← Chapters

မင်းကံကောင်းသွားတယ်

Vol. 168 Ch. 2396

မင်းကံကောင်းသွားတယ်

Vol. 168 Ch. 2396

လူတိုင်း အချိန်တစ်ခုကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။

လူသတ်သမား၏ နည်းလမ်းများက လီရှန်းဟွေ့လို ဝါရင့်ရဲအရာရှိကြီး တစ်ယောက်ပင် မကြားဖူးသည့် အရာများ ဖြစ်နေပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားနေစေတော့၏။

“ လူသတ်သမားရဲ့ နည်းဗျူဟာအတိုင်းဆိုရင် မင်းက နောက်ပစ်မှတ် ဖြစ်လာဖို့ များတယ် ….” လီရှန်းဟွေ့က လင်းရီကို ကြည့်လျက် ဆိုလိုက်ပြီး “ ဂရုစိုက်ဦး … ညဘက် တစ်ယောက်တည်း အပြင်တွေ လျှောက်မထွက်နဲ့ ….”

“ ကျုပ်ကတော့ ကြောက်မနေဘူး … သူ ကျုပ်ကို အမြန်လာသတ်လေ ကောင်းလေပဲ ….”

“ မဆင်မခြင် မလုပ်စမ်းနဲ့ … ဒါ နောက်စရာ ကိစ္စ မဟုတ်ဘူး ….” လီရှန်းဟွေ့ လေးနက်တည်ကြည်စွာ ပြောဆိုလိုက်သည်။

“ ဟုတ်ကဲ့ … နားလည်တယ် အစ်ကိုလီ ….”

“ ဒီနေ့ ဒီလောက်ပဲ … လူတိုင်း ပြန်ပြီး ဒီကိစ္စကို ဆက်ပြီး စုံစမ်းဖို့ လုပ်ကြ …” လီရှန်းဟွေ့ ညွှန်ကြားလိုက်သည်။

“ အစ်ကိုလီ သွားစို့ … ငါမင်းကို လိုက်ပို့ပေးမယ် ….” ကျူးကျွင်းချီ ပြောဆိုလိုက်သည်။ သူတို့နှစ်ယောက်က အတူရောက်လာခဲ့ကြပြီး အိမ်ချင်းကလည်း သိပ်မဝေးကြပေ။

“ ခင်များတို့ပဲ ပြန်နှင့်ကြ … ကျုပ် ဒီမှာ သူနဲ့ အတူ နေပေးလိုက်ဦးမယ် ….” လင်းရီ ပြောလိုက်သည်။

“ အင်း … မင်းတို့နှစ်ယောက်က လူငယ်တွေဆိုတော့ ပြောစရာ စကားတွေ ရှိကြမှာပဲ … ဆက်ဆံရေး ကောင်းမွန်အောင် လုပ်တာကလည်း ကောင်းပါတယ် ….”

“ အစ်ကိုလီ … ကျွန်မရဲ့ ဂုဏ်သတင်းကို ဖျက်စီးမနေနဲ့ ….” ကူရိရန် အော်လိုက်၏။

“ မင်းတို့က ငယ်ပါသေးတယ်ကွာ … ဟားဟား …..”

တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။ လီရှန်းဟွေ့လည်း ကျန်းဝန်လီကို မှာစရာရှိသည်များ မှာပြီးနောက် ကျူးကျွင်းချီနှင့်အတူ ထွက်ခွာသွားခဲ့သည်။

“ ငါ့မောင် … နင်လည်း လုပ်စရာရှိတယ်ဆို ပြန်လေ … အစ်မ ဂရုစိုက်ပေးလည်း အတူတူပါပဲ …” ကျန်းဝန်လီက ညင်သာစွာ ဆိုလိုက်၏။

“ ကျွန်တော်ပဲ လုပ်လိုက်ပါမယ် … မရီးက ခေါင်းဆောင်နာ့စ်ဆိုတော့ အလုပ်တွေ များနေမှာပဲဟာ ….”

“ အဲ့တာလည်း ကောင်းပါတယ် … နင်တို့ချင်းက လူငယ်တွေဆိုတော့ အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် လေ့လာထားတာ မဆိုးပါဘူး ….” ကျန်းဝန်လီ ရယ်မောလိုက်သည်။

“ မရီး … မရီးကပါ ဘာလို့ ….”

“ ဘာရှက်စရာရှိလို့ ….” ကျန်းဝန်လီက ရယ်မောရင်း လက်ဝှေ့ယမ်းလိုက်ပြီး “ ငါသွားတော့မယ် … နင်တို့ နှစ်ယောက် ဒီမှာ နေလို့ရတယ် ….”

“ နင် ဒီည နေလို့ရတာ သေချာရဲ့လား ….” ကူရိရန်မှာ လင်းရီကို ခေါ်ထားရမှာနှင့် ပတ်သက်ပြီး အနည်းငယ် ကသိကအောက် ဖြစ်နေမိသည်။

“ ဘာအဆင်မပြေစရာ အကြောင်းရှိလို့ …” လင်းရီ သမ်းဝေလိုက်ပြီး “ အိမ်ပြန်ပြီး ငါ့မိန်းမနဲ့ပဲအိပ်အိပ် ၊ မင်းနဲ့ပဲ အိပ်အိပ် … တစ်ယောက်ယောက်နဲ့တော့ အိပ်ရမှာပဲလေ … တစ်ယောက်ယောက်ရှိရင်ကို ရပြီ … ငါက ဂျေးမများတတ်ပါဘူး …”

“ မကောင်းတဲ့ကောင် ….”

“မင်း အခုလို ပုံစံနဲ့ ဘယ်သူ့ကို အားကိုးလို့ရမယ် ထင်လဲ …” ပြောရင်းဖြင့် လင်းရီသည် ကူရိရန်ကို အိပ်ရာပေါ် ကူရွှေ့ပေးလိုက်သည်။

“ ဒီနေ့ ….. ကျေးဇူးပါပဲ …”

“ ငါ့အိမ်ကသာ သိသွားခဲ့ရင် သူတို့ ငါ့ကို အလုပ်ထွက်ခိုင်းကြလောက်တယ် ….”

“ အလုပ်ပြောင်းဖို့ရော မစဉ်းစားဖူးဘူးလား … ရုံးအလုပ်အကိုင် တစ်ခုခုပေါ့ ….”

“ ငါတော့ မှုခင်း ရဲအရာရှိလုပ်ရတာ အတော်လေး ကောင်းတယ်လို့ ထင်တယ် … ရုံးအလုပ်က သိပ်ပျင်းဖို့ကောင်းလွန်းလို့ ….” ကူရိရန် ပြောလိုက်သည်။ “ ဒါပေမယ့် နောင်ကျ အိမ်ထောင်ကျပြီး ကလေးတွေရလာရင်တော့ စဉ်းစားကြည့်ဖြစ်ရင်လည်း စဉ်းစားကြည့်ဖြစ်မှာပေါ့ ….”

“ ရာဇဝတ်သားတွေ ဖမ်းရတာ ဘာတွေများ ကောင်းနေလို့ ….” လင်းရီ ပြောလိုက်ပြီး “ မင်း ဒီနေ့ ကံကောင်းသွားတာ … အဲ့ဒီ ကြင်နာတတ်တဲ့ ဦးလေးနှစ်ယောက်ကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းရဲ့ ဒဏ်ရာတွေက အရိုးလေး နည်းနည်း အက်သွားရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး ….”

“ နင် ဘာပြောချင်နေတာ ….”

“ သူက ငါတို့တွေ အဘွားစွန်းရဲ့ အိမ်ကို သွားခဲ့တာ သိနေတယ် … ဆိုလိုတဲ့ သဘောက လူသတ်သမားက ငါတို့နဲ့ အတော်လေး နီးနီးကပ်ကပ်မှာ ရှိနေလောက်တယ် … ဒီရက်ပိုင်းထဲ ငါတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာမျိုးပေါ့ ….”

ကူရိရန် ခေါင်းညိတ်လိုက်သည်။ လင်းရီ ပြောသည်ကလည်း ကျိုးကြောင့်သင့်၏။

“ အခင်းဖြစ်တဲ့အချိန်တုန်းက လူသတ်သမားက သူ့ကားကို မင်းရဲ့ အိမ်အပြင်ဘက်မှာ ပါကင်ထိုးထားတယ် … သူ မင်းရဲ့ အိမ်ကို သိနေတယ်ဆိုတာ ပြသနေတာပဲ … ဒါပေမယ့် ဘယ်လိုလုပ်ပြီးလဲ … အဖြေကတော့ ရှင်းပါတယ် … ခြေရာခံပြီးတော့ပေါ့ ….”

လင်းရီ စကားကို ခေတ္တရပ်နားပြီးနောက် ဆက်ပြောသည်။

“ မင်းရဲ့ တန်ပြန်ထောက်လှမ်းနိုင်စွမ်းကလည်း မဆိုးပါဘူး … အဲ့တာတောင် လူသတ်သမားက မင်းကို အသံတစ်သံ မကြားရဘဲ ခြေရာခံနိုင်ခဲ့တယ် … တစ်ဖက်လူက ဘယ်လောက်တောင် အရည်အချင်းရှိတဲ့လူလဲဆိုတာ တွေးကြည့်လိုက် ….”

“ ဒီလောက် အဆင့်မြင့်တဲ့ တန်ပြန်ထောက်လှမ်းနိုင်စွမ်းနဲ့ လူသတ်သမားက သာမန် ဖြစ်နိုင်ပါ့မလား … တကယ်လို့ အဲ့တုန်းကသာ မင်းကို ဘယ်သူကမှ မတွေ့ခဲ့ဘူးဆိုရင် ကားနဲ့ တိုက်သတ်တာ မအောင်မြင်တာနဲ့ လူကိုယ်တိုင် ဆင်းလာပြီး မင်းကို ကိစ္စတုံးလောက်တယ် … မင်းရဲ့ အစွမ်းအစနဲ့ လူသတ်သမားကို မကိုင်တွယ်နိုင်ဘူး …”

“ သူ အဲ့လောက်တောင် ရဲတင်းပြီး သတ္တိကောင်းနေတာကို တွေးကြည့်ရင် သူ့အစွမ်းအစအပေါ် ယုံကြည်ချက် အပြည့်ရှိနေလို့ပဲ မဟုတ်ဘူးလား … “

ကူရိရန် တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။

လင်းရီ ပြောသည်က အဓိပ္ပာယ်ရှိ၏။

“ ဆေးရုံမှာ ရက်နည်းနည်းလောက် နေလိုက်ဦး … အပြင်မထွက်သေးနဲ့ …” လင်းရီ ပြောလိုက်သည်။

“ နင်ကရော ….”

“ သူ ငါ့ဆီ လာရဲတယ်ဆိုလည်း ကောင်းတာပေါ့ … တစ်ခါတည်း သတ်ပစ်လိုက်လို့ ရတာပေါ့ …”

“ နင်က ဆရာကြီးမှန်း ငါသိပါတယ် … ဒါပေမယ့် အစ်ကိုလီ ပြောသလိုပဲ … စိတ်လိုက်မာန်ပါတွေ လျှောက်မလုပ်နဲ့ ….”

“ စိတ်ချထားစမ်းပါ … ငါ့မှာ အစီအစဉ် ရှိပါတယ် ….”

ထိုအချိန်မှာပဲ လူနာ အခန်းတံခါး တွန်းပွင့်လာခဲ့ပြီး ကျန်းဝန်လီက လက်ထဲတွင် အသီးများကိုင်ဆောင်ရင်း အထဲသို့ ဝင်လာသည်။

“ ငါ နင်တို့ဖို့ အသီးသွားဝယ်လာပေးတယ် … စားချင်တဲ့အချိန် စားကြ …”

“ အာ … အားနာဖို့ကောင်းလိုက်တာရှင် … ကျေးဇူးတင်ပါတယ် မရီး …”

“ ဘာလို့ ယဉ်ကျေးနေတာ … အပြင်လူလည်း မဟုတ်ဘဲနဲ့ကို …” ကျန်းဝန်လီက ဝင်လာရင်း ပြောလိုက်ပြီး “ နင့်ခြေထောက်က သက်သာသေးတာ မဟုတ်ဘူး … သိပ်မလှုပ်ရှားသေးနဲ့ဦး … အလုပ်ကိစ္စတွေကိုတော့ လင်းရီနဲ့ပဲ လွှဲထားလိုက် …”

“ ကျွန်မ နားလည်ပါတယ် ….”

“ အဲ့နာ့စ်ခေါင်းဆိုတဲ့ ကောင်မကလည်း ဘယ်တွေ လျှောက်သွားနေမှန်းလဲကို မသိဘူး … ဒီမှာငါ လက်မှတ်ထိုးဖို့ လိုလို့ပါဆိုနေ လိုက်ရှာနေတာ ဘယ်မှာမှကို ရှာလို့မတွေ့ဘူး …”

လင်းရီတို့တွေ စကားပြောဆိုနေစဉ်မှာပဲ ရုတ်တရက်ဆိုသလို အပြင်ဘက်မှ ဆူဆူညံညံ အသံဗလံများ ထွက်ပေါ်လာသည်။

လင်းရီနှင့် ကူရိရန်တို့လည်း မသိစိတ်အလျောက် တံခါးဝဘက်သို့ ခေါင်းလှည့်ကြည့်မိလိုက်ကြ၏။

ကျန်းဝန်လီက ခေါင်းဆောင်နာ့စ် ဖြစ်ပြီး ဌာနထဲတွင် သူမက ရာထူးအမြင့်ဆုံး ဖြစ်သင့်၏။ ဆရာဝန် အသစ်တစ်ချို့ပင် သူမကို မြင်လျှင် လေးလေးစားစား ဆက်ဆံသင့်သည်။ ထိုသို့ ရာထူးကြီးသည့် ပုဂ္ဂိုလ်ကို တစ်စုံတစ်ယောက်က ဤကဲ့သို့ လေသံမျိုးဖြင့် စကားပြောဆိုနေသည်တဲ့လော။

“ ဘာတွေ ဖြစ်နေတာလဲ …”

ကျန်းဝန်လီ၏ အသံကို ကြားတော့ သက်တူရွယ်တူခန့်ရှိမည့် မျက်နှာလှလှ၊ ဆံပင်အတိုနှင့် အမျိုးသမီး တစ်ဦးက လူနာခန်းထဲသို့ ဝင်ရောက်လာသည်။

“ နင် ဘယ်တွေ ရောက်နေတာ … ဒီမှာ ငါ လက်မှတ်ထိုးဖို့ လိုလို့ပါဆို လိုက်ရှာနေတာ ရှာလို့ကို မတွေ့ဘူး ….” အမျိုးသမီးက အင်တင်တင် လေသံဖြင့် ပြောလိုက်သည်။ “ ပြီးတော့ ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရဆိုရင် လူနာတွေ အကုန်လုံးကို ညီတူမျှတူပဲ ဆက်ဆံရမှာလေ … ဒါကို နင့် ဆွေမျိုးတွေ ဆေးရုံရောက်လာတာနဲ့ ဘာလို့ ဒီမှာပဲ ရှိနေရတာ … ဒီဆေးရုံကို နင့်အမျိုးတွေ ဖွင့်ထားတယ်များ ထင်နေတာလား ဟုတ်လား ….”

လင်းရီသည် စကားပြောနေသည့် အမျိုးသမီးကို တစ်ချက် အကဲခတ်လိုက်သည်။ သူမက နာ့စ် ယူနီဖာင်းကို ဝတ်ထားသဖြင့် ဆိုလိုသည်က အမျိုးသမီးသည် ဌာနခေါင်းဆောင် ရာထူးတစ်ခုခုထဲက မဟုတ်ဘဲ ဌာနဝန်ထမ်းတစ်ဦးသာ ဖြစ်ဖို့များသည်။

သို့သော် အရိုးအကြောကု ဌာနအတွင်း၌ ကျန်းဝန်လီက ခေါင်းဆောင်နာ့စ် ဖြစ်၏။ သူမလို ရာထူးမြင့်သည့် လူတစ်ယောက်ကို တစ်စုံတစ်ယောက်က ယခုလိုမျိုး ပြောဆိုဝံ့နေသည်ကတော့ ထူးဆန်းလွန်းလှပေသည်။

“ လျိုရန် … နင် ဘယ်သူ့ကို ဒီစကားမျိုး လာပြောနေတယ်ထင်လဲ … ကိုယ့်နေရာကိုယ် သိစမ်း …”

ကျန်းဝန်လီက များသောအားဖြင့် သဘောထားသိမ်မွေ့လေ့ ရှိသော်လည်းပဲ သွားရှုပ်လို့ကောင်းသူ တစ်ဦးတော့ မဟုတ်ပေ။ သူမကို မလေးမစား ပြောလာသည်နှင့် ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်၏။

လျိုရန်ဆိုသည့် အမျိုးသမီးမှာ ကျန်းဝန်လီ၏ အရှိန်အဝါများအောက်တွင် ဖိနှိပ်ခြင်း ခံလိုက်ရသည်။

သူမက ကျန်းဝန်လီကို ကျော်၍ အာဏာလွှမ်းမိုးပြချင်သော်လည်း ကျရှုံးသွားခဲ့ရ၏။

“ ငါ မှန်တာတွေပဲ ပြောနေတာ … လူနာတွေ ဒီလောက်အများကြီး ရှိနေတာကို နင်က ဘာလို့ ဒီမှာပဲ တစ်ချိန်လုံး ရှိနေတာလဲ … သူများတွေ အတင်းအဖျင်းပြောကြမှာကို နင် မကြောက်ဘူးလား ….”

“ အဲ့တာ ငါ့ကိစ္စ … နင့်အပူ မပါဘူး …” ကျန်းဝန်လီ ပြန်လည် ချေပလိုက်သည်။

“ ငါပြောလိုက်မယ် … နင် ငါ့လက်အောက်မှာ အလုပ်လုပ်နေသရွေ့ ကိုယ့်နေရာကိုယ်သိထားရင် ပိုကောင်းလိမ့်မယ် …”

လျိုရန်၏ မျက်နှာမှာ အကျည်းတန်သွားခဲ့ပြီး‌ အေးစက်သည့် လေသံဖြင့် “ ငါတို့ ကြည့်ကြသေးတာပေါ့ …”

နှာတစ်ချက် မှုတ်ပြီးနောက် နောက်လှည့်ထွက်ခွာသွားခဲ့တော့သည်။

ထိုအချိန်မှာပဲ နာ့စ်နှစ်ဦးက တံခါးဝမှတစ်ဆင့် ကမန်းကတမ်း ရောက်လို့လာသည်။

“ စိတ်ကို အေးအေးထားနော် အစ်မလီ … အဲ့ကောင်မက သူ့ကိုယ်သူ အဟုတ်ကြီး ထင်နေတာ … သူနဲ့ စကားတုပြိုင်ပြီး လိုက် အောက်တန်းကျပေးဖို့ မလိုပါဘူး …”

“ ဟုတ်တယ် ဟုတ်တယ် … ကျွန်မတို့က ဒီမှာ အလုပ်ဆက်လုပ်ကြဦးမှာလေ … ကျွန်မကြားမိတာတော့ စီမံခန့်ခွဲရေးပိုင်းက ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီတဲ့ … တကယ်လို့ သူနဲ့ ရန်ဘက်ဖြစ်ရင် နောင်ကျ အစ်မလီအတွက် ခက်ခဲလာလိမ့်မယ် ….”

“ ငါ ဒင်းကို သည်းခံနေတာ တော်တော်ကြာပြီ …” ကျန်းဝန်လီ ပြောလိုက်ပြီး “ ငါ့လာပြီးတော့တောင် လက်ညှိုးထိုးနေလိုက်သေးတယ် … သူ့ကိုယ်သူ ဘာထင်နေလဲ မသိပါဘူး ….”

“ အဓိကက သူလည်း သတင်းတွေ ကြားထားလို့နေမှာပါ … မဟုတ်ရင် အဲ့လောက်ထိ မလုပ်ရဲပါဘူး ….”

“ ရပြီ … အလုပ်သွားလုပ်တော့ … ငါလည်း ဒင်းတို့ကို ကြောက်မနေပါဘူး ….”

“ ဟုတ် အစ်မလီ … ဒါဆို ကျွန်မတို့ အရင် သွားနှင့်တော့မယ်နော်…”

“ သွား ….”

လူနာခန်းမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“ မရီး … စောနက ဘာတွေ ဖြစ်သွားခဲ့တာ … ခေါင်းဆောင်တောင် မဖြစ်သေးတဲ့ နာ့စ်တစ်ယောက်က မရီးကို အဲ့လို လေသံမျိုးနဲ့ စကားပြောဝံ့နေတယ် …” လင်းရီ နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

All Chapters