← Chapters

မမောက်မာနဲ့

Vol. 168 Ch. 2397

မမောက်မာနဲ့

Vol. 168 Ch. 2397

“ ဆေးရုံက အရင် ၂ နှစ်လောက်တုန်းက ဒုဒါရိုက်တာအသစ် ပြောင်းသွားခဲ့တယ်လေ … ဘာတွေ အပေးအယူလုပ်လိုက်လဲတော့ ငါတို့လည်း မသိပါဘူးအေ … နှစ်ယောက်က တစ်ခုခုတော့ ပတ်သက်နေကြတာပဲ … အခုဆို သာမန်နာ့စ်ကနေ ခေါင်းဆောင်နာ့စ် ဖြစ်လာတော့မယ် …” ကျန်းဝန်လီ စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။

“ နင်တို့လည်း စောနက ကြားလိုက်ကြတယ်မလား … အထက်က ဆုံးဖြတ်ချက် ချလိုက်ပြီ … ကြည့်ရတာ သူ့ကို နာ့စ်ဌာနရဲ့ လက်ထောက် ဒါရိုက်တာ ရာထူး တိုးပေးမလို့နဲ့တူတယ် … အခု ငါ့ထက် ရာထူးသာသွားပြီဆိုတော့ လာပြီး အာဏာပြတာပေါ့ ….”

“ လက်စသတ်တော့ အဲ့လိုဖြစ်နေတာကိုး …” လင်းရီ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး “ ကျွန်တော် အစ်ကိုလီဆီက ပြောသံကြားမိတာ မရီး နာ့စ်ခေါင်းဆောင် ဖြစ်နေတာ နှစ်အတော်ကြာနေပြီဆို … ပုံမှန်ဆို ရာထူးတိုးပေးသင့်ပါပြီ … ဒါကို အရင် ၂ နှစ်လောက်ကမှ နာ့စ်ဖြစ်လာတဲ့ လူကို ရာထူးတိုးမယ်ပေါ့ .. အဲ့လောက် တော်နေတာမျိုးတော့ မဖြစ်နိုင်လောက်ပါဘူးနော် …”

“ ဘယ်နားကသာ … ဟမ့် …” ကျန်းဝန်လီ နှာခေါင်းရှုံ့လိုက်ပြီး “ အလုပ်အပေါ်မှာလည်း တစ်ခါမှ အာရုံစိုက်ထားတယ်ရယ်ကို မရှိဘူး …. အမြဲတမ်း ပလူးလိုက် ၊ ဟေးလားဝါးလားလုပ်လိုက် ၊ ဟိတ်ဟန်ထုတ်လိုက်နဲ့ … ငါတို့ ဌာနက ဒေါက်တာတွေဆို သူ့မြင်တာနဲ့ ဝေးဝေး ရှောင်သွားကြတာချည်းပဲ … သူ အာရုံမစိုက်လို့လည်း လူနာတွေ သေဘေးနဲ့ နီးပေါင်း မနည်းတော့ဘူး …. သူ့ကို နားချတော့ စိတ်ထဲ ရန်ငြှိုးထားထားတယ်လေ … အခုတော့ ငါ့ခေါင်းပေါ် တက်နင်းဖို့ အခွင့်အရေး ရလာပြီ … လူကို လာပြီး အခက်တွေ့အောင် လာလုပ်နေတာပေါ့ …”

“ အစ်ကိုလီကိုရော ဒီအကြောင်းတွေ မပြောပြဘူးလား …” ကူရိရန် မေးလိုက်သည်။

“ သူ့ကို ပြောပြလို့ ဘာအသုံးဝင်မှာမို့လို့ .. သူက အမှုတွေ ဖော်ထုတ်ပြီး ရာဇဝတ်သားတွေ ဖမ်းတဲ့နေရာမှာပဲတော်တာ … အဆက်အသွယ်တွေကျတော့ သိပ်ရှိတာ မဟုတ်ဘူး … ပြီးတော့ ပြောပြရင်လည်း သူ့ကို စိတ်ဖိစီးစေတာပဲ ရှိမယ် ….” ကျန်းဝန်လီ ပြောလိုက်သည်။

“ ငါ ဆေးရုံမှာ လုပ်လာတာ ဒီလောက် နှစ်တွေ ကြာနေပြီ သူ ငါ့ကို တစ်ခုခု လုပ်နိုင်မယ်ဆိုတာ ငါ မယုံဘူး ….”

“ အင်း ….”

ကူရိရန် အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ထားမိသည်။ ကူညီပေးချင်သော်လည်း ခွန်အားမဲ့နေမိ၏။

“ ဒါတွေ ထားပါ … နင်တို့နှစ်ယောက်လုံး အနားယူကြတာ့ … လိုတာရှိရင် ငါ့ကို လှမ်းခေါ်လိုက် ….”

“ အွန်း အွန်း ….”

ကျန်းဝန်လီ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကူရိရန်စိတ်ထဲ အနည်းငယ် ခံစားသွားခဲ့ရ၏။

“ မရီးက သိပ်သန်မာတာပဲနော်…”

“ ငါတို့ တတ်နိုင်တာမှ မရှိတာ … ဘဝက ဒီလိုပဲလေ … သူ့ကို သွားပူပေးမနေနဲ့ … ကိုယ့်ခြေထောက်ကိုယ်သာ အရင် စိတ်ပူစမ်းပါ …”

“ ဒီတိုင်း အက်သွားရုံလောက်လေးပဲကို ထွေထူးမဟုတ်ပါဘူး … ငါက ပျော့တိပျော့ဖတ် ကောင်မလေးမျိုးလည်း မဟုတ်ဘူး … နင် မရှိရင်တောင် ငါ့ဘာငါ ဂရုစိုက်နိုင်တယ် ….”

“ ဒါဆိုလည်း ကိုယ့်ဘာကိုယ် တစ်ယောက်တည်း သန့်စင်ခန်းသွားလေ … မင်း ဘယ်လိုလုပ်မလဲ ငါ ကြည့်စမ်းပါဦးမယ် ….”

“ ချီးပဲ … ငါနင့်ကို သေအောင် ကန်ထည့်ပစ်လိုက်ရ …..”

ညဉ့်နက်လာတော့ နှစ်ယောက်လည်း စကားများ ရန်ဖြစ်ရင်း ပင်ပန်းလာခဲ့ကြသည်။

လင်းရီက ဘေးကုတင်တွင် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ပြီး မနက်ခင်းပိုင်း ကျန်းဝန်လီ လူနာလှည့်သည့် အချိန်ကျတော့မှ အိပ်ရာက နိုးလာခဲ့၏။ ကျန်းဝန်လီက သူတို့နှစ်ယောက်အတွက် မနက်စာလည်း ယူလာခဲ့ပေးသည်။

“ ဘယ်လိုနေလဲ … အားလုံး အဆင်ပြေလား …”

“ ဟုတ် … ကျွန်မ အဆင်ပြေပါတယ် … “

“ အဲ့လိုဆို ကောင်းတယ် … ပေါက်စီနဲ့ ဆန်ပြုတ် ဝယ်လာပေးတယ် … ပူတုန်း စားလိုက်ဦး …” ကျန်းဝန်လီ ပြောလိုက်၏။

“ ရီလေး … နင်လည်း နင်လုပ်စရာရှိတာတွေ သွားလုပ်လို့ရတယ်နော်… အစ်မ တစ်ယောက်လုံး ဒီမှာ ရှိနေမှာ ဘာမှ ပူစရာမလိုဘူး ….”

“ ဟုတ် မရီး …”

မနက်စာကို ချပေးပြီးနောက် ကျန်းဝန်လီ ပြန်ထွက်သွားခဲ့၏။

သူတို့နှစ်ယောက် မနက်စာ စားနေစဉ်မှာပဲ ကျန်းဟွေ့က ဗွီဒီယိုကော ခေါ်လာသည်။

“ အခြေအနေ ဘယ်လိုရှိလဲ … အကုန် အဆင်ပြေရဲ့လား ….”

“ အစ်ကိုဟွေ့ …. ရှင် ဘယ်တုန်းက လူကို အဲ့လောက်ထိ စိုးရိမ်ပေးတတ်သွားတာလဲ ဟမ် … ကျွန်မ စခန်းမှာ ရှိတုန်းကတော့ ဒီလိုတွေ ရှိမှန်းတောင် မသိခဲ့ရပါလား …” ကူရိရန် အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်၏။

“ မင်းက ငါတို့ စခန်းရဲ့ တစ်ဦးတည်းသော အမျိုးသမီးလေ … မင်းသာ တစ်ခုခု ဖြစ်သွားခဲ့ရင် အဲ့ဒီ မျောက်မသားတစ်သိုက်နဲ့ပဲ နေ့တိုင်း တွေ့နေရတော့မှာ … အဲ့လိုဆို အလုပ်ဘယ်လုပ်နိုင်တော့မှာလဲ …” ကျန်းဟွေ့ ရယ်မောလိုက်၏။ “ ပြီးတော့ ငါ ခွင့်လည်း တင်ထားပေးတယ် … မင်းရဲ့ ဒဏ်ရာက အလုပ်ကြောင့် ရခဲ့တာဆိုတော့ စခန်းက မင်း ဆေးရုံဆင်းတာနဲ့ ဆေးဖိုး ထုတ်ပေးလိမ့်မယ် …”

“ အိုကေ … ကျေးဇူးတင်ပါတယ် အစ်ကိုဟွေ့ ….”

“ လင်းရီ … မင်းလည်း စားပြီးတာနဲ့ လာခဲ့တော့ … ကား ဘယ်ကို ထွက်သွားခဲ့လဲ ငါ တွေ့ထားတယ် … “

“ အိုကေ … စားပြီးတာနဲ့ ကျုပ် တန်းလာခဲ့လိုက်မယ် ….”

“ အလျင်လိုစရာ မလိုပါဘူး … ရိရန်က ဆေးရုံမှာ တစ်ယောက်တည်း … မရီးကလည်း သူ့အလုပ်နဲ့သူ ရှုပ်နေမှာ … မင်း ပြန်မလာခင် အားလုံး သေချာ စီစဉ်ခဲ့ဦး ….”

“ နားလည်ပြီ ..”

ကျန်းဟွေ့နှင့် စကားပြောဆိုပြီးနောက် ဗွီဒီယိုကောကို အဆုံးသတ်လိုက်သည်။ သို့သော် ကူရိရန်မှာ လင်းရီ၏ မျက်နှာက အနည်းငယ် မူမမှန်နေသည်ကို သတိထားမိသွားခဲ့၏။

“ ဘာဖြစ်တာလဲ … နင့် မျက်နှာလည်း မကောင်းလို့ပါလား …”

“ ငါ့စိတ်ထဲ ထူးဆန်းနေလို့ …” လင်းရီသည် ပေါက်စီတစ်လုံးကိုင်၍ စတင် စားသောက်လိုက်ပြီး “ မင်း စဉ်းစားကြည့်ကွာ …. ဖန်းတရဲ့သေပြီးတော့ အစ်ကိုဟွေ့ ကိုယ်တိုင် လိုက်ရှာတဲ့အချိန် ကားက ဘယ်ဆီနေမှန်း မသိဘူး … ဝက်အူလေး တစ်ခုတောင် မမြင်ခဲ့ရဘူး … အခုကျတော့ ဖြစ်ပြီးည နောက်မနက်ရောက်တော့ ချက်ချင်း ရှာတွေ့သွားတယ် …. မင်းရော တစ်ခုခုတော့ လွဲနေပြီလို့ မထင်ဘူးလား ….”

လင်းရီ ပြောတာကို နားထောင်ကြည့်တော့မှ ကူရိရန်လည်း တစ်ခုခု မူမမှန်သည်ကို ခံစားလိုက်ရတော့သည်။

“ ကားက လူသတ်သမားအတွက် ဆက်ပြီး အသုံးမဝင်တော့လို့ အရင်ကလောက် ဂရုမစိုက်တော့တာများလား ….” ကူရိရန် သူမ၏ အတွေးများကို ထုတ်ပြောလိုက်သည်။

“ ပြီးတော့ အခုက မြို့ထဲ ဧရိယာလေ … ရှန်းရှန်လို ရွာလေး တစ်ရွာမှ မဟုတ်တာ … စောင့်ကြည့်ရေး ကင်မရာတွေက နေရာအနှံ့ပဲ …. သူ ဖုံးကွယ်ထားချင်ရင်တောင် ဖုံးကွယ်ထားဖို့က မလွယ်ဘူး …”

လင်းရီ ဂရုတစိုက်နှင့် သေချာစဉ်းစားကြည့်လိုက်၏။ ကူရိရန် ပြောသည်ကလည်း ယုတ္တိရှိသည်။

“ ကောင်းပြီ … ငါစားလို့ပြီးပြီ … သွားတော့မယ် ..”

“ ဒီရက်ပိုင်း အတွင်း သတိလည်း ထားဦး … တကယ်လို့ အရေးကြီး ကိစ္စ မရှိဘူးဆိုရင် ညဘက် အပြင်မထွက်တာ အကောင်းဆုံးပဲ …” ကူရိရန် သတိပေးလိုက်သည်။

“ မပူနဲ့ … အကုန်လုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ် … ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး …”

“ အေးပါ ….”

“ ရှောင်ကျန်း … ဒီကို ခဏလောက်လာဦး …”

လင်းရီတို့နှစ်ဦး နှုတ်ဆက်နေစဉ်မှာပဲ တံခါးဝတွင် လူတစ်ချို့ စကားပြောနေသည့် အသံကို အမှတ်မထင် ကြားလိုက်ကြရသည်။

“ ဒါရိုက်တာဝူ … ကျွန်မကို ခေါ်လိုက်တာလား ….”

သူတို့တွေ ကျန်းဝန်လီ၏ အသံကို ကြားလိုက်ရ၏။

“ ဒါ ဘာတွေ ဖြစ်နေတာလဲ … မင်းဆွေမျိုးတွေ ဆေးရုံရောက်လာတော့ မင်းက အပိုတွေ လုပ်ပြီး ဂရုစိုက်ပေးနေတယ်ဆို …”

“ မလုပ်ဘူး … ကျွန်မ ဆေးရုံရဲ့ စည်းကမ်းတွေ အတိုင်းပဲ လိုက်နာခဲ့တာပါ ….”

“ လူတွေ မင်းကို တိုင်လာတယ်ကွ … အဲ့တာတောင် ငြင်းနေတုန်းပဲလား … ဆေးရုံရဲ့ ဆောင်ပုဒ်က ဘာလဲ … လူနာတွေ အားလုံးကို မျှမျှတတ ဆက်ဆံရမယ် … ဘာလဲ … မင်းရဲ့ ဆွေမျိုးတွေကပဲ ကွက်ပြီး ထူးခြားနေလို့ သေချာ ဂရုစိုက်ပေးရပြီး ကျန်တဲ့ လူနာတွေကိုကျ ထည့်မတွက်တော့ဘူးပေါ့ ဟုတ်လား ….”

“ ကျွန်မမှာ အဲ့သဘောမျိုး မရှိဘူး …” ကျန်းဝန်လီ ပြန်ခံငြင်းမနေတော့ဘဲ ရိုးရိုးရှင်းရှင်း တုံ့ပြန်ပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။

အခန်းထဲ စကားပြောနေသည့် လင်းရီနှင့် ကူရိရန်တို့မှာလည်း ဘာတွေဖြစ်နေလဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့ကြလေသည်။

မနေ့ညတုန်းက ရောက်လာခဲ့သည့် လျိုရန်ဆိုသည့် အမျိုးသမီး တိုင်လိုက်တာ ဖြစ်ရမည်။

ထို့ပြင် ၎င်းတို့က လူနာ၏ တံခါးပေါက်ဝတည့်တည့်တွင် ရည်ရွယ်ချက်ရှိရှိ ကျယ်လောင်စွာ ပြောဆိုနေကြပြီး ကျန်းဝန်လီကို အရှက်ခွဲဖို့ ကြံရွယ်နေကြသည်မှာ သိသာလှ၏။

“ ငါ ပြောလိုက်မယ် ကျန်းဝန်လီ … ဒီဆေးရုံကို မင်း အမျိုးတွေ ပိုင်တာ မဟုတ်ဘူး … ကိုယ့်အလုပ်ကိုယ်လုပ် … မလုပ်ချင်ဘူးဆို ထွက် …”

ကျန်းဝန်လီမှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေပြီး ဘာမျှ ဆက်မပြောခဲ့ချေ။

“ ရှောင်ရန် … အခုချိန်ကစပြီး မင်းက ဌာနရဲ့ နာ့စ်ခေါင်းဆောင် ဖြစ်သွားပြီ … ကိုယ့်အောက်က လူတွေကို သေချာ ထိန်းသိမ်းကြပ်မတ်ရမှာ မင်းတာဝန်ပဲ … “

“ ကျွန်မနားလည်ပါပြီ … အခုကစပြီး သေချာ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ပါ့မယ် … နောက်နောင် ဒါမျိုးကိစ္စတွေ ထပ်မဖြစ်စေရပါဘူး …”

“ မင်းကို ယုံကြည်ထားမယ် .. နောက်နောင် ဒါမျိုး ထပ်မဖြစ်စေနဲ့ ….”

“ မပူပါနဲ့ ဒါရိုက်တာဝူ … ကျွန်မ ကျိန်းသေပေါက် ကောင်းကောင်း ကိုင်တွယ်မှာပါ ….”

“ ချီးပဲ …” ကူရိရန် ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပြီး “ ဒါ လူကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေတာပဲ …”

“ မင်းဒီမှာနေ … ငါတစ်ချက် သွားကြည့်လိုက်မယ် …”

ပြောဆိုပြီးနောက် လင်းရီ အပြင်သို့ ထွက်လာခဲ့သည်။

လူတစ်အုပ်စုက လူနာခန်း အပြင်ဘက်တွင် စုဝေးနေသည်။

ကျန်းဝန်လီနှင့် လျိုရန်အပြင် ဂျူနီယာနာ့စ် တစ်ချို့နှင့် မျက်မှန် တပ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးလည်း ရှိနေသည်။ အသက်ကတော့ ငါးဆယ်အရွယ်ဟု ထင်ရ၏။

“ မရီး … ဒါမရီးတို့ ဒါရိုက်တာလား ….”

“ ဒါ ငါတို့ ဒါရိုက်တာ ဝူရုံဘင်းလို့ ခေါ်တယ် …” ကျန်းဝန်လီ မိတ်ဆက်ပေးလိုက်၏။

ဝူရုံဘင်းက လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး … ထို့နောက် ကျန်းဝန်လီကို ကြည့်လိုက်သည်။

“ မင်းရဲ့ ဆွေမျိုးဆိုတာ သူလား ….”

“ သူက ကျွန်မ ယောက်ျားရဲ့ လုပ်ဖော်ကိုင်ဖက်ပါ …”

“ သူဘာသူ ဘယ်သူဖြစ်ဖြစ် ဒါမျိုး နောက်တစ်ခါ ထပ်ဖြစ်လို့ကတော့ မင်းလည်း ဒီဆေးရုံကနေ ထွက်သွားလိုက်တော့ … ငါပြောတာ ပေါက်လား ….”

“ ကျွန်မ နားလည်ပါတယ် ….”

လင်းရီသည် ဝူရုံဘင်းကို စိုက်ကြည့်ပြီး ပခုံးကို ပုတ်၍ စကားကို ဖြည်းညင်းစွာ ဆိုလိုက်သည်။

“ ဒါရိုက်တာဝူ …. ခင်များ သိပ်မမောက်မာနဲ့ … မဟုတ်ရင် ခင်များအတွက် ကောင်းမှာ မဟုတ်ဘူး …”

All Chapters