ဝန်မင်း၏ဖိတ်ခေါ်ခြင်း
Vol. 7 Ch. 65
ရှန်ချွန်းဟယ်သည် အရာရှိကောင်းတစ်ဦးဟု သတ်မှတ်နိုင်သောသူတစ်ယောက်တော့မဟုတ်။
တုန်းချီခရိုင်၏ အုပ်ချုပ်သူ၊ ခရိုင်ဝန်မင်းအဖြစ် ရုံးတော်တွင်တာဝန်ထမ်းဆောင်လာသည်မှာ ၁၃နှစ်တိတိကြာမြင့်ခဲ့လေပြီ။
စတင်ရောက်ရှိလာခါစ ပိန်ကပ်ကပ်လူငယ်လေးဘဝမှသည် လက်ရှိ ဗိုက်ရွှဲရွှဲနှင့် စည်ပိုင်းခန္ဓာသို့ တဖြည်းဖြည်းရောက်ရှိခဲ့ကာ နောက်ဖေးခြံတွင်လည်း မယားငယ်လှလှလေးငါးယောက်ကို ပိုင်ဆိုင်ထားပြန်သည်။ နေ့စဥ်နေ့တိုင်း အဆီအသားယစ်သော မင်းစည်းစိမ်တမျှကို ခံစားစံစားနေရကြောင်း ခိုင်မာသောသက်သေပါပင်။
သို့တိုင် အခြေခံလူတန်းစားများကြားတွင် သူ့ဂုဏ်သတင်းကား အဆိုးကြီးတော့မဟုတ်ပေ။
ဤအတွက် အကြောင်းရင်းတစ်ခုသာရှိသည်။
ရှန်ချွန်းဟယ် အမြဲတစေလိုက်နာစောင့်ထိန်းသော စည်းမျဥ်းစည်းကမ်းတစ်ခုသာရှိသည်။ အခြေခံလူတန်းစားများ ဆာလောင်ငတ်မွတ်ခြင်း၊ အေးခဲနာမကျန်းခြင်း တတ်နိုင်သမျှမရှိစေရ ဟူ၏။
အဘယ့်ကြောင့်ဆိုသော် လူဆိုသည်မှာ ဆာလောင်ငတ်မွတ်ချို့တဲ့ခြင်းနှင့် ကြုံဆုံရပါလျှင် စည်းကမ်းဖောက်ဖျက်ဆိုးသွမ်းသော ပြဿနာကောင်များဖြစ်သွားစေဖို့ အလွန်လွယ်ကူသောကြောင့်ပင်။ ဤသည်က ပို၍ခေါင်းပူစရာဖြစ်မည်မဟုတ်လော။
သို့ဆိုလျှင် သူကိုယ်တိုင်လည်း ခရိုင်ဝန်မင်းနေရာကို ဆက်ထိန်းထားနိုင်ဖို့ မသေချာတော့။
ဤရာထူးအဆင့်အတန်းမရှိပါဘဲနှင့် အဆီယစ်ဖို့၊ မယားတွေကို အိမ်တစ်ဆောင်မီးတစ်ပြောင် ထားနိုင်ဖို့မဆိုထားနှင့်၊ ဝက်စာခွက်ထဲမှာ ဝက်စာတစ်ဇွန်းလောက်ခပ်စားနိုင်ဖို့လောက်တောင် တတ်နိုင်တော့မည်မထင်။
သို့သော် အခြေခံလူတန်းစားများ ဆာလောင်ငတ်မွတ်ခြင်းမရှိစေရပါသော်ငြား အစာအင့်အဆီယစ်နေခွင့်တော့မပြု။ လုံခြုံနွေးထွေးသောအိမ်ရာတွင် နေနိုင်စေပါသော်ငြား ပန်းမွေ့ယာရွှေကော်ဇောကိုတော့ ခင်းကျင်းဆင်ယင်ခွင့်မပြုနိုင်။
အဘယ့်ကြောင့်ဆိုသော် လူတွေ၏လောဘစိတ်မှာ ပြဿနာအားလုံး၏ အရင်းခံဖြစ်ပေသောကြောင့်။
ထို့ကြောင့် အစိုးရအရာရှိပီပီ သင့်တော်သလိုအခွင့်ကောင်းယူခြင်း၊ အချိန်အခါသင့်သလို အမြတ်ထုတ်လာဘ်လာဘယူခြင်း စသဖြင့် အရာအားလုံးကို မျှခြေညီအောင် ထိန်းသိမ်းထားရလေသည်။
ခရိုင်ရုံးတော်၏ ဧည့်ခန်းမတွင်။
အိမ်ပြန်ဖို့ပြင်နေသော လီနန်ခယ့်မှာ ရုံးတော်မှ ခြေမြန်တော်တစ်ဦး၏လမ်းပြမှုဖြင့် ဤနေရာသို့ရောက်ခဲ့ရ၏။
သူ့အပြင် တခြားလူတစ်ယောက်မှမရှိသော ဧည့်ခန်းမကျယ်ကြီးထဲသို့ ခေါ်ဆောင်ခံလာရခြင်းပင်။
လီနန်ခယ့် ဆက်တိုက်တွေးနေမိသည်။ ခရိုင်ဝန်မင်းက ဘာကြောင့်သူ့ကို ရုတ်တရတ်ကြီးဆင့်ခေါ်လာရတာလဲ။ လင်အိမ်တော်အမှုကိစ္စအကြောင်း မေးချင်လို့လား။ ဒါမှမဟုတ် သူ ညကင်းလှည့်တပ်ဖွဲ့ထဲကို ဝင်မဲ့သတင်းကြားလို့ အကဲခတ်ချင်တာလား။
မည်သို့ပင်ဆိုစေ သူ့ဘက်က လေးစားသမှုဆက်ဆံပေးဖို့တော့ တာဝန်ရှိသည်။
လိန်ရှင်းနန်နှင့် အခြားသူများရှေ့တွင် သူပေါ့ပေါ့တန်တန်နေနိုင်သည့်အကြောင်းရင်းမှာ ထိုသူများသည် စိတ်သဘောထားကြီးကာ မိတ်ဆွေသူငယ်ချင်းလို ပေါင်းသင်းနိုင်သောကြောင့်ပင်။ အလွန်အကျွံ ဟန်ဆောင်ရိုကျိုးနေစရာမလိုအပ်ဘဲ ပုံမှန်လိုပြောဆိုဆက်ဆံလည်း ကွိုင်မရှိနိုင်သည့်သူများသာ။
သို့သော် ဒီနေရာကတော့ မတူ။
စကားပြောရမည့် တစ်ဖက်လူသည် ဤခရိုင်၏ဝန်မင်းအရာရှိ ဖြစ်သည်ပင်။
"ဪ နန်ခယ့်ရောက်နေပလား"
ရှန့်ချွန်းဟယ်က အနောက်ခန်းတစ်ခန်းဆီမှ လျှောက်ထွက်လာသည်။ ခရိုင်ဝန်မင်း၏ဗိုက်ပူကြီးကား အမျိုးသမီးတစ်ယောက်၏ ကိုးလလွယ်ဝမ်းဗိုက်လောက်နီးနီး။ အဆီယစ်ကာ ဖောင်းအစ်နေသောမျက်နှာထက် အပြုံးတစ်ပွင့်ဆင်ကာ သူ့ကိုလက်ဝှေ့ယမ်းပြလာပြီး ဆိုသည်။
"ထိုင်ပါ"
လီနန်ခယ့်က လက်နှစ်ဖက်ကို ရိုသေသမှုယှက်ထားပြီး မတ်တပ်ရပ်လျက်သာရှိနေသည်။
"ဒီငယ်သား သခင်ကြီးရှန်ကို နှုတ်ခွန်းဆက်သအပ်ပါတယ်"
ရှန်ချွန်းဟယ်က ခုံသေးသေးလေးထက် သူ့ခန္ဓာကိုယ်အဆီတုံးကြီးကို အတင်းညှစ်ထည့်ထိုင်ချလိုက်ပြီး အစေခံမလေးကမ်းပေးသော လက်ဖက်ရည်ခွက်ကိုယူကာ လက်ဖက်ရည်အပေါ်မျက်နှာပြင်မှ အမြှုပ်ဖြူဖြူများကို ခွက်အဖုံးလေးဖြင့် ညင်သာသပ်ရပ်စွာခပ်ထုတ်လိုက်သည်။ ထို့နောက် အရည်အသွေးမြင့် လက်ဖက်ရည်ပြင်းပြင်းကို တစ်ငုံသောက်ကာ ဖြည်းညင်းသိမ်မွေ့စွာ သက်ပြင်းတစ်ချက်ချလေသည်။
"နန်ခယ့်၊ မင်းဒီရက်တွေအတွင်းမှာ တကယ်ကိုအလုပ်ကြိုးစားခဲ့ရတာပဲ။ အမှုတွေစုံစမ်းစစ်ဆေးရသလို မိစ္ဆာတွေဖမ်းတဲ့နေရာမှာလည်း မပါမဖြစ်ကူညီရပြန်တယ်။ မင်းကို ထိုက်သင့်သလောက်မကူညီပေးနိုင်ခဲ့တဲ့အတွက် ဒီဝန်မင်းတော့ အရမ်းကိုမှအရှက်ရမိပါတယ်"
'နန်ခယ့်' ဟူသည့်ခေါ်သံက သူ၏ကြည်လင်သောသဘောကိုပြသည်။
ခရိုင်ဝန်မင်း၏ ယဥ်ကျေးမှုရှိသော တရင်းတနှီးအပြောအဆိုကြောင့် လီနန်ခယ့်စိတ်သက်သာရာရသွားသော်လည်း ကိုယ့်ဘက်ကစည်းကျော်သွား၍မဖြစ်။
"သခင်ကြီးရှန်က ရုံးတော်နေ့စဥ်တာဝန်တွေနဲ့ အလုပ်များနေရတာ၊ ပြည်သူလူထုအကျိုးအတွက် ကျန်းမာရေးထိခိုက်တဲ့အထိ ကိုယ်ရောစိတ်ပါမြှုပ်နှံနေရတဲ့အချိန်မှာ ဒီငယ်သား တာဝန်အရအလုပ်ကြိုးစားတာလောက်တော့ စိုးရိမ်ပေးနေစရာမလိုပါဘူးခင်ဗျာ"
"နောက်ပြီး ခရိုင်ရုံးတော်က မှုခင်းသမားတော်တစ်ယောက်အနေနဲ့ သခင်ကြီးရှန်စီမံသမျှကို လိုက်နာပြီး ညကင်းလှည့်တပ်ဖွဲ့ကို ကူညီပံ့ပိုးပေးနေတာက ဒီငယ်သား လုပ်သင့်လုပ်ထိုက်တဲ့အရာပါ။ လင်မိသားစုအရေးကိစ္စကို ဒီလိုအမြစ်ဖြတ်နိုင်ခဲ့တာကလည်း သခင်ကြီးရှန်နဲ့ ခရိုင်ရုံးတော်ရဲ့ ကောင်းချီးပေးမြှောက်စားမှုတွေကြောင့်ပါပဲ။ မဟုတ်ရင် ဒီအမှုကြီးကို ဖြေရှင်းနိုင်ပါ့မလားဆိုတာ ပြောရခက်ပါတယ်"
လီနန်ခယ့်၏ အမှုစစ်လက်ထောက်တာဝန်ကို ရှန်ချွန်းဟယ်စီမံချထားပေးခဲ့ခြင်း ဖြစ်လေသလော။
သေချာပေါက် မဟုတ်ရပါ။
သူ့ကို စိတ်ပါလက်ပါ ဖိတ်ခေါ်ပူးပေါင်းပေးခဲ့သူမှာ လိန်ရှင်းနန်သာဖြစ်၏။
ဤအမှုကိစ္စ ပြေလည်ရှင်းလင်းသွားခြင်းမှာလည်း သခင်ကြီးရှန်နှင့် ခရိုင်ရုံးတော်၏တည်ရှိမှုတို့၏ ကောင်းချီးကြောင့်ပေလော။
လားလားမှမသက်ဆိုင်ပါပေ။
လီနန်ခယ့်နှင့် သူ၏ထူးကဲသောဉာဏ်ရည်ကသာ အရာအားလုံးကို အောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဘယ်အချိန်ခြေလှမ်းပြင်ပြီး ဘယ်အချိန်နောက်ပြန်ဆုတ်ရမည်ကို သိနားလည်ခြင်းမှာ အလုပ်ခွင်နှင့် ရုံးတော်ရေးရာများကြား ကျင်လည်ရာတွင် မရှိမဖြစ် ရှင်သန်ရေးစွမ်းရည်တစ်ခုသာဖြစ်သည်။
သူ့စကားဖြင့်ဆိုရလျှင် လီနန်ခယ့်သည် ခရိုင်ရုံးတော်၏ အကြီးအကဲဖြစ်သူရှန်ချွန်းဟယ်နှင့် ကိုက်ညီပြေလည်အောင် သူ၏ပါဝင်အားထုတ်မှုကိုလျှော့ချကာ တတ်နိုင်သမျှကြိုးစားဖားယားပေးနေခြင်းသာဖြစ်သည်။ သူသည် လက်ရှိတွင် ရုံးတော်လက်အောက်မှ ဝန်ထမ်းတစ်ဦးသာဖြစ်သေးသည်မဟုတ်လော။
အနာဂတ်တွင် ညကင်းလှည့်တပ်ဖွဲ့ကိုဝင်ရမည်ဟု သေချာနေလျှင်တောင်မှ လက်ရှိအခြေအနေတွင်တော့ ဘာကိုမှ ခြေလွတ်လက်လွတ်ပြုမူလို့မရသေး။
ဘယ်လိုပတ်ဝန်းကျင်မှာမဆို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကျက်စားနိုင်ရမည်။
လူမှုဆက်ဆံရေးနယ်ပယ်တွင် ရှောင်ကျဥ်ရန် အရေးကြီးဆုံးအချက်တစ်ချက်မှာ ရုတ်တရက် ရာထူးတက်သွားသည့်အခါ မိမိ၏ အထက်လူကြီးဟောင်းများကို လျစ်လျူရှုဆက်ဆံခြင်း သို့မဟုတ် တမင်သက်သက် သိက္ခာချစော်ကားခြင်းပင် ဖြစ်သည်။
အနာဂတ်တွင် ထပ်မတွေ့လာရနိုင်ဟု အာမခံချက်မရှိသောကြောင့် နေရာတိုင်းတွင် စည်းတစ်ခုကိုတော့ မကျော်တာအကောင်းဆုံးပင်။
တစ်နေ့တစ်ချိန်တွင် မိမိလည်းမကျရှုံးနိုင်ဟု ဘယ်သူမှတပ်အပ်မပြောနိုင်ပေ။ ရန်စဟောင်းရှိခဲ့သော အထက်လူကြီးသည်လည်း မိမိကိုပိုင်နိုင်သောတစ်နေရာသို့ တက်လှမ်းသွားနိုင်ချေရှိပြန်၏။
ထို့ပြင် လူတစ်ယောက်၏နောက်တွင် အဆက်အသွယ် အချိတ်အနွယ် မည်မျှများပြားရှည်လျားမည်ဖြစ်ကြောင်း ဘယ်သူမှမသိနိုင်။
တိုးသာဆုတ်သာ နေရာနှစ်နေရာစာရှိအောင် အမြဲတမ်းလမ်းချန်ထားရမည်။
အထူးသဖြင့် ယခုလိုအခြေအနေတွင် လီနန်ခယ့်၏ ညကင်းလှည့်တပ်ဖွဲ့ဝင် အဆိုတင်သွင်းမှုက အတည်ပြုလို့မပြီးစီးသေး။ ဒီကြားထဲ တစ်ခုခုလွဲမှားချော်ချွတ်သွားလျှင် ရုံးတော်အလောင်းစစ်အဖြစ် ဆက်လက်ရုန်းကန်ရပေဦးမည်။
လီနန်ခယ့်၏ ပြေပြစ်သောတုံ့ပြန်စကားကို ကြားလိုက်ရသောအခါ ဝန်မင်း၏မျက်လုံးဘေးမှ အရေပြားအတွန့်အလိပ်များ ပြေလျော့သွားပြီး ပင့်ကူမျှင်တစ်ခုလို ပြန့်ကားသွားသည်အထိ ပြုံးချိုသွားခဲ့သည်။ ထို့နောက် လီနန်ခယ့်ကို ကိုင်ထားသောလက်ဖက်ရည်ခွက်ဖြင့် တစ်ချက်ညွှန်ပြလိုက်ပြီး ဆိုသည်။
"နန်ခယ့်...နန်ခယ့်၊ ဒီဝန်မင်း မင်းကိုဒီလောက်တန်ဖိုးထားနေရာပေးခဲ့တာ အလကားမဖြစ်ခဲ့ဘူးပဲ"
တန်ဖိုးထားတာလား။ ဘာကိုတန်ဖိုးထားတာလဲ။
ဤအမှုကိစ္စသာ ရှိမလာခဲ့လျှင် အောက်ခြေအဆင့် အလောင်းစစ်ငယ်လေးတစ်ယောက်ကို ခရိုင်ဝန်မင်း နာမည်ပင်ကြားဖူးလိမ့်မည်မဟုတ်။
လီနန်ခယ့်တစ်ယောက် မတ်တပ်ရပ်နေဆဲဖြစ်သည်ကိုမြင်သောအခါ ရှန်ချွန်းဟယ်မျက်မှောင်ကြုတ်သည်။
"နန်ခယ့်ဖို့လည်း လက်ဖက်ရည်လေးဖျော်ခဲ့စမ်းပါဦးဟ။ အဘွားကြီးယွမ် တစ်နေ့ကပို့ထားတဲ့ တိမ်နွေဦးလက်ဖက်ခြောက်ကိုထုတ်ခဲ့ကြ"
လီနန်ခယ့်က ကျေးဇူးတင်သည့်အနေဖြင့် လက်နှစ်ဖက်ကိုယှက်လိုက်ပြီး ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်သည်။ သို့သော် လေစားရိုကျိုးသောအမူအရာကိုတော့ ဆက်ထိန်းထားမြဲ။
အစေခံမလေးက လက်ဖက်ရည်ခွက်ကိုဆက်သပြီး ရှန်ချွန်းဟယ်အချက်ပြလိုက်သောကြောင့် အနောက်သို့အသာဆုတ်ထွက်သွားသည်။
"မြည်းကြည့်ပါဦး။ ဒီလက်ဖက်ရည်က တိမ်ပင်လယ်ဒေသကနေခူးလာတဲ့ လက်ဖက်ခြောက်နဲ့နှပ်ထားတာလေ။ အရာရှိကြီးတွေ မှူးကြီးမတ်ရာတွေ အလွန်ကြိုက်ကြတဲ့အမျိုးအစားပေါ့။ သိပ်လည်းအဖိုးတန်တယ်"
ရှန်ချွန်းဟယ်က ခပ်သာသာရယ်မောကာ ဆိုသည်။
"ဒီဝန်မင်း တိမ်တိုက်မြို့တော်ရဲ့အုပ်ချုပ်ရေးမှူး သခင်ကြီးယွမ် သူ့အမေရဲ့မွေးနေ့ပွဲကျင်းပတုန်းက ဂုဏ်ပြုစကားပြောဖို့ သွားခဲ့သေးတယ်။ သခင်ကြီးယွမ်ကိုမင်းသိမှာပါ။ သူ့ယောက္ခထီးကြီးက လုံကျန်းပြည်နယ်အုပ်ချုပ်ရေးမှူးကြီးလေ။ အဲ့ဒီမွေးနေ့ပွဲပြီးတော့ အဘွားကြီးယွမ်က ကျုပ်ကို ဒီလက်ဖက်ခြောက်အိုးလေး တကူးတကလှမ်းပို့လိုက်တာ။ ကျုပ်လည်း မယူမနေရ ယူရတော့တာပေါ့"
ရောက်တတ်ရာရာ စကားစမြည်လေးအချို့ဟု ထင်ရပေသည့် သတင်းအချက်အလက်များစွာ ပါဝင်နေသည်။
ပထမအချက်၊ ဤလက်ဖက်ရည်ကားအလွန်အဖိုးတန်သည်။ လာဘ်စားခြင်းဖြင့်ရလာသည်လည်းမဟုတ်။ ငါဝန်မင်း ရှန်ချွန်းဟယ်ကား အကျင့်သီလနှင့်ပြည့်စုံသော အရာရှိကောင်းတစ်ဦးသာဖြစ်သည်ဟု။
ဒုတိယအချက်၊ ငါဝန်မင်းသည် တိမ်တိုက်မြို့တော်မြို့စားမင်း သခင်ကြီးယွမ်နှင့် ဆက်ဆံရေးကောင်းကောင်းရှိထားသူတစ်ဦးပင်။
ဤဆက်ဆံရေး မည်မျှနက်ရှိုင်းခိုင်မြဲသည်ကို သိချင်လျှင်တော့ မောင်မင်းဘာသာ ဆက်လက်စုံစမ်းကြည့်ပါလေ။
တတိယအချက်၊ ဤအဖိုးတန်လက်ဖက်ရည်သည် ငါကိုယ်တိုင်ပင် ထုတ်သောက်ရမည်ကိုနှမြောလွန်းလှသော်လည်း မောင်မင်းအတွက်တော့ အထူးတလည်ထုတ်ယူလာပေးသည်။ ဒီဝန်မင်း၏ တန်ဖိုးထားမှုကို မြင်ပါလေစ။ ဤနတ်သုဒ္ဓါတမျှသောလက်ဖက်ရည်ကို သုံးဆောင်ရင်းပြောမည့်အကြောင်းအရာသည်လည်း အတော်အတန်တော့ အရေးကြီးပေမည်။