← Chapters

သင်္ချိုင်းလူသား

Vol. 7 Ch. 63

သင်္ချိုင်းလူသား

Vol. 7 Ch. 63

ကောကန်းသတိပေးထားသလိုပင် သူဌေးလင်၏သေဆုံးမှုအပြီး သူတို့အတွက် အစိုးရိမ်ရဆုံးကိစ္စမှာ သင်္ချိုင်းလူသားအမှုဖြစ်သည်။

မြန်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရမည့်ကိစ္စပင်။

ယနေ့သည်ပင် သတ်မှတ်ရက်နောက်ဆုံးနေ့ဖြစ်နေပြီမဟုတ်လော။

သတ်မှတ်ထားသောဆယ်ရက်ကျော်လွန်လျှင် သင်္ချိုင်းလူသားသည် အလိုအလျောက်ပျောက်ကွယ်သွားမည်ဖြစ်ပြီး ထိုသူနှင့် အထိအတွေ့ရှိခဲ့ဖူးသော သေရည်ဆိုင်မှစားပွဲထိုးလေးအပါအဝင် ကျန်သူအားလုံးပါ အတူနိဂုံးချုပ်ကြရမည်ဖြစ်၏။

"အစ်မလိန် သင်္ချိုင်းလူသားဟယ့်ချင်းယွီကို သူဌေးလင်သတ်ပြီးသားများဖြစ်လောက်မလား"

ယုန်မလေးမုန့်က ခန့်မှန်းကြည့်သည်။

လိန်ရှင်းနန်က စိတ်ငြိမ်ငြိမ်ထားဖို့ကြိုးစားရင်း နားထင်ကိုနာနာပွတ်ကာဆိုသည်။

"တကယ်သာသေပြီးရင်တော့ ကောင်းတာပေါ့။ အခုထိအသက်ရှင်နေသေးမှာပဲ ကြောက်ရတာ"

သူဌေးလင် အိမ်သို့ပြန်ရောက်ပြီး ဝှက်ထားသောသင်္ချိုင်းလူသားကို သတ်လိုက်သလား ဒီတိုင်းချန်ထားရစ်သလား ဘယ်သူမှတပ်အပ်မပြောနိုင်။

သို့သော် သင်္ချိုင်းလူသားကိုသတ်ချိန်မရလိုက်ခင် သူအရင်အသက်ထွက်သွားရသည်ဆိုပါက စိုးရိမ်စရာရှိချေပြီ။

"ကိုဉာဏ်ကြီးရှင်ရေ တစ်ခုခုစဥ်းစားပါဦး"

ယုန်မလေးမုန့်က လီနန်ခယ့်လက်မောင်းကိုဆွဲလှုပ်ကာ အသည်းအသန်နားပူလာသည်။

မျှော်လင့်တကြီးအကြည့်များစွာဖြင့် ရင်ဆိုင်လိုက်ရပြီးနောက် လီနန်ခယ့် ကူကယ်ရာမဲ့ဖြစ်သွားရသည်။

"ကျွန်တော်သာမရှိရင် ခင်ဗျားတို့အဖွဲ့ဘာများဆက်လုပ်မလဲ တကယ်စဥ်းစားမရဘူး။ သင်္ချိုင်းလူသား သူ့ဘာသာပြန်ပျောက်သွားမဲ့အချိန်ကို ဒီကနေထိုင်စောင့်ကြတော့မလို့လား"

လိန်ရှင်းနန် နည်းနည်းရှက်သွားပြီး ရိုးရိုးသားသားဝန်ခံလိုက်သည်။

"ညကင်းလှည့်တပ်ဖွဲ့ထောင်ထားတာ နှစ်တွေအများကြီးကြာလှပြီး ကျွန်မတို့တွေလည်း အတွေ့အကြုံရော အင်အားပါ သိသိသာသာတိုးတက်လာခဲ့ပေမဲ့ အမှုတိုင်းကိုတော့ ဘာလာလာမဖြေရှင်းနိုင်ဘူးလေ"

"ကျိုတိုညကင်းလှည့်တပ်ဖွဲ့လည်း အတူတူပဲ။ သင်္ချိုင်းလူသားအမှုတွေမှာ အောင်မြင်မှုနှုန်းက ၅၀ရာခိုင်နှုန်းရှိထားရင်တောင်တော်လောက်ပြီ။ ကျွန်မတို့တိမ်တိုက်မြို့တော် ငှက်နီဌာနဆိုရင် သင်္ချိုင်းလူသားအမှု ၁၉ခုကိုင်တွယ်ဖူးတာမှာ ရှစ်ခုပဲ အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့တယ်"

ဤသည်မှာ ညကင်းလှည့်တပ်ဖွဲ့တိုင်း၏ ရင်ထဲကညည်းသံပင်ဖြစ်ပေသည်။

သူတို့မှာ မိစ္ဆာကောင်လည်းမကြောက်၊ အိပ်မက်ဆိုးလည်းမကြောက် ဘာလာလာဆီးကြိုနိုင်ပါသော်ငြား သင်္ချိုင်းလူသားတစ်ကောင်ပေါ်လာလျှင်တော့ စိုးထိတ်ရစမြဲပင်ဖြစ်သည်။

လူသားဆိုသည်မှာ ဖြေရှင်းကိုင်တွယ်ရအခက်ဆုံး သတ္တဝါပင်။

လီနန်ခယ့်က အခိုက်အတန့်မျှတိတ်ဆိတ်နေပြီးမှ အမျိုးသမီးဘက်လှည့်လိုက်ကာ မေးသည်။

"အရာရှိလိန်၊ သင်္ချိုင်းလူသားကိုသတ်လိုက်ပြီးရင် ရုပ်အလောင်းကကျန်ခဲ့သေးတာလား"

လိန်ရှင်းနန်က ခေါင်းခါပြလိုက်သည်။

"မကျန်ဘူး။ သင်္ချိုင်းလူသားတွေက သေတာနဲ့ လေထဲမှာအငွေ့ပျံပျောက်ကွယ်သွားတာပဲ။ ဒါပေမဲ့ သူတို့သေသွားရင် ထူးဆန်းတဲ့ ချဥ်စူးစူးအနံ့တစ်မျိုးတော့ လေထဲမှကျန်နေခဲ့တတ်တယ်။ အဲ့ဒီအနံ့ကတော့ ဘာနဲ့မှဖျောက်လို့မရနိုင်ဘူး။ ခုနစ်ရက်ကြာမှ သူ့အလိုလိုပျယ်သွားတာပဲ"

လီနန်ခယ့်က ဘာတစ်ခုမှထပ်မပြောတော့ဘဲ သူဌေးလင်နှင့်မေရှင်းအာတို့ အတူတူနေထိုင်သော အိပ်ခန်းဆီသို့ တည့်တည့်ဦးတည်လိုက်သည်။ ထို့နောက် တစ်ခါမြင်ဖူးထားသော လျှို့ဝှက်ခန်းတံခါးကိုဖွင့်ကာ အထဲသို့ငုံ့ကိုင်းအနံ့ခံလိုက်သည်။

"ကြည့်ရတာ အသက်ရှိနေသေးပုံပဲ" လီနန်ခယ့်ကဆိုသည်။

လိန်ရှင်းနန်က တအံ့တသြဟန်ဖြင့်မေးသည်။

"ဟယ့်ချင်းယွီကို ဒီမှာဖွက်ထားတာပေါ့လေ"

လီနန်ခယ့်က ပုခုံးတွန့်ပြသည်။

"ကြည့်ရတာ လင်အိမ်တော်မှာ ပုန်းလို့ရတဲ့လျှို့ဝှက်ခန်းဆိုလို့ ဒီတစ်ခန်းသာရှိတဲ့ပုံပဲ။ အခန်းထဲမှာ လိုဏ်ခေါင်းတစ်ခုရှိလောက်မယ်လို့ ကျွန်တော်ပြောခဲ့တုန်းကမှတ်မိလား။ သူဌေးလင်က ဘာတစ်ခုကိုမှဖုံးကွယ်မထားခဲ့ပုံပေါ်ပေမဲ့ သူ့တုံ့ပြန်ပုံက နည်းနည်းပျာယာခတ်မနေခဲ့ဘူးလား"

"အဲ့ဒီအချိန်တုန်းက သူ့အပြုအမူတွေကိုပြန်စဥ်းစားကြည့်လိုက်။ လျှို့ဝှက်အခန်းတံခါးကိုဖွင့်တယ်၊ နောက်ပြီး ကျွန်တော်တို့ကိုတောင်မစောင့်ဘဲ လိုဏ်ခေါင်းထဲ သူ့ဘာသာခုန်ဆင်းသွားတယ်"

"လှေကားကိုတောင်မသုံးဘဲ တိုက်ရိုက်ခုန်ချသွားတာ မှတ်မိကြရဲ့မဟုတ်လား"

"ဇနီးသည်ကိုအစိုးရိမ်လွန်ပြီး အလျင်စလိုလုပ်မိတာလို့ ပြောလို့ရနိုင်ပေမဲ့ အဲ့ဒီတုန်းက သူ့ဇနီး အဲ့အခန်းထဲမှာရှိနေလိမ့်မယ်လို့ ဘယ်သူမှကြိုမသိခဲ့ကြဘူးလေ"

"နောက်တစ်ချက်ရှိတာက သူဌေးလင်ခုန်ချသွားပြီးတဲ့နောက် လျှို့ဝှက်ခန်းလိုဏ်ခေါင်းက ငြိမ်သက်နေခဲ့ပေမဲ့ ကျွန်တော်တို့ဆင်းသွားပြီးတဲ့နောက်မှ ရေအားလှည့်ပန်ကာလည်သံကို ကြားလိုက်ရတယ်လေ။ တော်တော်လေးနားဆူတဲ့အသံပဲမဟုတ်လား"

လိန်ရှင်းနန်၏မျက်လုံးများ လက်ခနဲဖြစ်သွားသည်။

"သူဌေးလင်အဲ့လောက် စိုးရိမ်တကြီးဖြစ်နေတာက ဇနီးသည်ကိုစိုးရိမ်လို့မဟုတ်ဘဲ တစ်ခုခုဖွက်ထားတာရှိနေလို့ပဲ"

"ဟုတ်တာပေါ့"

လီနန်ခယ့်က ပြုံးလျက်ခေါင်းညိတ်သည်။

"နောက်တစ်ခုရှိသေးတယ်။ မေရှင်းအာကို ကယ်လာပြီးတဲ့နောက်မှာ သူမူးမေ့နေတုန်း ချစ်သူဟောင်းရဲ့ ကယ်ပါယူပါတစာစာအော်သံကို ဝိုးတဝါးကြားခဲ့ရတယ်လို့ပြောတယ်မလား။ သူကတော့ သူ့ကိုယ်သူထင်ယောင်ထင်မှားဖြစ်တယ်ထင်ခဲ့ပြီး စိတ်ထဲမထည့်ခဲ့ပေမဲ့ တကယ်ပဲ ထင်ယောင်ထင်မှားဟုတ်ရဲ့လားဆိုတာ စဥ်းစားချင်စရာပဲ"

လိန်ရှင်းနန် ထပ်စောင့်မနေတော့ဘဲ အဖွဲ့ကိုဦးဆောင်ကာ လိုဏ်ခေါင်းထဲဆင်းသွားလိုက်တော့သည်။

လီနန်ခယ့်ပြောခဲ့သလိုပင် ဒီတစ်ခေါက် သူတို့လျှို့ဝှက်အခန်းဆီ ဝင်သွားပြီးချိန်တွင် မည်သည့်ပန်ကာလည်သံမှမကြားရ။

သို့သော် လေးဖက်လေးတန်ကို နံရံများဖြင့်သာကာထားပြီး ပုန်းခိုစရာလည်းနေရာလည်း ရှိမနေ။

"ဒီထဲမှာလည်း နောက်ထပ်လျှို့ဝှက်တံခါးတစ်ချပ်ပါရဦးမယ် ရှာကြည့်—"

လီနန်ခယ့်တစ်ယောက် စကားကိုပင်အပြီးသတ်မပြောလိုက်နိုင်ခင် ယုန်မလေးမုန့်က သူ၏နှစ်လက်တွဲတူကြီးကို လွှဲချလိုက်ကာ အနီးရှိနံရံတစ်ဖက်ကို ရိုက်ချလိုက်သည်။ ဘုန်းခနဲအသံကြီးနှင့်အတူ ထိုနံရံထက်တွင် အပေါက်ကျယ်ကြီးတစ်ပေါက် ထွင်းဖောက်ပြီးသားဖြစ်သွားတော့၏။

အုတ်ကျိုးအုတ်ပဲ့များကြားတွင် ကုလားထိုင်ထက် ချည်နှောင်ခံထားရသောလူတစ်ယောက်ကို မြင်နိုင်ပေမည်။

ထိုယောက်ျားသည် လရောင်ကဲ့သို့ဖြူဆွတ်သောဝတ်ရုံကို ဝတ်ဆင်ထားကာ စာသင်သားတစ်ယောက်ကဲ့သို့ သန့်စင်ရည်မွန်သောဟန်ရှိသည်။ သို့သော် ဖြူဖျော့သောအသားအရည်မှာ အတော်လေးခြောက်ခန်းရှာလေပြီ။

ထိုသူမှာ ပြန်လည်နိုးထသက်ဝင်လာသော သေဆုံးသူ ဟယ့်ချင်းယွီပင်။

လီနန်ခယ့်က ယုန်မလေးမုန့်ကို လက်မထောင်ပြကာ ချီးကျူးလိုက်သည်။

"တကယ်ကိုပဲ ဦးနှောက်တော့မပါပေမဲ့ သူ့နေရာနဲ့သူအသုံးဝင်ပါပေတယ်။ နည်းလမ်းကနည်းနည်းကြမ်းပေမဲ့ အချိန်ကုန်အရမ်းသက်သာသွားပြီ"

"ဦးနှောက်မပါဘူးဟုတ်လား အခုကျွန်မကို ဦးနှောက်မရှိဘူးလို့ပြောလိုက်တာလား"

ယုန်မလေးမုန့်က ခါးကိုမာန်ပါပါထောက်ရင်း နှုတ်ခမ်းထော်ထော်ဖြင့်ရန်တွေ့သည်။

လိန်ရှင်းနန်ကတော့ သူ့ကိုလှမ်းကြည့်ကာ မေးလာသည်။

"ဟယ့်ချင်းယွီဒီအထဲမှာပိတ်ခံထားရတာစောစောကသိလျက်သားနဲ့ ဘာလို့မပြောခဲ့တာလဲ"

"ယောက်ျားသားနှစ်ယောက်ကို မျက်နှာချင်းဆိုင်စာရင်းရှင်းချိန်လေး ပေးချင်လို့ပါ"

လီနန်ခယ့်က မခိုင်လုံသောအကြောင်းပြချက်တစ်ခုကိုပေးလိုက်ပြီး နံရံအကွဲကြားထဲမှ ဘေးစောင်းဖြတ်ဝင်ကာ ဟယ့်ချင်းယွီရှေ့သို့သွားလိုက်သည်။

အမျိုးသားမှာ ဝိညာဥ်ကင်းမဲ့ခမ်းခြောက်နေဟန်ဖြင့် မျော့မျော့သာကျန်ရစ်လေပြီ။

သို့သော် တစ်စုံတစ်ယောက်ချဥ်းကပ်လာသည်ကို သတိထားမိဟန်ဖြင့် မျက်ခွံအား အနိုင်နိုင်ဖွင့်ကြည့်လာသည်။

"အရင် မိတ်ဆက်ပါရစေ"

လီနန်ခယ့်က သေနတ်ကိုထုတ်ကာ တစ်ဖက်လူ၏နဖူးအလယ်တည့်တည့်သို့ ချိန်ရွယ်ထားပြီး ဆိုသည်။

"ကျွန်တော့်နာမည်လီနန်ခယ့်ပါ။ ခင်ဗျားရဲ့ဇနီးဖြစ်သူကို ဖမ်းဆီးချုပ်နှောင်ထားသလို သမီးဖြစ်သူကိုလည်း ကိုယ်တိုင်သတ်ခဲ့သူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလူကောင်းတစ်ယောက်ပါပဲ။ အခု ခင်ဗျားဘက်ကမိတ်ဆက်ပါဦး"

ဟယ့်ချင်းယွီက မျက်လုံးများကို ခပ်ဖြည်းဖြည်းပိတ်ချလိုက်ပြီး အက်ကွဲနေသောအသံဖြင့်ဆိုသည်။

"ကျွန်တော်က သေပြီးသားလူပါ"

ဤစကားအရ သူဌေးလင်က သူ့ကို ဖြစ်ကြောင်းကုန်စင်ပြောပြထားပြီး ဖြစ်လောက်၏။

"ဂုဏ်ယူပါတယ် အဖြေမှန်ပါပဲ"

လီနန်ခယ့်က သေနတ်မောင်းကိုဆွဲလိုက်သည်။

သို့သော် ထူးဆန်းစွာပင် သေနတ်သံထွက်မလာခဲ့။

သေဖို့အသင့်စောင့်နေခဲ့သော ဟယ့်ချင်းယွီသည်ပင် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။

"မေရှင်းအာအတွက် နောက်ဆုံးနောက်ဆက်စကားလေး သွားပြောလိုက်ပါဦး"

လီနန်ခယ့်က သက်ပြင်းတစ်ချက်နှင့် လိန်ရှင်းနန်ဆီလှည့်ကြည့်လာသည်။

"ဒီလောက်တော့ လုပ်ပေးနိုင်မယ်မဟုတ်လား"

လိန်ရှင်းနန်က အခိုက်အတန့်မျှတွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။

"လုပ်ပါ"

...

All Chapters