← Chapters

ခြေရာလမ်းကြောင်း

Vol. 168 Ch. 2398

ခြေရာလမ်းကြောင်း

Vol. 168 Ch. 2398

သူတို့အားလုံး လင်းရီက ရဲအရာရှိတစ်ဦးဆိုတာကို သိရှိကြသည်။ သို့သော် ဒါရိုက်တာကို ယခုလို လေသံမျိုးဖြင့် စကားပြောဝံ့လိမ့်မည်လို့တော့ မထင်ထားခဲ့ပါချေ။

“ ဒါရိုက်တာဝူကို အဲ့စကားမျိုး လာပြောရအောင် နင်က ဘာကောင်မို့လို့လဲ ….” လျိုရန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သို့သော် လင်းရီ ပြုံးရုံမျှသာ ပြုံးလိုက်ပြီး ဒေါသမထွက်သွားခဲ့ချေ။

“ ခင်များ ပြောတာ မှန်တယ် .. ကျုပ်က တကယ်လည်း ဘာကောင်မှ မဟုတ်ပါဘူး … ဒီတိုင်း စကားအဖြစ် ပြောလိုက်တာပါ … အဲ့လောက်ကြီး တုံ့ပြန်စရာ မလိုပါဘူး …” သူ ပြောလိုက်၏။

ပြောဆိုလိုက်ပြီးနောက် လင်းရီသည် ကျန်းဝန်လီကို နှုတ်ဆက်၍ “ မရီး … ကျွန်တော် အရင်သွားနှင့်တော့မယ် …”

“ အေး အေး …..”

အချိန်တစ်ခုကြာသည်ထိအောင် ကျန်းဝန်လီသည် ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်နေမိသည်။

လင်းရီက စိတ်မြန်လက်မြန် အကျင့်စရိုက် ရှိမှန်း သိထားသော်လည်း ဤမျှ စိတ်လိုက်မာန်ပါလုပ်၍ ဒါရိုက်တာကိုပင် မျက်နှာတည့်တည့်ကြီးပြီး ကြိမ်းမောင်းဝံ့မည်လို့တော့ ထင်မထားခဲ့ပေ။

လင်းရီ ချန်ရစ်ထားခဲ့သည့် ခန့်မှန်းမရနိုင်သည့် အပြုအမူအများက လူတိုင်းကို ရှုပ်ထွေးသွားစေခဲ့ပြီး ၎င်းထွက်သွားသည်အား ငြိမ်သက်စွာ ရပ်ကြည့်နေမိခဲ့ကြသည်။

“ ကျန်းဝန်လီ … နင် ဒါ ဘာသဘောလဲ … နင် သူ့ကို အဲ့လို ပြောဖို့ ခိုင်းခဲ့တာမလား … နင် ဒါရိုက်တာဝူကို မကျေမချမ်း ဖြစ်နေတာမလား …”

လျိုရန်သည် ကျန်းဝန်လီ၏ ပျော့ကွက်ကို ဖမ်းဆုပ်မိသွားခဲ့သဖြင့် စွပ်စွဲနည်းပေါင်းစုံနှင့် သူမအား စွပ်စွဲလာခဲ့တော့သည်။

“ ငါ သူ့ကို မခိုင်းခဲ့ပါဘူး … သူက ငယ်ရွယ်ပြီး ဘာမှမသိသေးတော့ နည်းနည်း မဆင်မခြင်နိုင်သွားတယ် … ဒါရိုက်တာဝူ … ကျေးဇူးပြုပြီး သူ့စကားတွေကို စိတ်ထဲ မထားပါနဲ့ ….” ကျန်းဝန်လီ တောင်းပန်လိုက်၏။

“ ဒီကိစ္စကို တောင်းပန်လိုက်ရုံနဲ့ ပြီးသွားလိမ့်မယ်လို့ နင် ထင်နေလား ….” လျိုရန်က အလျှော့မပေးဘဲ ဆက်ပြောလာခဲ့ပြီး “ ငါကတော့ နင် ရည်ရွယ်ချက်ရှိရှိ လုပ်ခိုင်းခဲ့တာလို့ သံသယ ရှိတယ် ….”

“ တော်လောက်ပြီ … ဒီကိစ္စ ထပ်မပြောကြနဲ့တော့ … ရှောင်ကျန်းကလည်း တောင်းပန်ပြီးပြီဆိုတော့ ထားလိုက်တော့ ….” ဝူရုံဘင်း ပြောဆိုလိုက်သည်။

ဝူရုံဘင်း ဤသို့ ပြောလိုက်ရခြင်း အကြောင်းအရင်းက သဘောထား ကြီးလွန်းနေလို့တော့ မဟုတ်ပေ။

အကယ်၍ သူသာ ဤကိစ္စကို ဆက်ပြောနေမည်ဆိုပါက အများအမြင်တွင် စိတ်သဘောထား သေးသိမ်ရာ ကျသွားလိမ့်မည်။ ထို့ကြောင့် ဒေါသကို မျိုသိပ်ထားဖို့သာ တတ်နိုင်သည်။

လျိုရန် အားမလိုအားမရ ဖြစ်သွားခဲ့သည်။ အစတုန်းကတော့ ကျန်းဝန်လီကို အခွင့်ကောင်းယူပြီး သင်ခန်းစာကောင်းကောင်း ပေးရန် ဟန်ပြင်ထားခဲ့သော်လည်း ဝူရုံဘင်းက ခွင့်လွှတ်လိုက်သဖြင့် သူမလည်း ဘာမျှ မပြောနိုင်တော့ချေ။

“ သွားစို့ … ငါ ဒီလာခဲ့တာ စစ်ဆေးဖို့ပဲ … တကယ့် အလုပ် စလိုက်ကြရအောင် …” ဝူရုံဘင်း ပြောဆိုလိုက်သည်။

“ ဟုတ်ကဲ့ … ကျေးဇူးပြုပြီး ဒီဘက် လိုက်ခဲ့ပေးပါ ဒါရိုက်တာဝူ …” ကျန်းဝန်လီ အလျင်အမြန် ခွန်းတုံ့ပြန်လိုက်သည်။

ဝူရုံဘင်းလည်း သင့်တင့်လျောက်ပတ်စွာ သရုပ်ဆောင်၍ ဌာနတစ်လျှောက် လှည့်လည်ကြည့်ရှုနေခဲ့ပြီး‌ ဆေးသိုလှောင်သည့် နေရာသို့ ရောက်ချိန်၌ ချက်ချင်းဆိုသလို ဒေါသထွက်သွားခဲ့တော့၏။

“ ကျန်းဝန်လီ … မင်း ဒါ ဘာတွေလဲ … ဆေးတွေက ဘာလို့ ဒီလောက်တောင် ရှုပ်ပွနေရတာလဲ … ဒါမျိုး လုပ်လို့ ဘယ်ရမှာ … ဒီနေရာ ဘယ်လိုနေရာလဲ မင်းဦးနှောက်က နားလည်လား … အမှားသေးသေးလေးကတောင် လူနာရဲ့ အသက်အန္တရာယ်ကို ဘေးသင့်သွားစေနိုင်တယ် … ခေါင်းဆောင်နာ့စ် ဖြစ်ပြီးတော့မှ ကိုယ့်အလုပ်ကို သေချာ မလုပ်ဘူး … မင်း ဆက်မလုပ်ချင်တော့ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောလိုက် … ငါအခု ချက်ချင်းပဲ ခွင့်ပြုပေးလိုက်မယ် …” ဝူရုံဘင်း ဒေါသတကြီးနှင့် ဆဲရေးကြိမ်းမောင်းလိုက်၏။

ဝူရုံဘင်း ရုတ်တရက် ဒေါသထွက်လာတာကို မြင်တော့ ပတ်ဝန်းကျင်ရှိ နာ့စ်များကလည်း ဘာဖြစ်နေလဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့ကြသည်။

လက်စသတ်တော့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာကိုး … ဘယ်လောက်တောင် စိတ်သဘောထား သေးသိမ်ထားလဲ …

ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် ကျန်းဝန်လီသည် အခြားရွေးချယ်စရာ မရှိပါဘဲ နှုတ်ဆိတ်၍ သည်းခံရုံသာ တတ်နိုင်သည်။ သူမ အလုပ်ထွက်လိုက်၍ မဖြစ်ပေ။

“ ကျွန်မ နောက်တစ်ခါကျရင် သေချာ ဂရုစိုက်ပါ့မယ် …”

“ နောက်တစ်ခေါက်ဟုတ်လား … ဆက်ကို လုပ်မနေနဲ့တော့ … အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်ဘူး … မင်းက ဒီလာပြီး မသေသေအောင် သတ်နေတဲ့ မိန်းမပဲ ….” ဝူရုံဘင်းသည် အမှန်တရား ဘက်တော်သားကြီးနှယ် ကျယ်လောင်စွာ ဆိုလိုက်၏။

သို့သော် အခြားသူများကတော့ သူ့ အမူအရာကို စိတ်ထဲကြိတ်ပြီး နှာခေါင်းရှုံ့နေမိကြသည်။

တကယ်လို့ သူပြောသလိုသာဆိုရင် လျိုရန်က ဒီမှာ အလုပ်လုပ်ဖို့ အရည်အချင်း မပြည့်မီဆုံးပဲလေ …

သို့တိုင် လျိုရန်ကတော့ အခြားသူများ၏ အတွေးကို ဂရုမစိုက်ပါဘဲ ဘဝင်ခိုက်သည့် အပြုံးက သူမ၏ နှုတ်ခမ်းပါးလေးထက်တွင် ဖြစ်ပေါ်လာသည်။

ယခုလို နေ့မျိုးကို သူမ စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။

“ ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ … ဆူညံနေတာပဲ …”

ထိုအချိန်၌ ဓာတ်လှေကားတံခါး ပွင့်လာခဲ့ပြီး ပိန်ပိန်ပါးပါး၊ ဒေါင်ကောင်းကောင်း၊ ဆံပင်ဘေးခွဲနှင့် အမျိုးသားတစ်ဦးက အင်မတန် တင်းမာသည့် မျက်နှာအမူအရာဖြင့် ထွက်လို့လာသည်။

ထိုအမျိုးသား၏ နာမည်က လျိုကော်ချွမ် ဖြစ်ပြီး ကျိုးဟိုင် အမှတ် (၂) ဆေးရုံ၏ ဒါရိုက်တာပင်။

လျိုကော်ချွမ် ရောက်လာတာကို မြင်တော့ ဝူရုံဘင်းက နွေးထွေးပျူငှာသည့် အပြုံးဖြင့် နှုတ်ခွန်းဆက်လိုက်၏။

“ မင်္ဂလာပါ ဒါရိုက်တာလျို … ကျွန်တော် ဌာနကို လာစစ်ဆေးတဲ့အချိန်မှာ ဆေးတွေ ရှုပ်ပွနေတာ မြင်လိုက်ရလို့ပါ … ကျန်းဝန်လီက သူ့အလုပ်သူ သေချာ မလုပ်ဘူး … ဝါရင့်နာ့စ်ဆိုတဲ့ သူ့ရာထူးနဲ့ မကိုက်ညီပါဘူး …”

“ ဒီကိစ္စ မင်းပူစရာမလိုတော့ဘူး …” လျိုကော်ချွမ်က စိတ်မရှည်စွာ လက်ဝှေ့ယမ်းလိုက်ပြီး “ မင်းကို အလုပ်ဖြုတ်လိုက်ပြီ … အထုပ်အပိုးပြင်ပြီး သွားလိုက်တော့ ….”

“ ဘာ ….”

ဤစကားကြားလိုက်ရသည့်လူတိုင်း စိတ်ထဲ အကြီးအကျယ် အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။

သူတို့ နားကြားမှားသွားတာတော့ မဟုတ်ပါဘူးနော် ….

“ ဒါရိုက်တာလျို … ခင်များ ဘာပြောလိုက်တယ် … ကျုပ်ကို အလုပ်ဖြုတ်လိုက်ပြီ ဟုတ်လား …..”

“ မင်း နားကြား မမှားဘူး … မင်းတစ်ယောက်တည်း မဟုတ်ဘူး … လျိုရန်ဆိုတဲ့ တစ်ယောက်ရောပဲ … မင်းတို့နှစ်ယောက်လုံး အတူ ထွက်သွားကြ ….”

“ အားလုံး အဆင်ပြေနေရဲ့သားနဲ့ ဘာကိစ္စ ကျုပ်ကို အလုပ်ထုတ်ရမှာလဲ … ကျုပ် ဘာမှားတာမှလည်း မလုပ်ထားမိဘူးလေ ….”

“ အကြောင်းအရင်း အသေးစိတ်တော့ ငါလည်း မသိဘူး … အထက်က ဖုန်းခေါ်လာပြီး မင်းတို့နှစ်ယောက် နာမည်ကို သေချာ ရှင်းရှင်းလင်းလင်းကြီး ပြောသွားခဲ့တာ … အသေးစိတ်တော့ ငါ့ လာမမေးနဲ့ ….”

ပြောဆိုပြီးနောက် လျိုကော်ချွမ်သည် ကျန်းဝန်လီကို ကြည့်ပြီး ချိုသာယဉ်ကျေးစွာဖြင့် “ အရင် နာ့စ်ဒါရိုက်တာကလည်း ဌာနပြောင်းသွားခဲ့ပြီ … ဌာန ဒါရိုက်တာအသစ်အနေနဲ့ နာ့စ်ခေါင်းဆောင်ကျန်းကပဲ တာဝန်ယူလိုက်ပါ … လက်ရှိ တာဝန်တွေကို လွှဲပြောင်းပေးပြီးတာနဲ့ အဓိက အဆောက်အဦးဆီ သတင်းပို့ဖို့ လာခဲ့ပါဦး …”

“ …. ကျွန်မ … ရာထူးတိုးခံလိုက်ရတာလား …” ကျန်းဝန်လီ ကြက်သေသေသွားခဲ့၏။ ယခုလို အလှည့်အပြောင်းမျိုးကို ကျန်းဝန်လီ ဘယ်တုန်းကမျှ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

မောက်မာစီးပိုးနေသည့် နှစ်ယောက်မှာ ချက်ချင်းပဲ အလုပ်ဖြုတ်ခံရရုံမျှမက သူမသည်လည်း နာ့စ်ဌာန၏ ဒါရိုက်တာအဖြစ် ရာထူးတိုးသွားခဲ့လေသည်။

အခြေအနေ တစ်ရပ်လုံးက မှော်ဆန်လွန်းလှ၏။

“ လှံထမ်းလာတာ မြင်ရပေမယ့် ကံထမ်းလာတာ မမြင်ရဘူးဆိုတာ တကယ်ပါပဲ …”

ကျန်းဝန်လီနှင့် ရင်းနှီးသည့် တစ်ချို့ နာ့စ်များက အချင်းချင်း တီးတိုး ပြောဆိုလိုက်ကြ၏။

“ ကောင်းကင်က မတရားမှုကို ဘယ်တုန်းကမှ လက်ပိုက်ကြည့်မနေခဲ့ဖူးဘူး … အားရဖို့ ကောင်းလိုက်တာ …”

“ ဟမ့် … တီးတိုးတီးတိုးနဲ့ အတင်းတွေ စွတ်ပြောမနေကြနဲ့ … ငါတို့ ဒီမှာ အလုပ်မလုပ်ရဘူးဆိုရင်တောင် တစ်ခြားဆေးရုံသွားပြီးတော့မှ နင်တို့ထက် သာတဲ့ ဘဝမျိုး နေလို့ရတယ် …”

“ တစ်ခြား အလုပ်အကိုင်တွေကိုတော့ မပြောတတ်ပေမယ့် ဆေးနယ်ပယ်ထဲမှာတော့ မင်းတို့နှစ်ယောက်က အမည်မည်းစာရင်းထဲ ဝင်သွားပြီ … တစ်ခြား လမ်းကြောင်း တစ်ခု ရှာတာကပဲ ပိုအဆင်ပြေလိမ့်မယ် …”

လျိုကော်ချွမ်၏ စကားလုံးက နှစ်ဦးလုံးကို ရေခဲရေအေးအေးကြီး တစ်ပုံးဖြင့် လောင်းချလိုက်သည့်နှယ်ပင်။

အပြစ်ပေးမှုက ဤမျှ ပြင်းထန်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

“ ဒါရိုက်တာလျို … အခု ဘာတွေ ဖြစ်နေတာလဲဟင် … ကျွန်မ နားမလည်နိုင်တော့လို့ … ကျွန်မက ဘာလို့ ရာထူးတိုးခံလိုက်ရတာလဲ …”

ကျန်းဝန်လီ၏ မျက်နှာကို မြင်တော့ လျိုကော်ချွမ်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပျော့ပျောင်းနူးညံ့သွားခဲ့ပြီး “ ငါလည်း မသိဘူး … စောနလေးတင်ပဲ အထက်က ရုတ်တရက် ဖုန်းခေါ်လာပြီး ဒီကိစ္စကို ချက်ချင်း ကိုင်တွယ်ခိုင်းခဲ့တယ် … မင်းကိုလည်း နာ့စ်ဌာရဲ့ အကြီးအကဲ ရာထူးတိုးပေးဖို့ အထူးတလှယ်ကို ပြောသွားခဲ့တာ … မင်း အခုလတ်တလော အဆက်အသွယ်ကောင်းတဲ့ တစ်ယောက်ယောက်နဲ့များ ဆုံခဲ့သေးလား …”

“ အဆက်အသွယ်ကောင်းတဲ့လူလား …”

ကျန်းဝန်လီ သေချာစဉ်းစားကြည့်လိုက်၏။ သူမ ဌာနတွင် အလုပ်လုပ်လာခဲ့သည့် သက်တမ်းတစ်လျှောက် အဆက်အသွယ်ကောင်းသည့် မည်သူနှင့်မျှ မတွေ့ဆုံခဲ့မှန်း သေချာသည်။

ရုတ်တရက်ဆိုသလို လမ်းလျှောက်ထွက်ခွာသွားသည့် လင်းရီ၏ နောက်ကျောပုံရိပ်က သူမခေါင်းထဲ ဝင်ရောက်လာခဲ့၏။

သူကိုယ်တိုင်က ဟွာရှန်းဆေးရုံတွင် အလုပ်လုပ်ခဲ့ဖူးကြောင်း ပြောပြီး သူမ၏ ခင်ပွန်းသည်အတွက်ပင် ကိုယ်တိုင်ကိုယ်ကျ ခွဲစိတ်ပေးခဲ့ဖူးသေးးသည်။ ထိုနေရာတွင်လည်း အဆက်အသွယ်က အတော်လေး ကောင်း၏။

ဧကန္တ … သူများ ဖြစ်နေမလား …

ဖြစ်နိုင်လောက်တယ် …

“ ကောင်းပြီ … မင်းလည်း ကိုယ်လုပ်စရာ ရှိတာ သွားလုပ်တော့ … တာဝန်တွေ လွှဲပေးပြီးသွားရင် အဓိက အဆောက်အဦးဆီ လာပြီး သတင်းပို့ဖို့သာ မမေ့နဲ့ ….”

“ ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ် ဒါရိုက်တာလျို …”

“ ပြောစရာမလိုပါဘူးကွာ … ငါလည်း ဘာမှ မလုပ်ပေးခဲ့ရပဲဟာ …”

လူစုခွဲပြီးနောက် ကျန်းဝန်လီက ကူရိရန်၏ လူနာခန်းထဲသို့ ပြန်ရောက်လာသည်။

နှစ်ယောက်မှာ ခေါင်းချင်းဆိုင် သုံးသပ်ကြည့်ကြပြီး လင်းရီကလွဲ၍ အခြားမည်သူကမျှ ထိုသို့ ပြုလုပ်နိုင်သည့် အစွမ်းအစ မရှိကြောင်းကို ကောက်ချက်ချလိုက်ကြသည်။

သူ့ အထောက်အထား အတိအကျနှင့် ပတ်သက်၍ကတော့ …

ယင်းက လူတိုင်း စိတ်ကူးယဉ်ထားသည်ထက်ပင် ကျော်လွန်နေနိုင်သည်။

…..

ထိုအချိန် လင်းရီကတော့ စခန်းသို့ ပြန်ရောက်နေလျက် ရှိ၏။

“ အစ်ကိုဟွေ့ … အစ်ကိုကျူး … ကားနဲ့ ပတ်သက်တဲ့ သဲလွန်စက ဘယ်မှာလဲ ….”

“ စောင့်ကြည့်ရေး ကင်မရာမြင်ကွင်းထဲ မြင်လိုက်ရတာတော့ ဖန်းတရဲ့ကားက တုံးကန်းမြို့နားမှာ ပျောက်သွားခဲ့တယ် … ငါတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း အဲ့အနားတစ်ဝိုက်ကို လိုက်ရှာနေကြပြီ … မင်းတို့ကောင်တွေ သွားပြီး သဲလွန်စ တစ်ခုခု ရမရ သွားကြည့်ကြပေါ့ …”

လင်းရီ ခေါင်းညိတ်လိုက်၏။

“ ကောင်းပြီ … ကျုပ်နဲ့သာ လွှဲထားပေးလိုက် …”

All Chapters