ထျန်ချုံးဂိုဏ်း
Vol. 7 Ch. 62
လင်အိမ်တော်တွင်။
အရောင်ရင့်မှိုင်းမှိုင်း စားပွဲကုလားထိုင်များမှာ လေးထောင့်သဏ္ဍာန်ဖြစ်ကာ လေးလံခိုင်မြဲသည်။ အေးစက်သောအခန်းတွင်း ကြက်သီးထဖွယ်လေထုတစ်ခုကို ထပ်ပေါင်းထည့်နေသကဲ့သို့။
လီနန်ခယ့်သည် နှင်းဆီသားကုလားထိုင်ပေါ်တွင် နောက်ပြန်မှီထိုင်နေရင်း လက်ပိုက်ထားလျက် မျက်လုံးများက အနည်းငယ်စင်းကျနေခဲ့သည်။
သူ့အပေါ်ရှိ ထုပ်တန်းတွင် ကြိုးကွင်းတစ်ခုချည်နှောင်ထားသည်။
အောက်ဘက်ကြမ်းပြင်တွင်ကား အလောင်းတစ်လောင်းလှဲလျောင်းလျက်။
ထိုအလောင်းမှာ သူဌေးလင်မှလွဲ တခြားမရှိပေ။
အခန်းတွင်းတွင် လိန်ရှင်းနန်နှင့်ကောကန်းမှာ မှုခင်းနေရာကိုစုံစမ်းစစ်ဆေးနေကြပြီး အစေခံမလေးရှန်းအာက သိမြင်ခဲ့သမျှကို ပြန်လည်ထွက်ဆိုပေးနေသည်။
"မနေ့ညကထိ သခင်ကြီးကပုံမှန်အတိုင်းပါပဲ။ အိပ်ရာမဝင်ခင်မှာတော့ ကျွန်မကို သူ့အခန်းထဲဘာသံကြားကြား ဝင်မလာဖို့ အထူးတလည်မှာကြားခဲ့တယ်"
ရှန်းအာမှာ ကြမ်းပြင်ပေါ်မှအလောင်းကို တည့်တည့်မကြည့်ရဲရှာ။ မျက်နှာအရောင်မှာဖြူဖျော့နေလျက် ဆက်ပြောလာသည်။
"ဒီမနက်အထိ သခင်ကြီးအခန်းထဲကထွက်မလာသေးတော့ ကျွန်မလည်းအတွေးများမိသား။ ဒါပေမဲ့ မနှောင့်ယှက်ဖို့မှာထားတာကြောင့် သွားလည်းမနှိုးရဲခဲ့ဘူး"
"နေ့လည်ပိုင်းလောက်ကျ အိမ်တော်ထိန်းက သတင်းပို့စရာရှိလို့ တံခါးလာခေါက်ပေမဲ့ ဘာတုံ့ပြန်သံမှထွက်မလာဘူး။ အဲ့လိုနဲ့ တစ်ခုခုမှားနေတာကိုသတိထားမိပြီး ကျွန်မတို့တံခါးကိုဖျက်ဝင်လိုက်တော့ သခင်...သခင်ကြီး ကြိုးဆွဲချထားတာကို မြင်လိုက်ရတာပဲ"
"ကျွန်မတို့လည်း ကြောက်ကြောက်နဲ့ သခင်ကြီးကိုမြန်မြန်ချပေးပေမဲ့ သခင်ကြီးက..."
ရှန်းအာ၏မျက်လုံးများထဲ မျက်ရည်များပြည့်အိုင်လာပြီး စကားမှာလည်း ရှိုက်သံတို့ဖြင့် ဆို့နင့်နစ်ဝင်သွားသည်။
မည်သို့ပင်ဆိုစေ၊ သခင်ကြီးလင်သည် သူတို့အားလုံးကို ကောင်းမွန်မျှတစွာဆက်ဆံပေးခဲ့သော သခင်ကောင်းတစ်ဦးဖြစ်သည်။ ဇနီးသည်နှင့်သမီးဖြစ်သူကို ဆိုးရွားစွာဆုံးရှုံးခဲ့ရပြီးနောက်တွင် သူတို့မှာ သခင်ကြီးကို ပိုလို့စာနာသနားမိရသည်။ ဘယ်သူမှမမျှော်လင့်ထားခဲ့သော အဖြစ်အပျက်များပါပေ။
"နားနှစ်ဖက်နောက်ကကြိုးရာတွေက ခရမ်းရင့်ရောင်တောင်သမ်းနေပြီ။ မျက်လုံးနှစ်ဖက်ပိတ်၊ နှုတ်ခမ်းကဟနေပြီး ရင်ဘတ်ပေါ်မှာလည်း သွားရည်အစွန်းအထင်းရာတွေ၊ အလောင်းရဲ့ ဒီလိုအခြေအနေနဲ့တွက်ဆရရင် ကြိုးဆွဲချသေကြောင်းကြံလို့ သေသွားရတာ အသေအချာပါပဲ။"
ကောကန်းက မှုခင်းကို ကောက်ချက်ချသည်။
"သေကြောင်းကြံသွားတာပေါ့"
လိန်ရှင်းနန်က မျက်ခုံးများကိုစုကျုံ့ထားရင်း မျက်လုံးလှလှလေးက လီနန်ခယ့်ထိုင်နေသောကုလားထိုင်ဆီသို့ တစ်ချက်ဝေ့သွားသည်။ ထိုသူသည် အလောင်းများကို စစ်ဆေးအကဲဖြတ်ရာတွင် အကျွမ်းကျင်ဆုံးမဟုတ်ပါလော။
လီနန်ခယ့်၏ ကောက်ချက်မှာလည်း ကောကန်းနှင့် ထပ်တူသာဖြစ်နေခဲ့သည်။
"ကြိုးဆွဲချသေကြောင်းကြံတာ သေချာပါတယ်" လီနန်ခယ့်က တည်ငြိမ်စွာမှတ်ချက်ချသည်။
"ဒါပေမဲ့ အတင်းအကျပ်ဖိအားပေးခံရလို့ လုပ်သွားသလား၊ စိတ်ကိုထွေပြားစေတဲ့ ဆေးတစ်မျိုးမျိုးခတ်ခံရလို့လား ဆိုတာကတော့ တပ်အပ်မပြောနိုင်သေးဘူး။"
လိန်ရှင်းနန်သည် အလောင်းဆီသို့လျှောက်သွားလိုက်ပြီး ခေါင်းစခြေဆုံးစစ်ဆေးသည်။ ကောကန်းကလည်း ကိရိယာမျိုးစုံဖြင့် အလောင်းကိုသွေးဖောက်စစ်ဆေးကြည့်သည်။ အဆုံးသတ်ရလဒ်ကို လိန်ရှင်းနန်ကထုတ်ပြောသည်။
"ဘာဆေးဝါးပယောဂအကြွင်းအကျန်မှ မရှိဘူး"
"ဒါဆို ဖိအားပေးခံခဲ့ရတာပေါ့"
လီနန်ခယ့်က စားပွဲပေါ်မှလက်ဖက်ရည်ခွက်လေးနှစ်ခွက်ကိုကြည့်ပြီး ဆိုသည်။
"မနေ့ညက ဒီအခန်းထဲ တခြားလူတစ်ယောက်ရှိနေခဲ့သေးတယ်။ သူဌေးလင်နဲ့ရင်းနှီးတဲ့သူပဲ"
လိန်ရှင်းနန်က နားမလည်သလိုမေးသည်။
"ရင်းနှီးတဲ့သူလား။ ဘယ်သူများဖြစ်နိုင်မလဲ"
"ဘယ်သူရယ်တော့ နာမည်တပ်မရသေးပေမဲ့ အမျိုးသမီးတစ်ယောက်ဆိုတာတော့သေချာတယ်"
လီနန်ခယ့်ထရပ်လိုက်ပြီး နံရံနှင့်မျက်နှာချင်းဆိုင်စားပွဲဆီသို့လျှောက်သွားကာ လက်ဖက်ရည်ခွက်ကိုကောက်ကိုင်၍ ခွက်အနားသတ်တွင်ပေကျံနေသော နှုတ်ခမ်းဆိုးဆေးရာများကို ညွှန်ပြလိုက်သည်။
ထို့နောက် ထိုနှုတ်ခမ်းနီစလေးများကို လက်ညှိုးဖြင့်အသာအယာပွတ်သုတ်ကာ တစ်ချက်အနံ့ခံကြည့်ပြီး ခပ်အေးအေးဆိုလာသည်။
"မက်ဒါနဲ့ခေါင်ရမ်းပန်းအပြင် ရွှေနီမှုန့်နဲ့ ဆောင်းနှင်းပန်းပါ ပါဝင်နေတာပဲ။ ကျွန်တော်မှတ်မိတာမှန်ရင် ဆောင်းနှင်းပန်းက အနောက်ပိုင်းဒေသ ထျန်းရှန်းတောင်ကနေ ပို့ဆောင်ကြတာ"
"မှန်တယ်" လိန်ရှင်းနန်ကခေါင်းညိတ်သည်။
"လက်ဖက်ရည်ခွက်တွေနဲ့ လက်ဖက်ရည်အိုးရဲ့ နေရာချထားပုံကနေ အကဲဖြတ်ရရင် အမျိုးသမီးက ဘယ်သန်ဖြစ်လိမ့်မယ်"
လီနန်ခယ့်က နံရံဆီသို့လျှောက်သွားပြီး ထိုနေရာတွင်ချိတ်ဆွဲထားသော ရှုခင်းသာပန်းချီကားတစ်ချပ်ကို စိုက်ကြည့်နေသည်။
"ဒီတံဆိပ်ကို ခင်ဗျားတို့မှတ်မိကြသလား"
တံဆိပ်လား။
လိန်ရှင်းနန်နှင့် ကျန်သူများလည်း ထိုပန်းချီကားကို စူးစိုက်ကြည့်လိုက်ကြသည်။
ပန်းချီကားပေါ်၌ ထင်ရှားသောအနီရဲရဲအမှတ်အသားတစ်ခု အမှန်တကယ်ရှိနေသည်။ လက်သီးဆုပ်ခန့်အရွယ်အစားရှိပြီး အဝေးမှပျံသန်းလာသော ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။
"ထျန်ချုန်းဂိုဏ်းပဲ"
လိန်ရှင်းနန် ကွက်ခနဲမျက်နှာပျက်သွားသည်။
အမှန်တော့ သူတို့အားလုံး မျက်နှာအမူအရာ တစ်မျိုးဖြစ်ကုန်ကြသည်ပင်။
လီနန်ခယ့်တစ်ယောက်သာ ဇဝေဇဝါဖြစ်နေသည်။
"ထျန်ချုန်းဂိုဏ်းကဘာကြီးလဲ"
လိန်ရှင်းနန်က စိတ်ရှည်လက်ရှည်ရှင်းပြလာသည်။
"ထျန်ချုန်းဂိုဏ်းဆိုတာ နန်းတော်ကိုဆန့်ကျင်တဲ့ လျှို့ဝျက်အဖွဲ့အစည်းတစ်ခုပဲ။ သူတို့ရဲ့အယူဝါဒက 'မိုးကောင်းကင်အထက်ဝယ် မိုးနီသည်သာ အရှင်သခင်ဖြစ်၏' ဆိုပဲ။ သူတို့က မိုးနီရေကို ကောင်းကင်ဘုံကချီးမြှင့်တဲ့ဆုလာဘ်တစ်ခုကို ယုံကြည်ကြပြီး ဒီလိုတားမြစ်ထားမဲ့အစား လူတန်းစေ့သုံးစွဲနိုင်အောင်မျှဝေပေးသင့်တယ်လို့ ယူဆကြတယ်"
"သူတို့ဂိုဏ်းက အဖွဲ့ဝင်တွေ နေရာဒေသအနှံ့ အများအပြားရှိကြတယ်။ တချို့ဆို အစိုးရရုံးတွေနဲ့ပါ ပက်သက်ဆက်နွယ်နေတဲ့ အဆင့်အတန်းမျိုးပဲ။ တစ်ခါတလေ လှုပ်ရှားမှုတွေရှိတတ်ပြီး မိုးနီရေပါတဲ့ဆေးဝါးပစ္စည်းတွေကို တမင်တကာဖြန့်ချိတာမျိုးလုပ်တတ်တယ်"
လီနန်ခယ့် နားလည်သွားသည်။
ရှင်းရှင်းဆိုရလျှင် ထိုဂိုဏ်းအဖွဲ့အစည်းမှာ အဖျက်သမားအကြီးစားများသာ ဖြစ်သည်ပင်။
လီနန်ခယ့်က အကျဥ်းချုပ်ဆိုလိုက်သည်။
"ကြည့်ရတာ ထျန်ချုန်းဂိုဏ်းကတစ်ယောက်ယောက်က သူဌေးလင်ကို ကြိုးဆွဲချအောင်တွန်းအားပေးလိုက်ပုံပဲ။ ဒီတိုင်းဆို အရင်ရှိခဲ့တဲ့သံသယတွေပါ ရှင်းလင်းသွားပြီ။ သူဌေးလင်က ထျန်ချုန်းဂိုဏ်းရဲ့ လျှို့ဝှက်အဖွဲ့ဝင်ပဲ"
ထိုစကားကိုကြားသော် ကောကန်းသည် သူဌေးလင်၏အလောင်းဆီသို့ အမြန်ပြေးကာ သူ့ဖိနပ်ကိုချွတ်သည်။
ဘယ်ဘက်ခြေထောက် ခြေမျက်စိပေါ်တွင် ဂိုဏ်းအမှတ်အသားတစ်ခုက ထင်ထင်ရှားရှားပင်။
ပန်းချီကားထက်မှ အမှတ်တံဆိပ်နှင့် တစ်ထပ်တည်းတူညီပြီး အရွယ်အစားအားဖြင့်တော့ ဒင်္ဂါးပြားတစ်ပြားစာအထိ သေးငယ်သည်။
"အန်းဖိန်မင်းသားအိမ်တော်နဲ့ မပက်သက်ချင်တာ မအံ့သြတော့ပါဘူး။ သူ့မှာလည်း ဒီလျှို့ဝှက်ချက် ရှိနေတာပဲကိုး"
လိန်ရှင်းနန် ဖျတ်ခနဲနားလည်သွားသည်။
လီနန်ခယ့်က သက်ပြင်းဖွဖွချ၏။
"ဒါကြောင့် ဟယ့်ချင်းယွီကိုအသက်ပြန်သွင်းတာက သူလုပ်သင့်တဲ့အရာမဟုတ်ဘူးလို့ ကျွန်တော်ပြောခဲ့တာလေ။ လက်စားချေချင်စိတ်အတွက်နဲ့ ခံစားချက်တွေကို ဖြစ်သလိုလွှတ်ပေးလိုက်တာပဲ။ နောက်ဆုံးတော့ တန်ကြေးကိုပြန်ပေးဆပ်ရင်း အဆုံးသတ်သွားခဲ့ရတာပေါ့"
လိန်ရှင်းနန်ရင်ထဲတွင်လည်း ခံစားချက်များစွာဖြင့် ရောထွေးနေခဲ့သည်။
မိုးနီရေအမှုကိစ္စတစ်ခုခုနှင့် ပက်သက်လိုက်ပြီဆိုကတည်းက အစိုးရအရာရှိများက ချက်ချင်းပစ်မှတ်ထားလာကြမည်ဖြစ်သည်။
ထျန်ချုန်းဂိုဏ်းဘက်ကလည်း သူဌေးလင်တစ်ယောက် မဆင်မခြင်လုပ်ကိုင်လှုပ်ရှားနေသည်ကို သတိထားမိသောကြောင့် ရှင်းထုတ်လိုက်ခြင်းဖြစ်ပေမည်။
သူဌေးလင်၏ မနေ့ညကညွှန်ကြားချက်အရ သူကိုယ်တိုင်လည်း ဖြစ်လာမည့်အရေးကို ကြိုတွေးထားပြီး ဖြစ်ပုံရ၏။
ထျန်ချုန်းဂိုဏ်း အမှတ်အသားပန်းချီကို လီနန်ခယ့်သာသာထိတွေ့ကြည့်ရင်း ဆိုသည်။
"ကျွန်တော်တို့ နံရံပေါ်မှာ တစ်ခုခုကိုရေးဆွဲရတော့မယ်ဆိုရင် မသိလိုက်စွာနဲ့ ကိုယ့်မျက်လုံးနဲ့တည့်တည့်ညီတဲ့အမြင့်ကိုပဲ ရွေးမိတတ်ကြတယ်လေ။ ပန်းချီအရွယ်အစားနဲ့ ကျန်ခဲ့တဲ့လက်ရာခြေရာတွေအရ ခန့်မှန်းရရင် ကျူးလွန်သူက အရပ်ငါးချီလောက်မြင့်ပြီး အတော်လေးပိန်သွယ်တဲ့ကိုယ်ဟန်ရှိလောက်မယ်"
လီနန်ခယ့်၏ ခွဲခြမ်းစိပ်ဖြာမှုကိုနားထောင်ရင်း လိန်ရှင်းနန်လည်း ကျူးလွန်သူ၏ပုံပန်းသွင်ပြင်ကို ယေဘုယျမြင်ယောင်မိလာသည်။
ငါးချီအမြင့်လောက်ရှိသော ကိုယ်ခန္ဓာပိန်သွယ်သွယ်ဖြင့် အမျိုးသမီးတစ်ဦး၊ ဘယ်သန်ဖြစ်ကာ ရှားပါးထျန်ရှန်းဆောင်းနှင်းပန်း ရနံ့ပါသည့် နှုတ်ခမ်းဆိုးဆေးကိုသုံးသည်။
အရေးကြီးဆုံးအချက်မှာ ထိုအမျိုးသမီးသည် ထျန်ချုန်းဂိုဏ်းဝင်တစ်ဦးဖြစ်နေခြင်းပင်။
"ကောကန်း၊ တုန်းချီခရိုင်ထဲ ကင်းလှည့်ဖို့ ချက်ချင်းစီစဥ်လိုက်တော့" လိန်ရှင်းနန်က ကောကန်းဘက်လှည့်ပြီး အမိန့်ပေးသည်။
ကောကန်းမှာ အခက်တွေ့သွားပုံရ၏။
"ဒါပေမဲ့ အစ်မလိန်ရယ်၊ ခရိုင်ရုံးတော်နဲ့ ညကင်းလှည့်တပ်ဖွဲ့ပေါင်းရင်တောင် လူအင်အားအလုံအလောက်မကျန်ဘူး။ တချို့ကခုထိ တိမ်တိုက်မြို့တော်ကမိစ္ဆာတွေကို ပတ်ရှာနေရတုန်း၊ တချို့က အဘိုးချင်ကိုရှာဖို့ တာဝန်ပေးခံထားရတာ။ နောက်ပြီး ထျန်ချုန်းဂိုဏ်းကိစ္စက အရိပ်သက်တော်စောင့်တွေကိုင်တွယ်ရမှာမဟုတ်ဘူးလား"
"အဘိုးချင်ကို အခုထိဖမ်းမမိကြသေးဘူးလား"
လီနန်ခယ့်က မျက်ခုံးတစ်ဖက်ပင့်သွားပြီး လိန်ရှင်းနန်ကိုလှမ်းကြည့်လိုက်သည်။
လိန်ရှင်းနန်က ကူကယ်ရာမဲ့စွာသက်ပြင်းချသည်။
"မနေ့ညက သူ့ကို သတ်လို့ရခါနီးဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့ တစ်ယောက်ကအမှားလုပ်လိုက်မိလို့ ပြန်လွတ်သွားခဲ့တာ။ အဘိုးချင်အခုဆို ဒဏ်ရာကြီးနဲ့ မြောက်ဘက်တောင်တန်းတွေကြားပတ်ပြေးနေတာ။ ကျွန်မလည်းလူတွေအတော်များများပို့ထားပြီး သေချာရှာခိုင်းထားတယ်။ သုံးရက်ငါးရက်လောက်အတွင်း ရှာတွေ့မှာပါ"
"အချိန်ကုန်လူပင်ပန်းပါတယ်။ အဘိုးချင်က ဝမ်ရန်တောင်က တောနက်ထဲရောက်နေတာ။ အဲ့နေရာတစ်ဝိုက်ကိုသာ ဦးစားပေးရှာလိုက်"
မြောင်ပိုင်းတောင်တန်းဟူသောအမည်ကိုကြားသည်နှင့် လီနန်ခယ့်က ချက်ချင်းကောက်ချက်ချလာသည်။
သူတို့အားလုံး မယုံချင်ယုံချင်ဖြစ်ကုန်ကြသည်။
ဘယ်လိုလုပ် ဒီလောက်ကွက်တိကြီးခန့်မှန်းနိုင်တာလဲ။
လီနန်ခယ့်စကားကိုဆို ချွင်းချက်မရှိယုံကြည်တတ်သော လိန်ရှင်းနန်သည်ပင် မရေမရာခံစားရသဖြင့် စူးစမ်းသလို မေးမြန်းလိုက်သည်။
"အဲ့ဒါကို ရှင်ဘယ်လိုသိလဲ"
လီနန်ခယ့်က ဖြေသည်။
"ဒီနေ့ ကျွန်တော့်မိန်းမဆေးမြစ်တူးတဲ့တောင်ပေါ်ကို အတူလိုက်သွားသေးတယ်။ တောင်ဆင်းလမ်းမှာ အလွန်ရှားပါးတဲ့ ကျားရိုင်းကြီးတစ်ကောင်နဲ့ တိုးခဲ့တာလေ"
ကျားတစ်ကောင်လား။
လိန်ရှင်းနန်မှာ ချက်ချင်းကို ဆတ်ခနဲဖြစ်သွားသည်။
"ရှင်အဆင်ပြေရဲ့လား"
"တစ်ခုခုများဖြစ်ခဲ့ရင် ကျွန်တော်ဒီနေရာမှတောင် ရပ်စကားပြောနေနိုင်ပါ့မလား"
လီနန်ခယ့်ကပြုံးလျက်ဆိုသည်။
"ဒီတိုင်း ကျားတစ်ကောင်ပါပဲ။ အဲ့လောက်နဲ့တော့ စာမဖွဲ့ပါဘူး။ ဒါပေမဲ့အဲ့ကောင်က ကျွန်တော့်အချစ်တော်ငန်းမကြီးကို လိုက်အနိုင်ကျင့်လို့ စိတ်ဆိုးပြီး တစ်ခါတည်းရိုက်သတ်ခဲ့လိုက်တယ်"
ထိုစကားများကိုကြားတော့ အခန်းထဲရှိလူများ ပိုလို့ပင် မယုံသင်္ကာဖြစ်ကုန်ကြသည်။
"ထားပါလေ အဲ့အကြောင်းကအရေးမကြီးပါဘူး"
လီနန်ခယ့်က စကားဆက်သည်။
"အရေးကြီးတာက ကျားအလောင်းကိုကိုင်တဲ့အခါ ခြေထောက်မှပေနေတဲ့ နီညိုရောင်ရွှံ့စေးမြေတွေကိုတွေ့လိုက်ရတယ်။ အိမ်ကမိန်းမက အရင်ကဆို ဝမ်ရန်တောနက်ထဲမှာ ဆေးရှာနေကျဆိုတော့ အဲ့တစ်ခုတော့သေချာတယ်။ ဒီရွှံ့စေးနီတွေက ဝမ်ရန်တောင်ကပါလာတာပဲ"
"အဲ့ဒီကျားကလည်း ဝမ်ရန်တောင်မှာကျက်စားနေတဲ့ တောကောင်ပဲဖြစ်မယ်။ ကျားတွေက သူတို့နယ်နိမိတ်အပြင်ကို တော်ရုံထွက်ကြတဲ့ကောင်တွေမဟုတ်ဘူး။ ဘာကြောင့် ရုတ်တရတ်ကြီး တောင်ခြေအထိဆင်းလာရသလဲ ခန့်မှန်းကြည့်လေ"
"သေချာပေါက် သူ့နယ်မြေအတွင်း သူပါကြောက်ရတဲ့အကောင်တစ်ကောင်ဝင်လာလို့ အပြင်မှာ အမဲထွက်လိုက်နေရတာပဲပေါ့"
လီနန်ခယ့်၏ အသေးစိတ်ရှင်းလင်းချက်ကို သူတို့အားလုံး ဝါးခနဲဖြစ်သွားရသည်။
သူတို့အဖွဲ့ထဲလည်း ကိုဉာဏ်ကြီးရှင်တစ်ယောက်ရှိလို့သာ တော်ပေရော့သည်။
"ဒါပေမဲ့ ခန့်မှန်းတာက ခန့်မှန်းသလောက်ပဲမှန်မှာ။ ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်သွားကြည့်မှ ဟုတ်မဟုတ်သိရမှာပဲ။ ကျွန်တော်ကတော့ ရသလောက်ခန့်မှန်းပေးပြီးပြီမလို့ ကျန်တာ ခင်ဗျားတို့အပိုင်းပါပဲ"
လီနန်ခယ့်က တာဝန်ယူရမည့်အရေးမှ သွက်သွက်လက်လက်ခုန်ထွက်သည်။
လိန်ရှင်းနန်က တစ်ချက်ပင်နောက်တွန့်မနေဘဲ ကောကန်းကိုပြောလိုက်သည်။
"ရှာဖွေရေးအဖွဲ့ကို ဝမ်ရန်တောင်နားပဲသေချာပတ်ရှာဖို့ အကြောင်းကြားလိုက်"
"နားလည်ပါပြီ"
ကောကန်းက အခန်းထဲမှထွက်သွားသည်။
သို့သော် ထိုလူငယ်လေးမှာ တစ်ခုခုကိုသတိရလိုက်ဟန်ဖြင့် ချက်ချင်းပြန်လှည့်ပြေးလာ၏။
"အစ်မလိန်၊ အရေးကြီးဆုံးပြဿနာတစ်ခု ရှိသေးတယ်လေ"
ကောကန်းက လေးနက်စွာပြောပြလာသည်။
"သူဌေးလင်ကတော့သေသွားပြီ၊ သူ့လက်ထဲက သင်္ချိုင်းလူသားကို ကျွန်တော်တို့ဘယ်လိုရှာကြမလဲ။ ဒီနေ့က သတ်မှတ်ရက်နောက်ဆုံးနေ့ပဲ"
ထိုစကားကိုကြားသော် အားလုံး၏အကြည့်က လီနန်ခယ့်ဆီသို့ စုပြုံရောက်ရှိသွားသည်။
"ဟော ဘာလို့အကုန်လုံး ကျွန်တော့်ကိုလာပြုံကြည့်နေတာလဲ"
လီနန်ခယ့်မှာ ပြောစရာစကားပင် ရှာမတွေ့တော့။
——