အခန်း (၆၃၁-၆၃၃)
Vol. 43 Ch. 631-633
အပိုင်း ၆၃၁ - လူတစ်ယောက်က လူတစ်စုကို လုယက်ခြင်း
ရွှီယန်သည် မိုးပြာရောင်ပင်လယ် အတွင်းသို့ ခြေချသည်နှင့် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုနှင့် ကျယ်ပြောမှုတို့ကို ခံစားလိုက်ရသည်။
သူ၏အကြည့်က အဆုံးမသတ်နိုင်သည့် သမုဒ္ဒရာကို ဖြတ်သန်းသွားပြီး သူ့ကိုယ်သူ ကျယ်ပြောသည့်လောကရှိ သေးငယ်သည့် ပဲစေ့တစ်စေ့နှယ် ခံစားလိုက်ရသည်။
ယွင်ထန်း မိုးပြာရောင်ပင်လယ်မြို့သည် ယွင်ထန်းပင်လယ်ဒေသတွင် တည်ရှိပြီး မြူဒေသ၏ကမ်းနှင့် အလွန်ဝေးကွာသည်။
ဟိုင်ကျိုးသို့လွတ်မြောက်ခြင်း သင်္ဘောသည် ကောင်းကင်၌ ပျံသန်းခြင်းမရှိပါ။ အဲ့ဒီ့အစား ပင်လယ်ပေါ်သို့ သက်ဆင်းကာ ရေလွှာတစ်လျှောက် ထွက်ခွာသွား၏။
သူသည် မိုးပြာရောင်ပင်လယ်ဆီသို့ ရောက်ရှိနေရာ အဘယ်ကြောင့် လေထဲ၌ပျံသန်းရန် လိုအပ်တော့မည်နည်း။ ဤသည်မှာ ဒီခရီးစဉ်ကို ဖြုန်းတီးရာ မကျပေဘူးလား။
ရက်အနည်းငယ် သွားလာပြီးနောက် ရွှီယန်သည် ရုတ်တရက် စိတ်ဝင်စားစွာဖြင့် ငါမျှားတံတစ်ချောင်းကို ထုတ်ယူလိုက်သည်။
'ဆရာ ချန်းလန်ကျွန်းပေါ်မှာတုန်းက... ချန်းမြစ်ပေါ်မှာ အမြဲ ငါးမျှားလေ့ရှိခဲ့တယ်... ကြည့်ရတာ အဲ့ဒါမှာ ပိုပြီးနက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ရှိနေမယ်ထင်တယ်။ သဘာဝကို ခံစားတဲ့ နည်းလမ်းများလား..'
'ဒါမှမဟုတ်... စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုတစ်ခုလား..'
'ဆရာက သူ့ရဲ့ အပြုအမူတွေကနေ တစ်ခုခုကို ပြောပြနေတယ်လို့ ငါခံစားရတယ်... အဲ့ဒီ့ ငါးမျှားမှုဆိုတာ ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်မှု၊ စိတ်အစဉ်ကိုကြည်လင်စေမှုနဲ့ စိတ်ဝိဉာဉ်ကို ကျင့်ကြံမှု နည်းလမ်းတစ်ခု ဖြစ်လိမ့်မယ်..'
ရွှီယန်သည် စဉ်းစားလေလေ သူ၏အမြင်မှာ ပိုမိုသေချာသည်ဟု ခံစားရလေရှိ၏။ လက်ထဲရှိ ငါးမျှားတံကို ကြည့်ကာ တစ်နေ့တွင် ဆရာ၏ ခြေလှမ်းနောက်သို့လိုက်ကာ ငါးမျှားကြည့်ရန်အတွက် ဖန်းဟောင်ကို ထုလုပ်ခိုင်းခဲ့တာ မှန်ကန်ကြောင်းကို နားလည်လိုက်သည်။ မည်သည့် အကျိုးကျေးဇူးများ ရရှိလာမည်နည်းဟု မျှော်လင့်နေမိ၏။
'ငါ ဘယ်ငါးစာကို အသုံးပြုရင်ကောင်းမလဲ..'
ရွှီယန်သည် ကိုယ့်ကိုယ်ကိုယ်ရေရွတ်ပြီးနောက် ဒန်ဆေးလုံးတစ်လုံးကို ငါးမျှားချိတ်၌ ချိတ်လိုက်သည်။
ငါးမျှားကြိုးနှင့်ချိတ်တို့ နှစ်ခုလုံးကို ဖန်းဟောင်က ပြုလုပ်ထားခြင်း ဖြစ်၏။ အားလုံးတို့သည် စိတ်ဝိဉာဉ်ကိရိယာများ ဖြစ်ကြသည်။
ချိတ်မိသည်နှင့် လွတ်မြောက်နိုင်ခြင်း မရှိပေ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည့် ပင်လယ်သတ္တဝါတစ်ကောင် ချိတ်မိပင်လျှင် ရုန်းထွက်နိုင်မည် မဟုတ်ဟု ပြောရင်တောင် လွန်ကျူးမည် မဟုတ်ပါ။
ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်သည် သံသယဝင်စရာ မကောင်းလောက်အောင် မိုးပြာရောင်ပင်လယ်ကို အုပ်စိုး၏။
သို့ပေမယ့် သူတို့အပြင် အခြားပင်လယ်သတ္တဝါများစွာတို့လည်း ရှိနေပါသေးသည်။ ချိုင်လင်းအာ၏စကားအရ မိုးပြာရောင်ပင်လယ်ရှိ ပင်လယ်သတ္တဝါအချို့သည်အရွယ်ရောက်သည်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည့်ခွန်အားကို ပိုင်ဆိုင်နိုင်ကြ၏။
သူတို့တွင် သိုင်းပညာကျင့်စဉ်တို့ မရှိဘဲ အကြမ်းထည်ခွန်အားကိုသာ မှီခိုနိုင်ပါသည်။ ထို့အပြင် အသိဉာဏ်လည်း ဖွံ့ဖြိုးမှုမရှိရာ သူတို့၏ ကြီးမားသည့်ခွန်အားကို အသုံးချနိုင်စွမ်း အနည်းငယ်သာ ရှိသည်။
သို့ပေမယ့် သာမန်စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပင်လျှင် ထိုသို့ဆိုလျှင်တောင် ပင်လယ်သတ္တဝါသားရဲများကို အမဲလိုက်ရန် ခက်ခဲလှပါသည်။
ပင်လယ်သတ္တဝါများတွင် အသိဉာဏ်နည်းပါးတာ ဖြစ်လိမ့်မည်။ သို့ပေမယ့် သူတို့၏ မသိစိတ်ဖြင့် အန္တရာယ်ကို ရှောင်ကွင်းကာ ပင်လယ်အတွင်းသို့ ငုပ်လျှိုးသွားတတ်၏။
လူသားသိုင်းသမားတစ်ယောက် ပင်လယ်ပြင်သို့ ရောက်ရှိလာသည်နှင့် ကြီးမားသောခွန်အားအား ပိုင်ဆိုင်ထားခြင်း မရှိလျှင် သူတို့သည် ထိုကဲ့သို့သော စွမ်းအားကြီးမားသည့် ပင်လယ်သတ္တဝါမျိုးကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ပင်လယ်သတ္တဝါများကို ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်များသာ အထူး အမဲလိုက်ကြ၏။
၎င်းတို့သည် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်များ၏ ယွင်ထန်း မိုးပြာရောင်းပင်လယ်မြို့ရှိ လူသားသိုင်းသမားများနှင့် လဲလှယ်သည့် အဓိကကုန်ကြမ်းများလည်းဖြစ်သည်။
ဟိုင်ကျိုးသင်္ဘောသည် မိုးပြာရောင်ပင်လယ်တစ်လျှောက် ခြေဆန့်လာပြီး မြူဒေသ၏ ကမ်းမှ ဝေးကွာလာခဲ့၏။ ထိုအခါမှသာ ရွှီယန်သည် ငါးတစ်ကောင်ကို တွေ့ရလေသည်။
သူသည် ချိတ်ကိုနှိမ့်လိုက်သည်နှင့် ငါအချို့ ချဥ်းကပ်လာကြောင်းကို သတိထားမိလိုက်သည်။ ချိတ်နား၌ ရစ်ဝဲနေ၏။
သို့ပေမယ့် ရွှီယန်က ချက်ချင်းပင် ဒီဗိုင်းစွမ်းအားကို အသုံးပြုပြီး ကြိုးကိုလှုပ်ခါလိုက်ကာ ငါးများကို ပင်လယ်အတွင်းသို့ လွင့်ပျံထွက်သွားစေသည်။
'ငါဒီကို ငါးကြီးလာဖမ်းတာ... အကောင်သေးတွေ စိတ်မဝင်စားဘူး..'
သူက ကိုယ့်ကိုယ်ကို ရေရွတ်၏။
သင်္ဘောသည် ယွင်ထန်းပင်လယ်ဒေသဆီသို့ ဆက်လက်ရွေ့လျားသွား၏။ နှစ်ရက်တာ ငါးမျှားပြီးသည့်တိုင်အောင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှင့် နှိုင်းယှဉ်နိုင်သည့် မည်သည့် ပင်လယ်သတ္တဝါတစ်ကောင်ကိုမှ ကြုံတွေ့ရခြင်းမရှိရာ ရွှီယန်သည် အနည်းငယ် အံ့သြသွားခဲ့၏။
ရုတ်တရက် စဉ်းစားသည်။
'ငါ့ရဲ့ စိတ်အခြေအနေက မှားယွင်းနေပြီ... ငါက ငါးမျှားနေတယ် ဆိုကတည်းက ဘာလို့ငါးရဲ့အရွယ်အစားကို ဂရုစိုက်နေရမှာလဲ... အဲ့ဒါက ငါးမျှားခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်မနေဘူးလား..'
ထိုကဲ့သို့ တွေးမိသည်နှင့် ငါးမျှားချိတ်က မည်သည်ကို ဆွဲဆောင်ခေါ်ဆောင်နေကြောင်းအား အာရုံမထားတော့ပေ။
ခဏတာအတွင်း သူသည် သုံးပေရှည်လျားသည့် ငါတစ်ကောင်ကို ဖမ်းမိခဲ့၏။ ငါးစာကိုလဲပြီးနောက် ဆက်လက်မျှားသည်။
အရွယ်အစားမျိုးစုံရှိသည့် ငါးအနည်းငယ်ကို ဖမ်းမိပြီးနောက် ဒီတစ်ကြိမ်တွင် ရွှီယန်သည် သူ၏ ငါးမျှားတံကို ဝေးကွာသည့် သမုဒ္ဒရာအတွင်းသို့ ပစ်လိုက်၏။
ပြီးနောက် ငါးစာကို ဒီဗိုင်းစွမ်းအင်ဖြင့် ချိတ်ပိတ်ကာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်အောက်ရှိ မည်သည့်သတ္တဝါမှ လာရောက်ချဥ်းကပ်မည်ကို ကာကွယ်ထား၏။
သင်္ဘောပေါ်တွင် ထိုင်ရင်းက ရွှီယန်သည် သူ၏ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ပြီး သိုင်းပညာကို ကျင့်ကြံသည်။ သင်္ဘောသည် သတ်မှတ်ထားသည့် လားရာအတိုင်း ရွေ့လျားနေပြီး ငါးမျှားတံကို ချထားကာ စိတ်ရှိသလို ငါးမျှားခဲ့သည်။
တစ်ရက်ကြာပြီးနောက် ကျင့်ကြံနေစဉ် အတွင်း၌ ရွှီယန်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့၏။ သူ၏ငါးမျှားတံက လှုပ်ခါနေပြီး ၎င်းမှ ကြီးမားသည့်အားတစ်ခု တိုးဝင်လာနေသည်။ ငါးမိနေပြီ ဖြစ်၏။
ရွှီယန်တစ်ယောက် ဝမ်းသာသွားသည်။ သင်္ဘော၏အရှေ့တွင် လှိုင်းများ မြင့်တက်လာခဲ့ပြီး ကြီးမားသည့် မီးခိုးရောင်ပင်လယ်သတ္တဝါက ပြင်းထန်စွာ ရုန်းကန်သည်။ သို့ပေမယ့် ငါးမျှားချိတ်မှ လွတ်မြောက်နိုင်စွမ်းမရှိ ဖြစ်နေ၏။
'ဒီပင်လယ်သတ္တဝါရဲ့ ခွန်အားက နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနဲ့ နှိုင်းယှဉ်နိုင်တယ်..'
ရွှီယန်က စဉ်းစားသည်။ ရုန်းကန်နေသည့် ပင်လယ်သတ္တဝါသည် ခေါင်းလှည့်ကာ သင်္ဘောဆီသို့ ဦးတည်လာခဲ့၏။
ရွှီယန်က အသာပြုံးပြီး လက်ကိုမြှောက်ကာ အားတစ်ခုကို ဖိချပြီး ဝင်ရောက်လာနေသည့် သတ္တဝါကို ဖိနှိပ့်သည်။
ပင်လယ်သတ္တဝါ ရုန်းကန်မှုတို့ ရပ်တန့်သွားပြီးမှသာလျှင် အားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ အကြိမ်အနည်းငယ် ထိုကဲ့သို့ လုပ်ဆောင်ပြီးနောက် ပင်လယ်သတ္တဝါသည် အန္တရာယ်ကို နားလည်လာပြီး အရူးအမူးထွက်ပြေးဖို့ လုပ်၏။ သူသည် သင်္ဘောကိုဆွဲကာ ပင်လယ်တလျှောက် ဖြတ်ပြေးခဲ့သည်။
"ဒီလားရာက ယွင်ထန်းပင်လယ်ဒေသရဲ့ လားရာပဲ... ကြိုက်သလောက်သာဆွဲ.."
ရွှီယန်သည် သင်္ဘောကို ချိတ်ပိတ်ကာ ပင်လယ်သတ္တဝါအား စိတ်ကြိုက်ဆွဲစေသည်။
ထိုပင်လယ်သတ္တဝါသည် အံ့သြစရာကောင်းသည့် သက်လုံရှိပြီး အလွန်လျှင်မြန်၏။ ရံဖန်ရံခါ ပင်လယ်အောက်ခြေသို့ ငုပ်လျှိုးကာ ထွက်ပြေးဖို့လုပ်သည်။ သို့ပေမယ့် သင်္ဘောကို စိတ်မချနိုင်ဘဲ ရှိနေ၏။ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် ရှေ့သို့သာ ဆက်လက် ထွက်ပြေးနိုင်တော့သည်။
ရွှီယန်သည် သင်္ဘောပေါ်တွင်ထိုင်ရင်းက သူ၏ကျင့်ကြံမှုနှင့် သိုင်းပညာအပေါ် လေ့လာမှုကို ဆက်လက်လုပ်ဆောင်ခဲ့၏။ တစ်ရက်ကြာပြီးနောက် ပင်လယ်သတ္တဝါသည် အရူးအမူးထွက်ပြေးနေဆဲ ရှိသည်။ ၎င်း၏အမြန်နှုန်းက ပိုမိုပိုမိုကာ မြန်ဆန်လာပြီး သူ၏ လမ်းကြောင်းရှိ အရာအားလုံးတို့ကို ဖျက်စီးသွားမည့် ခွန်အားကို ပြသလာခဲ့၏။
သင်္ဘောပေါ်တွင် သွေးဓား ဓားမြတစ်ယောက်သည် စိတ်လှုပ်စားစွာဖြင့် ထောင့်ဆီသို့ ရောက်လာခဲ့၏။ နာခံစွာရှိနေသည့် အမျိုးသမီးသိုင်းသမားကိုကြည့်ကာ ဝမ်းသာသွားသည်။
"မင်းကတကယ့်ကို နာခံတာပဲ... စိတ်မပူပါနဲ့ နည်းနည်းလောက်ပဲ ဆုံးရှုံးမှာပါ... ပိုင်ဆိုင်မှုအားလုံး အလုခံရတဲ့လူတွေနဲ့ နှိုင်းယှဉ်ရင် အများကြီးကံကောင်းတယ်.."
အမျိုးသမီးသိုင်းသမားက နှုတ်ခမ်းကိုကိုက်ကာ မျက်လုံးများ မှိတ်ထား၏။ အသံထွက်ရဲခြင်း မရှိပေ။ သူမ၏ခန္ဓာကိုယ်က တုန်ယင်နေပြီး နှလုံးသားထဲရှိ အကြောက်တရားကို ပြသနေ၏။
"ကလေးလေး.. ကိုယ်လာပြီ..."
သွေးဓားဓားမြက အဝတ်များကိုချွတ်ကာ ခုန်အုပ်တော့မည်အချိန်၌ ဆူညံသည့် ကျယ်လောင်သံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းနှင့်အတူ ဟိန်းသံတစ်ခု လိုက်ပါလာခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသည့်အသံက သူ့ကိုလျှပ်တပြက်အတွင်း ထိတ်လန့်သွားစေ၏။ သူ၏မျက်နှာက ဖြူရော်သွားပြီး ဆူညံသံတို့ ရောက်ရှိလာသည့် လားရာကို ခေါင်းလှည့်ကြည့်သည်။ ချက်ချင်းပင် တုန်လှုပ်သွား၏။ အဝတ်များကို အလျှင်အမြန်ကောက်ကာ ဆေဘာဓားကိုဆွဲသည်။
အမျိုးသမီးသိုင်းသမားလည်း အံ့သြစွာဖြင့် မျက်လုံးများ ပွင့်လာခဲ့၏။ သူမသည် သင်္ဘော၏ အနောက်ဘက်မှ လျှင်မြန်စွာ တိုးဝင်လာနေသည့် ပင်လယ်သတ္တဝါကြီးကိုကြည့်ကာ အော်ဟစ်သည်။
အပိုင်း ၆၃၂ - လူတစ်ယောက်က လူတစ်စုကို လုယက်ခြင်း(၂)
ထိုပင်လယ်သားရဲ၏ အနောက်ဘက်တွင် အပြာဖျော့ရောင်ရှိသည့် ထူးဆန်းသည့် အရာတစ်ခုကို ချိတ်ဆွဲထားဟန်ရသည်။
"မြန်မြန်လေး... ပင်လယ်သတ္တဝါကို သတ်ကြ.."
သွေးဓားဓားမြက ဒေါသတကြီး အော်၏။
ဒီပင်လယ်သားရဲသည် သူတို့၏ သင်္ဘောကြီးဆီသို့ ဦးတည်လာဟန် ရသည်။
ရုတ်တရက် ပြောင်းလဲသွားသည့် အဖြစ်အပျက်က သင်္ဘောကြီးပေါ်ရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို စိတ်လှုပ်ရှားသွားစေသည်။
အစက အဖမ်းခံရန် ပြင်ဆင်ထားကြသည့် လူတို့သည် တစ်ဦးနှင့်တစ်ဦး လျှင်မြန်စွာ အကြည့်ဖလှယ်လိုက်ကြ၏။ ပြီးနောက် လေထဲသို့မြင့်တက်ကာ လားရာတစ်ခုစီသို့ ပြိုင်တူ ထွက်ပြေးကြသည်။ ဒီအခွင့်အရေးကိုယူပြီး သွေးဓားဓားမြများ၏လက်မှ ထွက်ပြေးတာကောင်း၏။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ၂၀လောက်၏ စွမ်းအားတို့ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုလားရာရှိ သွေးဓားဓားမြများသည် ထိတ်လန့်စွာဖြင့် ဘေးသို့ အလျှင်အမြန် ရှောင်လိုက်ကြရ၏။
"မင်းတို့က သေချင်နေတာပဲ.."
သွေးဓားဓားမြခေါင်းဆောင်က ဒေါသတကြီးဖြင့် လက်ကိုဝှေ့ရမ်းကာ အော်သည်။
"သူတို့ကို သတ်ကြ.."
"ဝှစ်.."
သွေးဓားဓားမြတစ်စုသည် ဆေဘာများကိုကိုင်ကာ ပြေးတက်လာကြပြီး ထွက်ပြေးနေသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို သတ်ဖြတ်ရန် စိတ်အားထက်သန်စွာ ရှိနေသည်။
ဓားမြနှစ်ယောက်တို့က ဆေဘာများကိုမြှောက်ကာ လေထဲရှိ ပင်လယ်သတ္တဝါဆီသို့ ခုတ်ပိုင်းလိုက်ကြသည်။ ထိုပင်လယ်သတ္တဝါသည် အချဉ်မဟုတ်ပေ။
ထူထဲသည့် အရေပြားနှင့် ကြံ့ခိုင်သည့် ခန္ဓာကိုယ်တည်ဆောက်မှုတို့က အံ့သြစရာကောင်းလောက်အောင် ခိုင်မာလှ၏။ တစ်ချက်တည်းနှင့် သေဆုံးမည့်ပုံ မရပါ။
ထိုအချိန်၌ ကျင့်ကြံမှုပြုနေသည့် ရွှီယန်၏မျက်လုံးများက အံ့ဩစွာ ပွင့်လာခဲ့၏။ ပင်လယ်သတ္တဝါသည် သင်္ဘောတစ်ခုအား ဝင်တိုက်ရန် ပြင်ဆင်နေ၏။ ဒီအခွင့်အရေးကို အသုံးပြုကာ ထွက်ပြေးလွတ်မြောက်ချင်လေသည်။
'ဒီကောင်က အန္တရာယ်ကနေရှောင်ရှားဖို့ ပတ်ဝန်းကျင်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ တကယ်သိတာပဲ..'
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ ပင်လယ်သားရဲဆီသို့ ဝင်လာသည့် သွေးရောင် ဆေဘာအလင်းနှစ်ခုတို့ကို တွေ့ရပြီးနောက် ရွှီယန်က သူ၏ ငါးမျှားချိတ်ကို လှုပ်ခါလိုက်သည်။
အစက လေထဲသို့ခုန်တတ်ကာ သင်္ဘောကိုဝင်ဆောင့်တော့မည့် ပင်လယ်သတ္တဝါသည် ရုတ်တရက် နောက်သို့တွန့်သွားခဲ့၏။ ဤသည်က ဆေဘာအလင်းနှစ်ခုကို ပစ်မှတ်အား လွဲချော်သွားစေသည်။
"ဆောရီး... ငါမျှားထားတဲ့ ပင်လယ်သတ္တဝါကြောင့် မင်းတို့တွေကို နှောက်ယှက်မိပြီ.."
ရွှီယန်က ပါးစပ်ကိုဖွင့်ကာ တောင်းပန်သည်။
ဟိုင်ကျိုးသင်္ဘောသည် အပေါ်သို့ပျံတက်သွားပြီး ရွှီယန်၏ လက်တစ်ဝှေ့နှင့်အတူ ဒီဗိုင်းစွမ်းအားတို့ မြင့်တက်လာကာ လေထဲရှိ ပင်လယ်သတ္တဝါကို သင်္ဘော၏အထက်သို့ ပိုမို မြောက်တက်သွားစေသည်။
"ဒီပင်လယ်သတ္တဝါနဲ့ သင်္ဘောကို ထားခဲ့စမ်း.."
ရုတ်တရက် ပုံရိပ်တစ်ခု သူ၏လမ်းကြောင်း၌ ပိတ်လာခဲ့သည်။ လက်ထဲတွင် အနီရောင်ဆေဘာဓားရှည်ကို ကိုင်ဆောင်ထား၏။
ထိုသူ၏ အော်ဟစ်မှုနှင့်အတူ သွေးဓားဓားမြအားလုံးတို့သည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို လိုက်လံသတ်ဖြတ်ရန်ပင် မပြုတော့ဘဲ လျှင်မြန်စွာ ပြန်လာကာ ရွှီယန်ကို ဝန်းရံလိုက်ကြ၏။
သွေးဓားဓားမြခေါင်းဆောင်၏ မျက်လုံးများက တောက်ပနေပြီး ဟိုင်ကျိုးသို့လွတ်မြောက်ခြင်း သင်္ဘောကို စူးစိုက်စွာကြည့်နေသည်။
တစ်ချက်ကြည့်သည်နှင့် ရတနာတစ်ခု ဖြစ်၏။ အလွန်လျှင်မြန်စွာ ပျံသန်းနိုင်လေသည်။ သူတို့သာ ဒီရတနာကိုရရှိပါက အဖွဲ့သည် ပိုမိုကာပင် ဖမ်းဆီးရခက်ခဲလာမှာဖြစ်၏။
ရွှီယန်က မှင်သက်သွားသည်။ သူ့ကို ဓားမြတိုက်နေသည်လား။
"မင်းတို့တွေ ငါ့ကို ဓားမြတိုက်ချင်တာ သေချာရဲ့လား.."
သူသည် သွေးဓားဓားမြအုပ်စုကို ကြည့်ကာမေး၏။
"လူငယ်... ငါတို့ သွေးဓားဓားမြတွေက အမြဲတမ်း စည်းမျဉ်းစည်းကမ်းနဲ့ပဲ အလုပ်လုပ်တယ်... ပင်လယ်သတ္တဝါနဲ့ သင်္ဘောကိုထားခဲ့ရင် မင်းသွားလို့ရပြီ။ ငါတို့တွေ မင်းရဲ့အသက်ကို မယူဘူး။ မဟုတ်ရင်တော့ ဒီမိုးပြာရောင်ပင်လယ်ပေါ်မှာ အလောင်းတစ်ခု တိုးလာရလိမ့်မယ်.."
သွေးဓားဓားမြခေါင်းဆောင်က လေးနက်သည့်အသံဖြင့်ပြော၏။
ရွှီယန်က ပြုံးသည်။ ဓားမြများသည် စည်းမျဉ်းစည်းကမ်း ရှိသည်လား။
ချိုင်လင်းအာ သူ့ကို တစ်ကြိမ်ပြောဖူးသည်။ မိုးပြာရောင်ပင်လယ်သည် ပင်လယ်ဓားမြအချို့၏ ကျက်စားရာဖြစ်ပေမယ့် ရံဖန်ရံခါမှသာ ကြုံတွေ့ရကာ တိုက်ခိုက်သတ်ဖြတ်သည့် ဖြစ်ရပ်တို့ အနည်းငယ်သာရှိသည်။
သို့ပေမယ့် ရွှီယန်အတွက် ဓားမြများမှာ မည်သည့်အန္တရာယ်မှ မဟုတ်ပေ။ ထို့ကြောင့် ချိုင်လင်းအာက မိုးပြာရောင်ပင်လယ်ကို မိတ်ဆက်ရင်းနှင့် ဒီအတိုင်းပြောလိုက်ခြင်းသာ ရှိ၏။
မထင်မှတ်စွာပင် သူသည် ပင်လယ်ပြင်သို့ ဝင်ရောက်တာ မကြာသေးပေ။ ဓားမြတိုက်သည့် လူအုပ်စုနှင့် ကြုံတွေ့ခဲ့၏။
"ငါကလည်း စည်းမျဉ်းစည်းကမ်းနဲ့နေတဲ့ လူတစ်ယောက်ပဲ.."
ရွှီယန်က ဓားမြအုပ်စုကိုကြည့်ကာ ပြုံးသည်။
"မင်းတို့ရဲ့ပစ္စည်းအိတ်တွေကို ပေးမယ်ဆိုရင် အသက်ကိုချမ်းသာပေးမယ်။ မဟုတ်ရင်တော့ အရိုးကိုချေပြီး ဝိဉာဉ်ပါ ပျောက်သွားရလိမ့်မယ်.."
ဓားမြအားလုံးတို့သည် မှင်သက်သွားကြ၏။ သူတို့၏ မျက်နှာများက မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်နေပါသည်။
ဒီကောင်လေးသည် မည်သည်ကို ဆိုလိုသနည်။ သူတို့ကို ပြန်လည်လုယက်နေသည်လား။ လူတစ်ယောက်နှင့် လူတစ်အုပ်လုံးကို လာလုနေသည်လား။ မည်သည့်နေရာက သတ္တိတို့ ရလာခဲ့သနည်း။
"ကောင်းတယ် ကောင်းတယ်... ငါသွေးဓားရဲ့ ဘဝတလျှောက်မှာ မင်းလောက် မောက်မာတဲ့ကောင်ကို တစ်ခါမှမတွေ့ဖူးခဲ့ဘူး။ တစ်ယောက်တည်းနဲ့ ငါတို့ကို လာဓားမြတိုက်နေတယ်။ ပြောင်းပြန် လာလုပ်နေတယ်ပေါ့.."
"ဒီလောက်ရဲတင်းပြီး မောက်မာတဲ့ကောင်... မင်းလိုလူငယ်မျိုးကို ငါသဘောကျမိပေမယ့်..."
"ဖြန်း.."
သူကစကားမဆုံးခင်တွင် ရုတ်တရက် ပါးဆီသို့ လက်ဝါးချက်တစ်ခု ရောက်လာကြောင်းကို ခံစားလိုက်ရသည်။
သွေးဓားဓားမြခေါင်းဆောင်သည် လွင့်စင်ထွက်သွားပြီး သူ၏ဦးခေါင်းမှာ ဝေဝါးစွာ ခံစားလိုက်ရကာ ကြယ်များကို မြင်တွေ့လိုက်ရသည်။
"စောက်စကားတွေ များမနေနဲ့... အသတ်မခံချင်ဘူးဆိုရင် အိတ်တွေကိုထားခဲ့.."
ရွှီယန်က အေးစက်စွာပြောသည်။
"ဂလူ့.."
သွေးဓားဓားမြက ထိတ်လန့်စွာဖြင့် ကြည့်၏။
"ခုနက သူတိုက်ခိုက်လိုက်တာကို မင်းမြင်လား.."
"မမြင်ပါဘူး... ကျွန်တော် ခေါင်းဆောင်လွင့်ပျံသွားတာကိုပဲ တွေ့လိုက်တယ်.."
"ကျွန်တော်ရောပဲ.."
သွေးဓားဓားမြများက တစ်ယောက်နှင့်တစ်ယောက် တီးတိုးစွာ ပြောနေကြသည်။ နှလုံးသားများက လေးလံသွားကြ၏။
"ခွေးကောင်လေး... သေစမ်း.."
သွေးဓားခေါင်းဆောင်သည် ဦးခေါင်းကို ကြမ်းတမ်းစွာခါရမ်းရင်း ဒေါသတကြီးအော်၏။ သတ်ဖြတ်လိုခြင်း အငွေ့အသက်တို့ မြင့်တက်လာကာ သွေးရောင်ဓားအလင်းက ပွင့်လင်းလာခဲ့သည်။
"လူတိုင်း... ဒီကောင့်ကိုသတ်ကြ.."
သူသည် အံ့ဩမိပေမယ့် တည်ငြိမ်စွာသာ ရှိနေပါသည်။ အရေအတွက်မှာ အများကြီးပိုသာရာ ရန်သူမှာ မည်မျှပင် စွမ်းအားကြီးမားစေကာမူ ပြဿနာမရှိပေ။ သူတို့၏ ပူးပေါင်းစွမ်းအားကို ရင်ဆိုင်နိုင်မည်လား။
"ဝူ့စ်.."
သို့ရာတွင် သူ၏စကားဆုံးသည်နှင့် မျက်စိတစ်မှိတ်အတွင်း ဓားအလင်းတစ်ခု သက်ဆင်းလာပြီး ချက်ချင်းပင် သုတ်သင်ခြင်း ခံလိုက်ရသည်။
ကျန်ရှိသည့် တိုက်ခိုက်တော့မည့် သွေးဓားဓားမြများသည် ရုတ်တရက် အေးစက်စွာ ခံစားလိုက်ရ၏။ သူတို့၏ခေါင်းဆောင်သည် တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်လား။
အားလုံးအတူတူ ပူးပေါင်းတိုက်ခိုက်လျှင်တောင် ထိခိုက်ကျရှုံးမှုများက အလွန်များပြားမှာ ဖြစ်သည်။ သူတို့သည် အမှန်တကယ်ကို ဓားမြများဖြစ်၏။ သို့ပေမယ့် ဦးနှောက်မရှိသည် မဟုတ်ပေ။ နောက်ဆုံးတွင် အနိုင်ရလျှင်တောင် တိုက်ပွဲအတွင်းတွင် သေဆုံးမည့်လူများထဲ၌ ကိုယ့်ကိုယ်ကိုယ် မပါဝင်ဟု အာမခံနိုင်ခြင်းမရှိပါ။
ထို့ကြောင့် ခေါင်းဆောင်သေဆုံးသည်နှင့် ဦးခေါင်းမဲ့သည့် မြွေတစ်ကောင်အလား ဖြစ်လာခဲ့၏။
"မတိုက်ပါနဲ့ သူရဲကောင်းလေး... မတိုက်ပါနဲ့... ကျွန်တော်တို့တွေ ပိုင်ဆိုင်တဲ့ အိတ်တွေအားလုံးကို ပေးပါမယ်.."
သွေးဓားဓားမြများသည် အလျှင်အမြန် ပြောကြ၏။
"အဲ့လိုမှပေါ့... ငါကလည်း သတ်ဖြတ်ကတာကို ကြိုက်တဲ့လူမဟုတ်ဘူး... ပိုက်ဆံပဲပေး.."
ရွှီယန်က အပြုံးတစ်ခုဖြင့် ပြောသည်။
"ကောင်းပါပြီ ကောင်းပါပြီ.."
သွေးဓားဓားမြများက သူတို့၏ ပိုင်ဆိုင်မှုများကို တစ်ယောက်ပြီးတစ်ယောက် ပေး၏။ မျက်နှာပေါ်၌ နာကျင်သည့် အကြည့်များ ရှိနေကြသည်။
ဓားမြများအနေနှင့် သူတို့သည် ပိုင်ဆိုင်မှုအားလုံးတို့ကို ကိုယ်နှင့်မကွာ သယ်သွားလေ့ရှိ၏။ သူတို့၏အိတ်များသည် စုဆောင်းထားသမျှ ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုသည်။ ၎င်းတို့ကို ပေးလိုက်သည်နှင့် မည်သည်မှ ကျန်ရစ်တော့မည် မဟုတ်ပေ။
ရွှီယန်က လက်ကိုဝှေ့ရမ်းကာ အိတ်များအားလုံးကို သိမ်းဆည်းလိုက်သည်။ ဓားပြအချို့ကို လက်ညှိုးထိုးကာ ပြော၏။
"မင်းတို့ဝှက်ထားတဲ့ အိတ်တွေကိုလည်းပေး... မဟုတ်ရင်သေရမယ်.."
ထိုဓားမြတို့သည် နာကျင်စွာခံစားရပေမယ့် ဒုတိယမြောက် ပိုင်ဆိုင်မှုများကို နာခံစွာသာ ပေးရသည်။
"ကောင်းပြီ... အခုသွားလို့ရပြီ.."
ရွှီယန်က စိတ်မရှည်စွာ လက်ကိုဝှေ့ရမ်းသည်။
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ.."
ဓားမြများသည် အရူးအမူးခေါင်းငြိမ့်ပြီးနောက် နောက်သို့လှည့်ကာ ထွက်သွားကြ၏။
ရွှီယန်က လက်ကိုဝှေ့ရမ်းကာ သူ၏ထိန်းချုပ်မှုအောက်ရှိ ပင်လယ်သားရဲသည် ပင်လယ်ပေါ်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။ သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲအချို့ကို ချွေတာရန်အတွက် ဒီသင်္ဘောကို ထိုသားရဲအား ဆွဲခိုင်းဦးမည် ဖြစ်၏။
"သတိထား..."
သင်္ဘောကြီးပေါ်မှ အမျိုးသမီးတစ်ယောက်၏ အသံတစ်ခု ထွက်ပေါ်လာ၏။
"သေလိုက်တော့.."
မူလက ထွက်ပြေးရန် ပြုလုပ်နေသည့် ဓားမြအုပ်စုသည် အခွင့်အရေးတစ်ခုကို တွေ့လိုက်ရဟန်တူ၏။
ရွှီယန်၏ သတိလက်လွတ်ဖြစ်သွားသည့် အခြေအနေကို အခွင့်အရေးယူကာ ရုတ်တရက် ဆေဘာဓားကိုမြှောက်ပြီး ခုတ်ချလိုက်ကြသည်။ သူတို့သည် အားလုံးတစ်ပြိုင်တည်း တိုက်ခိုက်ရန် တိတ်တဆိတ် သဘောတူညီထားကြ၏။
ဓားအလင်းများသည် ကောင်းကင်တစ်ဝက်လောက်ကို ထိန်လင်းသွားပြီး သေစေနိုင်သည့် စွမ်းအားက ရွှီယန်အပေါ်သို့ လုံးဝကျဆင်းလာခဲ့၏။
သွေးဓားဓားမြများ၏ မျက်နှာများက ကြမ်းကြုတ်သွားကြသည်။ သူတို့သည် အခြားလူများကို လုယက်ခြင်းအား အသားကျနေပြီဖြစ်၏။ ဘယ်လိုလုပ်ပြီး သူတို့ကိုယ်တိုင် အလုယက်ခံမည်လဲ။
သင်္ဘောပေါ်ရှိ ကောင်မသည် တစ်ဖက်လူကို သတိပေးရဲလေသည်။ ဒီကောင်လေးကို သတ်ဖြတ်ပြီးသည်နှင့် သူမကို သွေးဓားဓားမြများ၏ ကြမ်းကြုတ်ပုံအား ပြသပေးမည် ဖြစ်၏။
"ဘာလို့ဒီလောက်တောင် သေချင်နေရတာလဲ..."
ရွှီယန်က သက်ပြင်းချသည်။ လက်နှစ်ချောင်းကိုမြှောက်ကာ နောက်သို့ ခုတ်ပိုင်းချလိုက်၏။
ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်တွင် ရစ်ဝဲကာ တိုက်ခိုက်မှုအားလုံးတို့ကို ဖျက်ဆီးသွားသည်။ ဆေဘာအလင်းတို့ ပျောက်ကွယ်သွားပြီးနောက် ဓားအလင်းသည် ရှေ့သို့ဆက်လက် ကျဆင်းသွားခဲ့၏။
လျှပ်တပြက်အတွင်း ဆယ်ခုကျော်သည့် ဓားမျှင်များအဖြစ် ပြောင်းလဲကာ တစ်ခုချင်းစီတိုင်းသည် သွေးဓားဓားမြတစ်ယောက်ကို ဦးတည်ကာ ဝင်ရောက်သွားသည်။
"ဝူ့စ်.."
သွေးဓားဓားမြများ၏ ထိတ်လန့်နေသည့် မျက်လုံးများအောက်တွင် ဓားအလင်းများ ကျဆင်းလာကာ သူတို့အားလုံး ပြာအဖြစ် ပြောင်းလဲသွားကြ၏။
သင်္ဘောကြီးပေါ်ရှိ သိုင်းသမားများ အားလုံးတို့မှာ တုန်လှုပ်စွာ ရှိနေကြသည်။ အထူးသဖြင့် သတိပေးခဲ့သည့် အမျိုးသမီးဖြစ်၏။ သူမသည် သွေးဓားဓားမြများက ရန်ငြိုးထားကာ နှိပ့်စက်တော့မည်ကို တွေ့မိလိုက်ပြီးနောက် အော်ဟစ်သတိပေးမှုအတွက် နောင်တရစွာ ခံစားလိုက်ရ၏။
သို့ပေမယ့် ထိုလူငယ်သည် တစ်ယောက်တည်းနှင့် ဓားမြအုပ်စုတို့ကို လုယက်ရဲရုံမက ဓားတစ်ချက်တည်းနှင့်လည်း ဓားမြအားလုံးကို သတ်ဖြတ်နိုင်လေသည်။
ထိုသွေးဓားဓားမြများသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြောင်းကို သူမသိရှိ၏။
လက်တစ်ဝှေ့နှင့် ထိုလူအုပ်စုကို ဖျက်ဆီးရန်မှာ မည်မျှစွမ်းအားကြီးမားလိုက်သနည်း။ မိုးပြာရောင်ပင်လယ်တွင် ထိုကဲ့သို့သော ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည့်လူ အများကြီး မရှိပါ။
အမျိုးသမီးသည် ရုတ်တရက် တစ်ယောက်ယောက်ကို တွေးမိလိုက်၏။ ဤသည်မှာ ဒဏ္ဍာရီဆန်ကာ လောကကြီးတွင် အကောင်းဆုံး ဓားသမားဖြစ်သည်ဟု ဆိုကြသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။
သွေးဓားဓားမြများကို လက်တစ်ဝှေ့နှင့် သတ်ဖြတ်ပြီးနောက် ရွှီယန်သည် ပင်လယ်သားရဲကို ဆက်လက်ပြေးခိုင်းရန် ပြင်ဆင်သည်။ သူ၏သင်္ဘောကို ယွင်ထန်းပင်လယ်ဒေသဆီသို့ ဆွဲခိုင်းမည် ဖြစ်၏။ သွေးဓားဓားမြများသည် အနည်းငယ် စွမ်းအားကြီးပေမယ့် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများသည် ရွှီယန်၏ ပြိုင်ဘက်မဟုတ်တော့ပါ။ အသာတကြည် သတ်ဖြတ်နိုင်၏။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းထားသည့် သိုင်းသမားများပင်လျှင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် ရန်သူများမှာ သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲ ခေါင်းဆောင်တို့လောက်သာ ရှိ၏။
စစ်မှန်သည့် သူသေကိုယ်သေတိုက်ပွဲကို ပြင်းထန်စွာ ဆင်နွှဲနိုင်သူဆိုလျှင် ရှင်းမုန့်ရုံကဲ့သို့ စွမ်းအားကြီးနေရပေလိမ့်မည်။
သူသည် မူလဒီဗိုင်းအဆင့်၏ ပြီးပြည့်စုံမှုသို့ ရောက်ရှိရန် အလှမ်းမကွာတော့ပါ။ လက်ရှိခွန်အားသည် ပထမဆုံး မူလဒီဗိုင်းအဆင့်သို့ ဝင်ရောက်စဉ်ကနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
သူက ပင်လယ်သားရဲကို အမြန်ပြေးရန် အမိန့်ပေးတော့မည့် အချိန်၌ အမျိုးသမီးတစ်ယောက်၏အသံက ရုတ်တရက် ထွက်ပေါ်လာ၏။
"ကျေးဇူးရှင်... စောင့်ပါဦး.."
ရွှီယန်က ခေါင်းလှည့်ကြည့်လိုက်သည်။ ဤသည်မှာ သူ့ကို သတိပေးခဲ့သည့် အမျိုးသမီးဖြစ်၏။
"ဘာကိစ္စရှိလို့လဲ.."
အမျိုးသမီးသည် မှင်သက်ဖွယ်ကောင်းလှပြီး ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်နှင့် လူကို ညှို့ယူဖမ်းစားနိုင်၏။သူမ၏ခွန်အားသည် အစောပိုင်း စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့်၌ ရှိသည်။ သူမသည် အနည်းငယ် စိတ်လှုပ်ရှားနေ၏။
ရွှီယန်၏ ငယ်ရွယ်ကာ ချောမောသည့်မျက်နှာကို ကြည့်ကာ နှလုံးသားက ခုန်ပေါက်လာခဲ့သည်။
"ကျေးဇူးရှင်... ရှင်က ဓားဘုရင်များလား.."
အမျိုးသမီးက စိတ်လှုပ်ရှားစွာမေး၏။
အပိုင်း ၆၃၃ - မိုးပြာရောင်ဓားဘုရင်၊ ကျရှုံးသွားသော ပါရမီရှင်
"ဓားဘုရင်..."
ရွှီယန်က ခဏတာ ရပ်တန့်သွားပြီးနောက် ခေါင်းကိုရမ်းသည်။
"ကျုပ်က ဓားဘုရင်မဟုတ်ဘူး... ဓားနတ်ဘုရားပဲ.."
ဓားဘုရင်ဟူသည့် အမည်မှာ သူ့ထက် နိမ့်ပါသည်။
အမျိုးသမီး "..."
သူမသည် မျက်လုံးများ ပြူးကျယ်စွာရှိနေ၏။ ဘယ်လိုလုပ်ပြီး ဓားနတ်ဘုရားတစ်ယောက် ရုတ်တရက် ပေါ်လာရသနည်း။
"ကျေးဇူးရှင်... ရှင်က ဓားဘုရင်မဟုတ်ဘူးလား... မိုးပြာရောင်ပင်လယ်မှာ ဓားဘုရင်ပဲ ဒီလိုဓားပညာမျိုးကို ပိုင်ဆိုင်နိုင်လိမ့်မယ်.."
အမျိုးသမီးက အံ့သြမှုဖြင့်မေးသည်။
ထိုစကားကိုကြားရပြီးနောက် ရွှီယန်မှာ စတင် စိတ်လှုပ်ရှားလာခဲ့၏။ မိုးပြာရောင်ပင်လယ် ဓားဘုရင်လေလား။
"မိုးပြာရောင်ပင်လယ်မှာ ဓားဘုရင်ရှိတယ်ပေါ့... သူဘယ်မှာနေတာလဲ... ဘယ်လောက်ထိ စွမ်းအားကြီးလဲ.."
သူသည် ကိုယ့်ကိုယ်ကိုယ် ဓားနတ်ဘုရားဟု ကြေငြာခဲ့၏။ မိုးပြာရောင်ပင်လယ်တွင်တော့ ဓားဘုရင်တစ်ဦး ရှိနေလေသည်။ ဒီအချိန်၌ တစ်ဖက်လူ၏ ဓားပညာအား အမှန်တကယ်ကို စိတ်ဝင်စားသွား၏။ သို့ပေမယ့် သိုင်းတစ်ထောင်ခန်းမမှ သိုင်းပညာများနှင့် တူညီနေလောက်မည်ဟု ထင်ရသည်။
ယခုအချိန်၌ အမျိုးသမီးသည် သေချာသွားခဲ့၏။ ဒီလူသည် နာမည်ကျော်ကြားသည့် ဓားဘုရင်မဟုတ်ပေ။
သူမသည် ပိုမိုကာပင် အံ့သြလာခဲ့၏။ မိုးပြာရောင်ပင်လယ်တွင် မည်သည့်အချိန်က ယခုမျှစွမ်းအားကြီးမားသည့် ဓားသမားတစ်ဦး ရောက်ရှိလာခဲ့သနည်း။
"ဓားဘုရင်က ယွင်ထန်းမြို့မှာ အခြေစိုက်တယ်... သူက ဓားတစ်ချောင်းကိုကိုင်ပြီး မိုးပြာရောင်ပင်လယ်ရဲ့ ဓားသမားအားလုံးကို အနိုင်ယူခဲ့တယ်...ယွင်ထန်းမြို့ရဲ့ ဓားလောကကိုလည်း အောင်နိုင်ခဲ့တယ်...မိုးပြာရောင်ပင်လယ်က ဓားသမားတွေထဲမှာ သူ့ကို မလေးစားတဲ့လူ မရှိဘူး.."
"လူတိုင်းပြောကြတာက... ဓားဘုရင်ရဲ့ဓားကမှ စစ်မှန်တဲ့ဓားပညာတဲ့.."
"ပြောကြတာက... ဓားဘုရင်က အရမ်းကိုမောက်မာတယ်... အမြဲတမ်း သူ့ကိုယ်သူ ဓားတာအိုရဲ့ စတင်မှတ်မှာပဲရှိသေးတယ်... ဓားတာအိုလောကထဲကို ခြေချရုံပဲရှိသေးပြီး အစစ်အမှန် နားလည်နိုင်ခြင်း မရှိသေးဘူးလို့ ပြောလေ့ရှိတယ်.."
"ဒါပေမယ့် သူ့ရဲ့မျက်လုံးထဲမှာ... ယွင်ထန်းမြို့က ဓားသမားအားလုံးက အမှိုက်တွေချည်းပဲ.."
ရွှီယန်သည် နားထောင်လေလေ ပိုမိုရင်းနှီးလေ ဖြစ်လာခဲ့၏။ မနေနိုင်ဘဲ မေးသည်။
"အဲ့ဒီ့ဓားဘုရင်ရဲ့နာမည်က ဘယ်သူလဲမသိဘူး.."
အမျိုးသမီးသည် အနည်းငယ် နေရခက်စွာ ခံစားလိုက်ရ၏။
"ကျွန်မ ဓားဘုရင်ဆိုတဲ့ နာမည်ကိုပဲသိတယ်... အစစ်အမှန် နာမည်ကိုတော့ မသိဘူး.."
ထိုအချိန်၌ ပြီးခဲ့တုန်းက ထွက်ပြေးခဲ့သည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများထဲမှ တစ်ယောက်သည် သူ၏ ပိုမိုစွမ်းအားကြီးမှုကြောင့် ဓားပြများ၏ ဝိုင်းရံပစ်မှတ်ထားခြင်းကိုခံရကာ ချက်ချင်းထွက်ပြေးနိုင်ခြင်းမရှိဘဲ ကျန်ရစ်ခဲ့သည်။
ရွှီယန်က ဓားချက်ကိုထုတ်ဖော်ကာ ဓားမြအုပ်စုကို သုတ်သင်လိုက်ပြီးနောက် နောက်ဆုံးတွင် စိတ်သက်သာရာရသွား၏။ သူက လျှောက်လာပြီး ပြောသည်။
"ဓားဘုရင်ရဲ့နာမည်ကို ရှဲ့ထန်းဟန်လို့ ခေါ်တယ်.."
ရွှီယန်က ခေါင်းငြိမ့်သည်။ ပြောစကားများမှာ အလွန်ရင်းနှီးနေတာ အံ့သြစရာမရှိပေ။ ရှဲ့ထန်းဟန် ဖြစ်နေ၏။
"မထင်ထားခဲ့ဘူး... ရှဲ့ထန်းဟန်က ဓားဘုရင်ဆိုတဲ့အမည်ကို ရခဲ့တာပဲ.."
ရွှီယန်က သက်ပြင်းချသည်။ ဆိုလိုသည်မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ရှဲ့ထန်းဟန်၏ ခွန်အားသည် လျှင်မြန်စွာ မြင့်တက်လာခဲ့ပြီး အသန်မာဆုံး ပုဂ္ဂိုလ်များထဲမှတစ်ယောက် ဖြစ်လာတာ ဖြစ်ပေလိမ့်မည်။
"ရှဲ့လင်ဖုန်းကိုရော ကြားဖူးလား.."
ရွှီယန်က မေးသည်။
ရှဲ့ထန်းဟန်က ကိုယ့်ကိုယ်ကိုယ် ဓားဘုရင်အဖြစ် နာမည်တွင်စေနိုင်ခဲ့ရာ တူညီစွာ ပါရမီရှိသည့် ရှဲ့လင်ဖုန်းလည်း ဓားတာအိုအရာတွင် အများကြီး နောက်ကျကျန်ခဲ့ခြင်း မရှိလောက်ပါ။ ဂုဏ်သတင်းအချို့ တည်ဆောက်ပြီး ဖြစ်ပေလိမ့်မည်။
"မင်းပြောတာက... ဓားဘုရင်ရဲ့သားကိုလား.."
ထိုသိုင်းသမားက စဉ်းစားစွာမေးသည်။
ရွှီယန်က ခေါင်းငြိမ့်၏။
"ဓားဘုရင်ရဲ့သားက တစ်ချိန်က ယွင်ထန်းမြို့ရဲ့ လူငယ်ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘာတိုးတက်မှုမှ မရှိဘဲ တစ်ချိန်က သူ့အနိုင်ယူခဲ့တဲ့လူတွေရဲ့ ဖြတ်ကျော်မှုကို ခံခဲ့ရတယ်။ သူ့ရဲ့ပါရမီရှင်ဆိုတဲ့ အမည်က လွင့်ပါးသွားပြီး အခုဆိုရင် အမြင့်ကနေ ပြုတ်ကျသွားခဲ့ပြီ.."
ထိုသိုင်းသမားက နောင်တရစွာ သက်ပြင်းချသည်။
ပါရမီရှင်အဖြစ်မှ ကျရှုံးမှုနှင့်အတူ ဓားဘုရင်၏သားသည် ယခုအချိန်၌ လှောင်ပြောင်စရာတစ်ခု ဖြစ်လာခဲ့၏။
ရွှီယန်မှာ အံ့သြသွားသည်။ ရှဲ့လင်ဖုန်း၏ အခြေအနေသည် ယခုမျှ ဆိုးရွားလှသည်လား။ သူ၏ပါရမီနှင့် မူလဒီဗိုင်းအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီး ဖြစ်ရပေလိမ့်မည်။
ထိုအခါ အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို တိုက်ခိုက်ရန် ပြဿနာမရှိလောက်ပါ။
သို့ပေမယ့် သူသည် အဆင့်ချိုးဖျက်နိုင်ခြင်းမရှိဘဲ သူအနိုင်ယူခဲ့သည့် ပြိုင်ဖက်များမှာတော့ ဆက်လက်အဆင့်ချိုးဖျက်ကာ နှောင်းပိုင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှင့် အထွတ်အထိပ်စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်လာကြတာ ဖြစ်ပေလိမ့်မည်။
ထိုအခါ ရှဲ့လင်ဖုန်းအနေနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့တာ ပုံမှန်သာဖြစ်၏။ အရှုံးသမားတစ်ယောက်အဖြစ် လှောင်ပြောင်ခြင်းခံရမည်ဟု မည်သူက ခန့်မှန်းမိမည်နည်း။
'အကိုရှဲ့... နည်းနည်းလေးပဲ ထပ်စောင့်လိုက်။ ကျွန်တော် လာရှာပြီ... ပြီးရင် တစ်ဖန်ပြန်လည် မြင့်တက်ပြီး မင်းကိုအနိုင်ယူခဲ့တဲ့လူတွေကို ပြန်ပြီးတော့ အောင်နိုင်လိမ့်မယ်..'
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
ရှဲ့လင်းဖုန်းတို့ သားအဖသည် နှိမ့်ကျစွာ နေမည့်အစား မိုးပြာရောင်ပင်လယ်၌ ကိစ္စကြီးတစ်ခုကို လုပ်ခဲ့တာ ဖြစ်ပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာ ယခုကဲ့သို့ ဂုဏ်သတင်းအား ပိုင်ဆိုင်ထားနိုင်မည် ဖြစ်၏။
ရွှီယန်သည် ရှဲ့သားအဖနှင့်ပတ်သက်ပြီး သတင်းများကို ဆက်လက်မေးမြန်း၏။ ထိုသိုင်းသမားလည်း အများကြီးသိရှိခြင်း မရှိပေ။ သူသိသမျှမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ရှဲ့ထန်းဟန်သည် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို စိန်ခေါ်ရင်း ကိုယ့်ကိုယ်ကိုယ်နာမည်တစ်ခု တည်ဆောက်ခဲ့၏။
ထိုအချိန်က သူသည် ကောင်းကင်လူသားကြီး အဆင့်သာ ရှိသေးသည်။ လူတိုင်းက သူ့ကို ရှုံးနိမ့်မည်ဟု ထင်ထားခဲ့၏။ သို့ပေမယ့် ရှဲ့ထန်းဟန်သည် အရှိန်အဟုန်ကြီးစွာ မြင့်တက်လာပြီး ထူးကဲသည့် ဓားပညာကို ပြသခဲ့သည်။ ရန်သူများကို အဆင့်ကျော်ကာ အနိုင်ယူပြီး သူ၏ ဂုဏ်သတင်းလည်း ကျော်ကြားလာခဲ့၏။
"ပြောကြတာက... ဓားဘုရင်ရဲ့ဇနီးက ထူးကဲတဲ့ နောက်ခံရှိတယ်တဲ့။ မဟုတ်ရင် အရင်တုန်းက ဓားဘုရင်ရဲ့ မောက်မာမှုနဲ့ဆိုရင် ရိုက်သတ်ခံရတာကြာပြီ.."
ထိုသိုင်းသမားက မှတ်ချက်ပေး၏။
ရွှီယန်က ခေါင်းငြိမ့်သည်။ ရှဲ့ထန်းဟန်၏ ဇနီးမှာ လင်းနယ်မြေမှ ဖြစ်၏။ သံသယဝင်စရာမကောင်းလောက်အောင် ကောင်းမွန်သည့် နောက်ခံတစ်ခု ရှိနေမှာဖြစ်သည်။
သူသည် အတွင်းဘက်နယ်မြေမှ သိုင်းသမားလေးဖြစ်သည့် ရှဲ့ထန်းဟန်သည် လင်းနယ်မြေမှ အမျိုးသမီးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်ခဲ့သနည်းဟု သိလိုသွား၏။
ရှဲ့လင်ဖုန်း၏ ကိစ္စအချို့ကို မေးမြန်းပြီးနောက် တစ်ဖက်သိုင်းသမားများလည်း အများကြီးသိရှိခြင်း မရှိကြောင်း အား နားလည်လိုက်ရာ ရွှီယန်သည် နှုတ်ဆက်ကာ ထွက်ခွာခဲ့၏။
ပင်လယ်သားရဲက ဟိုင်ကျိုးသို့လွတ်မြောက်ခြင်းသင်္ဘောကို ဆွဲယူပြီး ပင်လယ်ပြင်တွင် ရွေ့လျားသွားခဲ့သည်။
"ဓားနတ်ဘုရားလား... ဖြစ်နိုင်တာက နောက်ထပ် ဓားတာအို ပြိုင်ပွဲတစ်ခု ပေါ်လာတော့မှာလား.."
ထိုသိုင်းသမားသည် အလွန် စိတ်လှုပ်ရှားနေ၏။ ယခုမျှ ကြီးမားသည့် ကိစ္စတစ်ခုကို အလွဲချော်ခံလို့ မဖြစ်ပေ။ ဓားဘုရင်သာ တစ်ယောက်ယောက်က သူ့ကိုယ်သူ ဓားနတ်ဘုရားဟု ခေါ်ရဲကြောင်းကို ကြားသိပါက ဒေါသတကြီး ပေါက်ကွဲသွားမှာ သေချာ၏။
ယွင်ထန်း မိုးပြာရောင်ပင်လယ်မြို့...
အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် နှိုင်းယှဉ်နိုင်သည့် မိုးပြာရောင်ပင်လယ် မြို့သခင်စံအိမ်သည် မိုးပြာရောင်ပင်လယ်တစ်ခုလုံးကို ထိန်းချုပ်ပြီး ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်များပင် အမိန့်ကို နာခံကြရသည်။
ယွင်ထန်းမြို့၏ မြို့သခင်မိသားစုသည် ဖုမိသားစုဖြစ်၏။ ဒီမျိုးဆက်တွင် မြို့သခင်ဖူထန်းဟိုင်သည် ကြီးမားသည့် စွမ်းအားကို ပိုင်ဆိုင်ထားရှိသည်။
ပြောကြသည်မှာ သူ၏ခွန်အားသည် ပြီးခဲ့တုန်းက မြို့သခင်များကိုပင် ကျော်လွန်သွားပြီ ဖြစ်၏။ သူသည် သံသယဝင်စရာမကောင်းလောက်အောင် မိုးပြာရောင်ပင်လယ်တွင် အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်သည်။
ယွင်ထန်းမြို့ကို မြို့သခင်စံအိမ်က အုပ်ချုပ်ပေမယ့် အခြားအင်အားစုများလည်း ရှိနေ၏။ မြို့သခင်စံအိမ်တွင် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်သည် အရေးပါသည့် ရာထူးနောက်ခံတို့ကို ပိုင်ဆိုင်ထားပြီး ဂုဏ်သရေမြင့်မားသည်။
ရှေးအခါကတည်းက မိုးပြာရောင်မြို့နှင့် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်တို့သည် ပူးပေါင်းကာ မိုးပြာရောင်ပင်လယ်ကို အုပ်စိုးကြသည်ဟု ပြောစကားများရှိ၏။
သို့ပေမယ့် အခြေအနေအချို့တွင် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်များက ယွင်ထန်းမြို့သခင်၏ အမိန့်ကို နာခံကြရသည်။
ယွင်ထန်းမြို့၏ ရာထူးကြီးပုဂ္ဂိုလ်များနှင့် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်မှ စွမ်းအားကြီးသူများသာလျှင် သက်ဆိုင်ရာ သဘောတူညီမှုကို အသေးစိတ်သိရှိပေလိမ့်မည်။
ယွင်ထန်းမြို့ရှိ အင်အားစုများစွာတို့ အကြားတွင် ဝမ်ရှင်းသိုင်းပညာအကယ်ဒမီသည် တစ်ခုအပါအဝင်ဖြစ်၏။ ၎င်းသည် ရှုံးနိမ့်ပြီး ဒေသ၁၈ခုမှ ဆုတ်ခွာခဲ့ကတည်းက ယွင်ထန်းမြို့သို့ လာရောက်ကာ သိုင်းပညာအကယ်ဒမီကို တည်ဆောက်ခဲ့လေသည်။ နာမည်ကျော်ကြားသည့် သိုင်းသမားများစွာကို ပျိုးထောင်ခဲ့၏။