အားဖြည့်အစားအစာ
Vol. 7 Ch. 61
ငန်းမမကြီးက ထိုအစားအသောက်ကို မြိန်ရည်ယှက်ရည်စားသောက်နေသည်အားမြင်သော် လီနန်ခယ့်မှာ ထုံထိုင်းဆွံ့အသွားရသည်။ အထူးသဖြင့် ဝါးဦးထုပ်နှင့်အမျိုးသမီး နောက်ပြန်လှည့်လာသည်ကို မြင်လိုက်ရချိန်ပင်။
ကံကောင်းစွာပင် သူကအဝေးတွင်ရှိနေသေးသောကြောင့် ငန်းမမကြီး၏ရာဇဝတ်မှုကို မမြင်လိုက်ရပေ။
"ဘာကိစ္စများရှိသေးလို့လဲ မိန်းကလေး"
လီနန်ခယ့်က ခပ်ခြောက်ခြောက်ချောင်းဟန့်လိုက်ပြီး ငန်းမမကြီးကိုအသာဝင်ကွယ်လိုက်သည်။
ဝါးဦးထုပ်ဆောင်းထားသော အမျိုးသမီးက ဇဝေဇဝါဖြင့်မေးလာသည်။
"ခုနက သခင်လေး ဘာတွေအော်ဟစ်နေတာလဲဟင်"
"ဪ ဘာမှမဟုတ်ပါဘူး။ အသံလေ့ကျင့်နေတာပါ"
လီနန်ခယ့်က သူ၏အပြုံးကို ရိုးသားလှပါသည်ဟုထင်ရအောင် အတတ်နိုင်ဆုံး ကြိုးစားပြုံးပြလိုက်သည်။
ထိုအမျိုးသမီးက ညင်သာစွာ ဆိုသည်။
"ကျွန်မက ရှင်တို့နှစ်ယောက်ကို သတိပေးဖို့ပြန်လာတာပါ။ ခုနက ဒီတောထဲမှာတောရိုင်းတိရစ္ဆာန်တွေ တွေ့ခဲ့လို့။ အန္တရာယ်ကင်းအောင် အမြန်ဆုံးတောင်အောက်ဆင်းကြပါလို့ ပြောချင်လို့ပါ"
ကြင်နာတတ်လိုက်တဲ့ အမျိုးသမီး။
အမျိုးသမီး၏ စိုးရိမ်ပူပန်ပေးမှုကြောင့် လီနန်ခယ့်ပိုလို့မျက်နှာပူသွားသည်။
အခုချက်ချင်း ငန်းမမကြီးလည်ချောင်းထဲလက်နှိုက်ကာ သူမ၏အိမ်မွေးတိရိစ္ဆာန်လေးကို ပြန်ဆွဲထုတ်ပေးချင်ပါသော်ငြား မတတ်နိုင်ပြီ။ ကြင်နာတတ်သော ထိုအမျိုးသမီးကို ပြန်တောင်းပန်ဖို့ရာ သူတို့ငန်းမကြီးကိုသာ ငံပြာရည်နှင့်စိမ်ပြီး ငန်းသားနှပ်လုပ်ပေးဖို့ရှိပေတော့မည်။
"သတိပေးလို့ကျေးဇူးပါပဲ မိန်းကလေး၊ ကျွန်တော်တို့အခုပဲ တောင်အောက်ပြန်ဆင်းပါတော့မယ်"
လီနန်ခယ့်က အလေးအနက်ပြန်ပြောလိုက်သည်။
အမျိုးသမီးကလည်း ခေါင်းလေးဆတ်ပြပြီး ခဏငြိမ်နေပြီးမှ ထပ်ပြောလာသည်။
"ရှင်တို့ကိုသတိပေးစရာတစ်ခုလည်းရှိသေးလို့ပါ။ ကျွန်မရဲ့ အဲ့ဒီပိုးတုံးလုံးလေးကလေ အရမ်းအဆိပ်ပြင်းပြီး ကုရာနတ္ထိဆေးမရှိတာကြောင့် မြင်ခဲ့တယ်ဆိုရင်လည်း သွားမထိလိုက်ပါနဲ့နော်..."
အ..အဆိပ်ပြင်းတာတဲ့လား။
လီနန်ခယ့်မှာ ပျာယာခတ်သွားတော့သည်။
ငန်းမမကြီးကို လှည့်ကြည့်လိုက်ပြန်တော့လည်း အားအင်အပြည့်နှင့် ခုန်ပေါက်လျက်သာရှိနေသဖြင့် ဤအမျိုးသမီး သူတို့ကိုသက်သက်ခြောက်လှန့်လိုခြင်းများလားဟုသာ တွေးလိုက်မိသည်။
ဒါပေါ့။ သူ့ပိုးတုံးလုံးကို တခြားလူယူမှာစိုးလို့ ကြောက်အောင်ခြောက်ထားလိုက်တာဖြစ်မှာပေါ့။
ဝါးဦးထုပ်နှင့်အမျိုးသမီးက ဆက်ပြောလာသည်။
"မတော်တဆ ထိမိတာမျိုး မျိုချမိတာမျိုးရှိရင် အရင်ဆုံး ခန္ဓာကိုယ်တစ်ခုလုံး ကြွက်တက်သလိုတုန်ယင်လာလိမ့်မယ်"
အမျိုးသမီးက အားကြိုးမာန်တက်ကို ခြောက်လှန့်ဖို့ကြိုးစားနေသဖြင့် လီနန်ခယ့်ပြုံးမိသည်။
သို့သော် အနောက်ကိုလှည့်ကြည့်မိရာတွင် အစောကတင် အားအင်ပြည့်နှင့် လန်းဆန်းတက်ကြွနေသောငန်းမမကြီးမှာ မြေပြင်ပေါ်တွင် တွန့်လိမ်နေလျက်သားရှိလေပြီ။
သူ့မျက်နှာပေါ်မှအပြုံးလည်း ချက်ချင်းအေးခဲသွားပြီး ငန်းမမကြီးကို တစ်ဖက်လူမမြင်အောင် အမြန်ကွယ်ထားလိုက်ရသည်။
အမျိုးသမီးက စကားဆက်သည်။
"ပြီးရင် ပါးစပ်ကနေ အမြှုပ်တစီစီထွက်လာမယ်"
သူ နောက်တစ်ဖန်လှည့်ကြည့်လိုက်သည်။
ထိုစဥ် ငန်းမမကြီး၏ပါးစပ်ထဲမှ အမြှုပ်ဖြူဖြူများ တစီစီထွက်နေလေပြီ။
"နောက်ဆုံးတော့ ကုစရာဆေးမရှိဘဲ သေဆုံးသွားရမှာပါ"
ထိုအမျိုးသမီးက နောက်ဆုံးသောစကားတစ်ခွန်းကို ပြောလိုက်ချိန်တွင် လီနန်ခယ့်အနောက်မှ တွန့်လိမ်နေသောငန်းမမကြီးလည်း မလှုပ်မရှား ငြိမ်ကျသွားလေတော့၏။
လီနန်ခယ့် အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်ပြီး လက်တခါခါဖြင့်ဆိုသည်။
"ဒါ...ဒါကြီးက အတော်ကြောက်စရာကောင်းတာပါလား။ ကျွန်တော်တောင်ကြောက်သွားရပြီ ဟုတ်တယ်နော်မိန်းမ။ ဒီနေရာကနေ အမြန်ရှောင်မှဖြစ်မှာပါ"
"ဒါဆို ဂရုတစိုက်သွားကြပါနော်"
အမျိုးသမီးက စကားခဏရပ်ကာ လီနန်ခယ့်ကိုစိုက်ကြည့်လာပြီးမေးသည်။
"သခင်လေး အနောက်ကငန်းကြည့်ရတာ နေမကောင်းသလိုပဲနော်"
"အာ အဲ့ဒါက..."
လီနန်ခယ့်လန့်ဖျပ်သွားပြီး အနောက်မှငန်းမမကြီးကို လည်ပင်းကနေဆွဲကိုင်ကာ နှစ်ချက်သုံးချက်လောက်လှုပ်ခါလိုက်သည်။
"ဒါကျွန်တော်အမဲလိုက်ရင်းရလာတဲ့အကောင်ပါ။ ငန်းသားချက်လေး နည်းနည်းလောက်မြည်းချင်သေးလား မိန်းကလေး။ အရမ်းအရသာရှိတာနော်။ စွပ်ပြုတ်ထဲထည့်ချက်လို့အလွန်ကောင်း စားလို့အလွန်မြိန်ပဲ"
"မစားတော့ပါဘူးရှင် ကျေးဇူးပါ"
အမျိုးသမီးက ကျေးဇူးစကားဆိုပြီး တောအုပ်ထဲမှထွက်ခွာသွားလေသည်။
နောက်ဆုံးတော့ အဝေးဆီလမ်းလျှောက်သွားပြီဖြစ်သော အမျိုးသမီးကိုကြည့်ကာ လီနန်ခယ့်ငန်းမမကြီးကို တစ်ချက်ထပ်လှုပ်လိုက်သည်။
"ငန်းမမကြီး အဆင်ပြေရဲ့လား ငန်းမမကြီး"
ငန်းဖြူမကြီး မလှုပ်မယှက်ငြိမ်ကျသွားသည်ကိုမြင်သော် လီနန်ခယ့်လည်း ကူကယ်ရာမဲ့စွာ ၎င်းကို မြေပြင်ပေါ်ပစ်ချလိုက်ရသည်။
"တွေ့လား ဒါအစားကြီးခြင်းရဲ့အကျိုးဆက်ပဲ"
လီနန်ခယ့်ကသက်ပြင်းချကာ ဇနီးသည်ကိုပြောလိုက်သည်။
"ငန်းမမကြီးတော့ အဆိပ်မိပြီးသေသွားပြီ။ ငါတို့သူ့ကိုစားလို့လည်းမရလောက်တော့ဘူး။ အိမ်ပြန်ပြီးတော့ပဲ လိပ်ဆရာကြီးကိုချက်စားကြမလား။ ငန်းမမကြီးသေသွားပြီဆိုတော့ သူလည်းတစ်ယောက်တည်းမနေချင်လောက်ပါဘူး။
လီနန်ခယ့်မှာ ထိုလိပ်ကြီးကို စွပ်ပြုတ်ချက်သောက်ရန်သာ စိတ်ကူးနေတုန်းပင်။
"သွားကြစို့"
လော့ချန်းချိုးက ဝါးဦးထုပ်ဆောင်းထားသောအမျိုးသမီး ထွက်သွားသည့်ဘက်ကို ကြည့်ကာ သက်ပြင်းအသာချပြီး ဝါးခြင်းတောင်းကိုမကာ တောင်အောက်သို့ဆင်းလာခဲ့သည်။
ထိုအချိန်တွင် ခုနက အသက်မဲ့သွားသကဲ့သို့ ငြိမ်သက်နေသော ငန်းမမကြီးမှာ အမျိုးသမီး၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။
လည်ပင်းရှည်ကြီးကို မာန်ပါပါမော့ထားကာ အားအင်အပြည့်ရှိနေပုံရသည်။
လီနန်ခယ့်က "ထင်တဲ့အတိုင်းပဲ" ဆိုသည့် အမူအရာဖြင့် လက်မထောင်ပြလိုက်သည်။
"သရုပ်ဆောင်တကယ်တော်တာပဲ။ အကယ်ဒမီတောင်ပေးချင်လာပြီ"
သူတို့ပဲ ကံဆိုးလွန်း၍လားမသိ။ တောင်အောက်ဆင်းနေစဥ် လမ်းတစ်ဝက်ခန့်ရောက်သောအခါ ကျယ်လောင်လှသော ကျားဟိန်းသံကြီးကို ရုတ်တရက်ကြားလိုက်ရသည်။
ချက်ချင်းပင် စူးရှသောမျက်လုံးအစုံနှင့် နဖူးတွင် အဖြူရောင်အမှတ်အသား ပါရှိသော ကျားကြီးတစ်ကောင် တောထဲမှခုန်ထွက်လာသည်။
ထိုကျားကြီးမှာ ကိုယ်ကာယအားဖြင့် လွန်စွာထွားကြိုင်းပြီး မျက်လုံးအကြည့်တို့မှာ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။ ခြေသည်းများမှာလည်း ချွန်မြရှည်လျားလျက် အမည်းရောင်ကွင်းများပါသည့် ရှည်လျားသောအမြီးကြီးမှာ သံမဏိနှင်တံကဲ့သို့ လှုပ်ခါနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"ချီးတဲ့မှ... ဘာကောင်ကြီးလဲဟ"
လီနန်ခယ့်က တိုးညင်းစွာဆဲရေးလိုက်ပြီး လော့ချန်းချိုးကို နောက်မှာထားကာ သူ၏သေနတ်ငယ်ကို ကျားကြီးထံသို့ တင်းတင်းကျပ်ကျပ် ချိန်ရွယ်လိုက်သည်။
သူ့လက်ထဲက သေနတ်က အစွမ်းထက်သည်ဆိုသော်လည်း ဤမျှကြီးမားပြီး လျင်မြန်သော သားရဲကောင်ကြီးကို တစ်ချက်တည်းနှင့် အသေသတ်နိုင်ဖို့မှာ မဖြစ်နိုင်ပေ။ အထူးသဖြင့် ဤသေနတ်က တစ်ခါပစ်ပြီးတိုင်း ကျည်ပြန်ဖြည့်ရသဖြင့် သားရဲကခုန်အုပ်လာလျှင် နောက်တစ်ချက်ထပ်ပစ်ဖို့ အချိန်မမီနိုင်ပေ။
ကံကောင်းသည်မှာ လီနန်ခယ့်တွင် အုတ်ခဲဟုခေါ်သော မှော်လက်နက်တစ်ခု ထပ်ရှိနေခြင်းပင်။
ကျားကြီးသည်လည်း ထိုလူသား၏လက်ထဲရှိ လက်နက်မှာ အန္တရာယ်ရှိမှန်း သိထားဟန်ဖြင့် ရှေ့သို့ဆက်မတိုးဘဲ ပါးစပ်ကိုဖြဲကာဟကာ ဟိန်းဟောက်နေသည်။
"မိန်းမ ဘေးပတ်ပတ်လည်ကို ကြည့်ဦး။ တခြားကျားတွေရှိသေးလားလို့"
လီနန်ခယ့်က လော့ချန်းချိုးကို ကာကွယ်ပေးထားရင်း အသံတိုးတိုးဖြင့် ကပ်ပြောလိုက်သည်။
ကျားအုပ်လိုက်လာမှာကို သူစိတ်ပူနေခြင်းဖြစ်သည်။
"မတွေ့ပါဘူး"
လော့ချန်းချိုးက ခေါင်းခါပြပြီး ခပ်အေးအေးပင်ညင်သာစွာဆိုသည်။
"ငန်းမမကြီးကို ရှေ့ကလွှတ်လိုက်ပါ"
ငန်းမမကြီးကို ထိုးကျွေးလိုက်ခိုင်းတာလား။
ပြီးမှ ငါတို့က အခွင့်ကောင်းယူပြီးထွက်ပြေးရမှာလား။
လီနန်ခယ့်က ဇနီးသည်၏ထိုအကြံဉာဏ်မှာလည်း မဆိုးလှဟု တွေးလိုက်မိသည်။
သူစဉ်းစားနေတုန်းမှာပင် ငန်းမမကြီးမှာ ကျားကြီးထံသို့ တွန့်ဆုတ်ခြင်းမရှိဘဲ တရှိန်ထိုးပြေးဝင်သွားကာ အတောင်ပံများကိုခတ်လျက် တကွက်ကွက်နှင့် မနားတမ်းအော်ဟစ်နေတော့သည်။
ဤမြင်ကွင်းကြောင့် ကျားကြီးပင် ကြောင်သွားရသည်။
သူ့ဘဝတွင် အမဲလိုက်ခဲ့သည့် အကြိမ်ပေါင်းမနည်းသော်လည်း ဤမျှမောက်မာကြွားဝါသော ငန်းမျိုးကို တစ်ခါမှမတွေ့ဖူးပေ။
ကျားကြီးက သူ၏ ဓားသွားကဲ့သို့ထက်ရှလှသော သွားများကို လျှာဖြင့်သပ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ငန်းမမကြီးကို တစ်လုပ်တည်းမျိုချပစ်ရန် လျှပ်စီးကဲ့သို့အရှိန်ဖြင့် ခုန်အုပ်လိုက်တော့၏။
သို့သော် ကျားကြီးက သူမခေါင်းပေါ်သို့ ခုန်အုပ်လိုက်သည့်အချိန်မှာပင် ငန်းဖြူကြီးက လျင်မြန်စွာရှောင်တိမ်းလိုက်ပြီး ကျားကြီးခေါင်းပေါ်သို့ ဖျတ်ဖျတ်လတ်လတ် ခုန်တက်ကာ နဖူးပေါ်ပါလာသော အဖြူရောင်အမှတ်အသားကြီးအား မရပ်မနားထိုးဆိတ်လေတော့သည်။
နဖူးမှနာကျင်မှုကြောင့် ကျားကြီးလည်း ဒေါသထွက်သွားရသည်။ ထို့နောက် နေရာမှာတင်ခုန်ပေါက်ကာ ခေါင်းကိုခါယမ်းပြီး ငန်းမမကြီး ပြုတ်ကျသွားအောင် မြေပြင်ပေါ်မှာ လူးလှိမ့်နေတော့သည်။
သို့သော် ငန်းမမကြီး၏ ခြေထောက်များမှာ ကျား၏ခေါင်းပေါ်တွင် ကော်နှင့်ကပ်ထားသည့်အလား မြဲမြံနေပြီး ဘယ်လိုမှခွာချလို့မရပေ။
တော်တော်ကြာအောင် ရုန်းကန်ပြီးနောက် ကျားကြီးမှာ စိတ်ဓာတ်ကျစပြုလာသည်။ သူ့မှာ ထွက်ပြေးရန်ပင် လမ်းမရှိရှာသဖြင့် အံကိုတင်းတင်းကြိတ်လျက် အနီးရှိသစ်ပင်ကြီးကိုသာ အရှိန်ဖြင့်ဝင်တိုက်လိုက်တော့သည်။
"ဒုန်း"
အိုးတစ်လုံးစာလောက်ထွားသော ထိုသစ်ပင်ကြီးမှာ အားဖြင့်ဝင်ဆောင့်သောအရှိန်ကြောင့် အမြစ်များပင် ကျွတ်ထွက်မတတ်ဖြစ်သွားပြီး သစ်ရွက်များ တဖွဲဖွဲကြွေကျလာသည်။
ဤတစ်ကြိမ်တွင်တော့ ငန်းမမကြီး လွင့်စင်သွားခဲ့သည်။
ဤအခွင့်အရေးကိုအသုံးချကာ ကျားကြီးမှာ အသက်လုပြီး တောင်ပေါ်သို့ပြေးတက်သွားတော့သည်။
ဒီငန်းကိုတော့ နောက်တစ်ကြိမ်သွားမစနိုင်။
သို့သော် ငန်းမမကြီးက သူ့ထက်ပိုမြန်နေလိမ့်မည်ဟု လုံးဝထင်မထားခဲ့။ သူမ၏ ခြေထောက်နှစ်ဖက်မှာ မော်တာတပ်ထားသကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်း ကျားကြီးကိုမှီသွားပြီး အမြီးကိုလိုက်ဆိတ်တော့သည်။
ထိုအချိန်တွင် ကျားကြီးမှာ လုံးဝ စိတ်ဓာတ်ကျသွားရှာတော့သည်။
သူ့မှာ အဆုံးမရှိ နောင်တရနေမိလေပြီ။
ပျင်းပျင်းနှင့် အမဲလိုက်ထွက်လာမိသည်ကိုက သူ့အမှားပါပေ။
ဤသို့ဖြင့် ဧရာမအရွယ်အစားနှင့် အစွယ်အသွားစုံ ကြမ်းတမ်းရင့်ရော်လှသော တောင်ပေါ်ကျားကြီးကို ငန်းဖြူကြီးတစ်ကောင်က အသည်းအသန်ပြေးလိုက်နေသည့် ထူးဆန်းအံ့သြဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
လီနန်ခယ့်မှာ ကြောင်စီစီဖြင့် ရပ်ကျန်ခဲ့သည်။
သူ့အမူအရာမှာ အလွန်အမင်းကို အံ့သြမှင်သက်နေပုံပင်။
"မိန်းမ ဒီမှာထွက်လာပြီးကြည့်လိုက်ဦး ငါတို့ရဲ့ငန်းနတ်ဘုရားမကြီးကို"
လော့ချန်းချိုးကတော့ မတုန်မလှုပ် တည်ငြိမ်နေဆဲပင်။
သို့သော် သူမက ကျားကြီးကိုတော့ စိတ်ဝင်စားသွားပုံရပြီး ခပ်အေးအေးပြောလာသည်။
"ဒီကျားကြီးဆီမှာ ယောက်ျားအတွက် ခန္ဓာကိုယ်ကိုအားဖြစ်စေမယ့် ဆေးဖက်ဝင်ပစ္စည်းတစ်ခု ပါတယ်"
ဆေးဖက်ဝင်ပစ္စည်းလား။
လီနန်ခယ့် ခဏလောက်ကြောင်သွားပြီးနောက် ချက်ချင်းပင် တစ်ခုခုကိုနားလည်သွားဟန်ဖြင့် အမူအရာကထူးဆန်းသွားသည်။
"အဲ့ဒါက တကယ်ပဲ အားဖြစ်စေမှာပါ"
ကျားကြီး သနားစရာကောင်းအောင် အမောတကောထွက်ပြေးနေရသည်ကို ကြည့်ရင်း လီနန်ခယ့်လည်း စိတ်ဝင်စားသွားသည်။ ကျားကြီး ပြေးလွတ်သွားမှာစိုးသဖြင့် သူ့လက်စွဲတော်အုတ်ခဲကို ထုတ်ယူကာ ဆိုလိုက်သည်။
"ငါ ငန်းမမကြီးကို သွားကူလိုက်ဦးမယ်။ ဒီရက်ပိုင်း တောကောင်သားစားရတာပေါ့"
လီနန်ခယ့်က အချိန်ကောင်းကိုစောင့်ပြီး အုတ်ခဲကိုပစ်လိုက်သည်။
အုတ်ခဲက အလင်းတန်းတစ်ခုကဲ့သို့ ကျားကြီးထံသို့ လှစ်ခနဲပျံသန်းသွားသည်။
ထို့နောက်တွင်တော့...
နောက်က အသည်းအသန်လိုက်နေသည့် ငန်းမမကြီးကိုမှ တည့်တည့်ကြီးသွားမှန်လေသည်။
လီနန်ခယ့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး လက်ထဲပြန်ရောက်လာသော အုတ်ခဲကို ဘာမှမဖြစ်သလို အသာပြန်သိမ်းထားခဲ့သ်ည။
သို့သော် ကံကောင်းချင်တော့ ကောင်းကင်ဘုံက သူတို့ကိုမျက်နှာသာပေးခဲ့လေ၏။
မောပန်းနေသောကျားကြီးက နောက်မှ လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိတော့သည်ကို သတိထားမိသွားသည်။ သူ လှည့်ကြည့်လိုက်သောအခါ ကြောက်စရာကောင်းသော ငန်းဖြူကြီးတစ်ကောင် မြေပြင်ပေါ်မှာ လဲနေသည်ကို တွေ့လိုက်ရသဖြင့် ကြောင်သွားသည်။
ထိုသို့ ကြောင်ကြည့်နေတုန်း ရှေ့ကိုမကြည့်မိဘဲ ကျောက်တုံးကြီးတစ်တုံးကို အားကုန်ဝင်တိုက်မိလေတော့သည်။
"ဒုန်း"
ဤသို့ဖြင့် သူပါအတူ လဲကျသွားရလေသည်။
အဖြစ်အပျက်တစ်ခုလုံးကို မြင်လိုက်ရသော လီနန်ခယ့်က လက်ခုပ်တီးကာ အားပါးတရရယ်မောလိုက်ပြီး အမြန်သွားကာ သေနတ်ဖြင့် နှစ်ချက်ခန့်ထပ်ပစ်လိုက်သည်။
"ဘယ်လိုလဲ မိန်းမ၊ ဒါက ကိုယ်နှစ်ပေါင်း၂၀လောက် လေ့ကျင့်ထားတဲ့ 'တောင်ကျော်နွားပစ်' နည်းပညာပဲ။ ငန်းမမကြီးကိုထိသွားပေမဲ့ တကယ်နာသွားတာကတော့ ရန်သူပဲလေ။ တော်တယ်မလား"
လော့ချန်းချိုးကတော့ သူ့နဖူးသူပြန်ကိုင်လျက် ပြောစရာစကားမဲ့နေဟန်ပင်။
သူ့ခန္ဓာကိုယ်ကို အားဖြစ်စေမည့် ကျားကြီးကို ဖမ်းမိခဲ့ပြီဆိုသော်လည်း ကိုယ်ထည်ကြီးမှာ လွန်စွာလေးလံသဖြင့် လီနန်ခယ့်နှင့်လော့ချန်းချိုးတို့ နှစ်ယောက်တည်း တောင်အောက်ကိုသယ်သွားရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် လော့ချန်းချိုးက ငန်းမမကြီးကို လိပ်ကြီးအား သွားခေါ်ခိုင်းလိုက်သည်။
ထို့ကြောင့် အသုံးတော်ခံ လိပ်ဆရာကြီးမှာ ကျားအလောင်းကြီးကိုထမ်းကာ အိမ်သို့ အပင်ပန်းခံ သယ်ယူပေးခဲ့ရရှာ၏။
"တော်လိုက်တဲ့ကောင်တွေ"
လီနန်ခယ့်က လိပ်ကြီး၏ခေါင်းကို ညင်ညင်သာသာ ပုတ်ပေးလိုက်သည်။ ဤနတ်သားရဲနှစ်ကောင်၏ စွမ်းဆောင်ရည်အစစ်အမှန်ကို သူအခုမှ ကောင်းကောင်းမြင်တွေ့ခဲ့ရခြင်းပင်။
ထို့နောက် ဇနီးသည်ကိုကူပြီး ကျားအလောင်းကို ခုတ်ထစ်ချက်ပြုတ်ရန် ပြင်ဆင်နေတုန်းမှာပင် မျက်နှာဝိုင်းဝိုင်းလေးနှင့် ယုန်မလေးမုန့်က အသည်းအသန် ပြေးဝင်လာလေသည်။
သူမနှင့်အတူ ရှောင်တာ့နှင့် ရှောင်အာ့တို့ပါ ပါလာကြလေသည်။
"ကို...ကိုဉာဏ်ကြီးရှင်ရေ"
ယုန်မလေးမုန့်က အမောတကောနှင့် ဒူးပေါ်လက်ထောက်ကာ ပြောလိုက်သည်။
"ပြဿနာ ပြဿနာဖြစ်ပြီ။ ကျွန်မနဲ့အမြန်လိုက်ခဲ့ပါဘူး"
လီနန်ခယ့်က အထိတ်တလန့်အမူအရာ မပြဘဲ ပြန်ပြောလိုက်သည်။
"လင်အိမ်တော်မှာ တစ်ခုခု ဖြစ်ပြန်ပြီလို့တော့ မပြောနဲ့နော်"