← Chapters

မယ်မယ်ကြီး

Vol. 7 Ch. 68

မယ်မယ်ကြီး

Vol. 7 Ch. 68

မဟာကျန်းမင်းဆက်သည် လက်ရှိတွင် တည်ထောင်စအချိန်မှစ၍ ရှစ်ဆက်မြောက်ဧကရာဇ်လက်ထက်ဖြစ်၏။

လေးဆက်မြောက်ဧကရာဇ်လက်ထက်မှစ၍ ဆုတ်ယုတ်ကျဆင်းမှုတို့ တစ်စတစ်စဖြစ်ပေါ်လာကာ မဟာကျန်းမင်းဆက်၏ နိုင်ငံတော်ကံကြမ္မာမှာလည်း ရောင်ဝါမှေးမှိန်ယုတ်လျော့လာခဲ့သည်။

လေးဆက်မြောက်ဧကရာဇ်မင်းမှာ သေရည်အရက်နှင့် မိန်းမကိစ္စတွင်သာ ဝါသနာထုံမွေ့လျော်နေခဲ့ပြီး သာယာမှုကို လွန်စွာတပ်မက်သည်။ မှူးမတ်တို့၏ အင်အားစုများမှာ ပြတ်နိုင်သော ပဋိပက္ခအပြိုင်အဆိုင်များကြား သူတို့အလိုအတိုင်းဖြစ်ရဖို့အရေးသာ အာရုံစိုက်လိုသည်။ အဆက်မပြတ်ရောက်လာနေသော ပြည်ပအန္တရာယ်များနှင့် သဘာဝဘေးဒုက္ခများမှာ ထိုနှစ်များအတွင် ပိုစိပ်လာကာ နိုင်ငံတော်၏ သြဇာအာဏာမှာလည်း ကြီးစွာကျဆင်းကွယ်ပျောက်ရလေတော့၏။

ငါးဆက်မြောက်ဧကရာဇ်မင်း ဧကရာဇ်မင်သဲ့လက်ထက်တွင် ယိုယွင်းနေသောတိုင်းပြည်ကို ပြန်လည်ထူမဖို့ရည်ရွယ်ချက်ရှိခဲ့သော်လည်း ဘုရင်မင်းမြတ်၏အရည်အချင်းမှာ သာမန်ဆန်လွန်းလှလေသည်။ ဤသို့ဖြင့် တိုးတက်မှုအစား အဆင့်အတန်းကွာခြားချက်များသာ ပိုမိုကြီးမားကွာဟလာခဲ့သည်။

ဘုရင်မင်းမြတ်လည်း စိတ်ပျက်အားလျော့မှုဖြင့် တိုင်းပြည်တာဝန်များအပေါ် စတင်ပျင်းရိခိုကပ်လာကာ ညီလာခံသို့လည်း တက်တစ်ချက်မတက်တစ်ချက် ဖြစ်လာတော့၏။

နောက်ပိုင်းတွင် ကူလန်တိုင်းပြည်မှဆက်သလာသော မိန်းမလှလေးတစ်ဦးအား ရူးသွပ်စွာစွဲလမ်းသွားကာ သူမကို တစ်နှစ်အတွင်း တော်ဝင်ကြင်ယာတော်အဆင့်ထိ တင်မြှောက်ပေးခဲ့ပြီး ကြင်ယာတော်၏ နူးညံ့နွေးထွေးလှစွာသော ထွေးပွေ့ချစ်ခင်မှုတွင်သာ တဝဲလည်လည်အချိန်ကုန်ခဲ့တော့လေသည်။

ဧကရာဇ်မင်သဲ့တွင် စုစုပေါင်း သားတော်ကိုးပါးရှိခဲ့သည်။ အတော်များများမှာ နန်းတော်တွင်း အကွက်ဆင်လုပ်ကြံမှုများကြား တိမ်းပါးကုန်ခဲ့ကြပြီးနောက် သားတော်သုံးပါးသာကျန်ရှိတော့၏။ ထိုသုံးပါးတွင် ဒုတိယမင်းသားပိုင်ယောင်ချွမ်မှာ အထက်မြက်ဆုံးသားတော်ပင်။

မဟာကျန်း၏ ခြောက်ဆက်မြောက်ဧကရာဇ်လောင်းမှာ ပိုင်ယောင်ချွမ်သာဖြစ်လိမ့်မည်ဟု သူတို့အားလုံး ယုံကြည်ထင်မှတ်ခဲ့ကြသည်။

သို့သော် မည်သူမှမထင်မှတ်ထားခဲ့စွာပင် ဧကရာဇ်မင်သဲ့က နတ်ရွာစံခါနီး၌ မည်သို့သောအကြောင်းပြချက်ရယ်ကြောင့်မသိ၊ သူအချစ်ရဆုံးမိဖုရားမှ မွေးဖွားပေးခဲ့သော သားအငယ်ဆုံး မင်းသားပိုင်ယောင်ကျွင်းကို ဆန္ဒအလျောက်ထီးနန်းလွှဲအပ်ခဲ့ရာ ပိုင်ယောင်ကျွင်းမှာ မဟာကျန်း၏ နောက်တက်ဧကရာဇ်ဖြစ်လာခဲ့ရ၏။

ထီးနန်းဆက်ခံချိန်တွင် မင်းသားငယ်မှာ အသက်၁၁နှစ်မျှသာရှိသေးသည်။

သို့ပေသည့် ပိုင်ယောင်ကျွင်းတစ်ယောက် ထီးနန်းဆက်ခံပြီးချိန်တွင် မိခင်ဖြစ်သူမိဖုရားက အတွင်းအပြင် နိုင်ငံရေးအရင်းအမြစ်ခိုင်မာစေဖို့ အာဏာကြီးသောမှူးမတ်များနှင့် မဟာမိတ်ဖွဲ့ပူးပေါင်းကာ ကူလန်တိုင်းပြည်နှင့် ချစ်ကြည်ရေးလက်ဆက်ပွဲတစ်ခုစီစဥ်ဖို့ ဧကရာဇ်ကိုစည်းရုံးသည်။

ထိုအချိန်တွင် လေးနှစ်အရွယ်မင်းသမီးငယ်လေး ဟယ့်လန်ရှောင်းမှာ လက်ဆက်ပွဲအတွက် မိခင်တိုင်းပြည်၏အဝေးတစ်နေရာ မဟာကျန်းပြည်ထောင်ဆီသို့ ပို့ဆောင်ခံလိုက်ရပြီး ဧကရာဇ်ငယ်လေး၏ တော်ဝင်ကြင်ယာတော်အဖြစ် လျာထားခြင်းခံခဲ့ရသည်။

နောက်ပိုင်းတွင် ပိုင်ယောင်ကျွင်းတစ်ယောက် နန်းပလ္လင်ထက် ဘိသိက်သွန်းတက်လှမ်းချိန်၌ ခြောက်နှစ်အရွယ်ရှိပြီဖြစ်သော ဟယ့်လန်ရှောင်းမှာ ဘုရင့်မိခင် မယ်တော်ကြီးနှင့် မှူးကြီးမတ်ရာတို့၏ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုအောက် ဘုရင့်ကြင်ယာတော် ဧကရီဘွဲ့ထူးဖြင့် အတူနန်းတက်ခဲ့ရတော့၏။ မဟာကျန်းမင်းဆက်တလျှောက်လုံးတွင်မက အင်ပါယာကြီးတစ်ခုလုံးတွင် မကြားခဲ့စဖူး အငယ်ဆုံးသောဧကရီမိဖုရား။

သို့သော် ၂၇ရက်အကြာတွင် ၁၁နှစ်အရွယ်ရှိ ဧကရာဇ်အသစ်စက်စက် ပိုင်ယောင်ကျွင်းကလေးမှာ နန်းတော်ထဲတွင် ထင်မှတ်မထားစွာ ရုတ်တရတ်ကံကုန်ခဲ့ရှာသည်။

တစ်ချိန်တည်းမှာပင် ဒုတိယမင်းသားပိုင်ယောင်ချွမ်က အင်အားကြီးမှူးမတ်တစ်ယောက်၏အကူအညီဖြင့် နန်းတော်တွင်းပုန်ကန်မှုစတင်ကာ မယ်တော်ကြီးနှင့်တကွ အပေါင်းအပါများကို အင်အားသုံးထိန်းချုပ်ခဲ့လိုက်သည်။ ဤသို့ဖြင့် ထျန်းဝူဧကရာဇ်ဟုလူသိများသော မဟာကျန်း၏ ခုနစ်ဆက်မြောက်ဘုရင် နန်းတက်ခဲ့ခြင်းပင်။

ပိုင်ယောင်ကျွင်း၏သေဆုံးမှုမှာ ယနေ့အချိန်ထိ ဖြေရှင်းမရသောပုစ္ဆာတစ်ပုဒ်အဖြစ် ကျန်ရစ်ခဲ့ဆဲပင်။

မိခင်ဖြစ်သူလည်း နန်းတော်ထဲတွင် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့သည်။

သို့သော် ကူလန်တိုင်းပြည်မှ မင်းသမီးငယ်ဟယ့်လန်ရှောင်းမှာတော့ ဧကရီနေရာတွင် တစ်လပင်ပြည့်အောင်မထိုင်လိုက်ရဘဲ မယ်တော်ကြီးအဖြစ် အဆင့်တက်စံမြန်းခဲ့ရတော့၏။

ယခု ဧကရာဇ်ထျန်းဝူ နာမည်ခံအငြိမ်းစားယူပြီးနောက်တွင် ဧကရာဇ်ယွမ်ဖုန်းက ထီးနန်းကိုလက်လွှဲယူခဲံသည်။ အသက်၃၁နှစ်ရှိပြီဖြစ်သော ဟယ့်လန်ရှောင်းလည်း အဆင့်တစ်ဆင့်တက်ကာ မယ်တော်ကြီးမှ မယ်မယ်ကြီးအဖြစ် လွှဲပြောင်းနေရာယူခဲ့ရ၏။ ဤအမျိုးသမီး၏ ဘဝတစ်သက်စာအတွေ့အကြုံများမှာ သမိုင်းဝင်လောက်ပေသည်။

"မယ်မယ်ကြီး ဘာကြောင့် ဒီလောက်နောက်ကျတဲ့အထိ အနားမယူသေးတာပါလဲဘုရာ့"

ထက်မြက်ကြမ်းတမ်းသော အရှိန်အဝါအပြုအမူနှင့် ကြွေရုပ်သဖွယ်မျက်နှာလေးကိုပိုင်ဆိုင်ထားပါသော်ငြား လောကအကြောင်း မသိနားမလည်သေးသော ဖြူစင်ရိုးအဟန်လေးကြောင့် လင်ဝေယန်သူမကိုကြည့်ရင်း ခေါင်းသာကိုက်လာတော့သည်။

မယ်မယ်ကြီးမှာ အသက်သုံးဆယ်ကိုကျော်လွန်ခဲ့ပြီးဖြစ်သော်လည်း ကလေးမလေးတစ်ယောက်နှယ် ပြုမူစဥ်းစားလို့မပြီးနိုင်သေး။

မြင်သာအောင်ဆိုရလျှင် သူမတွင် ရင့်ကျက်သင့်သော အမျိုးသမီးတစ်ဦး၏ အသက်အရွယ်၊ မိန်းကလေးငယ်တစ်ဦး၏ မျက်နှာ၊ ပျိုဖော်ဝင်စ မိန်းကလေးတစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ကလေးငယ်တစ်ဦး၏ စိတ်နှလုံးမျိုး ပေါင်းစပ်တည်ရှိနေသည်။ ထို့အပြင် စကားပြောလျှင် အသံလေးဆွဲကာ ပြောတတ်သည့် ကလေးဆန်ဆန် နူးနူးညံ့ညံ့အသံမျိုးလည်း ရှိသေးသည်။

မည်သို့ပင်ဆိုစေ၊ ထိုအရာများမှာ သူမ၏ အဆင့်အတန်းနှင့် လုံးဝ လိုက်ဖက်မှုမရှိပေ။

"ဝေယန်လေး၊ နင်ငါ့ကို နောက်တစ်ခါထပ်ညာပြန်ပြီ။"

ဟယ့်လန်‌ရှောင်းသည် ဒေါသတကြီးဖြင့် သူမ၏ ဖြူဖွေးသွယ်လျကာ ချောမွေ့နေသော လက်မောင်းနှစ်ဖက်ပေါ်လာသည်အထိ အင်္ကျီလက်ကိုမတင်လိုက်ပြီး ခါးထောက်လိုက်သည်။

"နင်ငါ့ကို နန်းပြင်ခေါ်သွားပြီး ပေးကစားမယ်လို့ ကတိပေးထားတာလေ၊ အခုဆို ငါ့ကိုညာတာ အကြိမ်ရေတော်တော်များနေပြီ"

သူမသည် မယ်မယ်ကြီးဟူသော ဘွဲ့ထူးကို ပိုင်ဆိုင်ထားသော်လည်း ပိုင်ယောင်ချွမ်၏ရှေ့ သို့မဟုတ် အခမ်းအနားများမှလွဲ၍ သူမကိုယ်သူမ ဤမုဆိုးမဟု သုံးနှုန်းလေ့မရှိပေ။

လင်ဝေယန်က ခါးသီးစွာပြုံးလိုက်ပြီး ပြောသည်။

"မယ်မယ်ကြီး၊ လတ်တလောမှာ တိုင်းပြည်ရေးရာကိစ္စတွေ အရမ်းများနေလို့ပါ၊ ခဏလောက် ထပ်စောင့်ပေးပါဦး။"

"မစောင့်နိုင်တော့ဘူး၊ ဒီည နန်းတော်ထဲကနေ တိတ်တိတ်လေးခိုးထွက်တော့မယ်၊ နန်းတော်အစောင့်တွေက ငါ့ကိုသူခိုးလို့ထင်ပြီး သတ်လိုက်ရင်လည်း ငါ့ကံပဲပေါ့"

ဟယ့်လန်‌ရှောင်းက ရင်ဘတ်ကိုကော့ကာ စတင်ခြိမ်းခြောက်လေတော့သည်။

သူတို့ဘေးတွင်ရှိသော ပိုင်ရူယွဲ့က နှုတ်ခမ်းကိုကိုက်ကာ ကြိတ်ရယ်လိုက်ပြီး ဝင်မေးလိုက်သည်။

"မယ်မယ်ကြီးက တကယ်ပဲခိုးထွက်နိုင်လို့လား၊ ရူယွဲ့ မှတ်မိသလောက်ဆိုရင် ဒီနှစ်ထဲမှာတင် မယ်မယ်ကြီး နန်းတော်ကနေခိုးထွက်ဖို့ကြိုးစားတာ အကြိမ်ပေါင်း ရှစ်ဆယ့်ကိုးကြိမ်ရှိပြီ၊ တစ်ကြိမ်မှလည်း မအောင်မြင်ခဲ့ဘူးလေ။"

"နင်နဲ့မဆိုင်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါအရှုံးမပေးဘူး။"

ဟယ့်လန်‌ရှောင်းက သူမ၏ ပန်းနုရောင်လက်သီးဆုပ်လေးများကို အားကြိုးမာန်တက် ဝှေ့ယမ်းပြလိုက်သည်။

ကလေးဆန်ဆန် ချစ်စဖွယ်အပြုအမူလေးကြောင့် လင်ဝေယန်မှာ ရယ်လည်းရယ်ချင်သလို သနားလည်း သနားမိသွားသည်။

ကူလန်တိုင်းပြည်မှ ဤမင်းသမီးငယ်လေးသည် အသက်လေးနှစ်အရွယ်ကတည်းက ဤနေရာသို့ ခေါ်ဆောင်ခြင်းခံခဲ့ရပြီးနောက် မဟာကျန်းနန်းတော်တည်းဟူသော လှောင်အိမ်ကြီးထဲတွင် တစ်ခါမျှ အပြင်ထွက်ခွင့်မရခဲ့ဘဲ ပိတ်လှောင်ခံထားရခြင်းဖြစ်သည်။

ပိုင်ယောင်ကျွင်း ကွယ်လွန်ပြီးနောက်တွင်ပင် သူမသည် လျန့်လန်စံအိမ်တော်အတွင်း၌သာ ကန့်သတ်ပိတ်ပင်ခံထားရပြီး ငါးနှစ်တိုင်တိုင် ခြံဝင်းတံခါးပြင်ပသို့ ခြေတစ်လှမ်းမျှမချခဲ့ရပေ။

သို့သော်လည်း ထိုကဲ့သို့ အထီးကျန်ပြီး ပျင်းရိဖွယ်ကောင်းသောဘဝက သူမ၏ တက်ကြွသော မွေးရာပါသဘာဝကို မထိန်းချုပ်နိုင်ခဲ့ပေ။ မည်သည့်အချိန်တွင်မဆို သူမသည် အသစ်အဆန်းများအပေါ် ကလေးငယ်တစ်ဦးကဲ့သို့ စိတ်ဝင်တစားစူးစမ်းတတ်ကာ အကောင်းမြင်စိတ်လေးကိုလည်း အစဥ်ထိန်းသိမ်းထားနိုင်ခဲ့သည်။

နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကလည်း ကြွေရုပ်လေးနှင့်တူသော ဤတပြည်သားမင်းသမီးငယ်လေးကို အလွန်ချစ်ခင်ဂရုစိုက်ကြသည်ပင်။

နောက်ပိုင်းတွင် ပိုင်ယောင်ချွမ်က သူမကို နန်းတွင်း၌ စိတ်ကြိုက်သွားလာခွင့်ပြုလိုက်သောအခါမှ ဟယ့်လန်‌ရှောင်းသည် မင်းသမီးကြီးနှင့် လင်ဝေယန်တို့ကို တွေ့ဆုံခွင့်ရပြီး သူငယ်ချင်းကောင်းများ ဖြစ်လာခဲ့ကြကာ သူတို့နှင့်ကစားရန် အမြဲပူဆာတတ်လေသည်။

သို့သော်လည်း အစမှအဆုံးထိ သူမသည် ဤနန်းတော်ကြီးအတွင်းမှ အပြင်သို့ ခြေတစ်လှမ်းပင် ထွက်ခွင့်မရှိခဲ့။

ပြီးခဲ့သည့်လက သူမသည် လင်ဝေယန်အတွက် ကိစ္စတစ်ခု အကျိုးဆောင်ပေးခဲ့သဖြင့် လင်ဝေယန်က သူမကို နန်းပြင်ခေါ်ထုတ်သွားပြီး လည်ပတ်စေမည်ဟု ကတိပေးခဲ့သည်။ သို့တိုင် ယခုထိ အစီအစဥ်ကို အကောင်အထည်မဖော်နိုင်သေး။

ထို့ကြောင့်လည်း သူမယခု အကြောင်းပြချက်တောင်းရန် ဒေါသတကြီးရောက်လာခြင်း ဖြစ်သည်။

လင်ဝေယန်က ကလေးတစ်ယောက်ကို ချော့မြှူသကဲ့သို့ စတင်ဖြောင်းဖျလာသည်။

"မယ်မယ်ကြီး၊ အခုအချိန်မှာ အရှင်မင်းမြတ်က မယ်မယ်ကြီးနန်းပြင်ထွက်မထွက်ကို စိတ်ထဲသိပ်မထားတော့ဘူး ဆိုပေမဲ့လည်း မယ်မယ်ကြီးရဲ့အဆင့်အတန်းက မြင့်မြတ်လွန်းပါတယ်၊ အကယ်၍ မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် ဘယ်နှယ့်လုပ်မလဲ။ ဒီလိုလုပ်ပါ၊ နောက်ရက်အနည်းငယ်နေရင် ကျွန်မ မယ်မယ်ကြီးကို ကိုယ်တိုင်နန်းပြင်ခေါ်သွားမယ်၊ မျက်လှည့်ပြပွဲတွေ လိုက်ပြမယ်၊ အရမ်းလှတဲ့အရုပ်တွေ အများကြီးဝယ်ပေးမယ်၊ ပြီးတော့ အရသာရှိတဲ့အစားအစာတွေ အများကြီးဝယ်ကျွေးမယ်။"

သို့သော်လည်း သူမသည် ဤကဲ့သို့ စိတ်ကူးယဉ်ပုံရိပ်များကို အကြိမ်ကြိမ်ပုံဖော်ခဲ့ဖူးလေပြီ။ ဟယ့်လန်‌ရှောင်းလည်း ထပ်မယုံပေးနိုင်တော့ဘဲ ခေါင်းကို တရစပ်ခါလိုက်ပြီး ပြောသည်။

"မရဘူး၊ နင်ငါ့ကို နောက်တစ်ခါထပ်ညာဖို့ ကြိုးစားနေတာပဲ၊ ငါထပ်မယုံတော့ဘူး။"

ထို့နောက် သူမသည် ရှေ့သို့တိုးကာ လင်ဝေယန်ကိုဖက်တွယ်လိုက်ပြီး မျက်နှာငယ်လေးဖြင့် အသနားခံလာသည်။

"ဝေယန်လေး၊ နင်ကငါ့အပေါ်မှာ အကောင်းဆုံးပဲလေ၊ ကျေးဇူးပြုပြီး ငါ့ကို နန်းပြင်တစ်ခါလောက်ပဲ လွှတ်ပေးပါနော်။"

ဟယ့်လန်‌ရှောင်းသည် လက်ညှိုးလေးတစ်ချောင်းထောင်ကာ အလွန်သနားစဖွယ်ကောင်းသော ပုံစံလေးဖြင့် တောင်းပန်တိုးလျှိုးလာ၏။

ကော်ပတ်ရုပ်လေးလို မျက်နှာနုနုလေးနှင့် ချွဲချွဲပျစ်ပျစ်အသံလေး ပေါပ်စပ်လိုက်သောအခါ ဘေးမှ ပိုင်ရူယွဲ့သည်ပင် အရည်ပျော်လုနီးပါး ဖြစ်သွားရသည်။

လင်ဝေယန်က တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ဟယ့်လန်‌ရှောင်းက ပါးလေးကိုဖောင်းအောင် နှုတ်ခမ်းစူကာ ဒေါသတကြီးပြောလိုက်သည်။

"လင်ဝေယန်၊ ဒီမုဆိုးမက ဒီနန်းတော်ရဲ့မယ်မယ်ကြီးဆိုတာတော့ မမေ့သေးဘူးမလား။ ဒီမယ်မယ်ကြီး နင့်ကိုအမိန့်ပေးတယ်။ နန်းပြင်ကို အခုချက်ချင်း ခေါ်သွားပေးစမ်း။ တော်ဝင်အမိန့်"

သို့သော် အဆင့်အတန်းဖြင့် ဖိအားပေးခြင်းကလည်း လင်ဝေယန်ကို အလျှော့မပေးစေနိုင်ခဲ့ပေ။

ထိုအစား မင်းသမီးငယ်က သူမ၏ လှပသော မျက်ခုံးတန်းလေးများကို ဟန်ပါပါပင့်လိုက်ပြီး လှောင်ပြုံးပြုံးသည်။

"မယ်မယ်ကြီးခြိမ်းခြောက်တာကို ဒီမင်းသမီး အကြောက်ဆုံးပါပဲ။ အရှင်မကြီးအနေနဲ့ ဒီမင်းသမီးကို အမိန့်နာခံအောင် ဓားနဲ့မိုးပြီး ခြိမ်းခြောက်ကြည့်ပါလား။"

All Chapters