အခန်း (၆၃၄-၆၃၆)
Vol. 43 Ch. 634-636
အပိုင်း ၆၃၄ - မိုးပြာရောင်ဓားဘုရင်၊ ကျရှုံးသွားသော ပါရမီရှင်(၂)
ပြောစကားများအရ အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီ၏ ကျောင်းအုပ်သည် မြို့သခင်ဖူနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးရှိသည်ဟု ဆိုကြ၏။ ထို့ကြောင့် ထိုအကယ်ဒမီကို မြို့သခင်စံအိမ်အား နောက်ခံအဖြစ် ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပါသည်။
ယနေ့အချိန်၌ ယွင်ထန်းမြို့ရှိ အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီ၏ လွှမ်းမိုးမှုသည် အလွန်နက်ရှိုင်းလာခဲ့ပြီးဖြစ်၏။ မိုးပြာရောင်ပင်လယ် တစ်ခုလုံးအတွက်ပင် ဖြစ်သည်။
အကယ်ဒမီရှိ ကျောင်းသားများတွင် မိုးပြာရောင်ပင်လယ်၏ အပိုင်းအသီးသီးမှ ပါရမီရှင်လူငယ်များ ပါဝင်၏။ ယွင်ထန်းမြို့ရှိ အုပ်စိုးသူ မိသားစုကြီးများ၏ မျိုးဆက်အချို့လည်း အပါအဝင်ဖြစ်သည်။
အထူးသဖြင့် ဆုတ်ယုတ်နေသည့် တော်ဝင်မိသားစုကြီးများ၏ မျိုးဆက်များဖြစ်၏။ အကယ်ဒမီတွင် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်ဝင် ကျောင်းသားများလည်း ရှိသည်။ ထိုပင်လယ်စိတ်ဝိဉာဉ် မျိုးနွယ်များသည် သူတို့၏ လူငယ်မျိုးဆက်များကို အကယ်ဒမီသို့ ပို့ဆောင်ကာ ကျင့်ကြံမှုပြုခိုင်းခြင်းအား ပိုမိုနှစ်သက်လာခဲ့၏။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ယွင်ထန်းမြို့၌ ဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သည်။ ပထမဆုံးအနေနှင့် ကျိုးနိုင်ငံ၏ ချင်ဘုရင်မျိုးဆက်မှ မင်းသားသည် အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီသို့ လာရောက်ကျင့်ကြံမှု ပြုခဲ့၏။
ဒုတိယအနေနှင့် မြို့သခင်ဖူထန်းဟိုင်လည်း သားမက်တစ်ယောက်နှင့် မြေးတစ်ယောက်ကို မတော်တဆရရှိခဲ့လေသည်။
ပိုမိုယုတ္တိမဆန်လွန်းသည်မှာ သူ၏သားမက်သည် အတွင်းဘက်နယ်မြေမှ လာခြင်းဖြစ်သည်ဟု ဆိုကြ၏။ ဤသည်မှာ ယွင်ထန်းမြို့၏ ဖူမိသားစုအတွက် အံ့သြစရာကောင်းသည့် ရွေးချယ်မှု ဖြစ်သည်။
မြို့အတွင်းရှိ အဓိကအင်အားစုကြီးများအားလုံးမှာ အံ့သြနေကြ၏။ မြို့သခင်၏ သမီးဖြစ်သူကို သဘောကျနှစ်သက်ကြသည့် လူများလည်း လုံးဝကြောင်တောင်နေကြ၏။
ဖြစ်နိုင်သည်မှာ သူတို့သည် အတွင်းဘက်နယ်မြေမှလာသည့် လူတစ်ယောက်ထက် နိမ့်ကျနေကြသည်လား။ သူတို့နှလုံးသားထဲရှိ နတ်ဘုရားမသည် သူမကိုယ်သူမ အတွင်းဘက်နယ်မြေမှ လူတစ်ယောက်ဆီသို့ အပ်နှင်းခဲ့သည်လား။ သားတစ်ယောက်ပင် ရှိနေသည်လား။
ယွင်ထန်းမြို့ရှိ အဓိကအင်အားစုကြီးများ အကြားသို့ ထိုသတင်းပျံ့နှံ့သွားချိန်၌ လူများစွာတို့သည် မနေနိုင်ဘဲ အတိတ်ရှိ အဖြစ်အပျက်တို့ကို ပြန်ပြောင်းတွေးမိကြသည်။
မြို့သခင်၏သမီးသည် တစ်ချိန်က ဒေသ၁၈ခုသို့ လှည့်လည်ခဲ့ပြီး အကြောင်းအရင်းမှာ မုမိသားစုမှ ငရှုပ်သခင်လေး၏ ရှုတ်ပွေမှုကိစ္စများသည် မိုးပြာရောင်ပင်လယ်သို့ပင် ရောက်ရှိလာပြီး တိုင်ကြားမှုခံရခြင်းကြောင့် မြို့သခင်၏သမီးသည် မုချန်းလျိုကို လူယုတ်မာဟုသတ်မှတ်ကာ လိုက်လံသတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သူမသည် မုချန်းလျိုကို လမ်းတလျှောက် လိုက်လံသတ်ဖြတ်ခဲ့ပြီး အတွင်းဘက်နယ်မြေသို့ပင် ရောက်ခဲ့၏။
နှစ်ပေါင်းများစွာ ကြာပြီးမှသာလျှင် ယွင်ထန်းမြို့ဆီသို့ ပြန်ခဲ့သည်။
မုချန်းလျိုကို မည်ကဲ့သို့ အပြစ်ပေးခဲ့သည်ကိုတော့ မည်သူမှ နောက်ဆက်တွဲ သတင်းများကို ကြားခဲ့ရခြင်းမရှိပေ။ ထို့အပြင် မုချန်းလျိုသည် ပျောက်ကွယ်သွားသည့်ပုံပေါ်၏။
ခဏတာအတွင်း ယွင်ထန်းမြို့တွင် မြို့သခင်သမီးက မုမိသားစု၏ ငရှုပ်သခင်လေးကို သတ်ဖြတ်ခဲ့သည်ဟူသည့် သတင်းများပင် ထွက်ပေါ်လာခဲ့၏။
ထိုသို့ဆိုပါက သူမသည် အတွင်းဘက်နယ်မြေသို့ တစ်ကြိမ်သွားရောက်ပြီးနောက် သားတစ်ယောက် မွေးဖွားခဲ့သည်လား။
သူမကို ရည်ငန်နေသည့် လူအားလုံးတို့သည် မိုးကြိုးပစ်သကဲ့သို့ ခံစားလိုက်ရ၏။ မြို့သခင်သမီး၏ နှလုံးသားကို ရရှိခဲ့သည့် အတွင်းဘက်နယ်မြေမှ ထိုလူအား သွားရောက်ကြည့်ရှု့လိုခဲ့သည်။
ပြောကြသည်မှာ ရုတ်တရက် သားမက်နှင့် မြေးတစ်ယောက်ရှိသည်ဟူသည့် သတင်းကိုကြားရပြီးနောက် မြို့သခင်ဖူထန်းဟိုင်သည် သွေးအန်လုနီးပါး ဒေါသထွက်သွားခဲ့သည်ဟု ဆို၏။
သို့ပေမယ့် အရာအားလုံးမှာ ဖြစ်ပျက်ခဲ့ပြီးဖြစ်ရာ သူ့အနေနှင့် သည်းခံရုံသာ တတ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ကို သွားရောက်သတ်ဖြတ်လို့ မရပေ။
ထိုအပြင် သူ၏သားမက်သည် ကောင်းမွန်သည့် ပါရမီရှိပြီး လင်းနယ်မြေသို့ရောက်ရှိပြီး မကြာခင်၌ ကောင်းကင်လူသားငယ်အဆင့်သို့ ချိုးဖျက်ခဲ့၏။
အစပိုင်းတွင် ပြဿနာများကို ရှောင်ကြဉ်ရန် ထိုသားမက်သည် နှိမ့်ချစွာနေခဲ့သည်။ မြို့သခင်စံအိမ်၏ အပြင်ဘက်သို့ လှည့်လည်သွားလာတာ ရှားပါး၏။ ပြောကြသည်မှာ မြို့သခင်၏အမိန့်အတိုင်း အလွန်နာခံသည့်ပုံ ပေါ်သည်။
သို့ပေမယ့် ကောင်းကင်လူသားကြီးအဆင့်သို့ ချိုးဖျက်ပြီးနောက် သူသည် စတင်မောက်မာလာခဲ့၏။ ပထမဆုံးလုပ်ဆောင်သည့်အရာမှာ သူ၏ဇနီးအား အမြဲတမ်း ပိုးပန်းခဲ့သည့်လူများကို သွားရောက်ရိုက်နှက်ခြင်းဖြစ်သည်။
ထို့နောက် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ဝင်ရောက်ခါစရှိသေးသည့် သိုင်းသမားတစ်ယောက်ကို သွားရောက်စိန်ခေါ်သည်။ တစ်ဖက်လူကို အမှိုက်ဟုဆိုကာ လုံးဝ အထင်သေးမှုကို ပြသခဲ့၏။ တိုင်းတာ၍ မရနိုင်သည့် ဒေါသတို့ ထွက်ပေါ်လာစေသည်။
နောက်ဆုံးတွင် ကောင်းကင်လူသားကြီးအဆင့်ရှိ ထိုသားမက်သည် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ရှိ သိုင်းသမားကို အနိုင်ယူခဲ့၏။
ထိုအချိန်၌ အဓိကအင်အားစုကြီးများ အားလုံးတို့သည် မနေနိုင်ဘဲ ဒုတိယအကြိမ် ထပ်မံဂရုတစိုက် ပြန်လည်ကြည့်ရှု့လာကြ၏။
စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ပြီးနောက် ထိုသားမက်သည် ပိုမိုပိုမိုကပင် မောက်မာလာခဲ့၏။
လူတိုင်းကို အမှိုက်သဖွယ် ခေါင်းငုံ့ကြည့်ကာ သူ၏ဇနီးကို ကြံစည်နေသည်ဟု ယူဆရသည့် လူအားလုံးတို့ကို ရိုက်နှက်ခဲ့သည်။
ထို့အပြင် မြို့သခင်၏ မြေးဖြစ်သူကလည်း သူ၏စွမ်းအားကို တဖြည်းဖြည်း ပြသလာခဲ့၏။ ပါရမီရှင်များကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့သည်။
သို့ရာတွင် ယခုအချိန်၌ မြို့သခင်၏မြေးသည် ကျရှုံးသွားသည့် ပါရမီရှင်တစ်ယောက် ဖြစ်နေပြီဖြစ်၏။ အရင်တုန်းက အလွန်တောက်ပခဲ့ပေမယ့် ယခုအချိန်၌ အခြေအနေဆိုးရွားစွာ ရှိနေပါသည်။
ပြီးခဲ့တုန်းက သူအနိုင်ယူခဲ့သည့် လူများ၏ ဖိနှိပ့်ခြင်းကိုခံရကာ လှောင်ပြောင်မှုအောက်၌ နေထိုင်နေရ၏။ သူ၏ခွန်အားသည် လုံးဝ တိုးတက်ခြင်းမရှိဘဲ အမှိုက်များ၏ ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။
'ယာယီအောင်မြင်မှုရတာက ဘယ်တော့မှ ပါရမီရှင်လို့ မဆိုနိုင်ဘူး... အမှိုက်လည်း ဖြစ်နေနိုင်တယ်... ဥပမာ ဓားဘုရင်ရဲ့သားလိုပေါ့.."
ထိုစကားသည် ယွင်ထန်းမြို့၌ စတင်လှည့်လည်လာခဲ့ပြီး မကျေနပ်သူများ၏ ပါးစပ်ထဲ၌ တွင်တွင်ကျယ်ကျယ် သုံးနှုန်းလာခဲ့၏။
ဓားဘုရင် သားဖြစ်သူ၏ ထည်ဝါမှုတို့ ပျောက်ဆုံးသွားပေမယ့် ဓားဘုရင်ကိုယ်တိုင်မှာတော့ ပိုမိုပိုမိုကာပင် မောက်မာလာပြီး သူ၏အမည်ကို ထိန်းသိမ်းနိုင်ခဲ့သည်။ သူသည် တစ်ခါက ယောက္ခမဖြစ်သူကိုပင် တန်ပြန်ပြောဆိုပြီး အဆုံးသတ်တွင် ရိုက်နှက်ခံခဲ့ရ၏။
မြို့သခင်စံအိမ်ရှိ သေးငယ်သည့် ခြံဝန်းငယ်တစ်ခုအတွင်းတွင် လူငယ်တစ်ယောက်သည် ဓားတစ်ချောင်းကို ပေါင်နှစ်ဖက်ပေါ်တွင်တင်ရင်း ခြံဝန်းငယ်အတွင်းရှိ ရေကန်ပေါ်၌ တင်ပျဉ်ခွေထိုင်နေ၏။
သူ၏ပတ်ဝန်းကျင်တွင် ဓားဆန္ဒက ရစ်ဝဲနေကာ လှိုင်းကဲ့သို့ အသံများကို ထွက်ပေါ်စေသည်။
"ဖုန်းအာကို နင်ဘယ်လိုသိုင်းပညာမျိုး ကျင့်ခိုင်းထားတာလဲ... အခုတော့ ဒီအဆင့်မှာပဲ ရပ်နေပြီ.."
ခြံဝန်း၏အဝတွင် လှပသည့် အမျိုးသမီးတစ်ယောက်သည် လက်တစ်ဖက်ကို ရှဲ့ထန်းဟန်၏ ခါးပေါ်တွင်တင်ထားရင်းက အလိုမကျစွာပြော၏။ သူမသည် ဖူထန်းဟိုင်၏ သမီးဖြစ်သူ ဖူယွင်ဖြစ်သည်။
ရှဲ့ထန်းဟန်က ပြုံး၏။
"အဲ့ဒါက သူ့ဘာသာရွေးချယ်ခဲ့တာ... နောက်ပြီး ဒီအဆင့်မှာ ရပ်တန့်နေတာကလည်း နောက်ဆက်တွဲ ကျင့်စဉ်မရှိလို့ပဲ။ ဒါက ပြဿနာသေးလေးပါ။ အချိန်အချို့ရရင် ဒေသ၁၈ခုကိုသွားပြီး ကျင့်စဉ်ကို ပြန်ယူလာပေးလို့ရတယ်.."
"ရှင်ပြောတဲ့ သဟွသိုင်းပညာက တကယ်ပဲ စွမ်းအားကြီးလို့လား... အဲ့ဒါဆို ဘာလို့ နောက်ဆက်တွဲကျင့်စဉ်တွေကို တစ်ခါတည်း မမှတ်သားခဲ့တာလဲ.."
ဖူယွင်က မကျေမနပ် ဖြစ်နေဆဲရှိ၏။
"အရမ်းကြီးမှတ်သားထားရင် လေ့လာဖို့အတွက် ပိုပြီးတော့ ခက်ခဲနေမှာ.."
ရှဲ့ထန်းဟန်က အကူအညီမဲ့စွာ ပြောသည်။
"စိတ်မပူပါနဲ့... ရက်အနည်းငယ်ကျရင် ငါဒေသ၁၈ခုကိုသွားမှာ... ဖုန်းအာ.. အခု အဆင့်မချိုးဖျက်သေးပေမယ့် သူ့ရဲ့ဓားပညာက ပိုပိုပြီးတော့ ကျစ်လစ်လာတယ်... ဓားတာအိုကို နားလည်မှုကလည်း နက်ရှိုင်းလာတယ်။ သူသာအဆင့်ချိုးဖျက်ပြီးရင် ခွန်အားက သေချာပေါက် အများကြီးမြင့်တက်လာမှာ.."
ဖူယွင်က သက်ပြင်းချစွာ ပြော၏။
"ငါအခုမှနားလည်လာခဲ့တယ်... အတွင်းဘက်နယ်မြေမှာတုန်းကလည်း နင်လှည့်ဖျားတာကို ခံခဲ့ရတာဖြစ်မယ်... အဲ့တုန်းက အရမ်းလည်းငယ်ခဲ့တာကို.."
ရှဲ့ထန်းဟန်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီးပြော၏။
"မိန်းမ... ငါမင်းကို ဘာမှမလှည့်ဖျားဘူး... ကတိပေးခဲ့တာအားလုံးကို အောင်မြင်အောင် လုပ်ခဲ့တာပဲ မဟုတ်ဘူးလား... အခုဆိုရင် မိုးပြာရောင်ပင်လယ်မှာ ဓားတာအိုနဲ့ပတ်သက်ရင် ငါကအထွတ်အထိပ်ပဲ.."
"ဟန့်... ရှင် ဒီမိုးပြာရောင်ပင်လယ်မှာပဲ လာပြီးတော့ ကြွားလုံးထုတ်နေလိုက်... ကျွန်မကြားတာတော့ ဒေသ၁၈ခုမှာ ဓားနတ်ဘုရားဆိုတဲ့လူတစ်ဦး ပေါ်ပေါက်လာတယ်တဲ့။ အသက်၂၀ပဲရှိသေးပေမယ့် လင်းနယ်မြေရဲ့ ပါရမီရှင်တွေအားလုံးကို နင်းချေနိုင်တယ်.."
"အဲ့ဒီ့အပြင်... သူက သိုင်းတစ်ထောင်ခန်းမရဲ့ တံခါးဝမှာ ပိတ်ပြီးတော့ စိန်ခေါ်မှုပြုခဲ့တယ်တဲ့... သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေကို သတ်ဖြတ်ပြီး အဆင့်လွန်ပုဂ္ဂိုလ်တွေရဲ့ရှေ့ကနေ ဒီဗိုင်းကိရိယာကိုတောင် လုယူသွားခဲ့တယ်... သူ့ကို ဘယ်သူတားနိုင်မှာလဲ.."
ဖူယွင်က မျက်စံလှည့်ကာ ပြော၏။
ရှဲ့ထန်းဟန်က အံ့ဩသွားပြီး မေးသည်။
"ဒေသ၁၈ခုမှာ ဒီလောက်ရဲရင့်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခဲ့တာလား... သူ့ရဲ့နာမည်က ဘာလဲ.."
သူသည် စိတ်ထဲတွင် သံသယအချို့ မြင့်တက်လာခဲ့၏။
"ရွှီယန်များလား.."
အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ တံခါးဝတွင် တစ်ခါတည်း ပိတ်ဆို့ရဲလေသည်။ ထိုကဲ့သို့သော အပြုအမူမျိုး... ထို့အပြင် ဓားနတ်ဘုရားဟူသည့် အမည်နာမ... ထိုအရာအားလုံးတို့သည် သူ၏စိတ်ထဲတွင် ရွှီယန်ကို ပထမဆုံး ပေါ်ပေါက်လာစေ၏။
"ရွှီယန်... ဓားနတ်ဘုရားရွှီယန်လို့ ခေါ်တယ်... သူကဒေသ၁၈ခုမှာ နာမည်ကျော်ကြားတယ်.."
ဖူယွင်က ပြော၏။
"ထင်ထားတဲ့အတိုင်းပဲ.."
ရှဲ့ထန်းဟန်က နှလုံးသားထဲတွင် စဉ်းစားသည်။ ရွှီယန်သည် တကယ့်ကို ထင်ထားသည့်အတိုင်းပင်။ ဆရာကြီး၏တပည့် ပီသလှ၏။ သူ့တွင်တော့ ခရီးအရှည်ကြီး ကျန်ရစ်သေးသည်။
'ပန်းတိုင်ငယ်တစ်ခုကို အရင်သတ်မှတ်တာပေါ့... ယောက္ခမကြီးကို အနိုင်ယူပြီးရင် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတော့ဘူး..'
ရှဲ့ထန်းဟန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
"ဒေသ၁၈ခုတို့မှာ အခြားဘာသတင်းတွေရော ကြားရသေးလဲ... ဥပမာအားဖြင့် ဆေဘာအရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တာတို့ ဆေးပညာအရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တာမျိုးတို့... အဲ့လိုလူတွေ ပေါ်လာသေးလား..."
ရှဲ့ထန်းဟန်က မေး၏။
ဖူယွင်က သူ့ကို ပဟေဠိဖြစ်စွာကြည့်ပြီး မေးသည်။
"အဲ့အကြောင်းတွေ ရှင်သိပြီးပြီမဟုတ်ဘူးလား.."
"ဘယ်လိုလုပ်သိမှာလဲ... ငါခွေးကောင်တွေနဲ့ စာရင်းသွားရှင်းနေတာနဲ့ ဘာအကြောင်းမှကို မစုံစမ်းရသေးဘူး.."
ရှဲ့ထန်းဟန်က ခေါင်းကိုရမ်းသည်။
"ဆေဘာအရှင်သခင် မုန့်ချုံလို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်... သူကလည်း အရမ်းကို စွမ်းအားကြီးတယ်... ရွှီယန်ထက် အနည်းငယ်ပဲ နိမ့်ကျတာ။ ပြီးတော့ ချန်ချင်းစံအိမ်ဆိုတာလည်း ပေါ်လာခဲ့တယ်... သူတို့ရဲ့ ဆေးနတ်သမီးက သေတဲ့လူကို ပြန်ရှင်အောင်လုပ်ပြီး သူမ ဒန်ဆေးလုံးတွေရဲ့ အာနိသင်က အရမ်းကိုအံ့ဖွယ်ကောင်းတယ်လို့ ဆိုကြတယ်.."
"ပြီးတော့ အခြေခံပျက်စီးထားတဲ့ လူတွေကိုတောင်မှ အလွယ်တကူ ကုသပြီး ပြန်ကောင်းအောင်လုပ်နိုင်တယ်... စိတ်ဝိဉာဉ်ခန္ဓာပြိုလဲတာတွေ.. ပြီးတော့ အခြားဒဏ်ရာကြီးတွေရောပဲ.."
"အဲ့ဒီ့ကောလဟာလတွေက တကယ့်ကို ယုံကြည်နိုင်စရာမရှိဘူး... ကျွန်မ ဒေသ၁၈ခုကိုသွားပြီး ကိုယ့်ဘာသာ သွားကြည့်ဖို့ စဉ်းစားထားတယ်.."
ဖူယွင်က ဒေသ၁၈ခုရှိ သတင်းများကို မယုံကြည်နိုင်သည့် မျက်နှာဖြင့် ရှင်းပြ၏။
ရှဲ့ထန်းဟန်က ခေါင်းငြိမ့်သည်။
ထိုအရာအားလုံးတို့သည် သူစိတ်ကူးထားသည့် အတိုင်းအတာအတွင်း၌သာ ရှိ၏။ သူသည် မိုးပြာရောင်ပင်လယ်ရှိ ယွင်ထန်းမြို့၌ ကိုယ့်ကိုယ်ကိုယ် နာမည်တစ်ခု တည်ဆောက်ပြီးဖြစ်ရာ ရွှီယန်နှင့် မုန့်ချုံတို့သည် ဘယ်လိုလုပ်ပြီး အားနည်းစွာ ကျန်ရစ်ခဲ့မည်နည်း။
အဲ့ဒီ့အစား ပိုမိုကာပင် စွမ်းအားကြီးနေပေလိမ့်မည်။
သူသည် ဓားဆန္ဒကို ကျင့်ကြံနေသည့် ရှဲ့လင်ဖုန်းကိုကြည့်၏။ မနေနိုင်ဘဲ အကူအညီမဲ့စွာ ခံစားလိုက်ရသည်။ သူ၏သားဖြစ်သူသည် တိုးတက်မှု၌ နောက်ကောက်ကျ ကျန်ရစ်ခဲ့ပုံ ပေါ်၏။
"ရက်အနည်းငယ်အတွင်းမှာ... ငါဖုန်းအာကိုခေါ်ပြီး ဒေသ၁၈ခုဆီကို ခရီးတစ်ထောက်ထွက်ဦးမယ်.."
ရှဲ့ထန်းဟန်က ခဏတာစဉ်းစားပြီးနောက် ပြောသည်။
"ဖုန်းအာရဲ့ ကျင့်စဉ်အတွက်လား.."
ဖူယွင်က မေး၏။ ရှဲ့ထန်းဟန်က ခေါင်းငြိမ့်သည်။
"ပါရမီရှင်တွေအကြား တိုက်ပွဲတွေ ဆင်နွှဲနေတယ်မလား... ဖုန်းအာ ဒေသ၁၈ခုကို သွားတဲ့အခါ ပါဝင်ဆင်နွှဲခွင့် ရအောင်လုပ်ရမယ်။ မဟုတ်ရင် သူ့ရဲ့လက်ရှိခွန်အားနဲ့ နောက်ဆုံးတိုက်ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူး.."
ဖူယွင်က သက်ပြင်းချသည်။
"ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲအတွက် ရည်မှန်းနေတယ်ဆိုရင် အရမ်းနောက်ကျသွားမှာစိုးရတယ်... ရှင်လည်းသိတာပဲ... နောက်ဆုံးတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လူတွေရဲ့ခွန်အားက အနည်းဆုံး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီတစ်မျှင်ကို စုစည်းထားကြမှာ.."
"အဲ့လိုလည်း အတိအကျ ဘယ်ပြောနိုင်မလဲ.."
ရှဲ့ထန်းဟန်က ရယ်၏။
"ရှင်ဘယ်နေရာကနေ ယုံကြည်ချက်တွေ ရလာတာလဲ... ရှင်ကိုယ်တိုင်တောင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီတစ်မျှင်ကို စုစည်းထားတဲ့ သိုင်းသမားနဲ့ နှိုင်းယှဉ်နိုင်ရုံပဲရှိတာ... ဖုန်းအာဆိုရင် ပိုတောင်မှ အလှမ်းဝေးသေးတယ်။ ပြီးတော့ ပါရမီရှင်တွေအကြား နောက်ဆုံးတိုက်ပွဲက သုံးနှစ်တောင် မကြာတော့ဘူး။ ဖုန်းအာက နောက်ဆက်တွဲကျင့်စဉ်ကို ရလာရင်တောင် နှစ်နှစ်အတွင်းမှာ အသန်မာဆုံးပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်နိုင်မှာလား.."
ဖူယွင်က မျက်မှောင်ကျုံ့စွာ မေးခွန်းထုတ်၏။
"အဲ့ဒါကြောင့်မို့လို့ပဲ ဒေသ၁၈ခုကို သွားရမှာပေါ့... အဲ့မှာအခွင့်အရေးရှိတယ်.."
ရှဲ့ထန်းဟန်က အပြုံးတစ်ခုဖြင့် ပြောသည်။
ဒေသ၁၈ခုကို သွားရောက်ပြီးနောက် ဒန်ဆေးလုံးများ၏ အကူအညီနှင့် ညွှန်ကြားချက်တို့ကို လက်ခံရရှိပါက နှစ်နှစ်က လုံလောက်ပါသည်။
ထိုအချိန်၌ အိမ်တော်ထိန်းတစ်ယောက်က အလျှင်အမြန်ရောက်ရှိလာခဲ့၏။
"ဘာကိစ္စလဲ... ဖုန်းအာကို တစ်ယောက်ယောက်လာပြီးစိန်ခေါ်လို့လား... လက်မခံဘူးလို့ ပြောလိုက်.."
ဖူယွင်၏မျက်နှာက အိမ်တော်ထိန်းကို တွေ့လိုက်ရသည်နှင့် မဲမှောင်သွား၏။
"သခင်မလေး... မြို့သခင်စံအိမ်ရဲ့ အပြင်ဘက်မှာ ရွှီယန်ဆိုတဲ့လူတစ်ယောက် ရောက်နေပါတယ်... သခင်လေးရဲ့ မိတ်ဆွေဟောင်းလို့ပြောတယ်.."
အိမ်တော်ထိန်းက သတင်းပို့သည်။
အပိုင်း ၆၃၅ - စည်းမျဉ်းအတိုင်း ဘယ်တော့မှ မလိုက်သည့်ရွှီယန်
"ဟားဟားဟားဟား... ငါရှဲ့လင်ဖုန်း မြင့်တက်ရမယ့်အချိန် ရောက်လာခဲ့ပြီ.."
ဓားဆန္ဒကို ပျိုးထောင်မှုအလယ်၌ ရှိနေသည့် ရှဲ့လင်ဖုန်းက အိမ်တော်ထိန်း၏ စကားကို ကြားရပြီးနောက် ရုတ်တရက် အားပါးတရ ရယ်၏။
"ညီလေးရွှီ... ငါ့ကိုလာရှာခဲ့ပြီ.."
သူသည် လေထဲသို့ မြင့်တက်သွားပြီး မြို့သခင်စံအိမ်၏ အပြင်ဘက်သို့ ထွက်ခွာသွားသည်။
ရှဲ့ထန်းဟန်က ရပ်တန့်နေ၏။ ရွှီယန်သည် ရောက်ရှိလာခဲ့သည်လား။ ဆိုလိုသည်မှာ သူ့အနေနှင့် ဒေသ၁၈ခုသို့ သွားရောက်ရန် မလိုအပ်တော့ပေဘူးလား။
"ရွှီယန်... ဖြစ်နိုင်တာက ဒေသ၁၈ခုက ရွှီယန်များလား.."
ဖူယွင်၏မျက်နှာက အံ့သြသွား၏။ ပြီးနောက် ရှဲ့ထန်းဟန်ကို ကြည့်သည်။
"ရှင်နဲ့ရှင့်သား ရွှီယန်ကိုသိတာလား.."
ရှဲ့ထန်းဟန်က ခေါင်းငြိမ့်သည်။
"လင်ဖုန်းကျင့်ကြံတဲ့ ဓားတာအိုကို ရွှီယန်က သင်ပေးထားတာ... ငါ့ရဲ့ ဓားတာအိုကလည်း သူတို့နဲ့ အခြေခံတူတယ်... ပြီးတော့ လင်ဖုန်းကျင့်ကြံတဲ့ ကျင့်စဉ်က ရွှီယန်အတိုင်းပဲ.."
ယွင်ထန်းမြို့၏ မြို့သခင်စံအိမ် အပြင်ဘက်တွင်ရပ်ကာ ရွှီယန်သည် မနေနိုင်ဘဲ ရှဲ့ထန်းဟန်၏ အောင်မြင်မှုနှင့်ပတ်သက်ပြီး လေးစားစွာ ခံစားလိုက်ရသည်။ ရှဲ့လင်ဖုန်း၏မိခင်ကို မည်ကဲ့သို့ လက်ထပ်ယူနိုင်ခဲ့သနည်းဟု အံ့သြနေမိ၏။
လင်းနယ်မြေ၏ မိုးပြာရောင်ပင်လယ် ယွင်ထန်းမြို့ မြို့သခင်အိမ်တော်မှ သခင်မလေးသည် အတွင်းဘက်နယ်မြေမှ သိုင်းသမားတစ်ယောက်ကို လက်ထပ်ခဲ့သည်ဟူသည်မှာ လုံးဝ မယုံကြည်နိုင်စရာကောင်းလှ၏။
ရွှီယန်သည် ယွင်ထန်းမြို့သို့ ရောက်ရှိပြီးနောက် မိုးပြာရောင်ပင်လယ် ဓားဘုရင်၏ တည်နေရာကို လိုက်လံမေးစမ်းခဲ့၏။ မြို့သခင်အိမ်တော်တွင် ရှိသည်ဟု သိရလေသည်။
ထိုလူများသည် ဓားဘုရင်အပေါ် နှစ်မြို့ခြင်း မရှိကြပဲ မိုးပြာရောင်ပင်လယ်၏ ဓားလောကတွင် ထိပ်တန်း၌ရှိပေမယ့် ဇနီးဖြစ်သူ၏ ထောက်ပံ့မှုနှင့် နေထိုင်နေသည်ဟု အပြင်ပန်းတွေ ရှုံ့ချချင်ကြ၏။ သို့ပေမယ့် မျက်လုံးများထဲ၌ မနာလိုမှုကို မြင်တွေ့နိုင်ပါသည်။
ယွင်ထန်းမြို့၏ မြို့သခင်စံအိမ်သို့ ရောက်ရှိပြီးနောက် ရွှီယန်သည် ကြီးမားသည့်မြို့ကြီး၏ သင်္ကေတအဖြစ် ထည်ဝါလှသည့် စံအိမ်ကြီးကို ချီးကျူးလိုက်မိသည်။ ဤသည်မှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် နှိုင်းယှဉ်နိုင်သည့် အိမ်တော်တစ်ခု ပီသလှပါသည်။
သူ၏ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် ရွှီယန် ခဏတာ စောင့်စားနေလိုက်၏။ မကြာခင် ပုံရိပ်တစ်ခု ပျံသန်းလာခဲ့သည်။ ဤသည်မှာတော့ မတွေ့ရတာကြာပြီဖြစ်သည့် ရှဲ့လင်ဖုန်းဖြစ်၏။
"ညီလေးရွှီ.."
ရှဲ့လင်ဖုန်း၏ မျက်လုံးများထဲ၌ မျက်ရည်များ ဆို့လာခဲ့သည်။ သူသည် နောက်ဆုံးတွင် ဆက်လက်ကျင့်ကြံမှု ပြုနိုင်ပေတော့မည်။
တစ်ချိန်က ခေါင်းကိုမော့ ရင်ကိုကော့ကာ ပြိုင်ဘက်များကို အနိုင်ယူခဲ့သည့် ရှဲ့လင်ဖုန်း ပြန်လာနိုင်ပေတော့မည်။
"အစ်ကိုရှဲ့... မတွေ့တာကြာပြီ.."
ရွှီယန်က ပြုံး၏။
"အမှန်ပဲ... နှစ်တွေတောင် တော်တော်ကြာသွားပြီ... ငါမင်းကို လွမ်းနေတာ.."
ရှဲ့လင်ဖုန်း၏ စကားလုံးများက လွမ်းဆွတ်မှုတို့ဖြင့် ပြည့်နက်နေ၏။
"ညီလေးရွှီ... ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာမဟုတ်ဘူး။ အတွင်းကို သွားရအောင်.."
"ကောင်းတာပေါ့.."
ရွှီယန်က ခေါင်းငြိမ့်သည်။ သူ့ကို ရှဲ့လင်ဖုန်းက မြို့သခင်စံအိမ်အတွင်းသို့ ခေါ်သွားတော့မည့် အချိန်၌ လှောင်ပြောင်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
"အိုး... ကြည့်လိုက်ဦး... ဒါက ဓားဘုရင်ရဲ့သား ရှဲ့လင်ဖုန်းမလား... တစ်ချိန်က ဓားပညာလောကရဲ့ ပါရမီရှင်တစ်ယောက်လေ... ဒီနေ့မှာ အပြင်တွေဘာတွေ ထွက်ရဲနေပါလား.."
တစ်ချိန်ကဟူသည့် နေရာ၌ ထိုလူ၏အသံမှာ ပိုမိုကျယ်လောင်နေ၏။
ရှဲ့လင်ဖုန်း၏မျက်နှာက မဲမှောင်သွားသည်။ ရွှီယန်မှာတော့ ခေါင်းလှည့်ကြည့်ရန်ပင် စိတ်ဝင်စားခြင်းမရှိပေ။ လက်တစ်ဖက်ကိုသာ နောက်သို့ ဝှေ့ရမ်းလိုက်၏။
"ငါ့ရဲ့နားမှာ ယင်ကောင်တွေ လာအော်နေတာကို အမုန်းဆုံးပဲ.."
"ဘုန်း.."
လှောင်ပြောင်ခဲ့သည်လူမှာ နောက်သို့လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျ၏။ သူ၏မျက်နှာက ချက်ချင်းပင် ယောင်ကိုင်းသွားသည်။
"အစ်ကိုရှဲ့... သွားရအောင်.."
ရွှီယန်က အသာပြောပြီးနောက် ဒီကိစ္စကို ယင်ကောင်တစ်ကောင်အား မောင်းထုတ်လိုက်သည့်နှယ် ဂရုမစိုက်တော့ပေ။
ရှဲ့လင်ဖုန်းမှာ ခဏတာ မှင်သက်သွား၏။ ထို့နောက် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပြည့်နက်လာခဲ့သည်။ ဤသည်မှာ ရွှီယန်၏ နည်းလမ်းဖြစ်၏။
"ကျေးဇူးပြုပြီး.."
သူသည် ရွှီယန်ကို မြို့သခင်စံအိမ်အတွင်းသို့ ခေါ်ဆောင်သွား၏။ ပြီးနောက် နေရခက်စွာပြောသည်။
"ခုနကကိစ္စအတွက် တောင်းပန်ပါတယ် ညီလေးရွှီ... အဲ့ဒီ့ကောင်က ယွင်ထန်းမြို့မှာ နောက်ခံတော်တော်လေးကောင်းတယ်။ တစ်ချိန်က ငါအနိုင်ယူတာကို ခံခဲ့ရပြီး အခုအချိန်မှာ ပြန်ပြီး စွမ်းအားကြီးနေပြီဆိုတော့ အတင်းလိုက်ပြီး လှောင်ချင်နေတာ.."
"စိတ်မပူပါနဲ့ အစ်ကိုရှဲ့... မကြာခင်မှာ ဒီကောင့်ကို သူ့နေရာကိုသူ ပြန်ပို့ပေးနိုင်တော့မှာပါ.."
ရွှီယန်က အသာပြုံးသည်။
ရှဲ့လင်ဖုန်းသည် မြို့သခင်၏မြေးဖြစ်လင့်ကစား လှောင်ပြောင်သရော်ခြင်းကို ခံနေရ၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် တောက်ပသည့်ကြယ်တစ်ခု ကြွေကြသည့်အခါ မည်ကဲ့သို့ နိမ့်ပါးသွားနိုင်သည်ကို ပြသနေပါသည်။
"ယွင်ထန်းမြို့မှာ... လူကြီးပိုင်းမျိုးဆက်တွေက လူငယ်မျိုးဆက်တွေရဲ့ ပဋိပက္ခတွေအကြားမှာ ဝင်ပါလေ့မရှိဘူး... မြို့သခင်စံအိမ်လည်း အတူတူပဲ... အထူးသဖြင့် အဓိကအင်အားစုတွေ အကြားမှာ သေခြင်းရှင်ခြင်းအခြေအနေ မပေါ်ပေါက်သရွေ့ အကြီးအကဲတွေ ဝင်မပါကြရဘူး.."
ရှဲ့လင်ဖုန်းက ခါးသက်သည့်အပြုံးဖြင့် ရှင်းပြသည်။
သူတစ်ချိန်က အနိုင်ယူခဲ့သည့် လူများ၏ ရိုက်နှက်ခြင်းကို မခံရစေရန် သူသည် မြို့သခင်စံအိမ်မှ မထွက်ခွာခဲ့တာ အချိန်ခဏကြာခဲ့ပြီ ဖြစ်၏။
ဓားဘုရင်၏သားဖြစ်ကာ မြို့သခင်၏ မြေးလည်းဖြစ်ရာ ရှုံးနိမ့်သည်နှင့် သူသည် စံအိမ်အပေါ် အရှက်ရမှုကို သယ်ဆောင်လာမှာ ဖြစ်၏။ စံအိမ်ရှိ မည်သူကမှ သူ့အတွက် သွားရောက်လက်စားချေပေးမည် မဟုတ်ပေ။
"ရှဲ့လင်ဖုန်း... မင်းက မြို့သခင်ရဲ့ မြေးတစ်ယောက်ဖြစ်ပြီး လူစိမ်းကို ငါ့ကို တိုက်ခိုက်ခွင့်ပြုထားတယ်ပေါ့... တော်တော်မောက်မာနေပါလား... ငါမင်းကို မျက်နှာချင်းဆိုင်ပြီး စိန်ခေါ်တယ်.."
"ဒီကောင့်ကို ငါ့ဆီကို လက်လွှဲပေးစမ်း... မြို့သခင်စံအိမ်ရဲ့ရှေ့မှာ ပါရမီရှင်တစ်ယောက်ကို တိုက်ခိုက်ရဲတယ်။ ဒါက ဘယ်လိုအပြစ်မျိုးကို ခံယူသင့်လဲ... ကျွန်တော် မြို့သခင်စံအိမ်ကို ဒီတိုက်ခိုက်သူကို ဖမ်းဆီးပေးဖို့အတွက် တောင်းဆိုတယ်.."
မြို့သခင်စံအိမ်၏ အပြင်ဘက်တွင် ဒေါသတကြီးအော်သံတို့ ထွက်ပေါ်လာ၏။ ဤသည်က ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
ရွှီယန်က ရပ်တန့်သွား၏။
"ညီလေးရွှီ... သူ့ကိုဂရုစိုက်မနေနဲ့... ငါ့အမေ ဒီကိစ္စကိုကိုင်တွယ်လိမ့်မယ်.."
ရှဲ့လင်ဖုန်းက အကူအညီမဲ့စွာ ပြောသည်။
"ဒီလိုကိစ္စမျိုးကို ငါဘာသာငါ ရှင်းလို့ရပါတယ်... အခြားလူတွေကို မနှောင့်ယှက်တော့ဘူး.."
ရွှီယန်က အသာပြောကာ နောက်သို့လှည့်ပြီး ပြန်လျှောက်လာခဲ့၏။
ရှဲ့လင်ဖုန်း၏ မျက်နှာက တွန့်ကွေးသွားသည်။ နောက်မှအမြန်လိုက်၏။ ခေါင်းရှုပ်နေသည့်မျက်နှာဖြင့် သူ၏မိဘများဘက်သို့ လှည့်ကြည့်သည်။ သူတို့သည် အဘယ်ကြောင့် ရှေ့သို့ ထွက်မလာရသေးသနည်း။ ရွှီယန်၏အကြောင်းကို သိရှိထားရာ အခြေအနေတို့ ပိုမိုဆိုးရွားလာစေမှာ သေချာပါသည်။
"...ဗိုလ်မှူး...မြို့သခင်စံအိမ်ရဲ့ရှေ့မှာ လူတစ်ယောက်လာပြီးတော့ ပြဿနာရှာနေတယ်... ဒါက ယွင်ထန်းမိုးပြာရောင်ပင်လယ်မြို့ကို တိုက်ရိုက်စိန်ခေါ်တာပဲ... ကျွန်တော်တို့တွေ ဗိုလ်မှူးကို တရားမျှတမှု ရှာပေးဖို့ တောင်းဆိုပါတယ်.."
"ဟုတ်ပါတယ်... ကျွန်တော်တို့ ဗိုလ်မှူးကို တရားမျှတမှုရှာပေးဖို့ တောင်းဆိုပါတယ်.."
မြို့သခင်စံအိမ်၏ အပြင်ဘက်တွင် လူအုပ်တစ်ခု စုစည်းလာခဲ့၏။ အားလုံးတို့သည် ပြီးခဲ့တုန်းက ရှဲ့လင်ဖုန်း၏ အနိုင်ယူမှုကို ခံထားရသူများ သို့မဟုတ် ရှဲ့ထန်းဟန်နှင့် ရန်ငြိုးရှိသူများ ဖြစ်ကြသည်။ ဒီအခွင့်အရေးကိုယူကာ ဖိအားအချို့အား ပေးလို၏။
"မင်းက ငါ့ကိုရှာနေတာလား.."
ရွှီယန်က မြို့သခင်စံအိမ်မှ လျှောက်ထွက်လာခဲ့သည်။
မြို့သခင်စံအိမ်၏အပြင်ဘက်တွင် လူအုပ်သည် စည်ကားသိုက်မြိုက်လာခဲ့၏။ အများစုတို့မှာ ပွဲကြည့်ရန်သာ ဖြစ်သည်။
ပြီးခဲ့တုန်းက ရိုက်နှက်ခံခဲ့ရသည့် ပါရမီရှင်က လက်ရှိအချိန်၌ ယောင်ကိုင်းနေသည့်မျက်နှာဖြင့် ရွှီယန်ကို လက်ညှိုးထိုး၏။
"သူပဲ... ဒီကောင်မြို့သခင်စံအိမ်ရှေ့မှာ ရမ်းကားတိုက်ခိုက်ခဲ့တာ... ဗိုလ်မှူးကို တရားမျှတမှု ရှာပေးဖို့ ကျွန်တော်တောင်းဆိုတယ်.."
"ဖြန်း.."
သူ၏စကားမဆုံးခင်တွင် နောက်ထပ် ပါးတစ်ဖက်ဆီသို့ ပြင်းထန်သည့် ရိုက်ချက်တစ်ခု ကျရောက်လာခဲ့၏။ သူ၏ဦးခေါင်းပင်လျှင် ဘေးသို့ လိမ်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ နေရာတွင်ရပ်ကာ ကြောင်တောင်သွား၏။
လူအုပ်လည်း မှင်သက်သွားခဲ့သည်။ ဒီကြမ်းတမ်းလှသည့်လူသည် ဗိုလ်မှူး၏ရှေ့တွင် တစ်ယောက်ယောက်ကို ရိုက်နှက်ရဲသည်လား။ မည်သူဖြစ်သနည်း။
李 和轩:
အပိုင်း ၆၃၆ - စည်းမျဉ်းအတိုင်း ဘယ်တော့မှမလိုက်သည့်ရွှီယန်(၂)
"မင်း... မောက်မာလွန်းသွားပြီ.."
ထိုပါရမီရှင်သည် မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ခေါင်းတစ်ခုလုံး ဖောင်းကားလာသည်ဟု ခံစားလိုက်ရ၏။
"ဒီမှာမကျေနပ်တဲ့သူ ဘယ်သူရှိလဲ... ရှေ့တက်ခဲ့ကြ.."
ရွှီယန်က လူအုပ်ကိုကြည့်ကာ အေးစက်စွာ ပြောသည်။
မြို့သခင်အိမ်တော်၏ အပြင်ဘက် နေရာတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့၏။ ဤသည်မှာ မောက်မာလွန်းလှသည်။ ယွင်ထန်းမြို့တွင် ယခုမျှသော ရဲတင်းသည့် လူတစ်ယောက်ကို ဘယ်တုန်းကမှ ကြားဖူးခြင်း မရှိပေ။ မည်သူက မြို့သခင်အိမ်တော်၏ရှေ့တွင် ရမ်းကာရဲခဲ့ဖူးလို့နည်း။
"ဗိုလ်မှူး... မြို့သခင်အိမ်တော်ရဲ့ စည်ကမ်းဥပဒေတွေကို ထိန်းသိမ်းဖို့ တာဝန်ရှိသူတစ်ယောက် အနေနဲ့ ဘာလို့ဒီရမ်းကားတဲ့ကောင်ကို မဖမ်းရတာလဲ... ဒီအတိုင်းဆို ကျွန်တော်တို့ ယွင်ထန်းမြို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်နေရာမှာ သွားထားရတော့မှာလဲ.."
ရိုက်နှက်ခံရသည့်လူ၏ အကြီးအကဲက အလိုမကျစွာပြော၏။
မြို့သခင်အိမ်တော်၏ ဗိုလ်မှူးမှာ အကူအညီမဲ့စွာ ရှိနေပါသည်။ ဒီလူငယ်သည် အဘယ်ကြောင့် အလွန်ရဲတင်းရသနည်း။ သူသည် လူတစ်ယောက်ကို လူအများ၏ရှေ့တွင် ရိုက်နှက်ခဲ့ရုံမက ယခုမျှ မောက်မာသည့် စကားများကိုလည်း ပြောဆိုရဲလေသည်။
ထိုကောင်လေး ရှဲ့လင်ဖုန်းနှင့် ရင်းနှီးမှုကို မြင်တွေ့ခဲ့ရသောကြောင့်သာ မဟုတ်ပါက ဆုံးမပေးလိုက်တာ ကြာပြီဖြစ်သည်။ သို့ရာတွင် လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် ရွေးချယ်စရာမရှိဘဲ ဝင်ပါရန် လိုအပ်လာခဲ့၏။
တစ်ဖက်လူကို မည်ကဲ့သို့ အပြစ်ပေးရန်မှာတော့ မြို့သခင်ကိုယ်တိုင် ဆုံးဖြတ်ပေးလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စသည် မြို့သခင်၏မြေးဖြစ်သူနှင့် ပါဝင်ပတ်သက်နေ၏။
"ယွင်ထန်းမြို့ရဲ့ စည်းမျဉ်းတွေအရ... မြို့သခင်အိမ်တော်ရှေ့မှာ ဘယ်သူမဆို တိုက်ခိုက်ခွင့် မရှိဘူး။ တိုက်ခိုက်တာ သို့မဟုတ် အခြားလူကို ထိခိုက်တာမျိုး လုပ်တယ်ဆိုရင် စည်းမျဉ်းကို ချိုးဖောက်တာပဲ... မင်းငါနဲ့လိုက်ခဲ့.."
ဗိုလ်မှူးက ရှေ့သို့တက်ကာ မှန်ကန်မှုအပြည့်ဖြင့် ပြော၏။
ရွှီယန်က သူ့ကို မနှစ်မြို့စွာကြည့်သည်။
"စည်းမျဉ်းတွေဆိုတာ အားနည်းတဲ့လူတွေကို ထိန်းချုပ်တဲ့ နည်းလမ်းသက်သက်ပဲ... စွမ်းအားကြီးမားတဲ့ လူနဲ့တွေ့ရင် ဘာမှအသုံးမဝင်ဘူး။ ဒါက ဘယ်လိုအသုံးမကျတဲ့ စည်းမျဉ်းမျိုးလဲ... ငါဂရုမစိုက်ဘူး.."
လူထုသည် တိတ်ဆိတ်သွားခဲ့ပြန်၏။ ကြည့်ရှု့နေသူအားလုံးတို့သည် မှင်သက်နေကြသည်။ ဗိုလ်မှူးကိုယ်တိုင် ရှေ့သို့တက်လာခဲ့ပေမယ့် တစ်ဖက်လူသည် အလွန်မောက်မာနေဆဲ ရှိ၏။
သူသည် ရှဲ့လင်ဖုန်းနှင့် ဆက်ဆံရေးကို အမှီပြု၍ ယခုမျှ သောင်းကျန်းနေသည်လား။ ဤသည်မှာ မြို့သခင်အိမ်တော်၏ ဗိုလ်မှူးဖြစ်သည်။ ယွင်ထန်းမြို့တစ်ခုလုံး၏ အမိန့်ဥပဒေကို ထိန်းသိမ်းသည့် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ဘယ်လိုလုပ်ပြီး ရန်စစွာ ပြောဆိုရဲသနည်း။
ရှဲ့လင်ဖုန်းကိုယ်တိုင်လည်း အနည်းငယ် ထုံထိုင်းစွာ ခံစားလိုက်ရသည်။ မနေနိုင်ဘဲ စိတ်ပိုင်းဆိုင်ရာဖြင့် ဆက်သွယ်လိုက်၏။
"ညီလေးရွှီ... ငါ့ကို သဲလွန်စတစ်ခုလောက် ပေးပါဦး... အခု မင်းဘယ်လောက်အထိ စွမ်းအားကြီးနေပြီလဲ... ဒီပြဿနာကို ရင်ဆိုင်နိုင်လား.."
သူသည် ရွှီယန်အနေနှင့် ယုံကြည်ခြင်းမရှိပါက ယခုမျှ စိတ်လိုက်မာန်ပါလုပ်မည် မဟုတ်သည်ကို သိရှိပေမယ့် အနည်းငယ် မသက်မသာ ခံစားနေရဆဲရှိ၏။
"အများကြီးတော့ မဟုတ်ပါဘူး... ငါ့ရဲ့ခွန်အားက တော်တော်လေးကောင်းတယ်... မင်းရဲ့အဘိုးကို ရိုက်နှက်ပစ်ဖို့လောက်ကတော့ လွယ်ကူသေးတယ်.."
ရွှီယန်က ဖြေကြား၏။
"ဒါဆိုကောင်းတယ်.. ဒါဆိုကောင်းတယ်.."
ရှဲ့လင်ဖုန်းမှာ စိတ်သက်သာရာ ရသွားသည်။
ဗိုလ်မှူးကပြော၏။
"လူငယ်... စည်းမျဉ်းကစည်းမျဉ်းပဲ... လူတစ်ယောက်က စွမ်းအားကြီးတာနဲ့ အဲ့ဒါတွေကို လျစ်လျူရှု့ထားလို့ရမှာလား.."
"စည်းမျဉ်းဆိုတာ စွမ်းအားကြီးတဲ့လူတွေက အမိန့်အာဏာကို ထိန်းသိမ်းဖို့အတွက် လုပ်ထားတာပဲ... အဲ့ဒါကို နာခံမှာလား မနာခံဘူးလားဆိုတာက စွမ်းအားကြီးမားတဲ့ လူတွေအတွက်တော့ စိတ်အခြေအနေအပေါ်မှာပဲ မူတည်တယ်... ခင်ဗျားတို့ မြို့သခင်စံအိမ်ကရော ဒီစည်းမျဉ်းတွေကို လိုက်နာလို့လား.."
ရွှီယန်က တည်ငြိမ်စွာ ပြန်ကြားသည်။
"ဒါပေါ့... ငါတို့မြို့သခင်စံအိမ်က လူတိုင်းရဲ့ ဥပမာအဖြစ် နေထိုင်ပြီး စည်းမျဉ်းစည်းကမ်းတွေကို အမြဲတမ်းလိုက်နာခဲ့တယ်.."
ဗိုလ်မှူးက လေးနက်စွာဖြင့် ပြောကြားသည်။
မြို့သခင်တွင် စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှု့ရန် စွမ်းအားတို့ ရှိနေလျှင်တောင် သူသည် ပွင့်ပွင့်လင်းလင်း ဝန်ခံမည်မဟုတ်ပေ။
ရွှီယန်က နှာခေါင်းရှုံ့၏။
"အဲ့ဒါက မင်းတို့မြို့သခင်မို့လို့လေ... သူက ဘယ်ရန်စမှုကိုမှ ကြုံတွေ့ရမှာမှ မဟုတ်တာ... သူလည်း ငါ့လို ရန်စခံရရင် စည်းမျဉ်းတွေကို လိုက်နာဦးမှာလား... အဲ့ဒါမှလိုက်နာနေဦးမယ်ဆိုရင်တော့ အကြောင်းပြချက်တစ်ခုပဲရှိတယ်.."
"အိုး... ဘာအကြောင်းပြချက်များလဲ.."
ဗိုလ်မှူးက မျက်ခုံးများပင့်စွာဖြင့် သိလိုစွာမေးသည်။
"ရိုးရှင်းပါတယ်... မင်းတို့မြို့သခင်က အရမ်းအားနည်းလွန်းလို့ပေါ့... ကြောက်ရွံ့ပြီးတော့ စည်းမျဉ်းတွေကို နာခံနေရတာ.."
ရွှီယန်က ထူးမခြားနားစွာ ပြောသည်။
ဗိုလ်မှူးသည် အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။ ဒီလူငယ်သည် အလွန်ရဲတင်းလွန်းလှသည်။ မြို့သခင်ကိုပင်လျှင် မထီမဲ့မြင်ပြောနေ၏။
လက်ရှိ မြို့သခင်သည် မြို့သခင်အိမ်တော်၏ မျိုးဆက်များအတွင်းတွင် စွမ်းအားအကြီးမားဆုံး ဖြစ်သည်ကို မသိပေဘူးလား။
ကြည့်ရှု့နေသူများမှာ ကြောင်တောင်သွားကြသည်။ ဒီလူငယ်သည် မည်သည့်နေရာမှ ရောက်ရှိလာခဲ့သနည်း။ မြို့သခင်စံအိမ်၏ရှေ့တွင် အလွန်မောက်မာစွာ ပြုမူပြီး မြို့သခင်ကိုယ်တိုင်ကိုပင် မထီမဲ့မြင် ပြောနေလေသည်။
"မင်းက... မိုက်ရိုင်းလွန်းသွားပြီ... မြို့သခင်ရဲ့ ဂုဏ်သိက္ခာနဲ့ ထည်ဝါမှုက မင်းစော်ကားနိုင်တဲ့အရာလား.."
ဗိုလ်မှူးက ဒေါသတကြီးအော်၏။ သူ၏အရှိန်အဝါက မြင့်တက်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အငွေ့အသက်ကို စုစည်းထားသည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့သည်။
သူသည် အစက အချိန်ဆွဲရန် စီစဉ်ထားခဲ့၏။ ရှဲ့လင်ဖုန်း၏ မိခင်ဖြစ်သူကို စောင့်စားမည် ဖြစ်သည်။ ဤသည်မှာ မြို့သခင်၏ ချစ်ရသောသမီးဖြစ်ရာ ဒီကောင်လေးကို ခေါ်သွားနိုင်ပါသည်။
သို့ပေမယ့် ယခုအချိန်အထိ သူမ၏ အရိပ်အယောင်ကို တွေ့ရခြင်းမရှိဘဲ အဲ့ဒီ့အစား ဒီလူငယ်ကတော့ မြို့သခင်ကိုပင်လျှင် စော်စော်ကားကား ပြောနေ၏။ ဒီအချိန်၌ ရွေးချယ်စရာမရှိဘဲ လှုပ်ရှားမှု ပြုရပေတော့မည်။
"ခင်ဗျားက အားနည်းလွန်းတယ်... အဲ့ဒါကြောင့်မလို့ စိတ်လိုက်မာန်ပါမလုပ်ဖို့ အကြံပေးလိုငါမယ်.."
ရွှီယန်က ခေါင်းကိုရမ်းသည်။
"ငါဗိုလ်မှူးက အားနည်းတာလား.."
ဗိုလ်မှူး၏မျက်နှာက နီရဲသွား၏။ သူ၏လက်ကို မြှောက်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို စုစည်းပြီး ကြီးမားသော လက်ကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ရွှီယန်ဆီသို့ ချိန်ရွယ်၏။
"လူငယ်... မင်းရဲ့နာမည်ကိုပြော... မင်းဘယ်လိုမျိုး..."
ဗိုလ်မှူး၏စကား မဆုံးခင်တွင် ရွှီယန်က လက်ကိုမြှောက်ကာ လက်ညှိုးကိုညွှန်လိုက်၏။ ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး လက်ကြီးကို လုံးဝပျက်စီးသွားသည်။ ပြီးနောက် သူသည် ရှေ့သို့ခြေတစ်လှမ်းတက်ကာ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွား၏။ ဗိုလ်မှူးကြီးရှေ့၌ ရောက်ရှိသွားသည်။
"မကောင်းတော့ဘူး..."
ဗိုလ်မှူး၏မျက်နှာက ကြီးစွာ ပြောင်းလဲသွား၏။ ဒီလူငယ်သည် အဘယ်ကြောင့် အလွန် စွမ်းအားကြီးမားရသနည်း။ ကြည့်ရတာ အသက်၂၀လောက်သာ ရှိနေသည်ဟန်ရသည်။
သူသည် မာန်ဖီလိုက်ပြီးနောက် အရာအားလုံးတို့ကို ပျက်စီးသွားစေနိုင်လောက်သည့် အရှိန်အဝါနှင့် လက်သီးချက်တို့ကို ထုတ်ဖော်လိုက်၏။
လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်သုံးခုတို့က ခန္ဓာကိုယ်တွင် ဝန်းရံလာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားတို့က ကြမ်းတမ်းသည့် တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားသည်။
သို့ပေမယ့် ရွှီယန်သည် တည်ငြိမ်စွာရှိနေဆဲ ဖြစ်၏။
သူ၏လက်ဝါးကို တစ်ခါတည်း ရိုက်ထုတ်လိုက်သည်။ ထိုလက်ဝါးသည် တောင်နှင့်မြစ်အားလုံးတို့ကို လွှမ်းချုံနေပုံပေါ်ပြီး မျက်စိတစ်မှိတ်အတွင်းတွင် တောင်နှင့်မြစ်တို့ ထွက်ပေါ်လာခဲ့သည်။
ဗိုလ်မှူး၏တိုက်ခိုက်မှုကို လွှမ်းခြုံသွား၏။ ထို့နောက် တောင်နှင့်မြစ်တို့သည် ဗိုလ်မှူးကိုယ်တိုင်ကိုပင် လုံးဝဖုန်းလွှမ်းသွားလေသည်။
"အုန်း.."
ဒီအချိန်၌ ဗိုလ်မှူးသည် သူ့ကိုယ်သူ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားအား စုစည်းနိုင်ခြင်းမရှိကြောင်းကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။ အတားအဆီးတစ်ခု ရှိနေသည်ဟု ခံစားရ၏။ ထိုအတားအဆီးကို ချိုးဖျက်နိုင်ခြင်းမရှိပါက နိယာမ၏စွမ်းအားကို စုစည်းနိုင်တော့မည် မဟုတ်ပေ။
ဤသည်မှာ မည်ကဲ့သို့သော ပညာရပ်မျိုး ဖြစ်သနည်း။
သူက တုံ့ပြန်နိုင်ခြင်းမရှိခင်၌ လက်တစ်ဖက်က နီးကပ်လာပြီးဖြစ်ကာ သူ၏အင်္ကျီကော်လံကို ဆွဲပြီး မြှောက်တင်လိုက်သည်။
"ကျုပ်ခင်ဗျားကို အားနည်းလွန်းတယ်လို့ ပြောခဲ့သားပဲ.."
ဗိုလ်မှူး၏မျက်နှာက နီရဲသွား၏။ သူ၏ခန္ဓာကိုယ် ခွန်အားမှာ လုံးဝ ဖိနှိပ့်ခြင်းခံထားရပြီး ခုခံနိုင်စွမ်းမရှိအောင် ဖြစ်နေပါသည်။
ရွှီယန်က ကျေနပ်စွာ ခေါင်းငြိမ့်၏။ သူ၏နည်းလမ်းက အမှန်တကယ်ကို မှန်ကန်၏။ တောင်နှင့်မြစ်ဓားဆန္ဒကို အသုံးပြုပြီး အတားအဆီးတစ်ခု ဖွဲ့စည်းလိုက်ပါက လင်းနယ်မြေမှ သိုင်းသမားများ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားကို စုစည်းမှုအား ကာကွယ်နိုင်လေသည်။
ဤသည်က သူတို့၏ စွမ်းအားကို ကြီးစွာလျော့နည်းသွားစေ၏။ ခဏတာအတွင်းသာ ဖြစ်လျှင်တောင် ထိုအခိုက်အတန့်က သေခြင်းရှင်ခြင်း တိုက်ပွဲများတွင် အနိုင်အရှုံးကို ဆုံးဖြတ်နိုင်စွမ်းရှိသည်။
ဤသည်မှာ ရွှီယန်၏ တောင်နှင့်မြစ်ဓားတာအိုသည် အလွန်စွမ်းအားကြီးမားပြီး ခိုင်မာလွန်းသောကြောင့်နှင့် ဗိုလ်မှူး၏ သူ့အပေါ် အထင်သေးမှုတို့ကြောင့် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခဲ့၏။ ဗိုလ်မှူးသည် တိုက်ခိုက်မှုပြုရာမှ ရွှီယန်၏ဖမ်းဆီးခြင်းကို ခံခဲ့ရလေသည်။
ကြည့်နေသူများအားလုံးမှာ သတိပြန်လည်လာပြီးနောက် အားလုံး ထိတ်လန့်သွားကြသည်။ ဗိုလ်မှူးသည် ဖမ်းဆီးခြင်း ခံခဲ့ရသည်လား။ သူသည် ခုခံရန်စွမ်းအားတို့ မဲ့နေသည်လား။ ဒီလူငယ်သည် မည်သူဖြစ်သနည်း။ အဘယ်ကြောင့် အလွန်စွမ်းအားကြီးမားရသနည်း။
ရွှီယန်၏ ပါးရိုက်ခြင်းကို ခံရသောကြောင့် ယောင်ကိုင်းနေသည့် ပါရမီရှင်ပင်လျှင် ယခုအချိန်၌ မှင်သက်နေမိသည်။
သူသည် နာကျင်မှုကို လုံးဝ မေ့လျော့နေ၏။ ဘာပဲဖြစ်ဖြစ် ဗိုလ်မှူးပင်လျှင် ခုခံနိုင်စွမ်းမရှိရာ သူကဘယ်လိုလုပ်ပြီး ရွှီယန်ကို ခုခံနိုင်မည်နည်း။
ထို့အပြင် လက်ရှိအချိန်၌ အသက်ရှင်နေခြင်းမှာ တစ်ဖက်လူ၏ သနားညှာတာမှုကြောင့်သာ ဖြစ်လေသည်။
"မင်းကဘယ်သူလဲ.."
ဗိုလ်မှူး၏မျက်နှာက အမဲရောင် ပြောင်းသွားသည်။
"ဓားနတ်ဘုရားရွှီယန်.."
ရွှီယန်က အပြုံးတစ်ခုဖြင့် ဖြေကြား၏။ သူသည် ဗိုလ်မှူးနှင့် ရှဲ့လင်ဖုန်းတို့ကို အတူတူသယ်ဆောင်ပြီး မြို့သခင်စံအိမ်အတွင်းသို့ ဝင်ရောက်သွား၏။ ထို့နောက် အသာလွှတ်ပေးလိုက်သည်။
"အစ်ကိုရှဲ့... သွားရအောင်.."
ရွှီယန်က အပြုံးတစ်ခုဖြင့် ပြော၏။
"ကောင်းပြီ.."
ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်သည်။ သူ၏ နှလုံးသားထဲတွင် သက်ပြင်းချမိ၏။ ရွှီယန်သည် အမြဲတမ်းကဲ့သို့ပင် အလွန်စွမ်းအားကြီးမားနေဆဲ ရှိသည်။
အတွင်းဘက်နယ်မြေမှာပဲဖြစ်ဖြစ် လင်းနယ်မြေမှာပဲဖြစ်ဖြစ် အနှိုင်းမဲ့သည့် စွမ်းအားကို ထိန်းသိမ်းထားနိုင်၏။
"ဓားနတ်ဘုရားရွှီယန်..."
ဗိုလ်မှူးမှာ ငိုင်တိုင်နေပြီး တစ်ယောက်ယောက်ကို တွေးမိလိုက်ပြီးနောက် သူ၏အရေပြားများပေါ်၌ ကျက်သီးထစွာ ခံစားလိုက်ရသည်။
ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ အပြင်ဘက်တွင် ပိတ်ဆို့ကာ စိန်ခေါ်မှုပြုခဲ့သည့် ပါရမီရှင်ဖြစ်ပြီး ဒီဗိုင်းကိရိယာကိုပင် လူအများ၏ရှေ့၌ လုယူခဲ့လေသည်။
ယခုအချိန်၌ ယွင်ထန်းမြို့သို့ လာခဲ့သည်လား။ ပြီးနောက် မြို့သခင်စံအိမ်၏ရှေ့တွင် တစ်ခါတည်း တိုက်ပွဲဖြစ်ပွားခဲ့လေသည်။
ဤသည်မှာ တစ်ဖက်လူ၏ လုပ်ထုံးလုပ်နည်း ဖြစ်၏။ သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သိုင်းတစ်ထောင်ခန်းမကို စိန်ခေါ်ရဲခဲ့သည်။ ယခု ဒီနှစ်များအတွင်းတွင် သူ၏ခွန်အားသည် အလွန်ကြောက်စရာကောင်းစွာ ကြီးမားလာမည် ဖြစ်၏။ ထို့ကြောင့် မြို့သခင်စံအိမ်၏ရှေ့တွင် လူကိုရိုက်နှက်ရဲခြင်းမှာ အံ့သြစရာမရှိပေ။ လူသတ်ခြင်းပင်လျှင် ဘာမှမဟုတ်ပါ။
မြို့သခင်စံအိမ်၏ အပြင်ဘက်တွင် ကြည့်ရှုနေသူများအားလုံးမှာ မှင်သက်စွာဖြင့် ကျန်ရစ်ခဲ့၏။
"ဓားနတ်ဘုရားရွှီယန်... ဒီနာမည်ကိုကြားရင် ဓားဘုရင်ဒေါသတကြီး ပေါက်ကွဲသွားနိုင်တယ်မလား.."
တစ်ယောက်ယောက်က တီးတိုးစွာ ပြော၏။
"မင်းကဘာသိလို့လဲ... ဓားနတ်ဘုရားရွှီယန်ဆိုတာ ဒေသ၁၈ခုရဲ့ အနှိုင်းမဲ့ပါရမီရှင်ပဲ... တစ်ခါက သိုင်းတစ်ထောင်ခန်းမရဲ့ဂိတ်တံခါးမှာ ပိတ်ဆို့ပြီးတော့ စိန်ခေါ်မှုတောင်ပြုခဲ့တာ။ ပြီးတော့ အသန်မာဆုံးပုဂ္ဂိုလ်တွေရဲ့ရှေ့မှာ ဒီဗိုင်းကိရိယာကိုတောင် လုယက်သွားခဲ့တာ.."
"သူက ဒီလောက်အထိ ရူးသွပ်တာ အံ့သြစရာမရှိဘူး... လက်စသတ်တော့ ရွှီယန်ကို... ဒါဆိုရင်တော့ အံ့သြစရာမကောင်းတော့ဘူး.."
"ဟုတ်တယ်... တကယ်တော့ ငါဆိုရင် အစောကြီးကတည်းက ခန့်မှန်းမိပြီးနေပြီ... လင်းနယ်မြေတစ်ခုလုံးမှာ ရွှီယန်လို ရူးသွပ်နိုင်တဲ့လူ ဒုတိယမြောက် ရှိစရာ အကြောင်းမရှိဘူး.."
"ရွှီယန် ယွင်ထန်းမြို့ကို လာခဲ့တာလား... ကြည့်ရတာ ရှဲ့လင်ဖုန်းနဲ့လည်း နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပုံပဲ... ပွဲကတော့ စိတ်လှုပ်ရှားစရာ ကောင်းတော့မယ်.."
"ဒီရန်စမှုအတွက် မြို့သခင်က ရှေ့ကိုတက်ပြီး ရွှီယန်ကို ဖိနှိပ့်မယ်လို့ မင်းထင်လား.."
"မထင်ဘူး... မြို့သခင်သာ ရွှီယန်ကို ဝင်ရောက်ဖိနှိပ့်လို့ အောင်နိုင်ရင်တောင်မှ သူက လူငယ်တစ်ယောက်ကို အနိုင်ကျင့်တာပဲ... ပြီးတော့ ကျရှုံးရင် မျက်နှာပန်းရှုံးမှာ။ ဘာလို့ အနိုင်မရှိတဲ့ကိစ္စကို လုပ်မှာလဲ.."
"ရဲတင်းတဲ့ကောင်... မင်းက မြို့သခင်ရဲ့ခွန်အားကို မေးခွန်းထုတ်ရဲတာလား.."
တစ်ချိန်က သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးကို ပိတ်ဆို့ကာ စိန်ခေါ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အကြီးမြတ်ဆုံး ဓားပညာကျင့်ကြံသူဟုဆိုခဲ့သည့် ရွှီယန်၏ ယွင်ထန်းမြို့သို့ ရောက်ရှိလာသည့်သတင်းသည် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
တဖြည်းဖြည်းနှင့် ရွှီယန်က မိုးပြာရောင်ပင်လယ်မှ ပါရမီရှင်များကို လာရောက်ဖိနှိပ့်လိုပြီး လင်းနယ်မြေတွင် သူသည် အနှိုင်းမဲ့ကြောင်းကို ပြသလိုသည်ဟူသည့် ကောလဟာလှသည် ပျံ့လွင့်လာခဲ့သည်။
ထိုသတင်းပျံ့နှံလာသည်နှင့် မိုးပြာရောင်ပင်လယ်မှ ပါရမီရှင်အားလုံး မကျေမနပ် ဖြစ်သွားကြ၏။ သို့ပေမယ့် ရွှီယန်သည် ဗိုလ်မှူးကို အနိုင်ယူချိန်၌ သူ၏ခွန်အားကို ပြသပြီးဖြစ်ရာ မိုးပြာရောင်ပင်လယ်မှ ပါရမီရှင်များသည် ရှေ့တက်ရဲခြင်းမရှိ ဖြစ်နေကြသည်။ သူတို့သည် တစ်ဖက်လူကို အနိုင်ယူနိုင်ခြင်း မရှိပေ။
သို့ပေမယ့် ရွှီယန်ကို စိန်ခေါ်ချင်နေသည့် အချို့ သည်းမခံနိုင်သည့် ပါရမီရှင်များလည်း ရှိနေ၏။