← Chapters

အရေးကြီးတဲ့ သဲလွန်စ

Vol. 168 Ch. 2399

အရေးကြီးတဲ့ သဲလွန်စ

Vol. 168 Ch. 2399

ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ နှစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။

ကူရိရန်က ထိခိုက်ထားသဖြင့် ဤနှစ်ယောက်ကို သူနှင့်အတူခေါ်သွားဖို့က အသင့်လျော်ဆုံး ဖြစ်နေသည်။

တုံးကန်းမြို့သို့ သွားရာလမ်းတွင် လင်းရီသည် အမှု၏ ယေဘုယျ အခြေအနေကို နှစ်ယောက်အား ရှင်းပြလိုက်သည်။

လူသတ်သမား၏ လုပ်ရပ်များကို ကြားသိလိုက်ရတော့ ကျန်းဇီရှင်းတို့နှစ်ဦးမှာ အသည်းထဲထိ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။

လူသတ်သမားက ဆိုက်ကိုပါ့ ဖြစ်နေမည်မှာ ကျိန်းသေသည်။ သာမန်လူဆိုပါက ထိုသို့သော လုပ်ရပ်မျိုးကို ပြုလုပ်မှာ မဟုတ်ချေ။

နာရီဝက်ခန့်ကြာအောင် ကားမောင်းပြီးနောက် လင်းရီတို့သုံးဦးမှာ ကျိုးဟိုင် မြို့ပြင်ဘက်တွင် တည်ရှိသည့် တုံးကန်းမြို့သို့ ရောက်လာခဲ့ကြသည်။

အကယ်၍ ရှေ့သို့ အနည်းငယ် ဆက်လက်မောင်းနှင်သွားမည်ဆိုပါက ယွီဟန်မြို့ ပိုင်နက်အတွင်းသို့ ရောက်ရှိသွားနိုင်သည်။

ကျန်းဟွေ့ စုံစမ်းထားသည့် သတင်းအရ လူသတ်သမားက ကားကို မောင်းနှင်သွားပြီး တုံးကန်းမြို့ထဲသို့ ရောက်လာခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်.

ထို့ပြင် သူတို့သုံးဦး လက်ရှိ ရောက်နေသည့် နေရာက စောင့်ကြည့်ရေး ကင်မရာထဲတွင် ထောက်လှမ်းရမိသည့် နေရာအတိအကျ ဖြစ်၏။

နောက်ဆုံးသော မြင်ကွင်းအပိုင်းအစတစ်ခုက ဤနေရာတွင် ထွက်ပေါ်လာခဲ့လေသည်။

“ လမ်းကို ရှေ့ဆက်သွားရင် ယွီဟန်မြို့ကို ဦးတည်သွဦးမှာ … လူသတ်သမားက ယွီဟန်မြို့ဘက် ထွက်ပြေးသွားခဲ့တာများလား ….” ကျန်းဖန့် မေးခွန်းထုတ်လိုက်၏။

“ ဖြစ်နိုင်တယ် … ဒါပေမယ့် သိပ်ပြီးမှတော့ မဖြစ်နိုင်ဘူး ….”

လင်းရီ သူ့အတွေးကို ဝေမျှလိုက်သည်။

“ စဉ်းစားကြည့်ကြည့် … စောင့်ကြည့်ရေးကင်မရာမှာ ဖမ်းမိခဲ့တာက မနက်ခင်း ခြောက်နာရီ စွန်းစွန်းလောက်မှာ … ပြီးတော့ ကူရိရန် တိုက်ခိုက်ခံခဲ့ရတာက ည ဆယ့်တစ်နာရီ နောက်ပိုင်းမှာ … ကြားထဲ အချိန် ခြောက်နာရီ၊ ခုနစ်နာရီလောက် လွတ်နေတယ် … တကယ်လို့ သူသာ အဖမ်းခံရမှာကို ကြောက်ပြီး ထွက်ပြေးမယ်ဆိုရင် အဲ့ဒီ ခြောက်နာရီအတွင်း ရေဆုံးမြေဆုံးထိ ဝေးအောင် ထွက်ပြေးလိုက်လို့ရတယ် …”

“ အဓိပ္ပာယ်ရှိတယ် ….” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ညီမတို့တွေ စောင့်ကြည့်ရေး ကင်မရာ မြင်ကွင်းကို ကြည့်တုန်းက အဲ့ဒီ ကွက်လပ်ကာလမှာ သူ့ကို လုံးဝ ရှာမတွေ့ခဲ့ဘူး … အစောဆုံး ထွက်ပေါ်လာခဲ့တဲ့ မြင်ကွင်းက မနက်ခင်း ငါးနာရီ စွန်းစွန်းမှာ … ကင်မရာ မြင်ကွင်းထဲကနေ နောက်ဆုံး ပျောက်ကွယ်သွားခဲ့တာက ခြောက်နာရီ စွန်းစွန်းလေးမှာ ….”

“ သေစမ်း … ဒီငနဲက တကယ့်ကို သတ္တိကောင်းပြီး အတော်လေး ကျွမ်းကျင်လွန်းတယ် ….” ကျန်းဖန့် ကျိန်ဆဲလိုကု်၏။

“ အမှုကျူးလွန်ပြီးတဲ့နောက်မှာ ညတွင်းချင်း ပြေးဖို့ မကြိုးစားဘဲ နေ့ခင်းရောက်တဲ့အထိ စောင့်ခဲ့တယ် … ဒါငါတို့ကို လုံးဝ မထီမဲ့မြင် ပြုလိုက်တာပဲ ….”

“ ဒီတိုင်း မထီမဲ့မြင် ပြုရုံသပ်သပ် မဟုတ်တော့ဘူး … အတိအလင်းကို စော်ကားနေတာ ….” ကျန်းဇီရှင်း ပြောလိုက်၏။

“ ဟုတ်တယ် … သူက အမြဲတမ်း ငါတို့ကို စော်ကားနေတာ …” လင်းရီ ပြောလိုက်ပြီး “ ရိုးရှင်းတဲ့ နည်းလမ်းတွေကိုသုံးပြီး လူသတ်မှု ကျူးလွန်လို့ ရရဲ့သားနဲ့ စိတ်ကူးယဉ်ဆန်ဖို့ပဲ ခေါင်းမာနေတယ် … သူ့ရဲ့ သတ္တိကတော့ တကယ်ပဲ လေးစားထိုက်တယ် ….”

“ ယွီဟန်ဘက်ကို ထွက်ပြေးသွားနိုင်မယ့် အခွင့်အရေးလည်း ရှိတာဆိုတော့ …. ဒီနားတစ်ဝိုက်ကနေ စပြီး ရှာကြတာပေါ့ ….”

“ အိုကေ …”

ဆွေးနွေးတိုင်ပင်ပြီးနောက် ၊ သုံးယောက်မှာ ကားထဲက ထွက်၍ စတင် လှည့်ပတ် မေးမြန်းကြတော့သည်။

တစ်ချိန်တည်းမှာပဲ လင်းရီသည် ချိန်ပင်းချန်ထံသို့ ဖုန်းခေါ်လိုက်သည်။

ယွီဟန်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်ပေးရန် တောင်းဆိုခဲ့ပြီး အကယ်၍ လူသတ်သမားက ထိုဦးတည်ရာဘက်သို့ အမှန်တကယ် ထွက်ပြေးသွားခဲ့မည်ဆိုပါက တစ်ဖက်ကလည်း သူတို့ကို ကူညီပေးနိုင်လိမ့်မည်။

ချိန်ပင်းချန်ကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ပဲ သူ၏ အကူအညီတောင်းခံမှုကို လက်ခံခဲ့၏။

မည်သို့ပင်ဆိုစေ ရာဇဝတ်သားကို ပူးပေါင်းဖမ်းဆီးသည်က ရဲအရာရှိများအတွက် သာမန် ကိစ္စရပ်တစ်ခုပင်။

မြို့လေးက သေးငယ်ပြီး လမ်းဘေးတွင် ခင်းကျင်းထားသည့် ဆိုင်တို့က သိပ်မရှိသဖြင့် မေးမြန်းစုံစမ်းမှုက မခက်ခဲလိုက်ပေ။

သူတို့တွေ နေရာဒါဇင်ခန့်မျှကို လိုက်လံ မေးမြန်းခဲ့ကြ၏။ သို့သော် မည်သည့်သတင်းအချက်အလက်ကိုမျှ မရရှိခဲ့ကြချေ။

လင်းရီ၏ စိတ်ဝင်စားမှုတို့ လျော့ကျလာသည်။ လူသတ်သမားက ဤနေရာတွင် သဲလွန်စများ ချန်ထားရစ်လိမ့်မည်လို့ သူ မယုံကြည်ပေ။

ရှန်းရန်ရွာသို့ ပြန်သွားပြီး ထိုအဘွားကြီးနှင့် ပြန်တွေ့ဖို့ကိုတောင် စဉ်းစားထားပြီး ဖြစ်၏။

မည်သို့ပင်ဆိုစေ သူမကလည်း ဤအမှုတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသည်။

“ အစ်ကိုရီ … အစ်ကိုဖန့် …”

ကျန်းဇီရှင်း ရုတ်တရက် အော်ဟစ်လိုက်၏။

“ ဘာဖြစ်တာလဲ ….” ကျန်းဖန့် ခွန်းတုံ့ပြန်လိုက်သည်။

“ ညီမ တစ်ခုခု တွေ့ထားတယ် … အမြန်လာခဲ့ ….”

လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ အလျင်အမြန် ပြေးလွှားသွားလိုက်သည်။

ကျန်းဇီရှင်း၏ နံဘေးတွင် ဆေးလိပ်ခဲထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်။ အသားညိုညို၊ မျက်လုံးထောင့်စွန်းတို့ အရေးအကြောင်းတို့ ဖြစ်ပေါ်နေပြီး သွင်ပြင်ကတော့ ရိုးသားသည့် လူတစ်ဦး ဖြစ်ပုံရ၏။

“ မင်း ဘာတွေ့ထားတာလဲ …..”

“ သူ ပြောတာ ကားကို သူ မြင်လိုက်တယ် တဲ့ ….”

သက်လတ်ပိုင်း အမျိုးသားမှာ အနည်းငယ် ဖိအားများနေသည်။ သာမန်မြို့သား တစ်ဦး ဖြစ်သည့် သူ့ကို ရဲအရာရှိသုံးဦး ဝိုင်းရံနေသည်က အကြောင်းအရင်း မရှိသော်လည်း သူ့အား အတော်လေး ကြောက်ရွံ့ထိတ်လန့်နေစေသည်။ ထို့ကြောင့် ဆေးလိပ်ကိုသာ သည်းကြီးမည်းကြီး သောက်နေတော့သည်.

“ ခင်များ ပုံထဲက ကားကို ဘယ်မှာ မြင်ခဲ့တာလဲ ….” လင်းရီ လိုရင်းပဲ တန်းမေးလိုက်သည်။

“ ဒီမနက်ခင်းတုန်းက အဲ့ကား သံတိုသံစတွေ ဝယ်တဲ့ ခြံထဲ ရပ်ထားတာ မြင်လိုက်ရတယ် … အဲ့နောက် ငါ အလုပ်သွားတယ် … ငါ သိတာ ဒါအကုန်ပဲ …”

သက်လတ်ပိုင်း အမျိုးသားက အနည်းငယ် တုန်ယင်နေသည့် လေသံဖြင့် ပြောဆိုလိုက်၏။

“ ဒါနဲ့ ထပ်ပြီး စကားခံလိုက်ဦးမယ် … ဒီတိုင်း တူရုံလေးပဲ တူတာနော် …. ငါ မြင်လိုက်တဲ့ကားက အခု ဓာတ်ပုံထားက ကားလို့တော့ ကျိန်းသေပေါက် အာမ မခံဘူး … တကယ်လို့ မှားတာပါရင် ငါ့ကို လာမရှာနဲ့ …. ငါက ဒီတိုင်း ရိုးရိုးသားသား လုပ်ကိုင်စားနေတဲ့ သာမန်လူ … အဲ့လို တာဝန်မျိုးတွေ မယူနိုင်ဘူး …”

“ စိတ်ချပါ … ကျုပ်တို့ကလည်း ဒီတိုင်း မေးကြည့်ရုံပါပဲ ….”

ခွန်းတုံ့ပြန်ပြီးနောက် လင်းရီသည် ကျန်နှစ်ယောက်ကို အကြည့်တစ်ချက်ပေးပြီး လမ်းမျက်နှာချင်းဆိုင်ရှိ သံတိုသံစဝယ်သည့် ခြံထဲသို့ ခပ်သွက်သွက် ပြေးသွားခဲ့၏။

ခြံဝန်းက သိပ်မကြီးမားလှပေ။ နေရာ တော်တော်များများကို သံတိုသံစ အပုံကြီးက နေရာယူထားလေသည်။ လင်းရီတို့၏ မျက်လုံးထဲတွင်‌တော့ ထိုအရာများက အမှိုက်ဖြစ်၏။

အသက်သုံးဆယ်ကျော် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက နှုတ်ခမ်းတွင် ဆေးလိပ်ခဲထားပြီး သံတိုသံစများကို အမျိုးအစားခွဲနေသည်။

တစ်စုံတစ်ယောက် ခြံထဲဝင်လာတာကို မြင်တော့ အမျိုးသားမှာ မျက်လုံးအရောင် လက်သွားခဲ့ပြီး အရောင်းအဝယ် တစ်ခု ဖြစ်တော့မည်ဟု စိတ်ကူးယဉ်မိသွားသည်။

သို့သော် ရဲ ယူနီဖောင်းနှင့် ကျန်းဇီရှင်းတို့နှစ်ယောက်ကို သတိပြုမိတော့ သူ့အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။

ရဲတွေ ရောက်လာသည်က .... ပြဿနာ ရောက်လာသည်နှင့် အတူတူပင်။

“ ဘာ … ဘာများ အလိုရှိလို့ပါလဲ ခင်ဗျာ ……”

“ ဒီမနက်ခင်းတုန်းက ဒီကို ကားနဲ့ တစ်ယောက်ယောက် ရောက်လာခဲ့သေးလား …”

“ ရဲအရာရှိတို့က အဲ့ကားအတွက် ရောက်လာခဲ့ကြတာလား ….”

သုံးဦးလုံး အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။

သူ့စကားက အနည်းငယ် ထူးဆန်းနေလေသည်။

“ ကျုပ်တို့ ရောက်လာမယ်ဆိုတာ ခင်များ ဘယ်လိုလုပ်ပြီး သိနေတာလဲ ….”

အမျိုးသားက နက်မှောင်နေသည့် အမူအရာဖြင့် မလှမ်းမကမ်းရှိ ကားတစ်စင်းကို လက်ညှိုးညွှန်ပြလိုက်သည်။

“ ရဲအရာရှိတို့ တစ်ချက်ကြည့်ကြည့်ကြပါ … ဒီကားကို ပြောနေတာလား ….”

လင်းရီ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့၏။

လိုင်စင်နံပတ်ပြားကို ဖြုတ်ထားသော်လည်း ကိုယ်ထည်ကတော့‌ မပြောင်းမလဲ ကောင်းစွာ ရှိနေသည်။

သူ လျှောက်လှမ်သွားပြီး ပတ်ပတ်လည် သေချာကြည့်လိုက်၏။ ထို့နောက် ကားတံခါးကို ဖွင့်လိုက်သည်။

ဖန်းတရဲ့၏ ကားကိုယ်ထည် အတွင်းပိုင်းနှင့် တစ်ထေရာတည်း တူနေသည်။

အဘယ်ကြောင့်ဆိုသော် ဖန်းကျစ်ဖျင်က သူတို့အိမ်ကကား၏ ဓာတ်ပုံအများအပြားကို ပို့ထားပေးပြီး ယှဉ်ကြည့်လိုက်တော့ ဖန်းတရဲ့၏ ကားဖြစ်နိုင်ချေက အတော်လေး များသည်။

ထို့ပြင် ကားအရှေ့ပိုင်းကလည်း အနည်းငယ် ထိခိုက်ထားသေး၏။

ယင်းက ကူရိရန်ကို တိုက်ခိုက်တုန်းက ဖြစ်ရပ်ကြောင့်ဟု လင်းရီ ယူဆလိုက်သည်။

လက်ထဲရှိ သက်သေများကို ဝေဖန်ပိုင်းခြားပြီးနောက် ဖန်းတရဲ့၏ ကားဖြစ်ကြောင်းကို လင်းရီ အတည်ပြုလိုက်သည်။

“ ရှင်းရှင်း …” လင်းရီ လှမ်းခေါ်လိုက်၏။

“ ရှင် အစ်ကိုရီ ….”

“ စခန်းကို ဖုန်းဆက်လိုက် … ယာဉ်ကို အတည်ပြုဖို့အတွက် ဖန်းကျစ်ဖျင်ကို ဒီလာခဲ့ခိုင်းလိုက် ….”

“ အိုကေ ….”

အလျင်အမြန် တစ်ချက် အတည်ပြုပြီးနောက် လင်းရီသည် ဆေးလိပ်သောက်နေသည့် အမျိုးသားထံ ချဉ်းကပ်လာခဲ့သည်။

“ ခင်များနာမည် ဘယ်သူလဲ … ခင်များက ဒီက သူဌေးလား ….”

“ ကျုပ်နာမည် လီရှင်းပါ … သူဌေးလည်း ဟုတ်ပါတယ် ခင်ဗျ ….”

“ ဒီကား ဒီကို ဘယ်လိုရောက်လာလဲဆိုတာ ကျုပ်တို့ကို ပြောပြပါဦး ….”

“ မနက်ခင်း ခြောက်နာရီ၊ ခုနစ်နာရီ ဝန်းကျင်လောက်တုန်းက လူတစ်ယောက် ဒီကားနဲ့ ကျုပ်ဆီကို ရောက်လာပြီး သူ့ကားကို ရောင်းချင်တယ်လို့ ပြောတယ် … အဲ့တာနဲ့ ကျုပ်လည်း ယူထားလိုက်တာ ….”

လင်းရီ မျက်လုံးကျဉ်းမြောင်းသွားခဲ့ပြီး “ ကျုပ်တို့ ဒီကားအတွက် ရောက်လာတယ်ဆိုတာရော ဘယ်လိုလုပ်ပြီး သိနေတာလဲ ….”

“ အဓိကကတော့ ကားက အတော်လေး ကောင်းနေသေးလို့ပါ …. ဘယ်နှမိုင်မှတောင် မမောင်းရသေးဘူး … တကယ်လို့ တစ်ယောက်ယောက်က ကားရောင်းချင်တယ်ဆိုရင်တောင် ကျုပ်လို သံတိုသံစတွေ ဝယ်တဲ့ဒိုင်ဆီ လာခဲ့မှာ မဟုတ်ဘူး … တစ်ပတ်ရစ်ကားဝယ်တဲ့လူတွေဆီ သွားသင့်တာ … ဒါကြောင့်မို့ ဒီကားက ပြဿနာ တစ်ခုခု ရှိနေတဲ့ကား … ၊ မဟုတ်လည်း တစ်ယောက်ယောက်ကို တိုက်ထားလို့ ဘယ်သူမှ မလိုချင်တဲ့ ကားဖြစ်ရမယ် ….” လီရှင်း ပြောလိုက်သည်။

“ ပြီးတော့ … ရဲအရာရှိတို့လည်း ဒီရှေ့ကဟာကို မြင်ပါတယ် … ချိုင့်ထားတာ အကြီးကြီးပဲ … အက်စီးဒင့် တစ်ခုခု ဖြစ်ထားတဲ့ အတိုင်းပဲ ….”

“ ခိုးလာတဲ့ ကားဖြစ်မှာကို ခင်များ မကြောက်ဘူးပေါ့ ….”

“ ဒါပေါ့ … ကြောက်တာပေါ့ဗျာ ….” လီရှင်း ခါးသီးစွာ ပြောဆိုလိုက်သည်။ “ ဒါကြောင့်မို့လည်း လောင်းကြေးထပ်ပြီး အတော်လေး ဈေးနှိမ်ပြီး ပေးလိုက်တာ … တကယ်လို့ ရောင်းချင်တယ်ဆိုလည်း ရောင်း … မရောင်းဘူးဆိုလည်း မဝယ်ဘူးပေါ့ဗျာ ….”

“ ခင်များ ဘယ်လောက်နဲ့ ပေးလိုက်တာ ….”

လီရှင်းက လက်သုံးချောင်း ထောင်ပြလိုက်သည်။ “ ၃,၀၀၀ ၊ ဒီကားကို သံတိုသံစအနေနဲ့ ပြန်ရောင်းရင်တောင် မရှုံးဘူး ….”

All Chapters