အခန်း ၆၁၁
Vol. 59 Ch. 611
အခန်း (၆၁၁)။
"နတ်ဘုရားလေနိုင်ငံရဲ့ လူဦးရေက သန်းပေါင်း ရာနဲ့ချီ ရှိနေပြီ။ အဲဒီနေရာဟာ ဝပ်နေတဲ့ ကျားရဲတွေနဲ့ ပုန်းအောင်းနေတဲ့ နဂါးတွေ ပြည့်နေတဲ့နေရာတစ်ခု ဖြစ်လာသလို၊ ငါတို့ရဲ့ ယုံကြည်ချက်တွေကို ဖြန့်ဝေဖို့အတွက် အလွန်သင့်တော်တဲ့ နေရာတစ်ခုပဲ။ မက်မွန် နတ်ဘုရားဂိုဏ်း ပျောက်ကွယ်သွားတာ အနှစ်နှစ်ဆယ် ရှိပြီ၊ အခုဟာ ယုံကြည်မှု အသစ် တစ်ခု တည်ဆောက်ဖို့ အချိန်တန်ပြီ။ ဒီနေရာကိုသာ ရရင် ငါတို့ဟာ နှစ်အနည်းငယ် အတွင်းမှာပဲ ကြီးမားတဲ့ အင်အားစုကြီးတစ်ခုကို တည်ဆောက်နိုင်ပြီး တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်လိမ့်မယ်။ ဟုန်ယွိ ဘယ်လောက်ပဲ သန်မာပါစေ၊ လူပင်လယ် နည်းဗျူဟာကို တော့ သူ တားဆီးနိုင်မှာ မဟုတ်ဘူး။ သူက နတ်ဆိုးတစ်ကောင်လို လူတိုင်းကို လိုက်သတ် နေမှာတဲ့လား။"
ထန်ဟိုင်လုံ၏ စကားကို ကြားသောအခါ တာအိုဘိုးဘေး သုံးဦးစလုံးက သဘောတူညီကြ သည်။
တာအိုဘိုးဘေး သုံးဦးတွင် ကြီးမားသော ဘဏ္ဍာတိုက်ကြီးများ၊ များပြားသော အသိပညာ ဗဟုသုတများနှင့် လက်အောက်ခံ ဂိုဏ်းခွဲပေါင်းများစွာ ရှိသည်။ သူတို့တွင် တစ္ဆေအင်မော် တယ် ရာပေါင်းများစွာနှင့် မိုးကြိုးကပ်ဘေးအဆင့် တစ္ဆေအင်မော်တယ် ဆယ်ဂဏန်းအထိ ရှိသည်။ စုစုပေါင်း အင်အားအရဆိုလျှင် 'တော်ဝင်ချန်' တော်ဝင်မိသားစုပင်လျှင် သူတို့ကို ယှဉ်နိုင်ဖို့ ခဲယဉ်းလိမ့်မည်။
သူတို့အတွက် ယခု လိုအပ်နေသည်မှာ အခြေစိုက် နားခိုရန် နေရာတစ်ခုသာ ဖြစ်သည်။
"ဟိုင်လုံ... မက်မွန်နတ်ဘုရားဂိုဏ်း ပြိုင်ပွဲက ဘယ်တော့လဲ၊ ဘယ်မှာ ကျင်းပမလဲဆိုတာ ချက်ချင်း စုံစမ်းလိုက်ပါ။ ငါတို့ ဘိုးဘေးသုံးယောက်ကတော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက် ပြီး ဖန်ဆင်းရှင်တွေ ဖြစ်လာအောင် ကြိုးစားမယ်။ ငါတို့အားလုံး ဖန်ဆင်းရှင်တွေ ဖြစ်သွား ပြီဆိုတာနဲ့ ဒီ ‘နတ်ဘုရားဘိုးဘေးတောင်တန်း’ ကို သန့်စင်ပြီး အနှိုင်းမဲ့ နတ်ဘုရား လက်နက်တစ်ခုအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။ အဲဒီအခါကျရင် ငါတို့ဟာ ‘မူလနဝမ ချောက်နက် နတ်ဘုရားနယ်မြေ’ ထဲကို ဝင်ရောက်ပြီး ငါတို့ရဲ့ အခြေခံအုတ်မြစ် အားလုံးကို ဒီနေရာဆီ ရွှေ့ပြောင်းနိုင်လိမ့်မယ်။"
ချန်းရှင်းကျိ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြယ်တာရာ အလင်းတန်းများ စီးဆင်းနေပြီး၊ သူ၏ ဦးခေါင်းထက်တွင် ကြယ်တာရာ ဝင်္ကပါများ၊ မြေပုံများနှင့် ကြယ်စုတန်း ပုံရိပ်ပေါင်းစုံ ပေါ်ထွက်လာသည်။ ဤမဟာကမ္ဘာကြီးအတွင်းသို့ ရောက်ရှိလာပြီးနောက် သူ၏ ကြယ်တာရာ စွမ်းအင်များကို စုစည်းသည့် နည်းစနစ်မှာ များစွာ တိုးတက်လာခဲ့သည်။
‘မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ တွင် သူတို့၏ အခြေခံအုတ်မြစ်မှာ ကြီးမားလှ ပြီး လူဦးရေ ဆယ်သန်းခန့် ရှိသည်။ သူတို့အားလုံးကိုသာ ဤမဟာကမ္ဘာကြီးသို့ သယ်ဆောင်လာပြီး နတ်ဘုရားလေနိုင်ငံကို သိမ်းပိုက်နိုင်ပါက သူတို့သည် တကယ့် အုပ်စိုးရှင်များ ဖြစ်လာပေလိမ့်မည်။
တာအိုဘိုးဘေး သုံးဦးတွင် ယခုအချိန်၌ ထိုမျှ အစွမ်းထက်သော မှော်စွမ်းအား မရှိသေး သော်လည်း၊ သူတို့ ဖန်ဆင်းရှင် ဖြစ်သွားသည်နှင့် သယ်ယူပို့ဆောင်ရေးမှာလည်း အောင်မြင်နိုင်လိမ့်မည်။
"ဟုန်ယွိရဲ့ လျှို့ဝှက်ချက်က အရမ်း ထူးဆန်းလွန်းတယ်။ ဒီလို အခြေအနေမျိုးမှာတောင် သူ့ကို မသတ်နိုင်ခဲ့ဘူး..."
ထန်ဟိုင်လုံသည် ဟုန်ယွိအကြောင်းကို စိုးရိမ်နေဆဲ ဖြစ်သည်။ "ဒါ့အပြင် ‘ထျန်းကျိ’ ကို လည်း ဒီရက်ပိုင်းမှာ မတွေ့ရဘူး။ သူမ ဘယ်ကို ရောက်နေလဲ မသိဘူး။" (ထျန်းကျိသည် ကောင်းကင်သံစဉ်နတ်သမီးကို ပြောခြင်းဖြစ်သည်။ လက်ထပ်မတိုင်ခင် ယောင်လိုင်လိုင် ဟု ပြန်ဆိုခဲ့သေးသည်။ ပါသည့်အတိုင်း ပြန်လိုက်ခြင်း ဖြစ်သည်။ နောက်ပိုင်းများတွင် ထျန်းကျိ သို့မဟုတ် ကောင်းကင်သံစဉ်နတ်သမီး ပါသည့်အတိုင်း ပြန်ဆိုပါမည်)။
"ထျန်းကျိက အစွမ်းထက်သလို သူမမှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိပါတယ်။ ဟိုင်လုံ... မင်း သူမအတွက် စိတ်ပူစရာ မလိုဘူး၊ ဒါပေမဲ့ သူမရဲ့ နှလုံးသားကတော့..." ယွန်ယင်ကျိက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"သူမရဲ့ နှလုံးသား... ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် နတ်ဘုရားလေနိုင်ငံကို အရင် သွားပြီး စုံစမ်းလိုက်ပါဦးမယ်။" ထန်ဟိုင်လုံက ဆိုသည်။
"ကောင်းပြီ။ မင်းရဲ့ သူငယ်ချင်း နှစ်ယောက်ကိုလည်း ခေါ်ခဲ့ပါ။ ငါ သူတို့ကို ရတနာအချို့နဲ့ တာအိုကျင့်စဉ်အချို့ ပေးမယ်၊ အဲဒါက သူတို့ကို ပိုပြီး သန်မာလာစေပြီး မင်းကို ပိုကူညီ နိုင်လိမ့်မယ်။"
လျန်ယွင်ကျိက ဆက်ပြောသည်။ "အဲဒီ ‘ဖန်းယွမ်’ နဲ့ ‘လီဖေးယွိ’ ကို ပြောတာပါ။"
"ကောင်းပါပြီ။"
ထန်ဟိုင်လုံသည် တိတ်တဆိတ် ပြုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ပျံသန်းထွက်ခွာ သွားတော့သည်။
...
"ဟုန်ယွိ... ‘ပြောင်းလဲခြင်းကျမ်း’ ကို တည်းဖြတ်မှုဟာ ခေတ်အဆက်ဆက် လက်ဆင့် ကမ်းသွားမှာပါ။ ငါတို့အားလုံးဟာ ဒီကမ္ဘာလောကရဲ့ စာပေသမိုင်းမှာ နက်နက်ရှိုင်းရှိုင်း မှတ်တမ်းဝင်သွားကြပြီ။ ငါတို့ရဲ့ အသိပညာတွေကလည်း အများကြီး အကျိုးရှိခဲ့ပါတယ်။"
ကျိုးယွိအကယ်ဒမီအတွင်း၌….
ဟုန်ယွိသည် ဧည့်ခန်းဆောင်၏ အဝင်ဝတွင် ရပ်နေ၏။ သူ၏ ရှေ့တွင် ‘ပြောင်းလဲခြင်း ကျမ်း’ ကို ဝိုင်းဝန်းတည်းဖြတ်ခဲ့ကြသော ပညာရှင်ကြီးများစွာ ရှိနေကြသည်။ ယခုအခါ ‘ပြောင်းလဲခြင်းကျမ်း’ တည်းဖြတ်မှုမှာ အပြီးသတ်ရန် နီးကပ်နေပြီ ဖြစ်သည်။ ရှစ်ကြိမ် ရှစ်လီ ခြောက်ဆယ့်လေးခုသော ဟေက်စ်ဇာဂရမ်ပုံစံ သင်္ကေတများနှင့် အခြားသော အနုစိတ် အချက်အလက်များကို ရေးသားပြီးစီးခဲ့ပြီ ဖြစ်သည်။
ဤစာအုပ်သည် အရာအားလုံးကို ခြုံငုံမိစေပြီး တာအိုသဘောတရား၏ အရင်းအမြစ်၊ ကျမ်းဂန်အားလုံး၏ ထိပ်ခေါင်အဖြစ် ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
ကျိုးယွိအကယ်ဒမီတွင် မဟာပညာရှင်ကြီး ရာပေါင်းများစွာနှင့် ပညာရှင်ပေါင်း သောင်းနှင့် ချီ၍ စုဝေးခဲ့ကြသည်။ နှစ်နှစ်တာ ကာလအတွင်း သူတို့သည် စားမေ့ အိပ်မေ့နှင့် နေ့ည မပြတ် ကြိုးစားခဲ့ကြပြီးနောက် နောက်ဆုံးတွင် တည်းဖြတ်မှုကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ သည်။ ဤစီမံကိန်းကြီးမှာ မည်မျှ ကြီးမားကြောင်း သိသာလှသည်။
ယခုအခါ ထိုမဟာပညာရှင်ကြီးများသည် သူတို့၏ အလုပ် ပြီးမြောက်ပြီဟု ခံစားရသဖြင့် တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက် ထွက်ခွာတော့မည် ဖြစ်သည်။
နောက်ဆုံးတွင်တော့ ကျိုးယွိအကယ်ဒမီသည် သူတို့ အမြဲတမ်း နေထိုင်ရန် နေရာမဟုတ် ပေ။ သူတို့အားလုံးတွင် ကိုယ်ပိုင် အကယ်ဒမီများ ရှိကြသည်။ သူတို့သည် ‘ပြောင်းလဲခြင်း ကျမ်း’ ၏ အနှစ်သာရကို သူတို့၏ တပည့်သားမြေးများအား လက်ဆင့်ကမ်းရန်နှင့် ပြန့်ပွား စေရန် အမြန်ပြန်ကြရမည် ဖြစ်သည်။
ဟုန်ယွိသည် ဤအခြေအနေအတွက် အံ့သြခြင်း မရှိပေ။ သူသည် ‘ချုံယန်အကယ်ဒမီ’၊ ‘ဖြောင့်မတ်ခြင်းအကယ်ဒမီ’၊ ‘သမင်ဖြူအကယ်ဒမီ’နှင့် အခြားသော အကယ်ဒမီမှ အကြီးအကဲ ရာပေါင်းများစွာကို ကြည့်လိုက်သည်။ ‘ဖန်း’၊ ‘ဝမ်’၊ ‘ဝူ’ နှင့် ‘ဆန်း’ မိသားစုဝင် များလည်း ရှိနေကြသည်။
"လူတိုင်းဟာ ကောင်းမွန်တဲ့ အလုပ်တွေကို အများကြီး လုပ်ဆောင်ခဲ့ကြပါပြီ။ အခုဆိုရင် ‘ပြောင်းလဲခြင်းကျမ်း’ ဟာ တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားပါပြီ။ အနာဂတ်မှာ ကွန်ဖြူးရှပ် ဝါဒတွေလည်း ဒီကျမ်းပေါ်မှာပဲ အခြေခံပါလိမ့်မယ်။ ခင်ဗျားတို့နဲ့ ကျွန်တော်ဟာ ပညာရှင် သူတော်စင်တွေနဲ့ တန်းတူ ဖြစ်သွားပါပြီ"
ဟုန်ယွိက တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။ "ပြောင်းလဲခြင်းကျမ်းကို ပြုစုရင်းနဲ့ ကျွန်တော်တို့အားလုံးရဲ့ ကျင့်ကြံမှုတွေဟာလည်း အများကြီး တိုးတက်ခဲ့ပါ တယ်။ ပညာရှင် သူတော်စင်တွေဟာ တိတ်ဆိတ်နေတတ်ကြပေမဲ့ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် အောင်မြင်မှုတွေကို တစ်ခါတည်းနဲ့ ပြုလုပ်နိုင်ခဲ့ကြတယ်။ သူတို့ဟာ နှစ်ပေါင်းရာချီ လေ့လာပြီး လောကဓမ္မကို နားလည်သွားတဲ့အခါ၊ သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ဟာ တစ်ရက်တည်းနဲ့ ခန္ဓာကိုယ်ထဲက ထွက်ခွာနိုင်ကြတယ်။ သူတို့ဟာ မိုးကြိုးတွေကြား မှာ လှည့်လည်ရင်း ဖန်ဆင်းရှင်တွေ ဖြစ်လာခဲ့ကြတယ်။ ကျွန်တော်လည်း အတူတူပါပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ တောရိုင်းကန္တာရ နယ်မြေတွေ ဆီ လွင့်မြောသွားပြီး ပညာရှင် သူတော်စင်တွေရဲ့ မိုးကြိုးနယ်မြေထဲမှာ မိုးကြိုးနဲ့ လျှပ်စီးရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဖန်တီးခြင်းရဲ့ အံ့ဖွယ်တွေကို တစ်ခါတည်းနဲ့ နားလည်သွားပြီး၊ ပညာရှင် သူတော်စင်တွေရဲ့ နယ်ပယ်ကို နောက်ဆုံးမှာ ရောက်ရှိသွားခဲ့ပါပြီ"
"ဘာ..."
ဟုန်ယွိ၏ စကားကို ကြားသောအခါ မဟာပညာရှင်ကြီးများနှင့် အထက်တန်းလွှာ မိသားစု ကြီးများ၏ အကြီးအကဲများမှာ ထိတ်လန့်သွားကြသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အချို့က စိတ်နှလုံး လေးလံသွဦးကြသလို၊ အချို့က မနာလို ဖြစ်နေကြသည်၊ အချို့က အံ့သြနေကြပြီး အချို့ကမူ ရိုသေလေးစားခြင်း သို့မဟုတ် သတိထားခြင်းများ ရှိနေကြသည်။ တစ်ခဏအတွင်းမှာပင် ခံစားချက်ပေါင်းစုံသည် ဧည့်ခန်းဆောင် တစ်ခုလုံးတွင် ပျံ့နှံ့သွားတော့သည်။
ထိုခဏ၌ ဟုန်ယွိသည် ထိုခံစားချက် ထောင်ပေါင်းများစွာကို ခံစားလိုက်ရသည်။ သူ၏ နှလုံးသားမှာ ကြည်လင်သော မှန်ချပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုနေရာရှိ လူတိုင်း၏ စိတ်လှုပ်ရှားမှုများကို တိုက်ရိုက် ထင်ဟပ်နေစေသည်။
လူတို့၏ နှလုံးသားကို 'ထိန်းချုပ်' နိုင်စွမ်းရှိသည်ဟူသော ခံစားချက်မှာ အလိုလို ပေါ်ထွက် လာသည်။
ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာပြီးနောက် သူ၏နှလုံးသားမှာ သာ၍ပင် ထက်မြက်လာခဲ့ သည်။
ယနေ့တွင် ထိုမဟာပညာရှင်ကြီးများနှင့် အကြီးအကဲများ မပြန်မီ၊ သူသည် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ကာ ဖန်ဆင်းရှင် ဖြစ်လာပြီး ပညာရှင် သူတော်စင်များ၏ နယ်ပယ် သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တိုက်ရိုက် ပြောလိုက်ခြင်းမှာ သူ့အနေဖြင့် စိတ်လိုက်မာန် ပါ လုပ်ဆောင်ခြင်း မဟုတ်ဘဲ အမြော်အမြင်ရှိသော အစီအစဉ်တစ်ခုသာ ဖြစ်သည်။
ယခုအခါ ကျိုးယွိအကယ်ဒမီသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် အကယ်ဒမီ ဖြစ်နေပြီ ဖြစ်သည်။ ၎င်း၏ ကျော်ကြားမှုမှာ မည်သူမျှ မယှဉ်နိုင်အောင် ကြီးမားလှသည်။ အတိတ်က ‘ဒိုင်ဇင်ဘုရားကျောင်း’ ပင်လျှင် မယှဉ်နိုင်တော့ပေ။ သို့သော်လည်း ကြီးမားသော ကျော်ကြားမှုမှာ ထိန်းသိမ်းရန် အင်အား လိုအပ်သည်။ ယခု သူ ဖန်ဆင်းရှင် ဖြစ်လာသည့် သတင်းကို ဖြန့်လိုက်ခြင်းမှာ ထိုကျော်ကြားမှုကို အင်အားဖြင့် အခိုင်အမာ ထောက်ပံ့ပေး လိုက်ခြင်းပင် ဖြစ်သည်။
"ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်၊" ဖန်းမိသားစု၏ အကြီးအကဲ ဖန်းယွမ်ထောင်က ပထမဆုံး စကားပြောလိုက်သည်။ "သူတော်စင်ငယ်... မင်းဟာ နောက်ဆုံးတော့ အလယ်ခေတ် ပညာရှင် သူတော်စင်တွေရဲ့ ‘ဖန်ဆင်းခြင်းနယ်ပယ်’ ကို ရောက်သွားခဲ့ပြီ။ ဂုဏ်ယူပါတယ်။ မင်းဟာ ငါတို့ ကွန်ဖြူးရှပ် ဂိုဏ်းအတွက် တကယ့် ဂုဏ်ယူစရာ တစ်ခုကို ထပ်ဆောင်း တိုးမြင့်ပေးလိုက်တာပဲ။ နှစ်ပေါင်းများစွာအတွင်း ငါတို့ ကွန်ဖြူးရှပ်ဂိုဏ်းတွေ မှာ ‘ဖန်ဆင်းခြင်း နယ်ပယ်’ ကို ရောက်တဲ့ ပညာရှင် သူတော်စင် တစ်ယောက်မှ မရှိခဲ့ဘူး။ အခု မင်းဟာ ‘ယွိ’ ဆိုတဲ့ ဘွဲ့နာမည်နဲ့ တကယ်ပဲ ထိုက်တန်သွားပါပြီ..."
"ယွိက မဝံ့ရဲပါဘူး။" ဟုန်ယွိသည် ဖန်းယွမ်ထောင်၏ စိတ်ထဲတွင် ဘာရှိသည်ကို ချက်ချင်း သိလိုက်သည်။ ထိုလူ၏ စကားများတွင် လျှို့ဝှက်ချက် ပါနေသည် သို့မဟုတ် သူ့ကို သီးသန့် ခွဲထုတ်ထားချင်နေသည်ကို သူ သိသည်။ သူက ပြုံးလိုက်ရင်း... "ကျွန်တော် ‘ပြောင်းလဲ ခြင်းကျမ်း’ ကို ဝိုင်းဝန်းတည်းဖြတ်ဖို့ စီစဉ်ခဲ့တာဟာ အလယ်ခေတ်က ပညာရှင်အားလုံး စည်းလုံးညီညွတ်ခဲ့ကြတဲ့ အခမ်းအနားကို ပြန်လည် ဖော်ဆောင်ဖို့ပါ။ ဒီနေရာက လူတိုင်း လည်း ဒီကျမ်းကို သေချာ နားလည်သွားပြီဆိုရင် ဖန်ဆင်းရှင် နယ်ပယ်ကို သေချာပေါက် ရောက်နိုင်ကြမှာပါ။ ကျွန်တော် အလိုချင်ဆုံးကတော့ ဒီ ‘တော်ဝင်ချန်’ ကောင်းကင်နိုင်ငံ မှာ အလယ်ခေတ်ကလို ဖန်ဆင်းရှင်အဆင့် ပညာရှင် သူတော်စင် အယောက်တစ်ရာ ပေါ်ထွက်လာဖို့ပါပဲ။ ဒါဟာ ‘ပြောင်းလဲခြင်းကျမ်း’ ထဲက နိမိတ်အတိုင်း ‘ခေါင်းဆောင်မဲ့ နဂါးအုပ်စု၊ ကံကောင်းခြင်း နိမိတ်’ ပဲ ဖြစ်မှာပါ။"
"‘ခေါင်းဆောင်မဲ့ နဂါးအုပ်စု၊ ကံကောင်းခြင်းနိမိတ်’ တဲ့လား! အောင်မြင်မှု ရပေမဲ့ မာန်မာန မရှိတာဟာလည်း ပညာရှင် သူတော်စင်တစ်ပါးရဲ့ ကျင့်ကြံမှုပါပဲ။" ချုံယန်အကယ်ဒမီ၏ အရှင်က ဆိုသည်။ "ကျွန်တော် ပြန်သွားရင် ဖန်ဆင်းရှင် နယ်ပယ်ကို ရောက်အောင် ချက်ချင်း ကျင့်ကြံပါတော့မယ်။ လူတိုင်း... ကျွန်တော် ခွင့်ပြုပါဦး။"
သူ ပြောပြီးသည်နှင့် အကယ်ဒမီ အကြီးအကဲသည် သူတော်စင်တပည့် ၇၂ ယောက်နှင့် တပည့်များစွာကို ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။
"ယွိ... ကျွန်တော်တို့လည်း ခွင့်ပြုပါဦး။" အထက်တန်းလွှာ မိသားစုကြီး လေးခု၏ ခေါင်းဆောင်များလည်း လက်နှစ်ဖက်ယှက် နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။ ထိုနေ့မှာပင် မဟာပညာရှင်ကြီးများစွာ ထွက်ခွာသွားကြတော့သည်။
ကျိုးယွိအကယ်ဒမီ တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သော အငွေ့အသက်ကို ပြန်လည် ရရှိသွားခဲ့သည်။
သို့သော်လည်း အကယ်ဒမီတွင် ငြိမ်သက်နေသော်လည်း ဟုန်ယွိ၏ နာမည်မှာ သာ၍ ကျော်ကြားလာခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် ထိုသတင်းမှာ လျှို့ဝှက် လမ်းကြောင်းများစွာမှတစ်ဆင့် ပြန့်နှံ့သွားခဲ့သည်။
ဖန်ဆင်းရှင်သခင်….။
ဤလေးနက်သော အမည်နာမက မည်သည့်နေရာသို့ ရောက်ပါစေ ရွှေရောင်ဆိုင်းဘုတ် တစ်ခုကဲ့သို့ပင်။ ၎င်းမှာ စွမ်းအား၏ ပြယုဂ်၊ အာဏာ၏ ပြယုဂ်ပင် ဖြစ်သည်။ ဟုန်ယွိ၏ ‘ပြောင်းလဲခြင်းကျမ်း’ တည်းဖြတ်မှုက သူ့ကို အနှိုင်းမဲ့ ပါရမီရှင်နှင့် ပညာရှင် သူတော်စင် တစ်ပါးအဖြစ် သတ်မှတ်ပေးခဲ့သလို၊ ဖန်ဆင်းရှင်အဖြစ် ကျင့်ကြံနိုင်မှုကမူလည်း သူ့ကို အလယ်ခေတ်က ပညာရှင် သူတော်စင်ကြီးများ၏ အဆင့်အတန်းသို့ အမှန်တကယ် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။
ဟုန်ယွိ၏ ဂုဏ်သတင်းနှင့် အင်အားမှာ ယခင်က မရှိဖူးသော အထွတ်အထိပ်သို့ ရောက်ရှိ သွားပြီး ဟုန်ရွှန်ကျိ၏ တောက်ပမှုကိုပင် အမှန်တကယ် ဖုံးလွှမ်းသွားခဲ့လေပြီ။
...
"အခုဆိုရင် ငါတို့ရဲ့ ကျိုးယွိအကယ်ဒမီဟာ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ တကယ့် ခေါင်းဆောင်လို့ ဆိုနိုင်ပြီ။"
သူတော်စင်ပေါင်းစုံ ခန်းမအတွင်း၌ ချန်ယင်းရှာက နိုင်ငံအနှံ့မှ ရရှိသော သတင်း အချက်အလက်များကို ကြည့်ရင်း ပြောလိုက်သည်။ "နောက်ဆိုရင် မင်းဟာ ‘မင်းသားယု’ ကို ထောက်ခံတဲ့နေရာမှာ ပိုပြီး ယုံကြည်ချက် ရှိလာလိမ့်မယ်။"
"ဟွမ်ယန်ယန်... မင်း ထန်ဟိုင်လုံနဲ့ တာအိုဘိုးဘေး သုံးဦးအကြောင်း ဘာတွေ သိထား သေးလဲ။ သူတို့ ဘယ်မှာ အခြေချနေကြတာလဲ" ဟုန်ယွိက ခေါင်းညိတ်ရင်း၊ ချန်ပီယံ မြို့စား၏ ပထမဇနီး ဖြစ်ခဲ့သူ ဟွမ်ယန်ယန်ကို မေးလိုက်သည်။
"အတိအကျတော့ မသိသေးဘူး၊ ဒါပေမဲ့ သူတို့ နောက်ထပ် နတ်ဘုရားလေနိုင်ငံကို သွားလိမ့်မယ်ဆိုတာကိုတော့ ကျွန်မ သေချာပေါက် ပြောနိုင်တယ်။" ဟွမ်ယန်ယန်က ဆိုသည်။ "နတ်ဘုရားလေနိုင်ငံမှာ ကျွန်မရဲ့ သူလျှိုတစ်ယောက် ရှိတယ်၊ သူက ထန်မိသားစုဝင် တစ်ယောက်ပဲ။ ကျွန်မ သူ့ကို မိန်းမလှလေးတွေနဲ့ ငွေကြေးတွေပေးပြီး သိမ်းသွင်းထားတာ။ သူက ထန်ဟိုင်လုံရဲ့ လုပ်ရပ်မှန်သမျှကို သိနေတယ်။ မကြာသေးခင် ကမှ ထန်ဟိုင်လုံနဲ့ ထန်မိသားစု၊ ဖန်းမိသားစု၊ လီမိသားစုက လျှို့ဝှက် ပညာရှင်အချို့ဟာ သတင်းစုံစမ်းဖို့ နတ်ဘုရားလေနိုင်ငံထဲကို ခိုးဝင်သွားကြပြီ။ သူတို့ရဲ့ ရည်မှန်းချက်က မက်မွန်နတ်ဘုရားဂိုဏ်း ပြိုင်ပွဲ ဖြစ်ပုံရတယ်။"
"အင်း... ဒါဆိုရင် ငါတို့လည်း နတ်ဘုရားလေနိုင်ငံကို သွားကြတာပေါ့။" ဟုန်ယွိက ဆိုသည်။
"နတ်ဘုရားလေနိုင်ငံကို သွားဖို့ လိုအပ်တယ်။" ချန်ယင်းရှာက ဆိုသည်။ "အခု ငါတို့ရဲ့ အကယ်ဒမီဟာ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ခေါင်းဆောင် ဖြစ်နေပြီဆိုတာ နာမည်အရပဲ ရှိသေးတာ၊ တကယ့် အင်အားစုအဖြစ် မတည်ဆောက်ရသေးဘူး။ တကယ့် ခေါင်းဆောင် ဆိုတာ အမိန့်တစ်ခု ပေးလိုက်တာနဲ့ လူပေါင်း ရာချီက လိုက်နာရမယ်။ တာအိုဘိုးဘေး သုံးဦးကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ရင် လူတိုင်းက ချက်ချင်း တုံ့ပြန်ရမယ်။ အဲဒါမှ တကယ့် အာဏာစက်ပဲ။ အခု ငါတို့ လိုအပ်နေတာက အဲဒီလို အာဏာစက်မျိုး တည်ဆောက်ဖို့ပဲ။ ဒါကြောင့် ငါတို့မှာ ခိုင်မာတဲ့ မဟာမိတ်အချို့ လိုအပ်တယ်။ ပထမဆုံး တစ်ခုကတော့ နတ်ဘုရားလေနိုင်ငံက မက်မွန်နတ်ဘုရားဂိုဏ်းပဲ၊ ငါတို့ဟာ ကျန်းနန် မင်းသမီးလော်ယွင်ကို အဲဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်အောင် သေချာပေါက် လုပ်ပေးရမယ်။"
"အင်း..." ဟွမ်ယန်ယန်သည် ချန်ယင်းရှာကို အံ့သြစွာ ကြည့်လိုက်သည်။ သူမသည် ဤအမျိုးသမီးက ဤမျှအထိ အမြင်စူးရှပြီး စေ့စပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မက်မွန်နတ်ဘုရားဂိုဏ်းကို သစ္စာရှိ မဟာမိတ်အဖြစ် သိမ်းသွင်းနိုင်ခြင်းမှာ အရေးအကြီး ဆုံး လုပ်ငန်းစဉ်ပင် ဖြစ်သည်။
"ငါတို့မှာ မက်မွန်နတ်ဘုရားဂိုဏ်း၊ အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းနဲ့ ဝမ်းယွမ်အကယ်ဒမီ တို့ကို သစ္စာရှိ မဟာမိတ်တွေအဖြစ် ပိုင်ဆိုင်ထားမယ်ဆိုရင်၊ အခြားသော အကယ်ဒမီတွေ ကိုလည်း သိမ်းသွင်းနိုင်လိမ့်မယ်။ အဲဒီအခါကျရင် တာအိုဘိုးဘေးတွေကို မောင်းထုတ်တာ ပဲဖြစ်ဖြစ်၊ နတ်ဆိုးတွေကို သတ်ဖြတ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တော်ဝင်နန်းတော်နဲ့ ပြန်ပြီး ယှဉ်ပြိုင်တာပဲဖြစ်ဖြစ် ငါတို့ဟာ တကယ့် အရှိန်အဝါကို တည်ဆောက်နိုင်လိမ့် မယ်။" ချန်ယင်းရှာက ဆိုသည်။
"ဒါဟာ မှန်ကန်တဲ့ စဉ်းစားပုံပဲ။" ဟွမ်ယန်ယန်က ခေါင်းညိတ် ထောက်ခံလိုက်သည်။ "နတ်ဘုရားလေနိုင်ငံကို ငါတို့ ထိန်းချုပ်ရမယ်။ ပထမအချက်က စစ်ပွဲကို ရှောင်လွှဲဖို့။ ဒုတိယအချက်က အဲဒီမှာ အကယ်ဒမီတွေ အများကြီး ရှိသလို၊ ကွန်ဖြူးရှပ် ပညာရှင်တွေ လည်း ရှိကြတယ်။ တော်ဝင်ချန် ကောင်းကင်နိုင်ငံက ပညာရှင်တွေကလည်း အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှုကို ပြင်ပယဉ်ကျေးမှုလို့ မသတ်မှတ်ဘဲ အလယ်ပိုင်း ယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုထားကြတယ်။"
"ငါ ကျန်းနန်မင်းသမီး လော်ယွင်ကို တိတ်တဆိတ် အကြောင်းကြားထားပြီးပြီ။ သွားကြစို့။ သူမက ငါတို့ကို တိတ်တဆိတ် ကြိုဆိုလိမ့်မယ်၊ ပြီးရင် အင်မော်တယ်ကျောက်စာတိုင်ရဲ့ တကယ့် တည်နေရာကို သူမ ပြောပြလိမ့်မယ်။" ချန်ယင်းရှာက ဆိုသည်။
"အချိန်မဆိုင်းတော့ဘူး။ အခုချက်ချင်း သွားကြစို့။"
ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ သူတော်စင်ပေါင်းစုံခန်းမမှာ အနည်းငယ် လှုပ်ရှား သွားပြီး ကျိုးယွိအကယ်ဒမီမှ ပျောက်ကွယ်သွားတော့သည်။ မကြာခင်မှာပင် သူသည် တောင်ပိုင်း ပင်လယ်ပြင်ကို မြင်တွေ့လိုက်ရသည်။ လွန်ခဲ့သော သုံးလေးနှစ်ခန့်ကဆိုလျှင် နတ်ဘုရားလေနိုင်ငံသို့ ရောက်ရန် သင်္ဘောကြီးဖြင့် ရက်ပေါင်းများစွာ သွားရမည် ဖြစ်သော်လည်း၊ ယခုမူ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိခဲ့လေပြီ။ ဟုန်ယွိ၏ စိတ်ထဲ တွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာသည်။
ဝှူး…
ဟင်းလင်းပြင် တုန်ခါမှု အနည်းငယ် ဖြစ်ပေါ်ပြီးနောက် ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် နတ်ဘုရားလေနိုင်ငံ၏ မြို့တော်သို့ ရောက်ရှိသွားကြသည်။ သူတော်စင်ပေါင်းစုံခန်းမမှာမူ သူ၏ မျက်ခုံးနှစ်ခုကြားတွင် တိတ်ဆိတ်စွာ ကိန်းအောင်းနေဆဲ ဖြစ်သည်။
မြို့တော်တစ်ခုလုံးတွင် မက်မွန်ပင်များ၊ စီးဆင်းနေသော ရေပြင်များ၊ ကြီးမားသော စံအိမ်များနှင့် ကျောက်တံတားများဖြင့် ပြည့်နှက်နေသည်။ လမ်းမပေါ်တွင် မြင်းလှည်းများ နှင့် လူများမှာ မပြတ် စီးဆင်းနေကြသည်။ ဆိုင်ခန်းများ၊ စားသောက်ဆိုင်များနှင့် အကယ်ဒမီများမှာလည်း ခမ်းနားထည်ဝါလှသဖြင့် ဤနိုင်ငံမှာ ပင်လယ်ရပ်ခြားတွင် ချမ်းသာကြွယ်ဝသော နံပါတ်တစ် နိုင်ငံဖြစ်ကြောင်း သက်သေပြနေသည်။
"အဲဒါ ကျန်းနန်မင်းသမီး လော်ယွင်ရဲ့ စံအိမ်ပဲ။ သွားကြစို့။"
ချန်ယင်းရှာက အဝေးရှိ ခမ်းနားလှသော နန်းတော်တစ်ခုကို ညွှန်ပြလိုက်သည်။
ဟုန်ယွိသည် လှမ်းကြည့်လိုက်ပြီးနောက် သူ၏ အသိစိတ်ဖြင့် တစ်ခုလုံးသော နန်းတော်ကို လွှမ်းခြုံလိုက်သည်။ ထို့နောက် ကျန်းနန်မင်းသမီး လော်ယွင်၏ အငွေ့အသက်ကို ရှာဖွေရင်း ဟင်းလင်းပြင်များကို ဖြတ်ကျော်ကာ အတွင်းသို့ ဝင်ရောက်သွားတော့သည်။
"ဟင်..."
ဟုန်ယွိသည် တစ်စုံတစ်ခုကို ရှာတွေ့သွားပုံရသည်။ သူ၏ ခန္ဓာကိုယ်မှာ နှစ်ကြိမ်ခန့် လှုပ်ရှားသွားပြီးနောက် သူတို့နှစ်ယောက်သည် နန်းတော်အတွင်းရှိ လျှို့ဝှက်အခန်းတစ်ခု သို့ ရောက်ရှိသွားကြသည်။
ချက်ချင်းဆိုသလိုပင် ဟုန်ယွိသည် ကျန်းနန်မင်းသမီး လော်ယွင်ကို မြင်တွေ့လိုက်ရသည်။
ကျန်းနန်မင်းသမီး လော်ယွင်သည် ကျင့်ကြံနေခြင်း ဖြစ်သော်လည်း၊ သူမ၏ စိတ်ဝိညာဉ် အတွင်း၌ ရှေးဟောင်း နတ်ဆိုးနတ်ဘုရားတစ်ပါး၏ အရှိန်အဝါ ကိန်းအောင်းနေသည်ကို ဟုန်ယွိ ခံစားလိုက်ရသည်။ ၎င်းမှာ မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်ထက်ပင် သာ၍ ရက်စက်ပြီး ခမ်းနားနေပုံရသည်။
သူမသည် မည်သို့သော သိုင်းပညာမျိုးကို ကျင့်ကြံနေသနည်း။ သို့မဟုတ် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သလား။
"မကောင်းတော့ဘူး။”
ဟုန်ယွိ၏ အတွေးစများ တုန်လှုပ်သွားတော့သည်။