အခန်း ၃၄၃
Vol. 35 Ch. 343
အခန်း (၃၄၃)
ခရီးတစ်ထောက် နားချိန်တွင် ကျန်းမင်က လျို့ဝှက်အစီရင်ခံစာတစ်စောင်ကို ကိုင်စောင်ပြီး ရုတ်တရက် ရောက်ရှိလာသည်။
" အရှင် ယန်ထင်က လျို့ဝှက်အစီရင်ခံစာ ရောက်လာပါတယ်။ ယန်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းပါ။ " ကျန်းမင်က ရိုသေစွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်း၏ အမူအရာက ပြောင်းလဲသွားပြီး လျို့ဝှက်အစီရင်ခံစာကို ယူလိုက်သည်။
" ယန်နိုင်ငံက ချင်နိုင်ငံကို သံတမန်အဖွဲ့ စေလွှတ်ခဲ့ပြီး သူတို့က ချီနဲ့ ချူနိုင်ငံကိုလည်း သွားရောက်လည်ပတ်နေတယ်။ " စာထဲတွင် ထိုအကြောင်းအရာများကို အသေးစိတ် ဖော်ပြထားသည်။
" မကောင်းတော့ဘူး။ ကျင်းခဲက ချင်နိုင်ငံကို လုပ်ကြံဖို့ ကြိုးစားတော့မှာပဲ။ အရှင်မင်းကြီး အန္တရာယ်ရှိနေပြီ။ " ကျောက်ဖုန်းက မျက်နှာပျက်သွားပြီး သမိုင်းဝင်အဖြစ်အပျက်ကို ချက်ချင်း သတိရလိုက်သည်။
" အရှင် အရှင်မင်းကြီးက ဘာလို့အန္တရာယ်ရှိနေတာလဲ။ " ကျန်းမင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
ကျောက်ဖုန်းက အသေးစိတ် မရှင်းပြခဲ့ပေ။ သူက ဝမ်ယန်၏ ရထားလုံးဆီသို့မြင်းစီးသွားလိုက်သည်။
" ယန်အာ ငါ့မှာ အရေးကြီးကိစ္စရှိလို့ မြို့တော်ကို ချက်ချင်း ပြန်ရတော့မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ယောကျာ်းသွားပါ။ " ဝမ်ယန်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။
" ကျန်းမင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" ကျွန်တော်ရှိပါတယ်။ " ကျန်းမင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ကိုယ်ရံတော်တစ်ထောင်နဲ့ သခင်မကို စောင့်ရှောက်ပြီး မြို့တော်ကို ခေါ်လာခဲ့ပါ။ ဟန်ချန်းယန်က ငါနဲ့အတူ မြို့တော်ကို ချက်ချင်း ပြန်ရမယ်။ "ကျောက်ဖုန်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့။ " ကိုယ်ရံတော်အားလုံးက ပြန်ပြောလိုက်ကြသည်။
ထို့နောက် ကျောက်ဖုန်းက ကိုယ်ရံတော်များကို ဦးဆောင်ပြီး ရှန်းယန်မြို့သို့ အရှိန်ပြင်းစွာ မောင်းနှင်သွားသည်။
" အရှင် ဘာတွေဖြစ်နေတာလဲ။ ဘာလို့ မြို့တော်ကို အရေးတကြီး ပြန်ရတာလဲ။ " ဟန်ချန်းယန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" ယန်နိုင်ငံက သံတမန်တွေ ရောက်လာတယ်။ သူတို့က အရှင်မင်းကြီးကို လုပ်ကြံဖို့ အခွင့်အရေးများတယ်။ " ကျောက်ဖုန်းက မြင်းကို အရှိန်မြှင့်ပြီး လေးနက်စွာ ပြောလိုက်သည်။
" မဖြစ်နိုင်တာ။ ယန်နိုင်ငံက ကျွန်တော်တို့ ချင်နန်းတော်ထဲမှာ လုပ်ကြံဖို့အထိ ရဲတင်းပါ့မလား။ အဲ့ဒါက သေလမ်းပဲလေ။ " ဟန်ချန်းယန်က အလွန်တုန်လှုပ်သွားသည်။
သူတစ်ယောက်တည်းသာမက နန်းတော်ရှိ လူတိုင်းက ၎င်းကို တွေးမိမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သံတမန်အသွင်ယူပြီး ထိုသို့သော လုပ်ရပ်မျိုးကို ဘယ်သူမှလုပ်ရဲမည်မဟုတ်ပေ။ ၎င်းက ကြီးမားသော ပြစ်ဒဏ်တစ်ခုဖြစ်ပြီး အောင်မြင်နိုင်ခြေ နည်းပါးလှသည်။ အကြောင်းမှာ ချင်ဘုရင်နှင့် နီးကပ်ခွင့်ရရန် လုံးဝမဖြစ်နိုင်သောကြောင့် ဖြစ်သည်။
" မင်းမတွေးမိဘူးပေါ့။ အခြားသူတွေလည်း အဲ့လိုပဲ။ ဘယ်သူမှမတွေးမိကြဘူး။အရှင်မင်းကြီးကိုယ်တိုင်တောင် တွေးမိမှာမဟုတ်ဘူး။ ဒါကြောင့် ယန်နိုင်ငံက လုပ်ကြံဖို့ အခွင့်အရေးများနေတာပဲ။ " ကျောက်ဖုန်းက မြင်းကို ဆက်လက်မောင်းနှင်နေသည်။
သမိုင်းကြောင်းအရဆိုလျှင် ကျင်းခဲ၏ လုပ်ကြံမှုမှာ မအောင်မြင်ဘဲ ယန်နိုင်ငံကို စစ်ချီရန် အကြောင်းပြချက်ပင် ရရှိသွားခဲ့သည်။ ထို့ကြောင့် ချီနှင့်ချူကလည်း ယန်နိုင်ငံကို ကူညီရန် အကြောင်းပြချက်မရှိတော့ပေ။ ယန်နိုင်ငံက ချင်ဘုရင်ကို လုပ်ကြံခဲ့သည့်အတွက် ချင်ဘုရင်က စစ်တပ်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
" အရှင် ယန်နိုင်ငံက လုပ်ကြံမယ်ဆိုတာ ဘာလို့ ဒီလောက်တောင် သေချာနေတာလဲ။ ဘယ်ဘက်ကကြည့်ကြည့် ယန်နိုင်ငံက မလုပ်ရဲလောက်ပါဘူး။ သူတို့သာမအောင်မြင်ရင် သူတို့နိုင်ငံ ပျက်စီးသွားလိမ့်မယ်။ " ဟန်ချန်းယန်က နားမလည်နိုင်သေးပေ။
" ဘာလို့လဲဆိုတော့ ယန်နိုင်ငံမှာ မောက်မာတဲ့ အိမ်ရှေ့စံမင်းသားရှိနေလို့ပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ချင်နိုင်ငံ၊ ရှန်းယန်မြို့တော်။
ယန်နိုင်ငံ၏ သံတမန်အဖွဲ့က မြို့အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည်။ ရှေ့တွင် နန်းတွင်းကိုယ်ရံတော်များက ဦးဆောင်နေသည်။ လမ်းတစ်လျှောက်တွင် ပြည်သူများက ဂုဏ်ယူစွာဖြင့် ကြည့်ရှုနေကြသည်။
" ငါတို့ ချင်နိုင်ငံက အခုဆိုရင် အရမ်းအင်အားကြီးတဲ့ နိုင်ငံတစ်ခုဖြစ်နေပြီ။ ယန်နိုင်ငံကတောင် သံတမန်တွေ စေလွှတ်ပြီး အရိုအသေပေးရတယ်။ "
" ချင်နိုင်ငံက ကမ္ဘာကြီးကို ပေါင်းစည်းနိုင်မှာသေချာတယ်။ ငါတို့ ချင်နိုင်ငံရဲ့ စစ်တပ်ကို တားဆီးနိုင်တဲ့ နိုင်ငံမရှိတော့ဘူး။ " ပြည်သူများက ဂုဏ်ယူစွာ ပြောဆိုနေကြသည်။
" ချင်နိုင်ငံရဲ့ စိတ်ဓာတ်က တကယ်ကြောက်စရာကောင်းတယ်။ အိမ်ရှေ့စံမင်းသားရဲ့ စိုးရိမ်မှုက မှန်တယ်။ " ယန်နိုင်ငံ၏ သံတမန်အကြီးအကဲ ချင်ဝူယန်က သက်ပြင်းချလိုက်သည်။
" ဒီတစ်ခါတော့ သေလမ်းပဲ။ ပကြီးအကဲချင် အဆင်သင့်ဖြစ်ပြီလား။ " ကျင်းခဲက ချင်ဝူယန်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
" ယန်နိုင်ငံအတွက် အသက်ပေးဖို့ အဆင်သင့်ပဲ။ " ချင်ဝူယန်က ပြတ်သားစွာ ပြောလိုက်သည်။
"ယန်နိုင်ငံက လူပေါင်းသန်းချီအတွက်ပဲ။ " ကျင်းခဲက ပြောလိုက်သည်။ အခွင့်အရေးကတစ်ကြိမ်သာ ရသည်။ အကယ်၍ မအောင်မြင်ခဲ့လျှင် သူတို့ သေရုံသာမက ယန်နိုင်ငံလည်း ပျက်စီးသွားပေလိမ့်မည်။
ညီလာခံခန်းမတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက ရောက်ရှိနေကြပြီဖြစ်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်ကျောက်ဖုန်း အကြံပြုခဲ့တဲ့ ယန်ပင်းရဲ့ အရည်အချင်းက တကယ်ကို ထူးချွန်ပါတယ်။ အခုဆိုရင် ဝေနယ်မြေကို စီမံခန့်ခွဲမှုက စနစ်တကျဖြစ်လာပြီး သက်ဆိုင်ရာကိစ္စရပ်တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။ " ဖုန်းချွီကျိက ရင်ကျန့်ကို တင်ပြလိုက်သည်။
ဝန်ကြီးကိုးပါးထဲမှ တစ်ယောက်ဖြစ်သည့်အတွက် ဖုန်းချွီကျိက နန်းတွင်းအငြင်းပွားမှုများကြားတွင် ပါဝင်ခြင်းမရှိဘဲ အမြဲတမ်း ရှောင်ဖယ်နေခဲ့သည်။ သူက မျိုးဆက်ဟောင်းတစ်ယောက်ဖြစ်သော်လည်း ဝမ်ဝမ်တို့ဘက်တွင် ပါဝင်ခြင်းမရှိခဲ့ပေ။ ယခုကဲ့သို့ ချီးကျူးခြင်းကလည်း ယန်ပင်း၏ စီမံခန့်ခွဲမှုက အမှန်တကယ် ထူးချွန်သောကြောင့်ဖြစ်သည်။
" ကျောက်ဖုန်း အကြံပြုတဲ့သူက တကယ်တော်တာပဲ။ " ရင်ကျန့်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
" အရှင်မင်းကြီး ဝေနယ်မြေကို အရေးတကြီး ပြန်လည်ထူထောင်ဖို့ လိုအပ်နေပါပြီ။ နေရာတော်တော်များများက ဝေနိုင်ငံလက်ထပ်က အတင်းအကျပ် အခွန်ကောက်ခံခြင်းတွေ ကြုံခဲ့ရပါတယ်။ အခုဆိုရင် အဲ့ဒီနေရာတွေမှာ လူငယ်တွေနဲ့ သန်မာတဲ့သူတွေ မရှိတော့ပါဘူး။ အရှင်မင်းကြီးအနေနဲ့ ဝေနိုင်ငံကို တစ်နှစ် နှစ်နှစ်လောက် အခွန်လျှော့ပေးဖို့ တောင်းဆိုပါတယ်။ " ဟန်ဖေးက လေးနက်စွာ ပြောလိုက်သည်။
" ဒီကိစ္စနဲ့ ပက်သက်ပြီး ငါစဉ်းစားပေးမယ်။ ဝေနိုင်ငံရဲ့ လူဦးရေစာရင်းကို စုစည်းပြီးပြီလား။ " ရင်ကျန့်က ဟန်ဖေးကို မေးလိုက်သည်။
" စစ်မဖြစ်ခင် ဝေနိုင်ငံမှာ လူဦးရေ ၁၃ သန်းကျော်ရှိခဲ့ပါတယ်။ စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အခုဆိုရင် လူဦးရေ ၁၂ သန်းတောင် မရှိတော့ပါဘူး။ လူဦးရေတစ်သန်းနီးပါး ဆုံးရှုံးသွားပြီး အချို့ကတော့ ချင်နိုင်ငံအတွင်းပိုင်းကို ထွက်ပြေးသွားကြပါတယ်။ " ဟန်ဖေးက ပြောလိုက်သည်။
"အရှင်မင်းကြီး ဝေနိုင်ငံမှာ နောက်ထပ် ဖြေရှင်းရမယ့် ကိစ္စတစ်ခု ကျန်ပါသေးတယ်။ ဝေနိုင်ငံပျက်စီးသွားတဲ့နောက်မှာ ကျွန်တော်မျိုးတို့ ချင်နိုင်ငံက ဝေနိုင်ငံရဲ့ စစ်သည်လေးသိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့အားလုံးကို စီမံခန့်ခွဲရပါလိမ့်မယ်။ အခု သူတို့ကို ထိန်းသိမ်းထားရတာ ချင်နိုင်ငံရဲ့ ရိက္ခါအမြောက်အမြားကို ကုန်ကျစေပါတယ်။ အရှင်မင်းကြီး ဆုံးဖြတ်ပေးပါဦး။ " ယွီလျောင်က ရိုသေစွာ ပြောလိုက်သည်။
" အင်း အဲ့ဒီကိစ္စကို ငါသိပါတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ သို့သော် သူက ထိုလက်နက်ချစစ်သည်များကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို စဉ်းစားရခက်နေသည်။
ယခင်က လက်နက်ချစစ်သည်များအတွင်း အသက်အရွယ်ကြီးရင့်သူများကို ပြန်လွှတ်ပြီး ငယ်ရွယ်သန်မာသူများကို အပြစ်သားတပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့သော် ယခုအခါ လက်နက်ချစစ်သည်များက အလွန်များပြားနေသည်။
" အရှင်မင်းကြီး အပြစ်သားတပ်ဖွဲ့ကို ပြန်မဖွဲ့စည်းသင့်ပါဘူး။ လက်နက်ချစစ်သည်တွေကို မူလနည်းလမ်းအတိုင်း ကျွန်အဖြစ် လျှော့ချပြီး မြောက်ဘက်နယ်စပ်၊ ရှုဒေသနဲ့ အခြားနေရာတွေကို ပို့ဆောင်ဖို့ အဆိုပြုပါတယ်။ " ဝမ်ဝမ်က ရှေ့တို့ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ ဒီလောက်ကြီးမားတဲ့ အလုပ်သမားအင်အားကို စနစ်တကျ သုံးနိုင်မယ်ဆိုရင် ချင်နိုင်ငံရဲ့ အင်အားကို တိုးတက်စေပြီး ကုန်ကျစရိတ်ကို လျှော့ချနိုင်မှာပါ။ " ဟွိုက်ကျွမ်းက ချက်ချင်း ထောက်ခံလိုက်သည်။
" ကျွန်တော်မျိုးတို့လည်း သဘောတူပါတယ်။ " အရာရှိအများအပြားကလည်း ထောက်ခံလိုက်ကြသည်။
အတိတ်တွင် ဖမ်းဆီးရမိခဲ့သော လက်နက်ချစစ်သည်များက ကျွန်များဖြစ်သွားကြပြီး မြောက်ဘက်နယ်စပ်သို့ ပို့ဆောင်ခြင်းအပြင် အခြားနေရာများသို့လည်း ပို့ဆောင်ခဲ့သည်။ နန်းတွင်းရှိ မျိုးဆက်ဟောင်းမျညးက ကျွန်ရောင်းဝယ်ရေးကို နှစ်သက်ကြသည်။ မည်သို့ပင်ဖြစ်စေ အကျိုးအမြတ် များလွန်းသည်။ ယခုကဲ့သို့ အခွင့်အရေးရလာသောအခါ သူတို့က သဘာဝအတိုင်း လက်မလွှတ်ကြပေ။
" ယွီချင်း ဒီလက်နက်ချစစ်သည်တွေကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ မင်းထင်လဲ။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ် ကျောက်ဖုန်းက လက်နက်ချစစ်သည်တွေကို ကိုင်တွယ်ရာမှာ အတွေ့အကြုံရှိပါတယ်။ အခုလည်း လက်နက်ချစစ်သည်တွေကို ကိုယ်တွယ်ဖို့ ကိစ္စကို စစ်သေနာပတိချုပ် ပြန်လာတဲ့အထိ စောင့်ဆိုင်းသင့်တယ်လို့ ထင်ပါတယ်။ " ယွီလျောင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" အရှင်မင်းကြီး ဒီကိစ္စကို ကျွန်တော်မျိုးတို့ ချင်ရဲ့ မူလနည်းလမ်းအတိုင်း ကိုင်တွယ်ရင် လွယ်ကူပါတယ်။ ဒါက နိုင်ငံအင်အားကို တိုးတက်စေပြီး အရင်းအမြစ် ဆုံရှုံးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါက ဘယ်လိုပဲ ကြည့်ကြည့် ပိုကောင်းတဲ့ နည်းလမ်းဖြစ်လို့ အရှင်မင်းကြီး အခု ဆုံးဖြတ်ချက်ချပေးဖို့ တောင်းဆိုပါတယ်။ " ဝမ်ဝမ်က ချက်ချင်း ထရပ်လိုက်သည်။
" အရှင်မင်းကြီး ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်။ " အရာရှိများက နောက်မှလိုက်ပြောလိုက်ကြသည်။
" ဒီကိစ္စကို ကျောက်ဖုန်း ပြန်လာတဲ့အထိ စောင့်ပြီးမှ ဆုံးဖြတ်မယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" အရှင်မင်းကြီး ဒါက..." ဝမ်ဝမ်က မျက်နှာပျက်သွားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့