အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း (၃၄၆)
" ဟန်ဖေး " ရင်ကျန့်က ဟန်ဖေးကို ကြည့်လိုက်သည်။
" ကျွန်တော်မျိုး ရှိပါတယ်။ " ဟန်ဖေးက ချက်ချင်း ပြန်ပြောလိုက်သည်။
" စစ်ချီဖို့အတွက် စး်ဘက်ဆိုင်ရာ ရိက္ခါပစ္စည်းတွေကို စုဆောင်းပြင်ဆင်ပါ။ တစ်လအတွင်းမှာ အဓိက စစ်စခန်းနှစ်ခုရဲ့ ခြောက်လစာ စစ်ချီဖို့အတွက် လုံလောက်တဲ့ ရိက္ခါတွေကို စုဆောင်းပါ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဟန်ဖေးက ချက်ချင်း ပြန်ဖြေလိုက်သည်။
စိုက်ပျိုးရေးဝန်ကြီးရာထူးကို မခန့်အပ်ရသေးမီက ရိက္ခါများ စုဆောင်းခြင်းနှင့် ဖြန့်ဝေခြင်း လုပ်ငန်းများကို ဝမ်ဝမ်နှင့် ယွီလျောင်တို့က စီမံခန့်ခွဲခဲ့ကြသည်။ ယခုအခါ ဟန်ဖေးက ထိုရာထူးကို ရယူထားပြီဖြစ်သောကြောင့် ၎င်းက သူ၏ တာဝန်ဖြစ်လာခဲ့သည်။
" စုဆောင်းတာကို ဟန်ဖေးက လုပ်လိုက်ပါ။ သယ်ယူပို့ဆောင်ရေးအပိုင်းကိုတော့ ယွီချင်းနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
ယခင်က ပါဝင်ဆောင်ရွက်ခဲ့သော ဝမ်ဝမ်က ယခုအခါ ဘေးဖယ်ခံထားရပြီဖြစ်သည်။ ရင်ကျန့်က ဝမ်ဝမ်ကို နောက်ထပ်အားကိုးရန် ရည်ရွယ်ချက်မရျသည်မှာ ထင်ရှားလှသည်။ ဝန်ကြီးချုပ်၏ အာဏာက များစွာ လျော့ကျသွားခဲ့ပြီဖြစ်သည်။
" အခြားတင်ပြစရာမရှိရင် ညီလာခံသိမ်းမယ်။ ငါလည်း ပင်ပန်းလှပြီ။ " ရင်ကျန့်က လက်ဝေ့ရမ်းပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
ကျောက်ဖုန်းက ဘာမှမပြောဘဲ ရင်ကျန့်၏ နောက်မှ လိုက်၍ ကျန်းထိုင်နန်းဆောင်သို့ ဦးတည်သွားခဲ့သည်။
စျေးတစ်ခုအတွင်း ကျင်းခဲနှင့် ချင်ဝူယန်တို့ကို ဖမ်းဆီးထားသော အကျဉ်းသားလှည်းနှစ်စီးက ဝင်ရောက်လာသည်။ ထိုလှည်းနှစ်စီးနောက်တွင် ယန်နိုင်ငံမှ နောက်လိုက် တစ်ရာကျော်တို့က ခြေချင်းခတ်လျက် လိုက်ပါလာကြသည်။
အကျဉ်းသားလှည်းပေါ်၌ ကျင်းခဲ၏ ရင်ဘတ်က သွေးများဖြင့် နီရဲနေပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သည်။ နောက်တစ်ယောက်က မျက်နှာ ဖြူလျော့ကာ သေခြင်းတရားကို ကြောက်ရွံ့နေခဲ့သည်။
နန်းတွင်းကိုယ်ရံတော်များ လိုက်ပါ စောင့်ကြပ်သည့် အကျဉ်းသားလှည်းနှစ်စီးကို မြင်တွေ့လိုက်ရသဖြင့် လူများစွာက စုရုံး ရောက်ရှိလာကြသည်။
ထိုအချိန်တွင် စစ်မြင်းကို စီးထားသော ရန်ရှောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
" ယန်နိုင်ငံက တရားမျှတမှုမရှိဘူး။ မြေပုံဆက်သမယ်ဆိုပြီး မြေပုံထဲမှာ ဓားမြှောင်ဝှက်ပြီး အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းကအချိန်မီရောက်လာပြီး အရှင်မင်းကြီးကို ကယ်တင်နိုင်ခဲ့တယ်။ "
" ယန်နိုင်ငံရဲ့ ကောင်းကျစ်စဉ်းလဲတဲ့ လုပ်ရပ်တွေက ခွင့်မလွှတ်နိုင်စရာပဲ။ ဒီနေ့ အရှင်မင်းကြီးရဲ့ အမိန့်တော်အရ လုပ်ကြံသူအားလုံးကို မြားတစ်ထောင်စိုက်ပြီး သေဒဏ်ပေးရမယ်။ ချင်ပြည်သူအားလုံး ဒီကွပ်မျက်မှုကို စောင့်ကြည့်ခွင့်ရှိတယ်။ " ရန်ရှောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
ထိုစကားများကို ကြားလိုက်ရသည်နှင့် ပြည်သူများက မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ကြီးမားသော ဒေါသနှင့် မုန်းတီးမှုများ ပေါ်ပေါက်လာခဲ့သည်။
"ခွေးမသားတွေ... အရှင်မင်းကြီးကို လုပ်ကြံရဲတယ်ပေါ့။ "
" လက်ဆောင်ဆက်သမယ်ဆိုပြီး အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ သူတို့က အပိုင်းပိုင်းဖြတ်ပြီး သေသင့်တယ်။ "
" ဒီလူယုတ်မာတွေကို ခဲနဲ့ ပေါက်သတ်ကြ။ "
ချင်ပြည်သူများက ဒေါသ ပေါက်ကွဲသွားကြပြီး အနီးမှ ပစ္စည်းများကို ကောက်ယူပြီး ယန်အကျဉ်းသားများကို ပစ်ပေါက်လိုက်ကြသည်။ မကြာမီ လမ်းမတစ်ခုလုံးက ကြက်ဥများ၊ ဟင်းသီးဟင်းရွက်များ၊ ခဲလုံးများနှင့် ပြည့်နှက်သွားသည်။ သူတို့၏ ဘုရင်ကို လုပ်ကြံရန် ကြိုးစားသည်ဟု ကြားလိုက်ရချိန်တွင် ထိုပြည်သူများက မည်မျှဒေါသထွက်သွားကြောင်း ဖော်ပြနေသည်။
ထို့အပြင် ၎င်းက ချင်နိုင်ငံအတွင်း ရင်ကျန်၏ ဂုဏ်သတင်းနှင့် ပြည်သူများ၏ လေးစားမှု မည်မျှရရှိထားကြောင်း ဖော်ပြနေသည်။ မည်သို့ပင်ဖြစ်စေ ချင်ပြည်သူများအတွက် သူတို့၏ ဘုရင်မှာ ဥပဒေတင်းကျပ်ပြီး နယ်မြေချဲ့ထွင်နိုင်သော ပညာရှိအုပ်ချုပ်သူဖြစ်သည်။
ပြည်သူများ၏ ဒေါသအောက်တွင် ယန်သံတမန်အဖွဲ့မှ လူများက ခေါင်းများ ဒဏ်ရာရထားကြပြီး နာကျင်စွာ ညည်းညူနေကြသည်။ နန်းတွင်းကိုယ်ရံတော်များက ဘေးမှ အေးစက်စွာ ကြည့်ရှုနေကြသည်။
လီစီက ရှေ့ထွက်လာပြီး ယန်လူမျိုးများကို အေးစက်စွာ ကြည့်လိုက်သည်။
" ချင်ပြည်သူတို့ ဒီယန်လူမျိုးတွေက အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ။ အရှင်မင်းကြီးရဲ့ အမိန့်တော်အရ ကျုပ်ကိုယ်တိုင် ကွပ်မျက်ခြင်းကို ကြီးကြပ်မယ်။ ယန်လုပ်ကြံသူအားလုံးကို ကြိုးတုတ်ကြ။ " လီစီက အေးစက်စွာ ပြောလိုက်သည်။
နန်းတွင်းကိုယ်ရံတော်များက ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ယန်နိုင်ငံမှ လူတစ်ရာကျော်ကို တိုင်များတွင် ကြိုးတုပ်လိုက်ကြသည်။
" ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးပါ။ လုပ်ကြံမှုအကြောင်း ကျွန်တော်တို့ ဘာမှမသိပါဘူး။ "
" ကျွန်တော်တို့ကို ခွင့်လွှတ်ကေးပါ။ "
ယန်နိုင်ငံမှ နောက်လိုက်များက ထိတ်လန့်တကြား အသနားခံနေကြသည်။
" သေးသည်တော်တွေ အဆင်သင့်ပြင်။ " လီစီက ဂရုမစိုက်ဘဲ အော်ဟစ်လိုက်သည်။ လေသည်တော်များက နေရာယူလိုက်ကြပြီး ယန်နိုင်ငံက လူအားလုံးကို ချိန်ရွယ်ထားကြသည်။
" လေအေးတွေ တိုက်ခတ်လို့ ယိမြစ်ရေက အေးစက်နေတယ်။ သူရဲကောင်းတစ်ယောက် ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး။ " ကျင်းခဲက ဝမ်းနည်းစွာဖြင့် ရေရွတ်လိုက်သည်။
" အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုးတို့ ယန်နိုင်ငံတော့ သွားပါပြီ။ " ချင်ဝူယန်က ညည်းညူလိုက်သည်။
" သတ်ကြ " လီစီက ဒေါသတကြီး အမိန့်ပေးလိုက်သည်။
မြားပေါင်းများစွာကို တပြိုင်နက် ပစ်လွှတ်လိုက်ကြသည်။ မြားမိုးများက လုပ်ကြံသူများဆီသို့ ဦးတည်သွားခဲ့သည်။ လုပ်ကြံသူများအားလုံးက မြားပေါင်းများစွာ ထိမှန်ပြီး သေဆုံးသွားကြသည်။
" ဆက်ပစ်ကြ။ " လီစီက အေးစက်စွာ အမိန့်ပေးလိုက်သည်။
ပြည်သူများ၏ အော်ဟစ်သံများနှင့်အတူ မြားမိုးက ဆက်လက်ကျဆင်းနေသည်။ ထိုလုပ်ကြံသူများအတွက် သေဆုံးပြီးနောက် သူတို့၏ ရုပ်အလောင်းများပင် အရှက်ကွဲခြင်း ခံရပေလိမ့်မည်။ ၎င်းက ချင်ဘုရင်ကို လုပ်ကြံရသည့်အတွက် ပေးဆပ်ရသည့်တန်ဖိုးဖြစ်သည်။
ကျန်းထိုင်နန်းဆောင်အတွင်း၌ ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
" ရက်စွဲတွေအရ မင်းမြို့တော်ကို ပြန်လာရမယ့် ရက်မရောက်သေးပါဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ပုံမှန်အရှိန်အရဆို မြို့တော်ကို ပြန်ရောက်ဖို့ အနည်းဆုံး နောက်ထပ် ဆယ်ရက်လောက် ကြာဦးမှာပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဒါဆို မင်းက ယန်နိုင်ငံရဲ့ သံတမန်တွေထဲမှာ လုပ်ကြံသူပါလာမယ်ဆိုတာကို သိနေခဲ့တာလား။ လုပ်ကြံဖို့ လာမယ်ဆိုတာကိုပေါ့။ " ရင်ကျန့်က ကျောက်ဖုန်းကို အံ့ဩစွာ ကြည့်လိုက်သည်။
" ကျွန်တော်မျိုးက ကံကောင်းလို့ ခန့်မှန်းမိတာပါလို့ ပြောရင် အရှင်မင်းကြီး ယုံမလား။ "ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ငါယုံတယ်။ "ရင်ကျန့်က မစဉ်းစားဘဲ ခေါင်းညိမ့်လိုက်သည်။
" အဲ့ဒါကြောင့်ပဲ ကျွန်တော်မျိုးက နေ့ရောညပါ အပြင်းနှင်လာခဲ့တာပါ။ နောက်ဆုံးမှာ အချိန်မီရောက်လာခဲ့တယ်။ မဟုတ်ရင် အရှင်မင်းကြီးရဲ့ နှလုံးကို အဲ့ဒီလုပ်ကြံသူရဲ့ ဓားက ထိုးစိုက်သွားလောက်ပြီ။ " ကျောက်ဖုန်းက စနောက်လိုက်သည်။
" ငါက သေဖို့ ကံပါမလာသေးဘူးဆိုတာ သက်သေပြနေတာပေါ့။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" ဒါက အန္တရာယ်ကြီးပေမယ့် နောက်ဆုံးမှာ ဖြတ်ကျော်နိုင်ခဲ့တယ်။ အခုတော့ ယန်နိုင်ငံကို စစ်ချီဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရသွားပြီ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်။
" တကယ် အန္တရာယ်ကြီးပေမယ့် အကျိုးအမြတ်ရခဲ့တယ်။ ဒီအကြောင်းပြချက်နဲ့ဆိုရင် ချင်နိုင်ငံက ယန်နိုင်ငံကို ဖျက်ဆီးနေတာကို ချီနဲ့ချူတို့က ထိုင်ကြည့်နေရုံကလွဲပြီး ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ယန်ဘုရင်က ငါ့ဆီကို ဓားတစ်လက်ပို့ပေးလောက်တဲ့အထိ မိုက်မဲလိမ့်မယ်လို့ မယုံနိုင်ဘူး။ သူ ဒီလောက်ထိ အလောင်းအစား လုပ်ရဲမှာမဟုတ်ဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ယန်ဘုရင်က မလုပ်ရဲဘူး။ ဒါပေမယ့် နောက်ထပ်လူတစ်ယောက်ကရော။ " ကျောက်ဖုန်းက လှောင်ပြောင်သည့်လေသံနှင့် ပြောလိုက်သည်။
" ဒီကိစ္စက ယန်တန်ရဲ့ လက်ချက်လို့ မင်းပြောတာလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" သူကလွဲလို့ အခြားဘယ်သူလဲ ကျွန်တော်မျိုး မတွေးတတ်တော့ပါဘူး။ ယန်ဘုရင်က ပညာရှိတဲ့ အုပ်ချုပ်သူမဟုတ်ပေမယ့် မိုက်မဲတဲ့သူတော့ မဟုတ်ဘူး။ လုပ်ကြံဖို့ ကြိုးစားတာက ချင်နိုင်ငံကို ရှုပ်ထွေးသွားနိုင်ပေမယ့် ပေးဆပ်ရမယ့် တန်ဖိုးက ယန်နိုင်ငံအတွက် ပျက်စီးခြင်းပဲ။ သူက အဲ့ဒီလို အလောင်းအစားကို လုပ်ရဲမှာ မဟုတ်ဘူး။ "
" သူ့သား ယန်တန်ကတော့ သူ့ကိုသူ အထင်ကြီးလွန်းတယ်။ ယန်နိုင်ငံကို ပိုသန်မာလာအောင် လုပ်နိုင်တယ်လို့ သူက ထင်နေတာ။ ဒါပေမယ့် သူ့ရဲ့ စွမ်းရည်တွေက တကယ်နိမ့်ပါးလွန်းတယ်။ သူက ယန်နိုင်ငံကို ကာကွယ်ချင်တယ်ဆိုတာ သက်သေပြချင်တယ်။ ဒါကြောင့် ဒီလိုအကွက်ချစီစဉ်တာ မထူးဆန်းပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒီလိုတွေးကြည့်တော့ ယန်တန်က ဒီလိုမျိုး တကယ်လုပ်နိုင်တာပဲ။ သူ့အပေါ် မင်းရဲ့ အကဲဖြတ်မှုက အတော်လေးမှန်ကန်တယ်။ မောက်မာပြီး ထောင်လွှားတယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" အရှင်မင်းကြီးက ယန်တန်ကို ကျေးဇူးတင်သင့်ပါတယ်။ သူသာမရှိရင် ချင်နိုင်ငံက ဒီလိုအခွင့်အရေးမျိုး ရမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက စနောက်လိုက်သည်။
" ဝူအန်းက ယွင်ကျုံးမြို့ကို စောင့်ကြပ်နေတာ။ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး။ မနက်ဖြန် ကျွန်တော်မျိုး ယွင်ကျုံးမြို့ကို သွားမယ်။ ယန်နိုင်ငံကို အလစ်ငိုက်တိုက်ခိုက်မယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို တောင်းဆိုလိုက်သည်။
" ချက်ချင်း ချီတက်တော့မလို့လား။ " ရင်ကျန့်က အံ့အားသင့်သွားသည်။
လုပ်ကြံရန် ကြိုးစားမှုက ယနေ့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယန်နိုင်ငံကို စစ်ကြေညာရန်ပင် အချိန်လိုသေးသည်။
" စစ်ရေးလှုပ်ရှားမှုမှာအမြန်နှုန်းက အဓိကပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့