အခန်း ၆၂၀
Vol. 59 Ch. 620
အခန်း (၆၂၀)။
“ရှောက်ရွှိုက်က မဟာကမ္ဘာလောကကြီးကို ရောက်ရှိနေပြီး အဲဒီကမ္ဘာလောကကြီးမှာ အစွမ်းအထက်ဆုံး အင်အားစုဖြစ်တဲ့ တော်ဝင်ချန်မင်းဆက်ရဲ့ ဧကရာဇ်ထံမှာ သစ္စာခံထား တယ်” အနှိုင်းမဲ့ ဘိုးဘေးသခင်က လျှို့ဝှက်ဆန်းပြားသော သခင်လေးချွန်းကို ပြောပြလိုက် သည်။
ဤအနှိုင်းမဲ့ ဘိုးဘေးသခင်ဆိုသူမှာ အရင်က ဟုန်ယွိ သတ်ဖြတ်ခဲ့သော ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့သူ နှစ်ဦး၏ နောက်ကွယ်မှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
အနှိုင်းမဲ့ ဘိုးဘေးသခင်သည် ရှောက်ရွှိုက်နှင့် အဆင့်တူ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အလွန်တရာ အစွမ်းထက်ကာ သူ၏သိုင်းဆန္ဒ အစိတ်အပိုင်းတစ်ခုကိုပင် အတိုင်းအဆမရှိသော ဟင်းလင်းပြင်နှင့် အချိန်များကို ဖြတ်ကျော်၍ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ပြုလုပ်နိုင်စွမ်း ရှိသူဖြစ်သည်။
သူသည် ကောင်းကင်အပြင်ပနယ်မြေရှိ ဂြိုဟ်တစ်ခုကို အုပ်ချုပ်သူ ဖြစ်ကြောင်းမှာ အလွန် ပင် သိသာထင်ရှားလှပြီး မဟာကမ္ဘာလောကကြီးအကြောင်းကိုလည်း အလွန်တရာ ကျွမ်းကျင်နှံ့စပ်သည်။ သူသည် ကြီးမားသော အစီအစဉ်တစ်ခုကိုလည်း တိတ်တဆိတ် ကြံစည်နေခြင်း ဖြစ်သည်။
ဟုန်ယွိသည် ယခင်က သူ့ကို ရင်ဆိုင်ဖူးလေသည်။
“မဟာကမ္ဘာကြီးဟာ ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေ၊ ယဉ်ကျေးမှုအားလုံးရဲ့ အစပြုရာ ဖြစ်ခဲ့ပြီး တခြားဂြိုဟ်ကမ္ဘာတွေက လူတွေဟာ ဒီနေရာကို တက်လှမ်းဖို့ ဆန္ဒရှိကြပေမဲ့၊ အခုတော့ ဒီနေရာက အရမ်းကို ခေတ်နောက်ကျ ကျန်နေခဲ့ပြီ။ အခုထိ ဧကရာဇ်စနစ်ကို ကျင့်သုံးနေတုန်းပဲ၊ ပြီးတော့ နှစ်အနည်းငယ်ကြာတိုင်း ကမ္ဘာကြီးက ပရမ်းပတာ ဖြစ်နေ တတ်တယ်။ ပိုပိုပြီးတော့လည်း ဆိုးလာတယ်၊ အခုဆို အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် ကြားက စစ်ပွဲတွေတောင် ဖြစ်နေပြီ။ တာအိုပညာရပ်တွေနဲ့ သိုင်းပညာတွေဟာ ဒီမှာ သိသိသာသာ ပျောက်ကွယ်နေပြီ။ လူတိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်နေကြတာ၊ ဘယ်သူက ကျင့်ကြံဖို့ အချိန်ရမှာလဲ။ ဒီနေရာက အင်မော်တယ်နယ်မြေ မဟုတ်တော့ဘဲ သာမန် လူ့လောကကြီး ဖြစ်သွားခဲ့ပြီ။”
လျှို့ဝှက်ဆန်းကြယ်သော သခင်လေးချွန်းက သူ၏လက်ထဲရှိ ယပ်တောင်ကို ဝေ့ယမ်းရင်း ခေါင်းခါယမ်းကာ သနားစဖွယ် အကြည့်ဖြင့် ပြောဆိုလိုက်သည်။
သို့သော် သူ၏ မျက်လုံး အစုံ၏ နက်ရှိုင်းသော နေရာတွင်မူ ဤကမ္ဘာကြီးကို သိမ်းပိုက်လို သော ပြင်းပြသည့် စိတ်ဆန္ဒများလည်း ရှိနေလေသည်။
“မဟာကမ္ဘာကြီးက ခေတ်နောက်ကျ ကျန်နေတာ မှန်ပါတယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီတုန်းကဆို ကောင်းကင်အပြင်ပနယ်မြေတွေဆီ သူတို့ရဲ့ ယဉ်ကျေးမှုတွေ ဖြန့်ကျက်ဖို့ သွားရောက်ခဲ့တဲ့ ဖန်ဆင်းရှင်တွေ ရာပေါင်းများစွာ ရှိခဲ့တယ်။ ပညာရှင် သူတော်စင်ပေါင်း တစ်ရာ... ဒါဟာ အင်မော်တယ်နယ်မြေ မဟုတ်လို့ ဘာဖြစ်နိုင်ဦးမှာလဲ။ ဒါပေမဲ့ အခုတော့ ဗဟိုကမ္ဘာမှာ လူဦးရေတွေ အရမ်းများလာပြီ၊ ဝန်းကြီးအဖွဲ့ထဲက ဝါရင့် ပုဂ္ဂိုလ်တွေလည်း ဖိအားတွေ ခံစားနေရမှာပဲ။ မဟာကမ္ဘာကြီးက ကျယ်ပြောပြီး လူဦးရေ ကျဲပါးတယ်... ဒါဟာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံးနေရာပဲ။” အနှိုင်းမဲ့ ဘိုးဘေး သခင်က သခင်လေးချွန်းကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူသည် ဘဲဥပုံစံ အမိုးအကာအောက်တွင် ပိတ်မိနေသော ကောင်းကင်မြွေဘုရင်မနှင့် ကျီရှန်းထျန်းတို့ လွတ်မြောက်သွားမည်ကို အနည်းငယ်မျှပင် စိုးရိမ်ပုံမရချေ။
“ကံကောင်းတာက ကောင်းကင်မိုးကြိုးစင်မြင့်ဟာ ဝန်ကြီးအဖွဲ့ထဲက စီနီယာပုဂ္ဂိုလ်တွေရဲ့ လက်ထဲမှာ ရှိနေလို့ပဲ။ တာအိုကျင့်စဉ်တွေနဲ့ အင်မော်တယ်ဖြစ်မယ့် လမ်းစဉ်ကို အထက်တန်းလွှာတွေပဲ တတ်မြောက်နိုင်တာ။ တကယ်လို့ မဟာကမ္ဘာကြီးလို လူတိုင်းက တာအိုကျင့်စဉ်တွေကို ကျင့်ကြံခွင့်ရပြီး ထာဝရအသက်ရှင်ခွင့် ရမယ်ဆိုရင် ဗဟိုကမ္ဘာရဲ့ လူဦးရေဟာ ဟိုးအရင်ကတည်းက ပေါက်ကွဲထွက်သွားလောက်ပြီ။ ဒါပေမဲ့ အခုလည်း ဖိအားတွေက ပိုပိုပြီး များလာတယ်။”
သခင်လေးချွန်းကလည်း ပေါ့ပေါ့ပါးပါးပင် စကားပြောဆိုနေသည်။
“ရှောက်ရွှိုက်က ဒီက ဧကရာဇ်ဆီမှာ အညံ့ခံခဲ့တယ်။ မဟာကမ္ဘာကြီးရဲ့ ဧကရာဇ်တစ်ပါး ဟာ ကိုး-ကိုးလုံး အမြင့်ဆုံး အရှင်သခင်၊ ကောင်းကင်ဧကရာဇ်ပဲ။ သူကရော ဘယ်လောက် အစွမ်းထက်လဲ။” သခင်လေး ချွန်းက မေးလိုက်သည်။
“သူက အရမ်းကို အစွမ်းထက်တယ်၊ ပြီးတော့ သူ့မှာ ကျောက်စာတိုင် ငါးခုလောက်နီးပါး အစွမ်းထက်တဲ့ ဖန်ဆင်းခြင်းသင်္ဘောဆိုတဲ့ ရတနာတစ်ခုလည်း ရှိတယ်။ သခင်လေး ချွန်း… မင်း ဒီမှော်ရတနာအကြောင်း ကြားဖူးလား။” အနှိုင်းမဲ့ဘိုးဘေးသခင်က ခပ်ပြုံးပြုံး ဖြင့် ပြောလိုက်သည်။ သူ၏အသံမှာ မြားတစ်စင်းကဲ့သို့ ဖြောင့်တန်းစွာပင် တိမ်တိုက်များ ကို ဖောက်ထွက်သွားလေသည်။ သူ၏အသံမှာ ‘ခုန်း’ သို့မဟုတ် ‘ဟုန်ရွှန်ကျိ’ တို့၏ အစွမ်း လောက် မပြင်းထန်သော်ငြားလည်း၊ အနှိုင်းမဲ့ အထွတ်အထိပ် အဆင့်အတန်းတွင် ရှိနေဆဲ ပင် ဖြစ်သည်။
“ဖန်ဆင်းခြင်းသင်္ဘော။” သခင်လေးချွန်း တုန်လှုပ်သွားသည်၊ "တကယ်ပဲ အဲ့ဒီရတနာ လား။ တကယ်လို့ အဲဒီမှော်ရတနာသာ တကယ်ဖြစ်နေရင်တော့ ဒဏ္ဍာရီလာ ငါတို့ ခေါင်းဆောင်ရဲ့ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်ကတောင် ဒီလူကို ထိခိုက်အောင် လုပ်နိုင်ပါ့မလား ငါ စိုးရိမ်မိတယ်။ အင်မော်တယ်ကမ္ဘာကြီးက ဆုတ်ယုတ်သွားပေမဲ့ အထက်တန်းလွှာတွေကတော့ ဆုတ်ယုတ်မသွားသေးဘူးပဲ။”
အနှိုင်းမဲ့ဘိုးဘေးသခင်က ပြုံးလိုက်ရင်း ဆိုသည် “မှန်တာပေါ့၊ တကယ်လို့ ဗဟိုကမ္ဘာရဲ့ ခေါင်းဆောင်သာ ကျောက်စာတိုင် ငါးခုကို ရရှိမယ်ဆိုရင် သူက ဒီကမ္ဘာကြီးရဲ့ အမြင့်ဆုံး အုပ်ချုပ်သူကို သတ်ပြီး ဗဟိုကမ္ဘာရဲ့ ဖိအားတွေကို လျှော့ချဖို့ မဟာကမ္ဘာကြီးကို သိမ်းပိုက် နိုင်လိမ့်မယ်။”
“ဟုတ်တယ်” သခင်လေးချွန်းက ထောက်ခံသည်၊ “ဒီမဟာကမ္ဘာကြီးကို အထင်သေးလို့ မရဘူး။ ဒါကြောင့်လည်း ငါက ဒီကို ဘယ်သူမှ မသိအောင် တိတ်တဆိတ် လာပြီး တိတ်တဆိတ် ပြန်ဖို့ လုပ်နေတာ။ တကယ်လို့ တော်ဝင်ချန်ဧကရာဇ် ယန်ဖန်သာ သိသွား ရင် ငါ့ရဲ့တာဝန်တွေ အလကား ဖြစ်သွားလိမ့်မယ်။ အခုတစ်ခေါက်မှာ အနှိုင်းမဲ့ဘိုးဘေး သခင်က ငါ့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင် ချိပ်ပိတ်ကျောက်စာတိုင်ရှာဖွေဖို့ တာဝန်ကို ရရှိဖို့က မလွယ်ကူဘူး။ တခြား ရှေးဦးမျိုးဆက် တပည့်တွေထဲက ဘယ်သူမှ ငါနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ဘူး။ ငါသာ ကျောက်စာတိုင်တွေကို ရခဲ့ရင် နောက်နှစ်ပေါင်း နှစ်ဆယ်မှာ အမြင့်ဆုံးအုပ်ချုပ်သူ အနားယူတဲ့အခါ ဗဟိုကမ္ဘာကို ဂုဏ်သိက္ခာရှိရှိ ပြန်သွားနိုင်ပြီး အုပ်ချုပ်သူအသစ် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ခင်ဗျားလည်း အကျိုးအမြတ်တွေ အများကြီး ရမှာပါ။”
အနှိုင်းမဲ့ဘိုးဘေးသခင်က ဆိုသည် “ငါလိုအပ်တာက အပ်စိုက်မှတ် သန့်စင်ခြင်း နည်းလမ်း ပဲ။ အုပ်ချုပ်သူတိုင်းဟာ အပ်စိုက်မှတ် ၁,၂၉၆ ခုလုံးကို သန့်စင်နိုင်ကြတယ်။ ငါက အခု ၅၀၀ ပဲ သန့်စင်ရသေးတယ်၊ ရှောက်ရွှိုက်ထက်တော့ နည်းနည်းပါးပါး နောက်ကျ နေသေး တာပေါ့။ ဒါပေမဲ့ သခင်လေးချွန်း၊ မင်းသာ အမြင့်ဆုံးအုပ်ချုပ်သူ ဖြစ်ချင်တယ်ဆိုရင် မင်းရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ လိုလိမ့်မယ်။”
“မှန်တာပေါ့။ ငါ ကျောက်စာတိုင်တွေကို ရပြီးရင် ကျောက်စာတိုင်တွေရဲ့ အစီအရင်ကို သုံးပြီး အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်ရဲ့ အနှစ်သာရတွေကို စုပ်ယူကာ ဖန်ဆင်းရှင် အဆင့်ကို တက်လှမ်းမယ်။” သခင်လေးချွန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဟင်း…၊ အဲဒီကောင်းကင်မြွေဘုရင်မနဲ့ ကျီရှန်းထျန်းတို့က တကယ်ကို အစွမ်းထက်တာ ပဲ။ အရုဏ်ဦးရောင်ခြည် အစီအရင်အောက်မှာ ရှိနေတာတောင် ခုခံနိုင်နေကြတုန်းပဲ။”
သခင်လေးချွန်းက တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပင် အစီအရင်အတွင်းမှ အမှောင်ထု စွမ်းအင်များက ရုတ်တရက် ပြန်လည် ပြင်းထန်လာသဖြင့် သူက အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိလေသည်။
“သခင်လေးချွန်း၊ မင်းရဲ့ နတ်ဘုရားစစ်သူကြီး ၈၁ ယောက် ဝတ်ဆင်ထားတဲ့ ‘အရုဏ်ဦး ချပ်ဝတ်’ ဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရားချပ်ဝတ် ဖြစ်ပေမဲ့ ငါးကြိမ် ဒါမှမဟုတ် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူတွေကို ကိုင်တွယ်ဖို့တော့ မလွယ်ကူသေးဘူး။ အဲဒီကျီရှန်းထျန်းက အရမ်းကို ကောက်ကျစ်ပြီး ငါရှိနေတာကို အာရုံ ခံမိနေပြီ။ သူမက အစီအရင်ကို ဖောက်ထွက်လိုက်တာနဲ့ ငါ့ရဲ့ တိုက်ခိုက်မှုကို ခံရမယ်ဆို တာ သိနေတယ်၊ ဒါကြောင့် လွတ်မြောက်ဖို့ မျှော်လင့်ချက် မရှိတာကို သူမ သိနေတာ။” အနှိုင်းမဲ့ဘိုးဘေးသခင်က လက်ကို နောက်ပစ်၍ ပြောလိုက်သည်။
“အရုဏ်ဦးချပ်ဝတ်ဆိုတာ ပထမတန်းစား ချပ်ဝတ်အမျိုးအစားပဲ။ ငါတို့ခေါင်းဆောင်ဆီမှာ ရှိတဲ့ အနှိုင်းမဲ့ချပ်ဝတ်ကလွဲရင် အကြီးအကဲများအဖွဲ့အစည်းမှာတောင် ဒီလိုချပ်ဝတ်မျိုးက အများကြီးမရှိဘူး။ ဒီ ၈၁ စုံဆိုတာ ဘယ်လိုကျွမ်းကျင်သူကိုမဆို ပိတ်လှောင်သတ်ဖြတ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်။” သခင်လေးချွန်းက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။ “ကြည့်ရတာ ငါကိုယ်တိုင် ပါဝင်ရတော့မယ် ထင်တယ်။ ဒီကျွမ်းကျင်သူ နှစ်ယောက်ကိုတောင် ငါကိုယ်တိုင် မကိုင်တွယ်နိုင်ဘူးဆိုရင် ငါ့ရဲ့တာဝန်ကို ဘယ်လို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တော့မလဲ။ ဒီအကြောင်းကိုသာ လူတွေသိသွားရင် ငါဟာ ရယ်စရာဖြစ်သွားလိမ့်မယ်။”
“သခင်လေးချွန်း၊ မင်းပါဝင်ဖို့ မလိုသေးပါဘူး။ ငါတို့စောင့်ကြည့်ကြရအောင်၊ အခွင့်ရေး ရတာနဲ့ ငါကိုယ်တိုင် လှုပ်ရှားပါ့မယ်။ အဲဒီကျီရှန်းထျန်းက ခြောက်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်ထားတဲ့ ကျွမ်းကျင်သူဖြစ်လို့ ဖန်ဆင်းရှင်တစ်ပါးကတောင် သူမကို အလွယ်တကူ သတ်လို့မရသလို ဖမ်းဖို့လည်း ခက်တယ်။ ငါသာ လှုပ်ရှားမယ်ဆိုရင်လည်း သူမကို တစ်ချက်တည်းနဲ့ အပြတ်ဖမ်းရမယ်။ ကံမကောင်းတာက ငါဝတ်ထားတဲ့ ချပ်ဝတ် က ပထမတန်းစားပဲ ဖြစ်နေတာ၊ ဒါသာ အနှိုင်းမဲ့ချပ်ဝတ်ဆိုရင် ပိုပြီး ယုံကြည်ချက် ရှိမှာပဲ။ တကယ်တော့ ဒီမဟာကမ္ဘာကြီးမှာလည်း အနှိုင်းမဲ့ချပ်ဝတ်တွေ ရှိနေသေးတယ်” အနှိုင်းမဲ့ ဘိုးဘေးသခင်၏ မျက်လုံးများမှ ထက်ရှသော အကြည့်များက အရုဏ်ဦးရောင်ခြည် သံလိုက်အစီအရင်ကို ဖောက်ထွက်ပြီး အတွင်းမှ အရာအားလုံးကို သူ၏စိတ်ဖြင့် ချိတ်ပိတ်ထားလိုက်သည်။
“ငါ သူတို့ကို တစ်ချက်တည်းနဲ့ အပြတ်ဖမ်းရမယ်၊ ကောင်းကင်မြွေဘုရင်မက အဆင့်ငါး မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးပဲ။ သူမက ငါတို့ ဗဟိုကမ္ဘာမှာတောင် အဆင့်မြင့် ပညာရှင်ပဲ၊ သူမကိုသာ ငါ့လက်အောက်ခံဖြစ်အောင် လုပ်ဆောင်နိုင်ရင် အသုံးဝင်လိမ့်မယ်၊ အဲဒီကျီရှန်းထျန်းရဲ့ ကျင့်ကြံမှုက ငါနဲ့အဆင့်တူနေတာကတော့ တကယ်ကို မျှော်လင့် မထားတဲ့အချက်ပဲ။ ဒါ့အပြင် သူတို့နှစ်ယောက်က သံသယဖြစ်စရာ ကောင်းနေတယ်။ ဒီလို ထိလွယ်ရှလွယ်တဲ့ နေရာမှာ အစီအရင် ပြုလုပ်ထားတယ်ဆိုတာ သူတို့ ကျောက်စာတိုင်ရဲ့ လျှို့ဝှက်ချက်ကို သိသွားလို့ပဲ ဖြစ်မယ်။ ဒီလျှို့ဝှက်ချက်သာ အပြင်ကို ပျံ့နှံ့သွားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်။”
သခင်လေးချွန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွားသည်၊ “ခင်ဗျား ခုနက ဘာပြောလိုက်တာလဲ။ မဟာကမ္ဘာလောကကြီးမှာ အနှိုင်းမဲ့ချပ်ဝတ်တွေ ရှိနေသေးတယ် ဟုတ်လား။ အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ချပ်ဝတ် တွေကို သွန်းလုပ်ဖို့ဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ သံလိုက်စက်ကွင်းနဲ့ ပေါင်းစပ်နိုင်မယ့် သံလိုက်အစီအရင် လိုအပ်တယ်လေ။ ဒီနည်းလမ်းက ငါတို့ ဗဟိုကမ္ဘာရဲ့ ကိုယ်ပိုင် နည်းလမ်းပဲ၊ ဒါက မဟာကမ္ဘာလောကကြီးကို ဘယ်လိုရောက်သွားတာလဲ။”
“မဟာကမ္ဘာလောကကြီးမှာ အနှိုင်းမဲ့ချပ်ဝတ် နှစ်မျိုး ရှိတယ်။ ပထမတစ်ခုက ကောင်းကင် နဂါးဘုရင် နတ်ဘုရားချပ်ဝတ်ပဲ။ ဒုတိယကတော့ ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်တဲ့။ ကျန်တာတွေကတော့ တတိယတန်းစား ချပ်ဝတ်တွေပါ။ ဒါပေမဲ့ သတိထားရ မှာက တော်ဝင်ချန်မင်းဆက်ဟာ မကြာသေးခင်ကမှ ‘နဂါးကြေးခွံချပ်ဝတ်’ ဆိုတဲ့ ချပ်ဝတ် တွေကို ထုတ်လုပ်ထားတယ်။ ဒါကို နဂါးသွေးနဲ့ နဂါးကြေးခွံတွေကနေ သွန်းလုပ်ထားတာ ဆိုတော့ ပထမတန်းစားချပ်ဝတ်နဲ့ နီးကပ်တယ်။ အရုဏ်ဦးချပ်ဝတ် ဒါမှမဟုတ် ကောင်းကင်နဲ့မြေကြီး သံလိုက်စက်ကွင်းလောက် မပြင်းထန်ပေမဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးကတော့ တကယ့်ကို ထူးခြားတယ်။ အရှိန်ဟုန်ပိုင်းမှာတော့ အနည်းငယ် လိုအပ်ချက် ရှိနိုင်တာပေါ့။” အနှိုင်းမဲ့ဘိုးဘေးသခင်က ဆိုသည်။ “ဒါပေမဲ့ ဒီလိုချပ်ဝတ်တွေ က မဟာကမ္ဘာလောကကြီးမှာ ရှားပါးပါတယ်။ ဗဟိုကမ္ဘာလိုတော့ အဆင့်တွေ ခွဲထားတာ မဟုတ်ဘူး”။
“ရှားပါးတယ်ဆိုရင်တော့ ငါ စိတ်အေးရပါပြီ။”
သခင်လေးချွန်းက သူ၏ယပ်တောင်ကို ပိတ်လိုက်သည်။ “အနှိုင်းမဲ့ချပ်ဝတ်တွေရဲ့ အထက် မှာ ‘အထွတ်အထိပ်ချပ်ဝတ်’ ဆိုတာ ရှိသေးတယ်။ ဒီမဟာကမ္ဘာလောကကြီးမှာ အထွတ် အထိပ် ချပ်ဝတ်ရော ရှိသေးလား။”
“ရှိတာပေါ့၊ ဗုဒ္ဓသင်္ကန်းတော်လို့ ခေါ်တယ်...”
…
“ကျီရှန်းထျန်း…၊ ဒီလူတွေက ဘယ်ကလဲ။ သူတို့က အရမ်းကို ထူးဆန်းလွန်တယ်။ အင်အားကြီးပုံမရပေမဲ့ သံလိုက်စက်ကွင်းစွမ်းအင်ကို လိုသလို သုံးနေကြတာပဲ။ ပြီးတော့ မြေအောက်ထဲက သံလိုက်စက်ကွင်းတွေကလည်း လှုပ်ခတ်နေသလို ခံစားရတယ်။ အင်အားအများကြီးကို အစုပ်ခံနေရပုံပဲ။”
ကောင်းကင်မြွေဘုရင်မ၏ ပတ်ပတ်လည်တွင် အမှောင်ထု အလင်းတန်းများ ဝန်းရံနေ သည်။ သူမသည် လေထဲတွင် ရပ်နေပြီး အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားသည်။ သူမ၏ မျက်လုံးများမှာ ထက်မြက်သော အလင်းတန်းများဖြင့် တောက်ပနေသည်။
ယခုအခါ သူမသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမမှ ဆင်းသက်လာသော ရွှမ်တူး ဆန်းကြယ်မိစ္ဆာ မဟာအမှောင်ထုဂါထာကို အသုံးပြုထားသည်။ သူမ၏ခန္ဓာကိုယ်မှ မှော်ဂါထာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေကာ သူမကို အလွှာပေါင်းများစွာဖြင့် ကာကွယ်ထားပြီး အမှောင်ထုနံရံကြီးကို အပြင်သို့ တွန်းထုတ်နေလေသည်။
သို့သော် ထိုအမှောင်ထု၏ အပြင်ဘက်တွင်မူ အလွန်ထက်ရှသော သံလိုက်စက်ကွင်း အလင်းတန်းများက အပ်တစ်စင်းကဲ့သို့ သူမကို ထိုးဖောက်ရန် ကြိုးစားနေသည်။ သံလိုက် စက်ကွင်းအလင်းတန်းများက တစ်ခုပေါ်တစ်ခု ထပ်လျက် အဆက်မပြတ် ပစ်ခတ်နေပြီး သူမကို တဖြည်းဖြည်း ဖိသိပ်လာနေသည်။
ကောင်းကင်မြွေဘုရင်မ၏ မျက်လုံးများမှ အမှောင်ထုစွမ်းအင်များ မည်မျှပင် ပျံ့နှံ့စေကာမူ သံလိုက်စက်ကွင်းအလင်းတန်းများနှင့် ထိတွေ့သွားသည့်အခါ နှင်းပေါ်သို့ ရေနွေးပူ လောင်းချလိုက်သကဲ့သို့ ပျောက်ကွယ်သွားရလေသည်။
“မဟူရာနတ်ဆိုး ကခုန်ခြင်း၊ ဈာန်လေးပါး လျှို့ဝှက်နယ်မြေ”
ရုတ်တရက် ကောင်းကင် မြွေဘုရင်မသည် သူမ၏ တာအိုပညာရပ်ကို အပြည့်အဝ ထုတ်ဖော်လိုက်ကာ ထူထပ်နက်မှောင်သော ကျမ်းစာတိုင် ရတနာတစ်ခုကို ပစ်ထုတ် လိုက်သဖြင့် အမှောင်ထုစွမ်းအင်များမှာ ပြင်းထန်လာလေသည်။
သို့သော် အပြင်ဘက်မှ ဝန်းရံထားသော လူ ၈၁ ယောက်ကလည်း ဟစ်ကြွေးလိုက်ကြ သည်။
“ကောင်းကင်နဲ့ မြေကြီး သံလိုက်စက်ကွင်း ပဲ့တင်ထပ်စွမ်းအား။”
ဝုန်း... ဝုန်း... ဝုန်း... ဟင်းလင်းပြင်တစ်ခုလုံးရှိ သံလိုက်စွမ်းအင်အားလုံးမှာ ထိုနေရာသို့ အရူးအမူး စုစည်းလာတော့သည်။
ဤလူ ၈၁ ယောက်သည် ကောင်းကင်နှင့် မြေကြီး၏ သံလိုက်စက်ကွင်းကို ငှားရမ်းအသုံးပြု နေကြခြင်း ဖြစ်သည်။ ၎င်းမှာ ဆီပင်လယ်ထဲသို့ မီးစတစ်ခု ပစ်ထည့်လိုက်သကဲ့သို့ပင် ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်။
သူတို့၏ ကိုယ်ပိုင်ခွန်အားမှာ မကြီးမားသော်လည်း လျှို့ဝှက်ဆန်းကြယ်ဆုံး သံလိုက် စွမ်းအားကို စုစည်းနိုင်စွမ်း ရှိကြသည်။
ဘုန်း... ဘုန်း... ဘုန်း... ကောင်းကင်မြွေဘုရင်မ၏ အမှောင်ထုစွမ်းအင်များမှာ တစ်ဖန် ပြန်လည် ချေမှုန်းခြင်း ခံလိုက်ရပြန်သည်။
“ကမ္ဘရီယန် အမှောင်ကမ္ဘာ နတ်ဘုရားလက်သည်း။”
ကောင်းကင်မြွေဘုရင်မ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ သူမသည် သူမ၏ သွေးစွမ်းအင်၊ သိုင်းဆန္ဒ၊ တာအိုပညာရပ်များနှင့် မှော်ရတနာများကို ပေါင်းစပ်ကာ လက်တစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်ရာ အနက်ရောင်စွမ်းအင်များမှာ သံလိုက်အလင်းကို ထွင်းဖောက်၍ အစီအရင်ကို တည်ဆောက်ထားသော နတ်ဘုရားစစ်သူကြီးတစ်ဦးထံသို့ တိုးဝင်သွားလေသည်။
“သံလိုက်ဘုရင်လှိုင်း၊ သံလိုက်စက်ကွင်း မီးဖိုအဖြစ် ပြောင်းလဲစေ။ ကပ်ဘေး သံလိုက်မီးဖို ကြီး။”
သခင်လေးချွန်း၏ လက်အောက်မှ နတ်ဘုရားစစ်သူကြီး ၈၁ ယောက်၏ အရုဏ်ဦး ရောင်ခြည်ချပ်ဝတ်များမှ ငါးရောင်ခြည် အလင်းများ ပေါက်ကွဲထွက်လာပြီး သူတို့သည် အရှိန်အဟုန်ဖြင့် စတင်လည်ပတ်ကြတော့သည်။ သူတို့၏ အရှိန်မှာ သံလိုက်စက်ကွင်းကို အသုံးပြုထားခြင်းဖြစ်၍ ရေထဲမှ ငါးများထက် အဆပေါင်းများစွာ ပိုမြန်နေသည်။
သူတို့သည် ကောင်းကင်မြွေဘုရင်မ၏ လှမ်းဖမ်းမှုကို ချက်ချင်း ရှောင်တိမ်းလိုက်ကြသည်။
ထို့နောက် ကောင်းကင်ပေါ်မှ သံလိုက်အလင်းတန်းများမှာ မီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲ သွားကာ ကောင်းကင်မြွေဘုရင်မနှင့် ကျီရှန်းထျန်းတို့ကို လုံးဝ ပိတ်ဆို့ထားလိုက်သည်။ ၎င်းမှာ နေလစကြဝဠာ ဆေးပေါင်းကြီးကဲ့သို့ပင် စုစည်းသိပ်သည်းလှသည်။
ထိုကပ်ဘေးသံလိုက်မီးဖိုကြီးမှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး တောက်လောင်နေ သော မီးလျှံများကဲ့သို့ ဖြစ်ပေါ်နေခဲ့သည်။ ပြင်းထန်လှသော သံလိုက်မီးလျှံများကြောင့် ကောင်းကင်မြွေဘုရင်မသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အရည်ပျော်တော့မည့်အလား ခံစားလိုက်ရသည်။
ဝုန်း... ဝုန်း...။ ပေါက်ကွဲထွက်လာသော သံလိုက်မီးလျှံများက အမှောင်ထု တာအိုကျင့်စဉ် ကို တိုက်ရိုက် ချိုးဖျက်သွားသည်။ ထိုခဏ၌ ကောင်းကင်မြွေဘုရင်မ၏ မျက်လုံးများက သူမ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က သန့်စင်ပစ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူမ၏ တစ်ကိုယ်လုံးသည်လည်း သက်တန့်ရောင်စဉ်များအဖြစ် ပြောင်းလဲသွားတော့မည့် အလား ဖြစ်နေသည်။
“မကောင်းတော့ဘူး၊ ဒီသံလိုက်မီးဖိုက အရမ်းအစွမ်းထက်လွန်းတယ်။ ဒဏ္ဍာရီအရ လူသား အင်မော်တယ် အထွတ်အထိပ်အဆင့်က သိုင်းပညာရှင်တွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ကို ပိုပြီးသိပ်သည်းခိုင်မာလာအောင် သံလိုက်စွမ်းအင်တွေကို စုပ်ယူကြရတာ။ တကယ်လို့ သူတို့သာ ကောင်းမွန်စွာ မကျင့်ကြံနိုင်ဘဲ သူတို့ရဲ့ခန္ဓာကိုယ်က ကောင်းကင်နဲ့မြေကြီးရဲ့ သံလိုက်စက်ကွင်းနဲ့ မကိုက်ညီဘူးဆိုရင် သူတို့ဟာ သက်တန့်အလင်းတွေအဖြစ် ပြောင်းလဲ ပြီး ဒီလောကကြီးကနေ ပျောက်ကွယ်သွားလိမ့်မယ်။ သူတို့ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် တွေအားလုံးလည်း သက်တံတွေ ဖြစ်ကုန်လိမ့်မယ်။ ငါတို့လည်း အဲဒီလို ဖြစ်တော့မယ်။”
ကျီရှန်းထျန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။ သူမ၏အသံမှာ မိန်းကလေးငယ်လေး တစ်ဦးကဲ့သို့ ကြည်လင်နေသော်လည်း အလွန်ပင် စိုးရိမ်ပူပန်နေပုံရသည်။
“ကျီရှန်း ရတနာသုံးပါး” သူမသည် ချက်ချင်းပင် ရတနာသုံးပါးကို အသုံးပြုကာ လက်ရှိ အခြေအနေကို အနည်းငယ် တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။
“ဒီလူတွေက သူတို့ရဲ့တာအိုနဲ့ သိုင်းပညာက မမြင့်မားလှဘူး။ တစ္ဆေအင်မော်တယ်အချို့နဲ့ သိုင်းသူတော်စင်အချို့ပဲ ရှိတာ၊ ဒါပေမဲ့ သူတို့ရဲ့ ချပ်ဝတ်တွေက အရမ်းကို အစွမ်းထက် လွန်းတယ်။ နဂါးကြေးခွံ ချပ်ဝတ်ထက်တောင် ပိုအစွမ်းထက်နေသေးတယ်။” ကျီရှန်းထျန်း က ဆိုသည်။
“ကျီရှန်းထျန်း၊ မင်းရဲ့စွမ်းအားတွေကို ဖုံးကွယ်ထားမှန်း ငါသိတယ်၊ မင်း ဒါကို ဖောက်ထွက် နိုင်မှာပါ။” ကောင်းကင်မြွေဘုရင်မက ဆိုသည်၊ “ဒီတစ်ခါတော့ မင်းက ‘ဝင်္ကပါကွေ့’ ရဲ့ အနက်ရှိုင်းဆုံး နေရာမှာရှိတဲ့ ဒီကျွန်းကို အထွတ်အထိပ်ရတနာ ရှာဖို့ဆိုပြီး ငါ့ကို အတင်း ခေါ်လာခဲ့တာ။ အခုတော့ ဒီလူအုပ်စုနဲ့ ဘယ်လိုလုပ် လာတိုးနေရတာလဲ။”
“ငါက မဖောက်ထွက်ချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့သာ ဖောက်ထွက်လိုက်ရင် ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ အပြင်မှာ အလွန်တရာ အစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ယောက် က ငါတို့ကို စောင့်နေတာ” ကျီရှန်းထျန်းက သွားကြိတ်ရင်း ဆိုသည်။ “ဒါကို သိရင် ဟုန်ယွိ ကို ခေါ်ခဲ့ပါတယ်။ ကံမကောင်းတာက ဟုန်ယွိက မကြာသေးခင်ကမှ ‘ပြောင်းလဲခြင်း ကျမ်း’ ကို ပြုစုနေတာနဲ့ အလုပ်များနေလို့...”
“တခြားနည်းလမ်း မရှိတော့ဘူး၊ တိုက်ရုံပဲ ရှိတော့တယ်။”
“သခင်လေးချွန်း၊ ဒီအဘိုးကြီး လှုပ်ရှားတော့မယ်။ အဲဒီ မိန်းကလေး ကျီရှန်းထျန်းက အစွမ်းကုန် ထုတ်သုံးတော့မယ်၊” ထိုအချိန်တွင် အနှိုင်းမဲ့ဘိုးဘေးသခင်က တစ်ခုခုကို အာရုံခံမိလိုက်ကာ အော်ဟစ်ပြောလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို ဘေးတိုက် ယိမ်းလိုက်လေသည်။
မိုးပြာနဂါး၊ ကျားဖြူ၊ ငှက်နီ၊ လိပ်နက် ချပ်ဝတ်များထက်ပင် ကြီးမားသော ချပ်ဝတ်တစ်ခု သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီး၏ သံလိုက်စက်ကွင်းမှာ သူ၏ချပ်ဝတ်နှင့် ပဲ့တင်ထပ်သွားလေသည်။
ဝုန်း…
ရုတ်တရက်ပင် အပြစ်ပေးသံလိုက်မီးဖိုကြီးမှာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲအက်သွားတော့ သည်။ ကျီရှန်းထျန်းနှင့် ကောင်းကင်မြွေဘုရင်မတို့မှာ ထိုနေရာမှ ခုန်ထွက်လာကြသည်။
အနှိုင်းမဲ့ဘိုးဘေးသခင်က အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် သူတို့နှစ်ဦး၏ရှေ့သို့ ရောက်ရှိ လာကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
“အတားဆီးမဲ့ အထင်သေးမှု။ ဖျက်စီးခြင်း မဟာနတ်ဘုရားလက်သီး။”
လက်သီးချက်များကြားတွင် ဟင်းလင်းပြင်တစ်ခုလုံးမှာ ပြင်းထန်လှသော သိုင်းဆန္ဒများ ဖြင့် ပိတ်ဆို့သွားလေသည်။
သို့သော် ထိုအချိန်မှာပင် ထိုထက်မက ပြင်းထန်လှသော သိုင်းဆန္ဒတစ်ခုက ဟင်းလင်းပြင် ကို တုန်ခါသွားစေပြီး လူရိပ်တစ်ခုမှာ လက်သီးချက်၏ရှေ့တွင် ရုတ်ခြည်းပေါ်လာကာ လက်ဖဝါးဖြင့် အနှိုင်းမဲ့ ဘိုးဘေးသခင်၏ လက်သီးကို ဆီးကြိုတားဆီးလိုက်သည်။
“ဟုန်ယွိ” ကျီရှန်းထျန်းက ဝမ်းသာအားရ အော်ဟစ်လိုက်လေတော့သည်။
စာစဉ် (၅၉) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။