလဲ.."
စုလင်းရှုံက ပဟေဠိဖြစ်စွာ မေးသည်။
"သူပြန်လာပြီ.."
လီရွှမ်က အသာပြုံးကာပြော၏။
လူတိုင်းသည် ခေါင်းမော့ကြည့်လိုက်ပြီးနောက် အပြာရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းလာကြောင်းအား တွေ့လိုက်ရသည်။
မကြာခင် ချန်ချင်းစံအိမ်မိုးပျံသင်္ဘောပေါ်သို့ ပုံရိပ်တစ်ခုသက်ဆင်းလာခဲ့၏။ သူသည် လက်ထဲတွင် အပြာရောင်သင်္ဘောငယ်တစ်ခုကို ကိုင်ဆောင်ထားသည်။
"ဆရာ... ဒုတိယညီ... တတိယညီမ... အစ်ကိုရှဲ့.."
ရွှီယန်က အပြုံးတစ်ခုဖြင့် လူအားလုံးကို နှုတ်ဆက်၏။
မြူဒေသသို့ပြန်ပြီးနောက် သူသည် နောက်ဆုံးတိုက်ပွဲမှာ ဟုန်ကျိုး၌ ကျင်းပမည်ဖြစ်ကြောင်းကို သိလိုက်ရသည်။
ထို့ကြောင့် အလျှင်အမြန်ပြန်လာခဲ့ပြီး ကံကောင်းစွာပင် စတင်မှုမပြုခင်၌ ရောက်ရှိနိုင်ခဲ့လေသည်။
ဧကရာဇ်ကျိုးက စည်းမျဉ်းများကို ကြေငြာအပြီးတွင် ထပ်ပေါင်းပြော၏။
"ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲစတင်ပြီ... မင်းတို့ကောင်တွေ အဆင့်အတိုင်း စိန်ခေါ်လို့ရတယ်။ ဒါမှမဟုတ် ပါရမီရှင်ဇယားပေါ်ကလူတွေ မည်သူမဆိုကို တစ်ခါတည်း စိန်ခေါ်လို့လည်းရတယ်.."
သူ၏စကားဆုံးသည်နှင့် သိုင်းတစ်ထောင်ခန်းမမှ လူငယ်တစ်ယောက် ရှေ့တက်လာခဲ့၏။ သူသည် လက်ထဲတွင် ဒီဗိုင်းကိရိယာတစ်ခုဖြစ်သည့် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
ရှေ့သို့တက်လှမ်းလိုက်သည်နှင့် ခန္ဓာကိုယ်မှ စိတ်ဝိဉာဉ်အလင်းတို့ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအနှစ်သာရတို့ဖြင့် ပေါင်းစပ်သွား၏။ နိယာမစွမ်းအားအမျှဥ်များက သူ့ဆီသို့ ဆက်တိုက်စုစည်းလာခဲ့သည်။
"...စိတ်ဝိဉာဉ်ခန္ဓာပါရမီရှင်.."
ထိုလူငယ်သည် သိသာစွာပင် သိုင်းတစ်ထောင်ခန်းမ၏ စစ်မှန်သည့် ပါရမီရှင်ဖြစ်၏။
"သူ့ရဲ့ခွန်အားက မဆိုးဘူး..."
ရွှီယန်က အပြုံးတစ်ခုဖြင့် ပြောသည်။
သိုင်းတစ်ထောင်ခန်းမ၏ပါရမီရှင် ရှေ့တက်လာသည်နှင့် ကျန်ရှိသည့် ပါရမီရှင်အားလုံးတို့မှာ လေးနက်သွားကြသည်။
သူတို့အားလုံးသည် ရွှီယန်၏ သိုင်းတစ်ထောင်ခန်းမအပေါ် စော်ကားမှုကို တွေးမိလိုက်ကြ၏။ အစက ထိုကိစ္စကြောင့် သိုင်းတစ်ထောင်ခန်းမတွင် ထူးချွန်သည့်ပါရမီရှင် မကျန်ရစ်တော့ဟု ထင်ထားခဲ့၏။
မထင်မှတ်စွာပင် ယခုမျှ စွမ်းအားကြီးမားသူတစ်ယောက် ပေါ်လာခဲ့လေသည်။ တစ်ဖက်လူ၏ ခွန်အားကို ကြည့်ရသည်မှာ သေချာပေါက် သိုင်းတစ်ထောင်အရှင်သခင်ထက် အားနည်းခြင်းမရှိပေ။
"သိုင်းတစ်ထောင်ခန်းမက ဒီတစ်ကြိမ်မှာ တကယ့်ကိုကံကောင်းတယ်.."
ဧကရာဇ်ကျိုးက အသံပြုသည်။
သူ၏ဘေးတွင် ရပ်နေသည့် ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့၏ မြို့သခင်ဖူထန်းဟိုင်ကလည်း အားကျစွာဖြင့် ခေါင်းငြိမ့်၏။
"အမှန်ပဲ... သူတို့မှာ အဓိကပါရမီရှင် ၅ယောက်တောင်ရှိတယ်... ငါတို့ ယွင်ထန်းမြို့မှာတော့ ၃ယောက်ပဲရှိတယ်.."
အပိုင်း ၆၄၄ - မင်းတို့ သိုင်းတစ်ထောင်ခန်းမကလူတွေ အကုန်အတူတူထွက်ခဲ့(၂)
"ပင်လယ်စိတ်ဝိဉာဉ်ဂိုဏ်းက တစ်ယောက်ပဲရှိတာလား.."
ဧကရာဇ်ကျိုးက အံ့သြစွာဖြင့်မေး၏။
"ဟိုင်ပေါ်အာရဲ့ သွေးမျိုးဆက်ကိုပဲ စိတ်ဝိဉာဉ်ခန္ဓာတစ်ခုနဲ့ ညီမျှတယ်လို့ ယူဆလို့ရတယ်.."
ဖူထန်းဟိုင်က ခေါင်းငြိမ့်စွာဖြင့် အတည်ပြုသည်။
"သူဘယ်သူ့ကို စိန်ခေါ်မယ်လို့ မင်းထင်လဲ.."
ဧကရာဇ်ကျိုးက အပြုံးတစ်ခုဖြင့် မေး၏။
"ရွှီယန်.."
ဖူထန်းဟိုင်က ရယ်မောရင်းက ပြော၏။
ဧကရာဇ်ကျိုးက လေးစားစွာခေါင်းငြိမ့်သည်။ စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်များအကြား ယှဉ်ပြိုင်ပွဲသည် ယခုမှသာ စတင်ခဲ့ခြင်းဖြစ်၏။ သို့ပေမယ့် သိုင်းတစ်ထောင်ခန်းမမှ အဓိကပါရမီရှင်မှာ ထွက်ပေါ်လာပြီးဖြစ်သည်။
ရှင်းလင်းစွာပင် သူသည် ရွှီယန်ကို ပစ်မှတ်ထားလောက်မှာဖြစ်၏။ ပိုမိုသိသာသည်မှာ ထိုလူသည်လည်း ဓားပညာကို ကျင့်ကြံခြင်းဖြစ်သည်။
"မင်းရောဘယ်လိုထင်လဲ... ရွှီယန် အနိုင်ရမှာလား.."
ဧကရာဇ်ကျိုးက ခဏတာစဉ်းစားမှုပြုပြီးနောက် စူးစမ်းစွာမေး၏။
"မင်းက မှားယွင်းတဲ့မေးခွန်းကို မေးနေတာပဲ.."
ဖူထန်းဟိုင်က ခေါင်းကိုရမ်းကာ ရယ်သည်။
"မင်းမေးသင့်တာက... ဒီရန်သူကို အနိုင်ယူဖို့အတွက် ရွှီယန် တိုက်ကွက်ဘယ်နှစ်ခုကို သုံးမှာလဲလို့ပဲ.."
ဧကရာဇ်ကျိုးမှာ မှင်သက်သွား၏။ ဖူထန်းဟိုင်ကို အံ့ဩစွာကြည့်ပြီး မယုံကြည်နိုင်စွာမေးသည်။
"ရွှီယန်က မင်းရဲ့မျက်လုံးထဲမှာ တကယ်ပဲ အဲ့လောက်အထိ စွမ်းအားကြီးတာလား.."
"ရွှီယန်က လောကကြီးမှာရှိတဲ့ ဓားပညာတွေအားလုံးကို ကျော်လွန်ပြီးပြီ... အဲ့ဒါက သံသယဝင်စရာမရှိဘူး.."
ဖူထန်းဟိုင်က အသာရယ်၏။ ထိုအကြောင်းကို ဆက်လက်ပြောကြားခြင်း မပြုတော့ပေ။ ရွှီယန်သည် မိုးပြာရောင်ပင်လယ်မှ ပါရမီရှင်အားလုံးတို့ကို တစ်ယောက်တည်းနှင့် တစ်ဖက်သတ်အနိုင်ယူခဲ့၏။
လီရှောင်နှင့် ဟိုင်ပေါ်အာတို့၏ ပူးပေါင်းတိုက်ခိုက်မှုပင်လျှင် သူ၏ပြိုင်ဖက် မဟုတ်ပေ။ အတိတ်နှင့်နှိုင်းယှဉ်ပါက ယနေ့၏ရွှီယန်သည် သံသယဝင်စရာမကောင်းလောက်အောင် ပိုမိုစွမ်းအားကြီးမားလာမှာ ဖြစ်၏။
ဧကရာဇ်ကျိုးနှင့် ဖူထန်းဟိုင်အပြင် အခြားစွမ်းအားကြီးကြီးပုဂ္ဂိုလ်များလည်း သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင်၏ ရွှီယန်အပေါ် ပစ်မှတ်ထားမှုကို တွေးမိလိုက်ကြသည်။
"ရွှီယန်ဘယ်မှာလဲ..."
"သူ မရောက်သေးဘူးလား.."
"မရောက်ပဲတော့နေမလား... ဒီလိုပြိုင်ပွဲကြီးကို ဘယ်လိုလုပ်ပြီးအလွတ်ခံမှာလဲ... အထူးသဖြင့် သူကလင်းနယ်မြေရဲ့ နံပါတ်တစ်ပါရမီရှင်လို့ သတ်မှတ်ထားခံရတာလေ.."
အသေအချာပင်။ လူငယ်ဓားသမားသည် စင်မြင့်ပေါ်သို့ရောက်ရှိပြီးနောက် အေးစက်သောအသံဖြင့် ကြေငြာချက်တစ်ခုလုပ်၏။
"ငါနျုံချန်ရှန်း... သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်က ရွှီယန်ကို တိုက်ခိုက်ဖို့စိန်ခေါ်တယ်.."
"ဒါက သိုင်းတစ်ထောင်ခန်းမ ဖုံးကွယ်ထားတဲ့ ပါရမီရှင်လား.."
ရွှီယန်က စိတ်ပျက်နေသည့်မျက်နှာဖြင့် ဆို၏။
"သူက အရမ်းအားနည်းလွန်းတယ်.."
ရန်သူမှာ အားနည်းနေလျှင်တောင် တစ်ဖက်လူသည် သူ့ကို တိုက်ရိုက်စိန်ခေါ်ခဲ့၏။ တုံ့ပြန်ခြင်းမရှိပါက မလေးစားရာ ကျပေလိမ့်မည်။
ရွှီယန်သည် ခြေတစ်လှမ်းဖြင့် လျှပ်တပြက်အတွင်း တိုက်ပွဲပြင်အတွင်းသို့ ရောက်ရှိသွား၏။
"မင်းကအားနည်းလွန်းတယ်... မင်းတို့ရဲ့ သိုင်းတစ်ထောင်ခန်းမကို အခြားတစ်ယောက်ကိုလွှတ်ပေးဖို့ ပြောကြည့်ပါလား... မဟုတ်ရင်လည်း... ပိုပြီးတော့အဆင်ပြေအောင်... အားလုံးတစ်ခါတည်းလာခဲ့လေ.."
ရွှီယန်က သက်ပြင်းချစွာဖြင့် သူ၏အသံသည် စိတ်ပျက်မှုတို့ဖြင့် ပြည့်နက်နေပါသည်။
လူအုပ် "..."
ထင်ထားသည့်အတိုင်းပင်။ နှစ်အနည်းငယ်ကြာပြီးနောက် ရွှီယန်သည် ပိုမိုကာပင် ရန်စတတ်လာ၏။ သူသည် သိုင်းတစ်ထောင်ခန်းမကို အလေးထားခြင်း လုံးဝမရှိပေ။
သိုင်းတစ်ထောင်ခန်းမအရှင်သခင်နှင့် တစ်ထောင်ခန်းမအရှင်သခင်နှင့် သူ့လူများ၏မျက်နှာများက ညှို့မှိုင်းသွားကြသည်။ ရွှီယန်သည် အလွန် မောက်မာလွန်းလှ၏။
"ရွှီယန်... အရမ်းမောက်မာမနေနဲ့... နောက်ဆုံးအချိန်တုန်းက ငါတံခါးပိတ်ကျင့်ကြံနေလို့... အဲ့ဒါကြောင့်မလို့ မင်းရဲ့စိန်ခေါ်မှုကို မတုံ့ပြန်နိုင်ခဲ့တာ... ဒါပေမယ့် ဒီနေ့ဒီအချိန်မှာတော့ ငါရှိနေပြီဆိုတော့ အခြေအနေက ပြောင်းလဲသွားပြီ.."
နျုံချန်ရှန်းက သူ၏ဓားကိုညွှန်လိုက်ကာ အေးစက်စွာဖြင့်ပြောသည်။
"မင်းရွှီယန်က... ဓားတာအိုရဲ့ အကောင်းဆုံးလို့ ကိုယ့်ကိုယ်ကိုယ်ယူဆထားတယ်ပေါ့... အဲ့ဒါက မင်းငါ့ကိုမတွေ့သေးလို့ပဲ... ဒီနေ့မှာ ငါမင်းကိုသိုင်းတစ်ထောင်ခန်းမရဲ့ အစစ်အမှန်ဓားတာအိုက ဘာလဲဆိုတာ ပြပေးလိမ့်မယ်.."
ရှိနေကြသည့် စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားအားလုံးတို့သည် ဝမ်းသာသွားကြ၏။
"ငါသိနေတယ်... အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်တဲ့ သိုင်းတစ်ထောင်ခန်းမက ဘယ်လိုလုပ်ပြီးတော့ ရွှီယန်ကို ရင်မဆိုင်ရဲဘဲနေမှာလဲ... သူတို့ရဲ့ အဓိကပါရမီရှင်တွေက တံခါးပိတ်ကျင့်ကြံနေလို့သာ ထွက်ခွာပြီးတော့ မတိုက်ခိုက်နိုင်တာ.."
"သိုင်းတစ်ထောင်ခန်းမရဲ့ သိုင်းသမားတွေက အံ့သြစရာကောင်းလောက်အောင် စွမ်းအားကြီးမားတယ်... အထူးသဖြင့် သူတို့ရဲ့ဓားပညာပဲ... နောက်ဆုံးတော့ ရွှီယန်ထိုက်တန်တဲ့ ရန်သူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီ... သူဆက်ပြီးတော့ မောက်မာနိုင်ဦးမလားလို့ ကြည့်တာပေါ့.."
စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားများအတွက် သိုင်းတစ်ထောင်ခန်းမသည် မြင့်မားထည်ဝါသည့် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းကြီးတစ်ခု ဖြစ်၏။
၎င်း၏စွမ်းအားမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေရာ လေလွင့်သိုင်းသမားတစ်ယောက်၏ အနိုင်ယူမှုကို ခံရခြင်းအား တွေ့မြင်ရသည့်အခါ၌ အလွန်မသက်မသာ ခံစားကြရသည်။
ယခုအချိန်၌ နျုံချန်ရှန်း၏ အားမာန်အပြည့်နှင့် အသွင်သဏ္ဍာန်ကို တွေ့ရပြီးနောက် စိတ်အခြေအနေတို့ ကောင်းမွန်လာခဲ့၏။
ကြည့်ရသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ အတောက်ပဆုံးအချိန်အခါတို့ ပြန်လည်ရောက်ရှိလာတော့မည့်ပုံရသည်။ သို့ရာတွင် ရွှီယန်က အထင်သေးစွာကြည့်ပြီး ခေါင်းကိုရမ်း၏။
"မင်းတို့သိုင်းတစ်ထောင်ခန်းမမှာ ဓားတာအိုဆိုတာ မရှိဘူး... ဓားသိုင်းပဲရှိတယ်... ငါ့ရှေ့မှာ မင်းတို့ရဲ့ဓားတာအိုဆိုတာ ပေါက်စနလေးပဲ.."
"ငါ့ကိုမယုံဘူးဆိုရင်... စောင့်ကြည့်နေလိုက်... မင်းရဲ့လက်ထဲကဓား မင်းအပိုင်ဖြစ်နေဦးမလားဆိုတာကို ကြည့်တာပေါ့.."
"မောက်မာလိုက်တာ.."
နျုံချန်ရှန်းက ဓားကိုမြှောက်ကာ ဓားချီကပျံ့လွင့်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားတို့ စုစည်းလာ၏။
မြေကြီးနှင့်ကောင်းကင်တို့ တစ်ခုတည်းဖြစ်လာသည့်နှယ်ရှိပြီး ထိတ်လန့်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု စုစည်းလာ၏။ ပြင်းထန်သည့် ဓားအလင်းက ပတ်ဝန်းကျင်ကို လင်းလက်သွားစေသည်။
"စွမ်းအားကြီးလွန်းတယ်..."
"ဒါက လူတွေပြောပြောနေကြတဲ့... သိုင်းတစ်ထောင်ခန်းမရဲ့ အဓိကပါရမီရှင် ဆိုတာလား.."
"ဒါကစိတ်ဝိဉာဉ်ခန္ဓာ ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းအားလား.."
ကြည့်ရှု့နေကြသည့် သိုင်းသမားများအကြားတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ထားသူများ သို့မဟုတ် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက်ကို သန့်စင်ထားသူများပင် ပါဝင်၏။
သူတို့အားလုံးသည် ယခုအချိန်၌ နျုံချန်ရှန်း၏ လှုပ်ရှားမှုကြောင့် အံ့သြနေကြသည်။ သိုင်းတစ်ထောင်ခန်းမရှိ အကြီးအကဲများပင်လျှင် တူညီသည့်ခံစားချက်ကို ခံစားနေရ၏။
စိတ်ဝိဉာဉ်ခန္ဓာ၏ စွမ်းအားသည် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရမှသာလျှင် အစစ်အမှန် နားလည်နိုင်သည့် အရာမျိုးဖြစ်၏။
နှစ်ဖက်စလုံးသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအငွေ့အသက်ကို သန့်စင်ကာ နိယာမစွမ်းအားကို စုစည်းလျှင်တောင် စိတ်ဝိဉာဉ်ခန္ဓာက စုစည်းနိုင်သည့် စွမ်းအားသည် ပိုမိုစွမ်းအားကြီးကာ ပိုမိုအပြစ်အနာအဆာကင်း၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို ပိုမိုလွတ်လပ်စွာ အသုံးပြုနိုင်သကဲ့သို့ရှိသည်။
"စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ တည်ရှိမှုအဓိပ္ပာယ်က စိတ်ဝိဉာဉ်ခန္ဓာ ပါရမီရှင်တွေအတွက်ပဲ... သူတို့တွေက စိတ်ဝိဉာဉ်ခန္ဓာ ပါရမီရှင်တွေကို ရှာဖွေဖို့အတွက် တည်ရှိတယ်... အဲ့ဒါကြောင့်မလို့ပဲ စိတ်ဝိဉာဉ်ဂိုဏ်းလို့ အမည်ပေးထားတာ... လေလွင့်သိုင်းသမားတွေ၊ မျိုးဆက်စုံမဟာမိတ်အဖွဲ့နဲ့ ၉၉%သော စိတ်ဝိဉာဉ်ဂိုဏ်းတွေတောင် ဒီအချက်ကို နားမလည်ကြဘူး.."
ဧကရာဇ်ကျိုးက သက်ပြင်းချသည်။ ဖူထန်းဟိုင်က ညင်သာစွာရယ်၏။ စိတ်ဝိဉာဉ်ဂိုဏ်း၏ လျှို့ဝှက်ချက်များအတွင်းတွင် အဓိကအကျဆုံး အချက်အလက်များသည် စိတ်ဝိဉာဉ်ခန္ဓာ ပါရမီရှင်များနှင့် သက်ဆိုင်နေ၏။
အရာအားလုံးတို့သည် စိတ်ဝိဉာဉ်ခန္ဓာပါရမီရှင်များကို ရှာဖွေကာ ပျိုးထောင်ရန်အတွက် ဖန်တီးထားခြင်းဖြစ်သည်။
"သိုင်းတစ်ထောင်ခန်းမရဲ့ စိတ်ဝိဉာဉ်ခန္ဓာပါရမီရှင်တိုင်း သေဆုံးသွားမယ်ဆိုရင် ဘာဖြစ်မယ်လို့ မင်းထင်လဲ.."
ဖူထန်းဟိုင်က သူ၏အတွေးကို ရုတ်တရက်ပြော၏။
"ဖြစ်နိုင်တာက သိုင်းတစ်ထောင်ခန်းမ ရူးသွပ်သွားမှာပေါ့.."
ဧကရာဇ်ကျိုးက ခဏတာစဉ်းစားပြီးနောက် ဖြေကြားသည်။
"ဒီဗိုင်းတံတားရော.. ပိုပြီးတော့ စောစောစီးစီး ပွင့်လာနိုင်လား.."
ဖူထန်းဟိုင်က ခဏတာစဉ်းစားပြီးနောက် မေး၏။
"ဒီဗိုင်းတံတားကို အသက်သွင်းဖို့တော့ မလိုအပ်လောက်ပါဘူး... မင်းလည်းသိတာပဲ... အဲ့ဒါကိုအသက်သွင်းဖို့က တိကျတဲ့အချိန်ကိုလိုအပ်တယ်... ဒါပေမယ့် ပုံရိပ်ယောင်တံခါးတစ်ခုအဖြစ် ယာယီဖွင့်လှစ်ဖို့လည်း ဖြစ်နိုင်တယ်... စိတ်ဝိဉာဉ်ခန္ဓာပါရမီရှင်တွေကို သွားလာနိုင်ဖို့ လမ်းညွှန်ပေးတာမျိုး သို့မဟုတ် စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဆင့်ခေါ်တာမျိုးပေါ့.."
"သိုင်းတစ်ထောင်ခန်းမရဲ့ စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင်သာ အသတ်ခံရရင်... သိုင်းတစ်ထောင်ခန်းမက ပုံရိပ်ယောင်တံခါးကို ဖွင့်လှစ်မယ့်ပုံရတယ်.."
ဧကရာဇ်ကျိုးက ရယ်မောရင်းက ပြော၏။
"ဒါဆိုရင်တော့ ပွဲကောင်းကြည့်ရပြီပေါ့.."
ဖူထန်းဟိုင်က အားပါးတရပြောသည်။
တိုက်ပွဲပြင်ပေါ်တွင်...
ရှိနေကြသည့် သိုင်းသမားအားလုံး၏ မျက်လုံးများသည် နေရာတစ်နေရာ၌ စူးစိုက်စွာရှိနေကြ၏။
နျုံချန်ရှန်းက သူ၏လှုပ်ရှားမှုကို ပြုလုပ်သည်နှင့် အံ့သြစရာကောင်းသည့် အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့သည်။ လျှပ်တပြက်အတွင်း ဓားစွမ်းအားတို့ ထွက်ပေါ်လာကာ ရွှီယန်ဆီသို့ ဦးတည်သွား၏။
သို့ပေမယ့် ရွှီယန်မှာ ထူးမခြားနားစွာသာ ရှိနေပါသည်။ သူ၏ဓားကို ထုတ်ခြင်းမရှိဘဲ လက်တစ်ဖက်ကို နောက်သို့ပင် ပစ်ထား၏။ ထိုနျုံချန်ရှန်း၏တိုက်ခိုက်မှုကို ဂရုမစိုက်သည့်အသွင်က အလွန် မျက်စိစူးစရာကောင်းလှသည်။
"ငါ့ရဲ့ရှေ့မှာ ဓားဆွဲထုတ်ရဲတယ်ပေါ့... မင်းလိုကောင်မျိုးက ဓားတာအိုရဲ့ တံခါးဝကိုတောင် ခြေချနိုင်ခြင်းမရှိသေးဘဲ ငါဓားနတ်ဘုရားရဲ့ရှေ့မှာလေ..."
ရွှီယန်က ရယ်မောကာ လက်တစ်ချောင်းဖြင့် ရှေ့သို့ညွှန်လိုက်၏။
"ဘုန်း.."
လူတိုင်းကို အံ့သြသွားစေသည်မှာ အစက ရွှီယန်သည် သူဆီသို့ဦးတည်လာနေသည့် ဓားစွမ်းအားသည် ရုတ်တရက် ကွဲထွက်သွားပြီး နောက်သို့ပြန်လည်ကာ နျုံချန်ရှန်းဆီသို့ ဦးတည်သွားခြင်းဖြစ်သည်။
ပိုမိုကြောက်စရာကောင်းသည်မှာ နျုံချန်ရှန်းသည် သူ၏ဓားကို ထိန်းချုပ်မှုတို့ ဆုံးရှုံးသွားခဲ့၏။ ၎င်းသည် ပြင်းထန်စွာ တုန်ခါနေပြီး မတည်မငြိမ်ဖြစ်နေကာ လက်အတွင်းမှ ချောထွက်သွားလေသည်။ ရွှီယန်၏ ဖမ်းဆုပ်မှုအတွင်းသို့ ကျရောက်သွား၏။
"ဘယ်လိုဖြစ်နိုင်မှာလဲ..."
နျုံချန်ရှန်း၏မျက်နှာက ထိတ်လန့်သွားသည်။ ဓားအလင်းသည် ပျံသန်းလာပြီး သူ၏ရှေ့၌ ရပ်တန့်သွား၏။
ရွှီယန်က သူ၏လက်ထဲရှိဓားကို အသာကြည့်သည်။ ၎င်းသည် ဒီဗိုင်းကိရိယာတစ်ခုဖြစ်ပေမယ့် သူ၏မျက်စိထဲသို့ ဝင်ခြင်းမရှိပေ။
ရွှီယန်၏ လက်ရှိသိုင်းအဆင့်နှင့် အထူးသဖြင့် ဓားပညာအပေါ် ပေါက်မြောက်အောင်မြင်မှုနှင့် ဓားတာအိုအတွင်းသို့ ခြေချထားပြီးခြင်းမရှိသည့် သို့မဟုတ် ဓားဆန္ဒကို နားလည်သဘောပေါက်ထားခြင်း မရှိသည့် နျုံချန်ရှန်းက သူ၏ရှေ့၌ ဆန့်ကျင်တိုက်ခိုက်ရန် ဓားဆွဲထုတ်ဖို့ပင် အဆင့်မှီမည်လား။
ခဏတာအတွင်းတွင် နျုံချန်ရှန်း၏ဓားက သူ၏ဓားအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုလျှို့ဝှက်ဆန်းကြယ်ကာ နက်နဲသည့် စိတ်အခြေအနေကို ဓားတာအိုအတွင်းသို့ ခြေချပြီးခြင်းမရှိသည့်လူများက နားလည်ရန် မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။
"သူကတကယ့်ကို ဓားနတ်ဘုရားဆိုတဲ့ အမည်နာမနဲ့ထိုက်တန်တယ်...ရွှီယန်ရှေ့မှာ ငါ့ရဲ့ဓားကိုတောင် ဆွဲထုတ်ဖို့အတွက် ခက်ခဲနေလိမ့်မယ်.."
ရှဲ့ထန်းဟန်က လေးစားစွာဖြင့် သက်ပြင်းချသည်။ သူသည် သန့်စင်သောဓားဆန္ဒကို နားလည်သဘောပေါက်ထားပြီး နျုံချန်ရှန်းလောက်အထိ နိမ့်ကျခြင်းမရှိပေမယ့် ရွှီယန်၏ရှေ့တွင်း ဓားကိုဆွဲထုတ်ကာ တိုက်ပွဲတစ်ခုကိုဆင်နွှဲရန် မဖြစ်နိုင်ဆဲဖြစ်သည်။
သိုင်းတစ်ထောင်ခန်းမအရှင်သခင်နှင့် အခြားလူများသည် အံ့သြသည်မျက်နှာများဖြင့် ကဗျာကယာ မတ်တပ်ထရပ်မိကြ၏။
ဘာပဲဖြစ်ဖြစ် နျုံချန်ရှန်းမှာ ဓားတာအိုအရာတွင် သိုင်းတစ်ထောင်ခန်းမ၌ နံပါတ်တစ်ဖြစ်သည်။ သူသည် စိတ်ဝိဉာဉ်ခန္ဓာ ပါရမီရှင်တစ်ဦးလည်းဖြစ်၏။ ဘယ်လိုလုပ်ပြီး ရွှီယန်၏ပြိုင်ဖက် မဟုတ်ရသနည်း။
"မဟုတ်ဘူး... ရွှီယန်ရဲ့ဓားတာအိုက အရမ်းအရမ်းကိုထူးဆန်းနေတယ်... ဓားပညာကိုကျင့်ကြံတဲ့ သိုင်းသမားအားလုံး သူ့ကိုအနိုင်ယူဖို့အတွက် အရမ်းခက်ခဲမှာ.."
သိုင်းတစ်ထောင်ခန်းမအရှင်သခင်က နက်ရှိုင်းသည့်အသံဖြင့်ပြော၏။ ဒီအချိန်၌ သူသည် အလိုမရှိလျှင်တောင် ဝန်ခံရပေလိမ့်မည်။
ဓားတာအိုကျင့်ကြံသည့် သိုင်းသမားများအားလုံးအကြားတွင် ရွှီယန်သည် အထက်တန်းအကျဆုံးအလွှာ၌ ရှိနေ၏။
ရွှီယန်သည် ဆက်လက်တိုက်ခိုက်မှုမပြုပါ။ သူ၏အကြည့်က သိုင်းတစ်ထောင်ခန်းမဆီသို့ ကျရောက်သွားပြီး နျုံချန်ရှန်း၏ဓားကို ပြန်ပေးလိုက်၏။
ဤသည်မှာ ဒီဗိုင်းကိရိယာတစ်ခုဖြစ်ပေမယ့် သူ့အတွက် သဘောကျစရာကောင်းလောက်အောင် အဆင့်မရှိပေ။
"သိုင်းတစ်ထောင်ခန်းမ... မင်းတို့ကောင်တွေ အမြဲတမ်း ငါ့ကိုနင်းချလိုကြတယ်... အရင်ကဆုံးရှုံးထားတဲ့ မျက်နှာပန်းအချို့ကို ပြန်လိုချင်နေခဲ့တယ်... အဲ့ဒါကြောင့်မို့လို့ ဒီနေ့မှာငါရွှီယန် မင်းတို့ကိုအခွင့်အရေးတစ်ခုပေးမယ်.."
"မင်းတို့သိုင်းတစ်ထောင်ခန်းမက လူတွေအားလုံး အတူတူတက်ခဲ့ကြ... ပါရမီရှင်လူငယ်တွေကိုချည်းပဲ မဆိုလိုဘူးနော်.."
သူ၏ ပေါ့ပါးလှသည့်လေသံက အမောက်မာဆုံးသော စိန်ခေါ်မှုတစ်ခုကို ပြောဆိုလာခဲ့၏။ ရှိနေကြသည့် သိုင်းသမားများအားလုံးသည် ကြည့်ရှု့နေရင်းက ဆွံ့အနေကြ၏။
ရွှီယန်၏ မောက်မာမှုအကြောင်းများကို ကောလဟာလများအဖြစ် ကြားသိပြီးဖြစ်သည်။ သို့ပေမယ့် ကောလဟာလများကို ကြားရခြင်းနှင့် မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ရခြင်းမှာ လုံးဝခြားနားသည့် အရာဖြစ်၏။
သူသည် သိုင်းတစ်ထောင်ခန်းမတစ်ခုလုံးကို စိန်ခေါ်နေသည်လား။ လူငယ်ပါရမီရှင်များကို ကန့်သတ်ထားခြင်းမရှိဟု ဆိုလိုသည်မှာ သိုင်းတစ်ထောင်ခန်းမရှိ လူတိုင်းကို အတူတူဝင်ရောက်တိုက်ခိုက်ဖို့ ပြောနေသည်ပင်။ သူ့တွင် မည်သည့်နေရာမှ ယုံကြည်ချက်တို့ ရရှိလာခဲ့သနည်း။
"ဝူ့စ်.."
မျက်လုံးအားလုံးတို့သည် သိုင်းတစ်ထောင်ခန်းမအပေါ်သို့ ကျရောက်သွား၏။ လူတိုင်းသည် သိုင်းတစ်ထောင်ခန်းမ၏ ဆုံးဖြတ်ချက်ကို စောင့်စားနေကြသည်။
သူတို့သည် ရွှီယန်ကို အားလုံးပူးပေါင်းကာ တိုက်ခိုက်ကြမည်လား။ သို့မဟုတ် ပိုမိုစွမ်းအားကြီးမားသည့် ပါရမီရှင်တစ်ယောက်ကို စေလွှတ်ကြမည်လား။
သိသာစွာပင် နျုံချန်ရှန်းမှာ လုံလောက်ခြင်းမရှိပေ။ သူသည် ရန်သူကို တိုက်ကွက်တစ်ခုပင် ခံနိုင်ခြင်းမရှိပါ။ ကြည့်ရသည်မှာ ကြီးမားသည့် အရှိန်အဝါဟူသည်မှာ အပေါ်ယံဆန်သည့် ဟန်ပြမှုထက်မပိုပေ။
သိုင်းတစ်ထောင်ခန်းမအရှင်သခင်နှင့် တစ်ထောင်ခန်းမအရှင်သခင်နှင့် သူ၏လူများ၏မျက်နှာများက အလွန်မဲမှောင်သွားကြသည်။ မျက်လုံးများ၌ လူသတ်ချင်စိတ်တို့ တစ်လိပ်လိပ်ပေါ်လာခဲ့၏။
အပိုင်း ၆၄၅ - ရေခဲဒေသရှိ နှင်းများပျော်ဝင်မှု၊ လင်းနယ်မြေ၏ ကပ်ဘေး
"ဟူပူပိုင်... အခုတိုက်ခိုက်တော့.."
သိုင်းတစ်ထောင်ခန်းမအရှင်သခင်က အသက်ကိုနက်ရှိုင်းစွာရှူပြီး မဲမှောင်သောမျက်နှာဖြင့် ဘေးတွင်ရပ်နေသည့် သပ်ရပ်ခြင်းမရှိသည့် မုတ်ဆိတ်မွှေးများနှင့် လူငယ်ကို ပြောလိုက်သည်။
"ကောင်းပြီ.."
ဟူပူပိုင်က ခေါင်းငြိမ့်၏။
"နျုံချန်ရှန်း... ပြန်လာခဲ့.."
သိုင်းတစ်ထောင်အရှင်သခင်က တစ်ထောင်အရှင်သခင်က သူ၏လူကို ပြန်ခေါ်လိုက်သည်။
ရွှီယန်မှာ အပြုံးဖြင့်သာရှိနေ၏။ သူသည် နျုံချန်ရှန်းကို သတ်ဖြတ်ခြင်းမရှိဘဲ နောက်သို့ဆုတ်ခွာခွင့်ပြုလိုက်သည်။ ဓားအလွှာများကို တစ်ခါတည်း ဖျက်သိမ်းလိုက်၏။
ဟူပူပိုင်က လှံရှည်ကို လက်ထဲတွင်ကိုင်စွဲရင်းက တိုက်ပွဲပြင်သို့ ဝင်ရောက်ရန်ပြုသည်။ သိုင်းတစ်ထောင်ခန်းမအရှင်သခင်က ခဏတာတုံ့ဆိုင်းနေပြီးနောက် ညွှန်ကြားချက်ပေး၏။
"ဟူပူပိုင်... အနိုင်ရဖို့ပဲတိုက်ခိုက်... သေခြင်းရှင်ခြင်းတိုက်ပွဲကို မတိုက်နဲ့.."
သူသည် ရုတ်တရက် ယုံကြည်ချက်တို့ ဆက်လက်မရှိနိုင်တော့ပေ။ ဟူပူပိုင်သာ သတ်ဖြတ်ခံရပါက အကျိုးဆက်မှာ အလွန်ဆိုးရွားလှမှာ ဖြစ်သည်။ သူ့အနေနှင့် မည်ကဲ့သို့ ရှင်းပြရမည်လဲမသိပေ။
စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်တစ်ယောက်ချင်းစီတိုင်းသည် အလွန်အဖိုးတန်လှ၏။
ဟူပူပိုင်က ရပ်တန့်သွားသည်။ သူ၏လှံရှည်ကို မြေပြင်ပေါ်တွင် ဆွဲသွားရင်းက ရှေ့သို့လျှောက်လှမ်း၏။
"အနိုင်အရှုံးပဲဖြစ်ဖြစ် သေခြင်းရှင်ခြင်းပဲဖြစ်ဖြစ်... ကျွန်တော်ကတော့ အစွမ်းကုန်တိုက်ခိုက်မယ်.."
သူက ကြေငြာချက်ထုတ်၏။
ဟူပူပိုင်သည် ရှေ့သို့ခြေလှမ်းလိုက်သည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမမစွမ်းအားတို့ စုစည်းလာပြီး လှံရှည်တစ်ခုသဖွယ် ဖြစ်တည်လာကာ မြေပြင်ပေါ်တွင်ဆွဲလာနေသည့် ဟူပူပိုင်၏လှံနှင့် ပေါင်းစပ်သွားသည်။
"ဒီကောင်လေးက... အရမ်းသန်မာတယ်.."
ဧကရာဇ်ကျိုးက မှတ်ချက်ပေး၏။
"သိုင်းတစ်ထောင်ခန်းမမှာ ဒီလိုပါရမီရှင်မျိုး ရှိနေမယ်လို့ ထင်မထားခဲ့ဘူး... သူကနောက်တစ်ဆင့်နဲ့ အလှမ်းမဝေးတော့ဘူး.."
ဖူထန်းဟိုင်က သက်ပြင်းချသည်။
ထိုက်မြှောင်ဂိုဏ်း၏ အဖွဲ့တွင်...
သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့၏ မျက်နှာများက လေးနက်သွားကြ၏။
တိုက်ပွဲပြင်ပေါ်သို့ စိုးရိမ်စွာ ကြည့်နေကြသည်။ ဘေးရှိ ရှင်းမုန့်ရုံဆီသို့လည်း လှည့်လှည့်ကြည့်နေကြ၏။
"ဘိုးဘေးအဘွား... အဲ့ဒါကဟူပူပိုင်မလား... သူဘယ်လောက်သန်မာလဲ.."
နောက်ဆုံးတွင် ယွင်မြှောင်မြှောင်က မနေနိုင်ဘဲ မေး၏။
"သူကမဆိုးဘူး...နောက်တစ်ဆင့်နဲ့ အလှမ်းမဝေးတော့ဘူး.."
ရှင်းမုန့်ရုံက ဖြေကြားသည်။
"ဘိုးဘေးအဘွား... နောက်တစ်ဆင့်ဆိုတာ ဘာကိုပြောတာလဲ.."
သုယွီယင်းက သိလိုစွာဖြင့် မေး၏။
ရှင်းမုန့်ရုံက ခဏတာတိတ်ဆိတ်သွားပြီးနောက် အပြုံးတစ်ခုဖြင့် ပြောသည်။
"အဲ့ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းကို သန့်စင်ထည့်တာပဲ... သိပ့်သည်းစေခြင်းအဆင့်လို့ ခေါ်တယ်... ဒါကကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမစွမ်းအားကို စုစည်းရုံပဲမဟုတ်ဘူး အဲ့ဒါကို ခန္ဓာကိုယ်ထဲမှာ သိပ်သည်းစေခြင်းပဲ... နှစ်ခုက လောကနှစ်ခုလို ကွာခြားတယ်.."
"လူတစ်ယောက်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို သိပ်သည်းစေနိုင်တယ်ဆိုရင် ဆိုလိုတာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမစွမ်းအားကို ပိုင်ဆိုင်နိုင်ပြီလို့ပဲ.."
"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအဆင့်ရဲ့အထက်မှာ နိယာမသိပ်သည်းစေခြင်း ကောင်းကင်အရှင်ဆိုတာ ရှိတယ်.."
သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့မှာ အံ့သြသွားကြ၏။ ယခုအချိန်မှသာ သူမတို့သည် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်၏ အထက်ရှိအဆင့်ကို နားလည်မှု ရလာကြသည်။
ခန္ဓာကိုယ်အတွင်းသို့ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားအား သိပ်သည်းလာစေခြင်းမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို ပိုင်ဆိုင်လာသည်ဟုဆိုလို၏။
"ဘိုးဘေးအဘွား... ရှင်ရော နိယာမသိပ်သည်းစေခြင်း ကောင်းကင်အရှင်တစ်ယောက်များလား.."
သုယွီယင်းက သိလိုစွာမေး၏။
"အဲ့အဆင့်ကို မရောက်သေးဘူး..."
ရှင်းမုန့်ရုံက ဖြေကြား၏။ သူမ၏အကြည့်က ချန်ချင်းစံအိမ်အပေါ်သို့ ကျရောက်သွားပြီး ရေရွတ်သည်။
ထိုစီနီယာက သူမကိုပေးလိုက်သည့် နိယာမဆေးလုံးသည် ခန္ဓာကိုယ်အတွင်းတွင် သန့်စင်ထားသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ကို တစ်ဝက်တစ်ပြက် သိပ်သည်းလာစေခဲ့၏။
ထိုအဆင့်သည် စိတ်ဝိဉာဉ်နယ်မြေ၌ စိတ်ကူးကြည့်ရန်မရနိုင်သည့် အဆင့်ဖြစ်သည်။ ယခုအချိန်၌ သူမသည် စိတ်ဝိဉာဉ်နယ်မြေ၏ အကန့်အသတ်ကို ကျော်လွန်ခဲ့ပြီးဖြစ်၏။
စိတ်ဝိဉာဉ်နယ်မြေ တစ်ခုလုံးတွင် နောက်ထပ်တစ်ယောက်ဟူ၍ ဝူထန်းနန်သာလျှင် ထိုအဆင့်အထိ ရောက်ရှိနိုင်ပါသည်။
ထို့အပြင် ဝူထန်းနန်၏ ထိုကဲ့သို့ အဆင်မြင့်တက်နိုင်ခဲ့ခြင်းမှာလည်း ထိုစီနီယာ၏ ညွှန်ကြားပေးမှုကြောင့်ဖြစ်၏။
"ရွှီယန်... မင်းက စွမ်းအားကြီးပါတယ်... ဒါပေမယ့် ငါဟူပူပိုင်... ဘဝတစ်သက်လုံး ဘယ်တုန်းကမှ အရှုံးမရှိခဲ့ဘူး... မင်းလည်းငါ့ကို အနိုင်ယူနိုင်မယ်လို့ ငါမယုံဘူး.."
ဟူပူပိုင်က လေးနက်စွာဖြင့်ပြော၏။
"ဒီနေ့မှာ... မင်းရဲ့ဟူပူပိုင်(အရှုံးမရှိခြင်း)ဆိုတဲ့နာမည်ကို ဟူရီပိုင်(တစ်ကြိမ်ရှုံး)လို့ပြောင်းရလိမ့်မယ်.."
ရွှီယန်က ရယ်၏။
ဟူပူပိုင်မှာ သန်မာပါသည်။ သူရင်ဆိုင်ဖူးသမျှထဲတွင် ရှင်းမုန့်ရုံနှင့် ဝူထန်းနန်တို့ကို ဖယ်ထုတ်လိုက်ပါက အသန်မာဆုံးဖြစ်၏။
"အဲ့ဒါက မင်းရဲ့ စွမ်းရည်ပေါ်မှာ မူတည်နေတယ်.."
ဟူပူပိုင်က သူ၏လှံကို လှုပ်ရမ်းလိုက်ကာ လျှပ်တပြက်တိုက်ခိုက်သည်။ ရွှီယန်က ဓားချက်ကို ထုတ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းတွင် ဟူပူပိုင်အား ဒဏ်ရာများစွာတို့ လွှမ်းခြုံသွားစေသည်။
"မင်းရှုံးသွားပြီ.."
ရွှီယန်က ဓားကို ပြန်သိမ်းလိုက်သည်။ သူ၏အကြည့်က သိုင်းတစ်ထောင်ခန်းမအပေါ်သို့ ကျရောက်သွားပြီးနောက် လူအုပ်ဆီသို့ ဆက်လက်ရွေ့လျားသွား၏။
အားလုံး တိတ်ဆိတ်လွန်းလှသည်။ ဟူပူပိုင်ကို အလွန်လျှင်မြန်စွာနှင့် တစ်ဖက်သတ်ဆန်စွာ ရှုံးနိမ့်လိမ့်မည်ဟု မည်သူမှထင်မထားခဲ့ပေ။
ဟူပူပိုင်ကိုယ်တိုင်ပင်လျှင် မယုံကြည်နိုင်စွာရှိနေ၏။ သူသည် ရှုံးနိမ့်မှာသေချာလျှင်တောင် ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲကို ဆင်နွှဲခဲ့ရမည်ဟု တွေးထင်ထားခဲ့၏။
သို့ပေမယ့် လှုပ်ရှားမှုပြုလိုက်သည်နှင့် ဓားအလင်းများ၏ဝန်းရံမှုကို ခံရကြောင်းအား တွေ့မြင်လိုက်ရကာ လျှပ်တပြက်အတွင်း ရှုံးနိမ့်ခဲ့လေသည်။
"အစ်ကိုကြီးက အရမ်းစွမ်းအားကြီးတယ်.."
စုလင်းရှုံက အသံပြု၏။
ရွှေကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ကြောင်နီက စွမ်းအားကြီးမားသည့် နတ်ဆိုးအကြီးအကဲများကို ကြည့်ကာပြောသည်။
"မင်းတို့မြင်လား... အဲ့ဒါက ငါတို့နတ်ဆိုးမျိုးနွယ် အထွတ်အထိပ်တစ်ပါးရဲ့ စွမ်းအားပဲ.."
နတ်ဆိုးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ် အုပ်စုအားလုံး၏ မျက်နှာများက ထူးဆန်းသွားကြသည်။ သူတို့နတ်ဆိုးမျိုးနွယ် အထွတ်အထိပ်ပုဂ္ဂိုလ်သည်... အမှန်တကယ်ကို လူသားတစ်ယောက်ဖြစ်သည်လား။
"အထွတ်အထိပ်ပုဂ္ဂိုလ် အသက်ရှည်ပါစေ..."
"ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ အထွတ်အထိပ်တစ်ပါး ပီသလှတယ်.."
ကိစ္စမရှိပေ... နတ်ဆိုးဘုရင်က အထွတ်အထိပ်တစ်ပါးဟု သတ်မှတ်ထားရာ မှန်ကန်မှုရှိပါသည်။ နတ်ဆိုးဘုရင်သည် အမြဲတမ်းအမှန်တရား ဖြစ်၏။
ယခုအချိန်၌ နတ်ဆိုးမျိုးနွယ်ဝင်အားလုံးတို့သည် ဂုဏ်ယူစွာရှိနေကြပြီး မနှိုင်းယှဉ်ထားသည့် ကြီးမြတ်မှုကို ခံစားကြရ၏။
လီရွှမ်မှာ ထိုကိစ္စကြောင့် အံ့သြခြင်းမရှိပေ။ ရွှီယန်သည် လင်းနယ်မြေတစ်ခုလုံး၌ ပြိုင်ဖက်ကင်း၏။ ဝူထန်းနန် သို့မဟုတ် ရှင်းမုန့်ရုံလည်းပဲ သူ၏ပြိုင်ဖက် မဟုတ်ပေ။
သူသည် မူလဒီဗိုင်းအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးဖြစ်၏။ ထို့အပြင် နက်နဲသည့် အခြေခံကို စုဆောင်းထားသည်။
ပြီးပြည့်စုံသော အခြေခံကိုရရှိရန်အတွက် အနည်းငယ်သာလိုတော့ပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ချိုးဖျက်နိုင်မှာ ဖြစ်၏။
"ငါရွှီယန်က... စိတ်ဝိဉာဉ်နယ်မြေရဲ့ ပါရမီရှင်တွေအားလုံးရဲ့ အထက်မှာနေထိုင်တယ်... မင်းတို့ပါရမီရှင်တွေအားလုံး အတူတူတက်ခဲ့ကြ.."
ရွှီယန်က စိတ်ဝိဉာဉ်နယ်မြေရှိ ပါရမီရှင်များကိုကြည့်ကာ ဂုဏ်ယူစွာဖြင့် ကြေငြာမောင်းခတ်၏။ သူသည် မောက်မာလွန်းလှပေမယ့် ဒီအချိန်၌ မည်သည့်ပါရမီရှင်မှ ရှေ့သို့တက်ခြင်းမရှိသလို သူတို့အချင်းချင်းလည်း ဆူညံပွတ်လောရိုက်သွားခြင်း မရှိကြပေ။
အဘယ်ကြောင့်ဆိုသော် ရွှီယန်သည် ထိုကဲ့သို့သောစကားမျိုးကို ပြောရန်အတွက် အစွမ်းကို ပြသခဲ့ပြီးဖြစ်၏။
မည်သူမှ စိန်ခေါ်မှုမပြုပုံကို တွေ့ရပြီးနောက် သူသည် ချက်ချင်းပင် ပျင်းရိစွာ ခံစားလိုက်ရသည်။ စိတ်ဝိဉာဉ်နယ်မြေရှိ ပါရမီရှင်အားလုံးတို့သည် ငကြောက်များဖြစ်ကြ၏။
"ရွှီယန်... ပါရမီရှင်တွေအကြား ယှဥ်ပြိုင်ပွဲရဲ့ အဆင့်ပြဇယားမှာ မင်းနံပါတ်တစ်ချိတ်တယ်... ဆက်ပြီးတော့ ယှဉ်ပြိုင်စရာမလိုတော့ဘူး... အဲ့ဒါကို ကျေနပ်မှုမရှိတဲ့လူ သူ့ကိုစိန်ခေါ်လို့ရတယ်.."
ဧကရာဇ်ကျိုးက ပြုံးသည်။ မည်သူမှ ငြင်းဆန်ရဲခြင်းမရှိပေ။
ရွှီယန်သည် တိုက်ပွဲပြင်မှ ထွက်ခွာသွားပြီး သိုင်းတစ်ထောင်ခန်းမကိုကြည့်၏။ အနည်းငယ် ပျင်းရိစွာ ခံစားလိုက်ရသည်။ ယခုအချိန်၌ သူ့တွင် သိုင်းတစ်ထောင်ခန်းမကို ဖိနှိပ့်ရန်အတွက် ခွန်အားတို့ ပိုင်ဆိုင်ထားပြီးဖြစ်ပေမယ့် မလိုအပ်တော့ဟု ခံစားရ၏။ သူသည် စိတ်ဝိဉာဉ်နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်သည်။
ယခုအချိန်၌ သိုင်းတစ်ထောင်ခန်းမရှိ သိုင်းတစ်ထောင်အရှင်သခင်အပါအဝင် လူများအားလုံးတို့သည် အကူအညီမဲ့စွာနှင့် ဆန္ဒမရှိစွာ ဖြစ်နေကြ၏။
သို့ပေမယ့် ဟူပူပိုင်ပင်လျှင် ရှုံးနိမ့်ခဲ့လေသည်။ ရွှီယန်အနေနှင့် သူတို့ကို လာရောက်သတ်ဖြတ်ခြင်း မပြုသည်ကိုပင် စိတ်သက်သာရာရစွာ ခံစားကြရ၏။
"ရွှီယန် သူ့ကိုမသတ်လိုက်တာ... တော်တော်လေးထူးဆန်းတယ်.."
ဖူထန်းဟိုင်က နောင်တရစွာဖြင့်ပြော၏။