စိန်ခေါ်စာ
Vol. 7 Ch. 64
သွေးရောင်ရဲသော ဝင်ခါနီးနေလုံးက ရှုပ်ထွေးပွေလီသောတိမ်စများကြားမှ ဖြည်းဖြည်းချင်း ဆင်းသက်နစ်မြုပ်သွားခဲ့သည်။
နှင်းဆီနီရောင် ညနေခင်းအလင်းတန်းများက ညကင်းလှည့်တပ်ဖွဲ့၏အကျဥ်းထောင်ထက်သို့ ဖြာကျနေကာ ကြောက်မက်ဖွယ်ထိုနေရာကို သွေးနီရောင်တစ်ထပ်ဖြန်းပေးထားသကဲ့သို့ ရှိလေ၏။
လီနန်ခယ့်က နံရံကိုမှီကာ နေဝင်ချိန်ကို မူးမူးမေ့မေ့ငေးမောနေခဲ့သည်။
ကောကန်းနှင့်ကျန်သူများက ဟယ့်ချင်းယွီတစ်ယောက် မတော်တဆလွတ်မြောက်မသွားစေရန် အကျဥ်းထောင်ထွက်ပေါက်ကို သတိကြီးစွာစောင့်ကြပ်နေကြသည်။
"တစ်ခါတလေကျတော့လည်း သင်္ချိုင်းလူသားတွေ ဘာကြောင့်ပေါ်လာကြတာလဲလို့ တွေးမိသားပဲ"
လိန်ရှင်းနန်က လက်ချောင်းဖြူသွယ်သွယ်လေးများဖြင့် သစ်ရွက်ကြွေတစ်ရွက်ကို ကောက်ယူပွတ်သပ်နေရင်း မြူငွေ့များဖုံးနေသလို ဆွေးမြေ့ဝေဝါးသောမျက်လုံးများဖြင့် ဆိုသည်။
"သူတို့ရဲ့ အမျိုးအဆွေတွေ၊ ချစ်ရသူတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် နောက်ဆုံးနှုတ်ဆက်စကားလေးဖြစ်ဖြစ် ပြောနိုင်ဖို့ဖြစ်မှာပေါ့။ ခွဲခွာခါနီးအချိန်မှာ နှုတ်ဆက်စကားဆိုချိန်မရလိုက်တဲ့သူတွေအတွက်လေ"
"လူတွေဆိုတာလည်း တစ်ကိုယ်ကောင်းစိတ်လေးက ပါတတ်ကြတာပဲကိုး။ ဘယ်သူမှ သူတို့ချစ်တဲ့လူတွေကို နှုတ်မဆက်ချင်ကြသလို ခွဲလည်းမခွဲခွာချင်ကြဘူးလေ"
"သေဆုံးခြင်းနဲ့ ပြန်လည်နိုးထစေခြင်းက သူတို့ရဲ့ဘဝတွေကို ရှင်သန်စဥ်မှာ ပိုပြီးတန်ဖိုးထားတတ်အောင် သင်ယူဖို့သက်သက်ဖြစ်တည်နေတာပါပဲ။ တစ်ခါတလေ တန်ဖိုးထားဖို့မေ့နေတတ်တဲ့အရာတွေကိုလည်း သတိရမိအောင်ပေါ့"
လိန်ရှင်းနန်က ပြောရင်းသက်ပြင်းချကာ တစ်ဖက်အမျိုးသား၏ ဘေးတိုက်မျက်နှာချောချောကိုလှည့်ကြည့်လိုက်သည်။
"ရှင်ရော ဘယ်လိုထင်သလဲ"
လီနန်ခယ့်က ငြိမ်သက်လျက်သာ အဝေးမှနေမင်းကို ဆက်လက်ငေးမောနေခဲ့သည်။
အချိန်အတော်ကြာပြီးမှ သူစကားဟလာ၏။
"ကျွန်တော်တို့တော့ ဒုက္ခတောထဲ ကိုယ့်ခြေထောက်နဲ့ကိုယ်ဝင်တိုးမိပြီထင်တယ်"
"ဘယ်လို"
လိန်ရှင်းနန်က ဇဝေဇဝါဟန်ရှိသော်လည်း သူ့စိတ်ထဲကအတွေးကို သိနေသည့်အလား မေးလာသည်။
"ထျန်ချုန်းဂိုဏ်းကိစ္စလား"
"ဟုတ်ပါ့"
အမျိုးသားက တည်ကြည်လေးနက်သောမျက်နှာဖြင့် ခေါင်းညိတ်သည်။
လိန်ရှင်းနန်ကဆိုသည်။
"ကျွန်မဒီကိစ္စကို အထက်ကိုတင်ပြပြီးသွားပြီ။ အရိပ်သက်တော်စောင့်တွေ ကိုင်တွယ်ပါလိမ့်မယ်။ ထျန်ချုန်းဂိုဏ်းပက်သက်လာတဲ့ ကိစ္စမှန်သမျှကို အရိပ်သက်တော်စောင့်တွေပဲတာဝန်ယူစုံစမ်းကြတာ ထုံးစံပဲ။ ကျွန်မတို့က အလွန်ဆုံးမှ ကူညီပေးရရုံလောက်ပဲရှိမယ်"
"လူသတ်သမားက ကျွန်တော်တို့ကို တည့်တည့်လာဆွနေတာလေ"
လီနန်ခယ့်က သူ့အကဲဖြတ်ချက်ကိုပြောသည်။
"မှုခင်းနေရာမှာ ဂိုဏ်းတံဆိပ်ကို အဲ့လိုကြီးကြီးကျယ်ကျယ်ချန်ရစ်ခဲ့ပြီး ဘာသဲလွန်စကိုမှ ဖျောက်မသွားတဲ့အပြုအမူက ကျွန်တော်တို့ကို ပါးဖြတ်ရိုက်ပြီးစိန်ခေါ်လိုက်တာနဲ့အတူတူပဲ။ ကျွန်တော်ပြောတာယုံ၊ မကြာခင်မှာပဲ ပြဿနာတစ်ခုခုဖြစ်လာတော့မယ်"
"ဒါဆို ကျွန်မတို့ဘာဆက်လုပ်သင့်လဲ။ တိမ်တိုက်မြို့တော်ကနေ လူအင်အားနည်းနည်းလောက် ထပ်ခေါ်ခိုင်းလိုက်ရမလား"
လိန်ရှင်းနန်က ချက်ချင်းစီစဥ်လာသည်။
လီနန်ခယ့် စကားဆက်မည်အပြုတွင် ကောင်ကလေးတစ်ယောက် သကြားရည်ဆမ်းထားသောဆီးသီးတုတ်ထိုးလေးကိုကိုင်ကာ သူ့ဆီတလှုပ်လှုပ်ပြေးလာသည်ကို မြင်လိုက်ရသည်။ လက်ထဲမှာလည်း စာအိတ်တစ်လုံးကိုမြှောက်ကိုင်ထားပြီး နို့နံ့မစင်သေးသည့် ကလေးသံလေးနှင့် အော်ပြောလေသည်။
"အစ်ကိုကြီး စာပါတယ်ဗျို့"
စာပါတယ်လား...
လီနန်ခယ့်မျက်လုံးများ လက်ခနဲဖြစ်သွားပြီး စာအိတ်ကိုလှမ်းယူလိုက်သည်။
လိန်ရှင်းနန်က ကောင်ကလေးကိုအမြန်မေးလိုက်သည်။
"ဒီစာကိုဘယ်သူကပေးလိုက်တာလဲ။ ဘယ်နေရာမှာပေးလိုက်တာလဲ"
"မေးစရာတောင်မလိုပါဘူး။ အဲ့ဒီဘယ်သူမှန်းမသိတဲ့ အမျိုးသမီးပဲဖြစ်မှာပေါ့"
လီနန်ခယ့်က ကြောက်လန့်သွားရှာသောကောင်ကလေးကို လှည့်ပြန်ခိုင်းလိုက်ပြီး စာအိတ်ကိုဖွင့်ဖောက်လိုက်သည်။
အထဲတွင် စာသုံးစောင်ပါရှိ၏။
စာရွက်လေးများတွင် နှုတ်ခမ်းဆိုးဆေးနံ့သင်းသင်းက မွှေးပျံ့နေဆဲ။
ပထမစာကို ဖွင့်ဖတ်ပြီးနောက် လီနန်ခယ့်ကပြုံးကာ လိန်ရှင်းနန်ဆီ ကမ်းပေးလိုက်သည်။
"သူဌေးလင်က သင်္ချိုင်းလူသားဘယ်မှာရှိပါတဲ့အကြောင်း ကျွန်တော့်ဆီသတင်းလှမ်းပေးတဲ့စာပဲ"
လိန်ရှင်းနန် အံ့သြသွားသည်။
"ဒါဆို အဲ့ဒီအမျိုးသမီးက ကြားကဖြတ်ယူလိုက်တာပေါ့"
"မဟုတ်လောက်ဘူး။ အချိန်မမီတော့တာကြောင့် သူဌေးလင်က အဲ့ဒီအမျိုးသမီးကို ကျွန်တော့်ကိုတစ်ဆင့်ပေးပေးဖို့ မှာလိုက်တာဖြစ်မယ်"
လီနန်ခယ့်က ခဏလောက်စဥ်းစားကြည့်ပြီး လိန်ရှင်းနန်၏ထင်မြင်ချက်ကို ပယ်ချလိုက်သည်။
ဤသို့ဖြင့် သူဌေးလင်နှင့် ထိုအမျိုးသမီး သိကျွမ်းခင်မင်ကြောင်း အတည်ပြုနိုင်လေပြီ။
ဆက်ဆံရေးကောင်းမွန်ခဲ့သော လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်ခဲ့ကြပေမည်။
လိန်ရှင်းနန် ခေါင်းရှုပ်သွားသည်။
"သေချာရဲ့လား ဒါဆိုအဲ့အမျိုးသမီးက စာကို ဘာလို့အခုမှပို့ပေးတာလဲ"
လီနန်ခယ့်က ခေါင်းခါလျက်ပြုံးသည်။
"သူက ကျွန်တော်သင်္ချိုင်းလူသားကို ကိုယ့်ဘာသာရှာတွေ့နိုင်မလားဆိုတာ စောင့်ကြည့်ချင်သေးတာလေ။ ကျွန်တော်သာရှာမတွေ့ခဲ့ရင် စာကို စောစောစီးစီးပေးလာမှာပေါ့"
လီနန်ခယ့်က ပြောရင်းဆိုရင်း ဒုတိယစာကိုဖွင့်သည်။
"သူဌေးလင်က ကျွန်တော့်ကို အရည်အချင်းရှိတယ်လို့ချီးကျူးပြီး ထျန်ချုန်းဂိုဏ်းကိုခေါ်ဖို့ စာပို့ပြောပြခဲ့ဖူးတာပဲ။ ဆိုတော့ သူက ကျွန်တော့်ကိုဂိုဏ်းထဲမခေါ်ခင် အရည်အချင်းပြည့်မီရဲ့လား စမ်းသပ်ချင်တဲ့သဘောပေါ့"
"ရူးနေတာလားပဲ"
ထိုစကားကိုကြားတော့ လိန်ရှင်းနန်က မျက်ခုံးသွယ်သွယ်နှစ်ဖက်ကိုပင့်ကာ ဆိုလေသည်။
လီနန်ခယ့် တတိယမြောက်စာကိုဖွင့်ဖတ်လိုက်ပြီး ဆိုသည်။
"ငါးရက်အတွင်း တုန်းချီခရိုင်မှာ ကိစ္စကြီးတစ်ခုဖြစ်ပွားလိမ့်မယ်တဲ့။ အဲ့ဒီကိစ္စမှာ ကျွန်တော့်ကို လုပ်အားပေးပါဝင်ဖို့ သူမျှော်လင့်ပါတယ်တဲ့"
"နောက်ပြီး မနက်ဖြန်ကျ ကြိုဆိုလက်ဆောင်အနေနဲ့ သေတ္တာတစ်လုံးပို့လိုက်မယ်တဲ့။ လူကိုယ်တိုင်လည်း လာတွေ့မယ်ပြောတယ်"
လိန်ရှင်းနန်က သူ့လက်ထဲမှစာရွက်များကိုယူပြီး အခေါက်ခေါက်အခါခါ စေ့စေ့စပ်စပ်ဖတ်သည်။ ဖတ်နေရင်း မျက်နှာလှလှက တစ်စထက်တစ်စ တည်တင်းလာလေသည်။
မာနကြီးတာပဲ။ မောက်မာလိုက်တဲ့ ကောင်မ...
စာကိုဖတ်ရင်းတောင် အဲ့ဒီမိန်းကလေးရဲ့မာနကို ခံစားလို့ရနိုင်တယ်။
လိန်ရှင်းနန်က လက်သီးကိုတင်းတင်းဆုပ်ကာ လေသံမာမာနှင့်ဆိုသည်။
"ကျွမ်းကျင်သူတွေထပ်ပို့ပေးဖို့ တိမ်တိုက်မြို့တော်ဆီ အခုပဲသတင်းပို့လိုက်မယ်။ ဒီအမျိုးသမီးက နန်းတွင်းရုံးတော်ကို စိန်ခေါ်ပြုမူရဲလောက်အောင် ဘာတွေများတော်တတ်နေလို့လဲ ကြည့်ကြသေးတာပေါ့"
လီနန်ခယ့်က စာရွက်များကိုဘေးသို့ဖယ်ထားလိုက်သည်။ စိတ်ထဲတွင် အတွေးများစွာနှင့်လေးလံလျက်။
အရိပ်ထဲမှာ ပုန်းအောင်းချောင်းမြောင်းနေသော ရန်သူများကို သူမကြောက်သော်လည်း အရိပ်ထဲမှ လက်ဆန့်ထုတ်စိန်ခေါ်ရဲသော ရန်သူကိုတော့ သူလျှော့မတွက်ရဲ။
ထိုအချိန်တွင် ဟယ်ချင်းယွီတစ်ယောက် အကျဥ်းခန်းထဲမှထွက်လာခဲ့သည်။
ထွက်လျှင်ထွက်ချင်း သူ့နားတွင် လူတွေအမြန်ဝိုင်းရံစောင့်ကြပ်လိုက်ကြသည်။
သူနှင့်ထိတွေ့ခဲ့ဖူးသောသူများ များပြားလှပြီဖြစ်လေရာ ဒီသင်္ချိုင်းလူသားကို ထွက်ပြေးလွတ်မြောက်ခွင့်ပေးလိုက်ပါက သူအချိန်စေ့လို့ ပျောက်ကွယ်သွားချိန်တွင် ထိုသူအားလုံးပါ အသက်ဆုံးရပေလိမ့်မည်။
"နှုတ်ဆက်စကားပြောလို့ပြီးခဲ့ပြီလား"
လီနန်ခယ့်က ဟယ့်ချင်းယွီကိုသွားမေးလိုက်သည်။
တစ်ဖက်လူ၏ ဖြူဖျော့ဖျော့မျက်နှာပေါ်တွင် ကျေးဇူးတင်လိုရိပ်ကို အထင်းသားမြင်ရသည်။
"ကျွန်တော့်နောင်တတရားတွေကို ချေဖျက်ခွင့်ပြုတဲ့အတွက် ကျေးဇူးပါ လူကြီးမင်းလီ"
"ဒါဆို အဆင်သင့်ဖြစ်ပြီလား"
လီနန်ခယ့်က ဆိုင်ယွင်ပေးထားခဲ့သော အပြင်လောကတွင်ပစ်နိုင်သည့် သေနတ်ကိုကောက်ကိုင်ပြီး မေးသည်။
"ကောကန်းတို့ကိုလုပ်ခိုင်းလိုက်ပါ"
လိန်ရှင်းနန်ကတော့ လီနန်ခယ့်လက်ထဲတွင် အသက်ကြွေးများစွာစွန်းထင်လာခြင်းကို မကြည့်ရက်နိုင်ပေ။
သို့သော် အမျိုးသားက သေနတ်ကိုတင်းတင်းသာဆုပ်ထားသည်။
"ကျွန်တော်ပဲလုပ်ပါ့မယ်"
သူမလည်း ဆက်မပြောတော့ဘဲ လက်လျှော့လိုက်သည်။
ဟယ့်ချင်းယွီက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အရှေ့မှ သေနတ်ပြောင်းဝကို မျက်နှာချင်းဆိုင်တေ့လိုက်သည်။ မျက်နှာထက်တွင် ကြောက်စိတ်တစ်စုံတစ်ရာမရှိ၊ အေးငြိမ်းသောအပြုံးသာရှိ၏။
"ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ"
"နောက်ဆုံးစကား ရှိသေးလား"
"အကုန်ပြောခဲ့ပြီးပါပြီ"
ဟယ့်ချင်းယွီက တစ်ချက်ငြိမ်ကျသွားပြီးမှ လီနန်ခယ့်ကို နှမြောတသစွာကြည့်လာသည်။
"ကျွန်တော်တို့စောစောမတွေ့ခဲ့တာ နာတာပဲနော်။ ခင်ဗျားနဲ့ သူငယ်ချင်းဖြစ်ခဲ့ရရင်ကောင်းမှာပဲ"
"ကျေးဇူးပါ။ ကျွန်တော်ကတော့ စိတ်မပါလှပါဘူး"
လီနန်ခယ့်က မောင်းခလုတ်ပေါ်လက်တင်လိုက်သည်။
"ကျွန်တော့်ကိုရော နှုတ်ဆက်စကားလေးမပြောတော့ဘူးလား"
သင်္ချိုင်းလူသားက အပြုံးတစ်ပွင့်ဖြင့်မေးလာသည်။
လီနန်ခယ့်က ခေါင်းကိုငဲ့စောင်းကာ အတန်ကြာသည်အထိတွေးတောနေသော်လည်း သင့်လျော်သောနှုတ်ဆက်စကားကို ရှာလို့မရခဲ့ပေ။ ထိုစဥ် လင်ကျောက်ယွဲ့၏ ချောက်ကမ်းပါးမှ အဝတ်မပါကိုယ်လုံးတီးမြင်ကွင်းလေးက စိတ်ထဲဖျတ်ခနဲပြေးဝင်သာသဖြင့် သူခပ်အေးအေးဆိုလိုက်သည်။
"ခင်ဗျားသမီးက ကိုယ်လုံးကိုယ်ပေါက်အတော်လှသားပဲ"
ဒိုင်း
သေနတ်သံက ဒိုင်းခနဲပေါက်ထွက်လာသည်။
အရှေ့တွင်ရပ်နေသောသူက ဖန်စများကဲသို့ ကွဲကြေလွင့်စင်ကာ လေထုထဲတွင် လွင့်ပါးပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်တည်းဆိုသလိုပင် ပုလဲလုံးဖြူလေးတစ်လုံး လွင့်ထွက်လာကာ လီနန်ခယ့်၏ရင်ဘတ်ထဲသို့ မြုပ်ဝင်သွားခဲ့သည်။ သိမ်မွေ့လွန်းသဖြင့် မည်သူမျှသတိမထားမိခဲ့ကြ။