← Chapters

ပြန်လည် စုံစမ်းစစ်ဆေးခြင်း

Vol. 168 Ch. 2405

ပြန်လည် စုံစမ်းစစ်ဆေးခြင်း

Vol. 168 Ch. 2405

လင်းရီလက်ထဲက အထောက်အထားကို မြင်တော့ နဂို တည်ငြိမ်နေသည့် ဒါရိုက်တာမှာ စကားမပြောနိုင်တော့သည်အထိ တုန်လှုပ်ထိတ်လန့်သွားခဲ့တော့၏။

သူ၏ နေရာသေးသေးလေးတွင် ယခုလို ပုဂ္ဂိုလ်ကြီးတစ်ဦးအား ကြိုဆိုလက်ခံရမည်မှာ ပထမဆုံးအကြိမ် ဖြစ်နေသည်။

“ မင်း … မင်း ဘာလို့ချင်လဲ … ငါကရော ဘာလုပ်ပေးရမှာလဲ ….”

“ ကျုပ်ဒီကိုလာတာ အလောင်းတစ်ခု လာရှာတာ … သူ့နာမည်က ဝမ်ကျန့်ရှု ….”

“ ဒါရိုက်တာဝမ်ကိုလား ….”

“ ဟုတ်တယ် သူပဲ ….” လင်းရီ ပြောလိုက်သည်။

“ အခမ်းအနားတွေ အကုန်ပြီးရင် ခင်များက တစ်ခြားတစ်ယောက်ယောက်ရဲ့ ပြာတွေကို ယူသွားပြီး ဟန်ဆောင်နေလိုက် … သူ့အလောင်းကို လောလောဆယ် သင်္ဂြုလ်လိုက်လို့ မရသေးဘူး … ကျုပ်ပြောချင်တာကို ခင်များ သဘောပေါက်တယ်မလား ….”

လင်းရီ၏ တင်းမာနေသည့် မျက်နှာထားကိုမြင်တော့ ဒါရိုက်တာလည်း ပုတ်သင်ညိုတစ်ကောင်နှယ် တရစပ် ခေါင်းညိတ်ပြလာခဲ့သည်။

ယခုလို အခြေအနေတွင်တော့ … အကယ်၍ သူ့ဘက်က နားမလည်လျှင်ပင် နားလည်ချင်ယောင် ဆောင်ရုံမျှသာ ရှိတော့သည်။

“ ကျုပ်ကို သူ့ဆီ ခေါ်သွားပေး ….”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ … ကျေးဇူးပြုပြီး ဒီဘက်ကြွပေးပါ …”

ဒါရိုက်တာ၏ ဦးဆောင်မှုအောက်တွင် လင်းရီသည် အလောင်းသိုလှောင်ရာ နေရာသို့ ရောက်လာခဲ့ပြီး ဝမ်ကျန့်ရှု၏ ရုပ်အလောင်းကို မြင်တွေ့သွားခဲ့၏။

အဖြူရောင် ပိတ်စကို လှန်လိုက်သောအခါ ဝမ်ကျန့်ရှု၏ မျက်နှာက မြင်ကွင်းထဲ ထွက်ပေါ်လာသည်။

အပြင်ပိုင်းသွင်ပြင်ကို ကြည့်ရသလောက်တော့ တကယ်လည်း ဓာတ်လိုက်မှုကြောင့် သေဆုံးသွားသည့်ပုံပေါ်သည်။ သို့သော် အခြားသော ပုန်းကွယ်နေသည့် အခြေအနေများ ရှိဦးမလားဆိုတာကို ဆက်ပြီး စစ်ဆေးကြည့်ဖို့ လိုသေး၏။

သို့သော်လည်းပဲ ယင်းတို့က လင်းရီ ဂရုစိုက်နေသည့် အရာများမဟုတ်။

အလောင်းကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပြီး ဝမ်ကျန့်ရှု၏ ခန္ဓာကိုယ်ထက်တွင် မည်သို့သော ဒဏ်ရာကိုမျှ မမြင်တွေ့ရ‌ချေ။

တိုက်ခိုက်မှုကြောင့် ကျန်ရစ်ထားသည့် ညိုမည်းရာများပင် ရှိမနေချေ။

တစ်နည်းဆိုရသော် မသေမီအချိန်တွင် နှိပ်စက်ညှင်းပန်းခံရခြင်း မရှိဟူ၍ပင်။

အကယ်၍ သူက အသတ်ခံခဲ့ရသည်။ သို့သော် လူသတ်သမား၏ လက်မှ လွတ်မြောက်အောင် ရုန်းကန်ခဲ့ခြင်းလည်း မရှိ။

ယင်းက .... လုံး၀ မဖြစ်နိုင်ပေ။

ဧကန္တ … တကယ်ပဲ တိုက်ဆိုင်သွားတာများလား …

ဒီတိုင်း တိုက်ဆိုင်မှုဆိုရင် ဝမ်ကျန့်ရှုကရော ဘာလို့ ကျင်းသုန်ရွာက ဖြစ်နေရတာလဲ …

ဖြစ်နိုင်ချေရှိသော်လည်း လင်းရီကတော့ တိုက်ဆိုင်လွန်းနေသည်ဟု ခံစားနေရ၏။

ခေတ္တာကြာအောင် တွေးတောပြီးနောက် လင်းရီသည် ကျန်းဟွေ့ထံသို့ ဖုန်းခေါ်၍ အသေးစိတ် ရှင်းပြလိုက်သည်။

ကျန်းဟွေ့လည်း အတော်လေး အံ့အားသင့်သွားခဲ့ပြီး လင်းရီ ညွှန်ကြားသည့် အတိုင်း လိုက်နာ၍ အလောင်းကို ယူကာ ပိုပြီး အသေးစိတ်ကျကျ စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တော့၏။

စစ်ဆေးပြီးနောက် လင်းရီသည် အလောင်းကို ပိတ်စအဖြူနှင့် ပြန်အုပ်ပေးလိုက်ပြီး ခြေသုံးလှမ်း နောက်ဆုတ်လိုက်သည်။ တရိုတသေနှင့် သုံးကြိမ်တိုင်တိုင် ဂါရဝပြုလိုက်၏။

ဤနေရာရှိ ကိစ္စများကို စီစဉ်ကိုင်တွယ်ပြီးနောက် လင်းရီသည် အခြေအနေကို ဒါရိုက်တာထံသို့ ရှင်းပြလိုက်သည်။

ဒါရိုက်တာဘက်ကလည်း အပြည့်အဝ ပူးပေါင်းပေးကာ မည်သည့်စကားမျှ မဆိုဝံ့ခဲ့ချေ။

ထွက်ခွာလာခဲ့ပြီးနောက် လင်းရီသည် စွန်းယွီ့ရှန်နှင့် ဝမ်ဖန်းရွှမ်တို့ကို မြင်တွေ့လိုက်ရသည်။

“ ဒါရိုက်တာလင်း ….” နှစ်ဦးက သူ ရောက်လာတာကိုမြင်တော့ နှုတ်ဆက်ကြ၏။

“ ကျုပ် ခင်များတို့ကို တစ်ခု ပြောစရာရှိတယ် … ဒီကိစ္စကို လုံးဝ လျှို့ဝှက်ထားပေးမယ်လို့ မျှော်လင့်ပါတယ် …”

လင်းရီ၏ လေးနက်တည်ကြည်နေသည့် အမူအရာကို မြင်တော့ သားအမိနှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်မိသွားခဲ့ကြပြီး ဖော်မပြတတ်လောက်အောက် စိုးရိမ်ပူပန်လာသည်။

“ ကျုပ်လည်း အခု ဒါရိုက်တာဝမ်က အသတ်ခံရတယ်လို့ သံသယရှိသွားပြီ ….”

သားအမိနှစ်ယောက်လုံး ရှော့ခ်ရသွားခဲ့ကြ၏။ ခဏလေး ထွက်သွားပြီးနောက် လင်းရီက ယခုလိုစကားမျိုး ပြောဖို့ ရောက်လာမည်လို့ မျှော်လင့်မထားခဲ့ကြပါချေ။

“ ဒါရိုက်တာလင်း … ရှင်ပဲ စောနတုန်းက သက်သေ မရှိရင် စကားကို လက်လွတ်စပယ် မပြောရဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား ….”

“ လောလောဆယ် သက်သေမရှိတာ မှန်တယ် .. ဒါပေမယ့် တစ်ချို့ လက္ခဏာရပ်တွေက ဒါရိုက်တာဝမ် ရိုးရိုးတန်းတန်း သေဆုံးသွားခဲ့တာ မဟုတ်ဘူးလို့ ညွှန်ပြနေတယ် ….”

“ ကျွန်မ သိသားပဲ … အဲ့ သေချင်းဆိုး အမှိုက်ကောင် ဝမ်ကျားလုက ကျွန်မတို့ လောင်ဝမ်ကို သတ်လိုက်တာ ဖြစ်ရမယ် … သူက ကုမ္ပဏီကို တစ်ယောက်တည်း မောင်ပိုင်စီးချင်နေတာ ….”

“ မရီး … စိတ်ကို ငြိမ်ငြိမ်ထားပါ … ကျုပ်တို့တွေ စိတ်လိုက်မာန်ပါ လျှောက်လုပ်ပစ်လို့ မရဘူး …” လင်းရီ နှစ်သိမ့်လိုက်၏။

“ ဈာပနာပွဲ ပြီးတာနဲ့ ကျုပ် လူလွှတ်ပြီး ဒါရိုက်တာဝမ်ရဲ့ အလောင်းကို ယူသွားခိုင်းလိုက်မယ် … တကယ်လို့ မရီးတို့က ဒါရိုက်တာဝမ်အတွက် တရားမျှတမှုကို လိုချင်တယ်ဆိုရင် တိတ်တိတ်လေးနေပြီး လုပ်ရိုးလုပ်စဉ်တွေကို လိုက်နာပေးပါ …. ကျန်တာကိုတော့ ကျုပ်ပဲ စီစဉ်လိုက်မယ် … မရီးတို့ဘက်က ပူးပေါင်းပေးရုံပဲ … ကျုပ်ပြောတာ နားလည်တယ်မလား ….”

“ နားလည်ပါတယ် …. လောင်ဝမ်အတွက် တရားမျှတမှု ရမယ်ဆိုသရွေ့ပေါ့ …”

“ မပူနဲ့ … မတော်ဆမှုကြောင့်ပဲ ဖြစ်ဖြစ်၊ အသတ်ခံလိုက်ရတာပဲဖြစ်ဖြစ် ၊ … ကျုပ် ကျိန်းသေပေါက် အဖြေတစ်ခု ပြန်ပေးမယ် ….”

“ ကျေးဇူးအများကြီး တင်ပါတယ် ဒါရိုက်တာလင်း ….”

“ ရပါတယ် … အချင်းချင်းတွေကိုပဲ …” လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ ကျုပ် အခု သွားရတော့မယ် … တစ်ခုခုလိုအပ်တယ်ဆို ကျုပ်ဆီ ဖုန်းခေါ်လိုက်ပါ ….”

“ ဟုတ် ဟုတ် ….”

လိုအပ်သည်များ ပြောဆိုပြီးနောက် လင်းရီသည် ခန်းမထဲက ထွက်လာခဲ့သည်။ သူ တခြား ဘယ်နေရာမှ မသွားခဲ့ပေ။ ထိုအစား ကားထဲထိုင်၍ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်ကို စောင့်ဆိုင်းနေသည်။

ဝမ်ကျန့်ရှု၏ ကိစ္စနှင့် ပတ်သက်၍ကတော့ … အလောင်းကို စစ်ဆေးသည့်အပြင် အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက်ပြီး အမှုဖိုင်တွဲများကို ပြန်လည်စစ်ဆေးဖို့ရဦ လိုသည်။

လုပ်ရမည့် အရာတို့က အများအပြားပင်။

ထိုအချိန်တွင် ကျန်းဟွေ့သည် သူ့လူများနှင့်အတူ ရောက်လာခဲ့ပြီး အလောင်းကို မည်သူမျှ သတိမထားမိအောင် သယ်ဆောင်သွားခဲ့၏။

ကျန်းဟွေ့ ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီက အခြားသောအရာများကို ကိုင်တွယ်ရန်အတွက် ဆက်လက် ကျန်နေရစ်သည်။

သူ မသိလိုက်ခင်မှာပဲ အချိန်က သုံးနာရီကျော် ကုန်ဆုံးသွားခဲ့သည်။

လုပ်ရိုးလုပ်စဉ်များအားလုံး ပြီးမြောက်သွားတော့ ဈာပနာပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်များကလည်း တစ်ဦးပြီးတစ်ဦး ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်ကလည်း မလှမ်းမကမ်းတစ်နေရာမှ လျှောက်လှမ်းလာသည်။

သို့သော် ချီရှန်းကျောက် နံဘေးတွင် အနက်ရောင် ဂါဝန်နှင့် အမျိုးသမီးလည်း လိုက်ပါလာသည်ကို လင်းရီ သတိထားမိလိုက်သည်။ သူမက ချီရှန်းကျောက်ကို စကားဆက်တိုက် ပြောနေပြီး ဟော်ယွမ်ယွမ်ကိုတော့ ဘေးချိတ်ထား၏။

ထိုအမျိုးသမီးကတော့ ဝမ်ကျားလု၏ သမီး ၊ ဝမ်ယွီ့နီကလွဲ၍ အခြားသူ မဟုတ်ပေ။

“ အစ်ကိုချီ … ကျွန်မ ရှင့်ကို လိုက်ပို့ပေးမယ် … ဥက္ကဌဟော်ကိုတော့ ဒရိုင်ဘာနဲ့ပဲ ပြန်ခိုင်းလိုက်ပါ …”

“ ရတယ် … ကျုပ် မိန်းကလေးဝမ်ကို အနှောင့်အယှက် မပေးချင်ပါဘူး …” ချီရှန်းကျောက် ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်၏။

“ အမယ်လေး … အစ်ကိုချီရယ် … ဘယ်လိုလုပ် အနှောင့်အယှက် ပေးတယ် ဖြစ်ရမှာလဲ … ဘာပဲပြောပြော ကျွန်မအားတယ် … ကျွန်မ လိုက်ပို့ပေးမယ် …” ဝမ်ယွီ့နီက ဆက်တိုက် ခေါင်းမာနေသည်။

ဘေးတွင် ရပ်နေသည့် ဟော်ယွမ်ယွမ်ကတော့ မျက်လုံးလှိမ့်လျက် ထိုမြင်ကွင်းကို ကြည့်ရှုနေလျက် ရှိသည်။

“ ဟေး ... ခဏနေ တခြားလုပ်စရာတွေ ရှိသေးတယ် … ဒီမှာ အကြာကြီး အချိန်မဖြုန်းနဲ့ ….” လင်းရီ ကြားဖြတ်ပြော၍ ချီရှန်းကျောက်ကို ဝင်ကယ်ပေးလိုက်၏။

ဝမ်ယွီ့နီ၏ မျက်နှာမှာ ချက်ချင်း ရှုံ့မဲ့သွားပြီး “ ငါ ဒီမှာ ဥက္ကဌချီနဲ့ စကားပြောနေတယ်လေ … နင့်လို ဘာမဟုတ်တဲ့ ဒရိုင်ဘာလေးက ဝင်ပြောစရာလား … “

ဟမ် …

ဟော်ယွမ်ယွမ်၏ မျက်လုံးတို့ လင်းလက်သွားခဲ့၏။ ဒရာမာ ကြည့်ချင်နေသည်မှာ မြင်သာနေသည်။

“ အစ်ကိုချီ … ရှင်ကလည်း သိပ်သဘောကောင်းလွန်းတယ် … ဘာမဟုတ်တဲ့ ဒရိုင်ဘာလေးကတောင် အစ်ကို့ကို အမိန့်ပေးဝံ့နေပြီ … အစ်ကို့လူတွေကို သေချာလေး သင်ပြထားသင့်တယ်နော်….”

ချီရှန်းကျောက်၏ မျက်နှာမှာ မည်းမှောင်သွားခဲ့ပြီး “ သူက ဒရိုင်ဘာ မဟုတ်ဘူး … လင်းယွင်အုပ်စုရဲ့ တည်ထောင်သူ ဥက္ကဌ … မင်း အထင်လွဲနေပြီ …”

“ ဒါက ….”

ဝမ်ယွီ့နီ အေးခဲသွားခဲ့ပြီး လင်းရီကို ရှော့ခ်ရစွာ လှမ်းကြည့်မိလိုက်သည်။

“ သူ … သူက လင်းယွင်အုပ်စုရဲ့ တည်ထောင်သူ …”

“ အင်း …” ချီရှန်းကျောက်မှာ အတော်လေး မကျေမနပ် ဖြစ်နေပြီး အေးစက်စက်အမူအရာဖြင့် “ ငါ့မှာ တခြားလုပ်စရာ ကိစ္စတွေရှိသေးတယ် … အခု သွားမှရတော့မှာ …”

ဝမ်ယွီ့နီသည် နေရာတွင် အံ့အားမင်သက်လျက် ရပ်နေမိရင်း သုံးယောက် ကားထဲဝင်သွားသည်ကိုပင် မနှုတ်ဆက်နိုင်ဘဲ ဖြစ်နေမိသည်။

“ အဲ့ကောင်မက ဘယ်သူတုန်း … လူကြည့်ရတာ ကြောင်တောင်တောင်နဲ့ …” လင်းရီ ထိုသို့ မှတ်ချက်ပေးလိုက်သည်။

“ ဘယ်သူဖြစ်ရမှာ ဝမ်ကျားလုရဲ့ သမီးပေါ့ … အစ်ကိုချီကို အထာဆက်တိုက်ပေးနေတာ ဟန်ဆောင်ကောင်းတဲ့ လက်ဖက်စိမ်းမ … လူကောင်းဖြစ်မယ့်ရုပ် မပေါ်ဘူး …” ဟော်ယွမ်ယွမ်က ပြောလိုက်သည်။

“ အစ်ကိုချီ .. ရှင် သူ့လှည့်ကွက်လေးတွေအောက်မှာ မကျရှုံးသွားစေနဲ့နော် … အဖြစ်သည်းလာရင် မာဆတ်ကိုပဲသွား … အဲ့လိုလူစားမျိုးတွေနဲ့ မပတ်သက်နဲ့ …’

“ ချီးပဲ … ငါ့သိက္ခာကို မချစမ်းနဲ့ … ငါက အနှိပ်ခံဖို့ပဲ သွားတာ ….” လင်းရီ ကန့်ကွက်လိုက်သည်။

“ ကျွန်မလည်း ဘာပြောနေလို့ … အစ်ကိုချီကို အနှိပ်ခံခိုင်းတာက မကောင်းလို့လား …”

“ ရတယ် …” လင်းရီ ကျိန်ဆဲလိုက်ပြီး “ မင်းနိုင်တယ် ….”

ချီရှန်းကျောက်သည် ကိုးရို့ကားယားနိုင်စွာ ကားမောင်းနိုင်ပြီး သူတို့နှစ်ဦး၏ စကားဝိုင်းထဲ ဝင်မပြောနိုင်ဘဲ ဖြစ်နေသည်။

“ လောင်ချီ … ငါ့ကို ကျန်းဝမ်ဗျူရိုရုံးခွဲဆီ ပို့ပေးစမ်းပါ … ကိစ္စရှိလို့….”

“ အိုကေ ….”

မိနစ်လေးဆယ်ခန့် မောင်းနှင်ပြီးနောက် ချီရှန်းကျောက်သည် လင်းရီကို ကျန်းဝမ် ရဲစခန်းသို့ လိုက်ပို့ပေးလိုက်သည်။

ဝမ်ကျားလု၏ အမှုဖိုင်တွဲများကို ထုတ်ယူဖို့ အဆင်သင့်ပင် ….

စာစဉ် ( ၁၆၈) ပြီး၏။

( 24 May 2026, 12 : 22 PM)

All Chapters