မီးနဲ့ မကစားနဲ့
Vol. 168 Ch. 2400
“ ဆိုတော့ … ကားက ခိုးလာတဲ့ကားဖြစ်မှန်းကို ခင်များလည်း ရိပ်မိတယ်ပေါ့ ….”
လီရှင်း ကိုးရို့ကားယား ပြန်ပြုံးပြလျက် “ အရာရှိကြီး … ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်ဗျာ … ဒီနေရာလေးက နေရာသေးသေးလေးပါ … ကျုပ်တို့က ငွေအမြန်လိုချင်လို့ တစ်ခါတစ်လေ ကြိုးတန်းပေါ် လမ်းလျှောက်ရတာတွေ ရှိပေမယ့် ဘယ်တုန်းကမှတော့ ဥပဒေကို မချိုးဖောက်ပါဘူး …”
လီရှင်းက ဆေးလိပ်တိုကို နင်းချေလိုက်ပြီး “ တကယ်လို့ အရာရှိကြီးတို့သာ နည်းနည်းနောက်ကျပြီးမှ ရောက်လာမယ်ဆိုရင် ကျုပ် ဒီကားကို ပြားချပ်နေအောင် လုပ်ပြီးလောက်ပြီ … အခု အရာရှိကြီးတို့က ရောက်လာပြီဆိုတော့ ကျုပ် ကံဆိုးသွားတယ်ပဲ မှတ်လိုက်ပါမယ် … “
“ ခင်များကြည့်ရတာလည်း ရိုးသားတဲ့ ပုံစံပေါက်နေတယ်ဆိုတော့ ကျုပ်တို့ ဗွေမယူတော့ဘူး … ဒါပေမယ့် ခင်များဘက်က ပူးပေါင်းပေးဖို့တော့ လိုနေတုန်းပဲ ….”
“ ဒါပေါ့ ဒါပေါ့ … အရာရှိကြီးတို့ ဘာပဲလိုအပ်လိုအပ် ပြောလိုက်ပါ … ကျုပ် သေချာပေါက် ပူးပေါင်းပေးပါ့မယ် ….”
“ ခင်များ ဝယ်လိုက်တဲ့ ဒီကားကို ခိုးသွားတဲ့လူက လူသတ်သမား … ကျုပ်တို့က အခုလက်ရှိ သူ့ကို ခြေရာခံလိုက်ဖမ်းနေကြတာ … သူ့သွင်ပြင် ဘယ်လိုရှိလဲဆိုတာကို ခင်များ သေချာ မှတ်မိလိုက်လား ….”
“ ဘယ်လို … လူသတ်သမား ဟုတ်လား ….”
လီရှင်းမှာ ချက်ချင်းလက်ငင်း ကြောက်လန့်တုန်လှုပ်သွားခဲ့တော့သည်။
နဂိုက သူ တွေးထင်ထားခဲ့သည်မှာ သာမန် သူခိုးအသေးအမွှားလေးကို လိုက်ဖမ်းနေခြင်း ဖြစ်မည်ဟု တွေးထင်ထားခဲ့သော်လည်း လက်တွေ့တွင်တော့ လူသတ်သမားကို လိုက်ဖမ်းနေကြခြင်း ဖြစ်၏။
“ အင်း ….. ကျုပ် မှတ်မိသလောက်ဆိုရင် သူ့ အရပ်က တော်တော်လေး ရှည်တယ် … ပြီးတော့ သန်မာတယ် … ၁.၉ မီတာလောက် ရှိမယ်ထင်တာပဲ … မျက်နှာမာ့စ်လည်း တပ်ထားသေးတယ် … သူ့မျက်လုံးနားမှာ အမာရွတ်ကြီး တစ်ခု ရှိနေတာတော့ သေချာမြင်လိုက်ရတယ် … ကျုပ် အိမ်ထဲမှာ စောင့်ကြည့်ရေး ကင်မရာတွေ တပ်ထားတယ် … အရာရှိကြီးတို့ စစ်ဆေးကြည့်လို့ရပါတယ် ….”
“ သွားကြစို့ ….”
လီရှင်း၏ ဦးဆောင်မှုအောက်တွင် လင်းရီတို့ သုံးဦးမှာ ရုံးခန်းကဲ့သို့ နေရာလေးတစ်ခုအတွင်းသို့ ရောက်လာခဲ့ကြပြီး အထဲတွင် စားပွဲပေါ် တင်ထားသည့် ခေတ်ဟောင်း ကွန်ပျူတာ တစ်လုံးရှိ၏။ ၎င်း၏ စခရင်ထက်တွင်တော့ ခြံထဲရှိ စောင့်ကြည့်ရေးကင်မရာ မြင်ကွင်းများကို ပြသနေသည်။
မြင်ကွင်းအများစုက သူတို့ ရောက်ခဲ့သည့် နေရာအများစုပင်။
အထဲသို့ ရောက်သည်နှင့် လီရှင်းကလည်း သူ ဘာလုပ်ရမလဲဆိုတာကို နားလည်ပြီး ကွန်ပျူတာကို ခေတ္တလှန်လော၍ မနက်ခင်းတုန်းက စောင့်ကြည့်ရေး ကင်မရာ မြင်ကွင်းများကို ပြန်လည် ဆွဲထုတ်လိုက်သည်။
မကြာမီ လင်းရီသည် ကားတစ်စင်းက အပြင်ဘက်မှ မောင်းနှင် ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။
ကားထဲမှ လူတစ်ဦးဆင်းလာပြီး လီရှင်း ဖော်ပြခဲ့သည့်အတိုင်း ထိုလူက အရပ်အမောင်းတော့ အတော်လေး ရှည်သည်။ ၁.၉ မီတာ အတိအကျ မဟုတ်နိုင်သော်လည်း အတော်လေးတော့ နီးစပ်၏။
ခန္ဓာကိုယ်ကလည်း ထွားကျိုးသန်မာလှပြီး ပေါင် ၂၀၀ ဝန်းကျင်လောက် ရှိနိုင်သည်။
မျက်နှာကို မာ့စ်တပ်ထားပြီး လက်တွင်လည်း လက်အိတ်များ စွပ်ထားသေး၏။ ကုတ်အရှည်ကဲ့သို့သော အဝတ်အစားများ ဝတ်ဆင်ထားပြီး သူ့ တစ်ကိုယ်လုံးကို သေချာ လုံခြုံစွာ ဖုံးကွယ်ထားလေသည်။
ထိုသူ၏ မျက်နှာပုံစံအနေအထား ဘယ်လိုရှိလဲဆိုတာကို လင်းရီပင် သေချာမမြင်နိုင်ခဲ့ပေ။
သို့သော် ကိုယ်လုံးကိုယ်ပေါက်ကို မြင်ဖူးသွားပြီဖြစ်သဖြင့် အပြင်တွေ တွေ့ခဲ့မည်ဆိုလျှင်တော့ ကျိန်းသေပေါက် မှတ်မိလောက်၏။
“ ထပ်စဉ်းစားကြည့်ဦး … သူ့မျက်နှာက အမာရွတ်အပြင် တစ်ခြား ဘာတွေ ထူးထူးခြားခြား မှတ်မိနေသေးလဲ …”
“ အဲ့ဒါက …..”
လီရှင်း ပြန်မြင်ယောင်ဖို့ ကြိုးစားကြည့်လိုက်၏။ “ သူ့ အသားအရေက အတော်လေး မည်းတယ် … ပြီးတော့ မျက်လုံးထောင့်စွန်းနားမှာ အရေးအကြောင်းတွေ ရှိနေတယ် … အသက် လေးဆယ်တော့ ကျော်လောက်ပြီ … ကျန်တာတော့ မရှိတော့ဘူး …”
“ ငွေကျတော့ ဘယ်လိုချေတာ … မိုဘိုင်းနဲ့လား … ငွေသားနဲ့လား ….”
“ ငွေသားနဲ့ …..”
လင်းရီ မအံ့ဩသွားခဲ့ချေ။ အကယ်၍ ဝီချက်ကတစ်ဆင့် ငွေလက်ခံခဲ့မည်ဆိုပါက ထိုလူသည် ရာဇဝတ်သား ဖြစ်ဖို့ပင် ထိုက်တန်တော့မှာ မဟုတ်ပေ။
ထိုအချိန်မှာပဲ အပြင်ဘက်မှ ရဲကားတစ်စင်း ဝင်ရောက်လာသည်။
ကျူးကျွင်းချီက ဖန်းကျစ်ဖျင်နှင့်အတူ ရောက်လာခဲ့ပြီး လင်းရီလည်း အပြင်သို့ ထွက်လာခဲ့လိုက်၏။
“ မင်းတို့ကောင်တွေ ကားရှာတွေ့သွားပြီလို့ ကြားတယ် ….”
လင်းရီ ခေါင်းညိတ်ပြီး မလှမ်းမကမ်းတွင် ရပ်ထားသည့် ကားကို လက်ညှိုးထိုးပြလိုက်သည်။
“ အဲ့တစ်စင်း ဟုတ်မယ့်ပုံပဲ … ဖန်းကျစ်ဖျင် … မင်း တစ်ချက်သွားကြည့်စမ်းပါ … အဲ့ကား ဟုတ်လားလို့ ….”
ရဲအရာရှိနှစ်ဦးနှင့်အတူ ဖန်းကျစ်ဖျင်လည်း လက်ထိပ်ခတ်လျက်သားဖြင့် ကားအနားသို့ ရောက်ရှိလာသည်။ ပတ်ပတ်လည်ကို လိုက်ကြည့်ပြီးနောက် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “ ဒါ ကျွန်တော်တို့ အိမ်က ကားဟုတ်တယ် ….”
“ အရာရှိလင်း … ခင်များတို့တွေ ကျွန်တော့်အဖေကို ဘယ်သူသတ်သွားလဲဆိုတာ သိရပြီလား … သူ အခု ဘယ်မှာလဲ …”
“ ငါတို့လည်း သဲလွန်စနည်းနည်းလေးပဲ ရှာတွေ့သေးတာ … လူသတ်သမားကိုတော့ ရှာမတွေ့သေးဘူး ….”
ဖန်းကျစ်ဖျင်ကို စကားတစ်ချို့ ပြောဆိုပြီးနောက် လင်းရီသည် ကျူးကျွင်းချီဘက်သို့ လှည့်၍ “ အစ်ကိုကျူး … ကားကို ပြန်ယူသွားခိုင်းလိုက် … ဒါ အကြီးစား သဲလွန်စ တစ်ခု ဖြစ်နေနိုင်တယ် … ကားပေါ်မှာ လက်ဗွေရာတွေ ကျန်နေမလား မပြောတတ်ဘူး ….”
“ အင်း … ငါ ခဏနေ လာယူခိုင်းလိုက်မယ် ….”
ပြီးသည့်နောက် လင်းရီနှင့် ကျူးကျွင်းချီတို့သည် သူတို့တွေ လတ်တလော စုဆောင်းထားသည့် သဲလွန်စများကို ပြန်လည်ကြည့်ရှုကြ၏။
ကျုးကျွင်းချီကတော့ အမှုကို ဖြေရှင်းနိုင်ဖို့ ခြေတစ်လှမ်း နီးကပ်လာပြီဟု ခံစားနေရသည့်အတွက် အတော်လေး စိတ်လှုပ်ရှားနေသည်။
အရာအားလုံးကို စီစဉ်ကိုင်တွယ်ပြီးနောက် အချိန်ကလည်း မွန်းလွဲ ၂ နာရီသို့ပင် ရောက်လို့ နေချေပြီ။ လင်းရီလည်း တစ်ခုခုကို အမြန်စားသောက်ပြီး ရှန်းရန်ရွာသို့ ထွက်ခွာလာခဲ့၏။
ရွာဝင်ပေါက်ဝတွင် မတ်တပ်ရပ်ရင်း အဘွားစွန်း၏ အိမ်ထဲသို့ လှမ်းမျှော်ကြည့်ရှုနေသည်။ အချိန်ကြာမြင့်စွာ မရှင်းလင်းထားသည့် ပေါင်းပင်များ၊ အိုမင်းဟောင်းနွမ်းနေသည့် မြောက်ပိုင်း၏ ရှေးဟောင်းရိုးရာ အိမ်ပုံစံ၊ အိမ်ရိပ်ကို လွှမ်းမိုးနေသည့် သစ်ပင်ကြီး၏ အကိုင်းအခက်များ၊ အနီးနားတစ်ဝိုက်တွင် ပိုပြီး တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်လေထုကြောင့် ကျစ်ကျစ်တောက် ပူလောင်နေသည့် နေရောင်ခြည်အောက်၌ပင် လူကို အလိုအလျောက် ချမ်းစိမ့်နေစေတော့သည်။
ခြံတွင်းနှင့် ခြံပြင်က မတူညီသည့် ကမ္ဘာလောကကြီးနှစ်ခုနှယ် ထင်မှတ်ရသည်။
ဘယ်အရာကိုမှ မကိုးကွယ်သည့် လင်းရီအတွက်ကတော့ ထိုသို့သော အရာများကို သဘာဝကျကျပဲ ကြောက်ရွံ့မနေချေ။ သူ ခြံဂိတ်တံခါးကို တွန်းဖွင့်ပြီး အထဲသို့ တန်းမတ်စွာ ဝင်ရောက်လာခဲ့၏။
တစ်လှမ်းချင်း တစ်လှမ်း၊ လင်းရီ ခြံဝန်းထဲသို့ လမ်းလျှောက်လာသည်။
သို့သော် လှမ်းအနည်းငယ်မျှသာ လျှောက်လှမ်းပြီးသည့်အချိန်တွင် အဖြူရောင် မြေခွေးတစ်ကောင်က သူနှင့် ဆယ်မီတာလောက် အကွာတွင် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
အရာအားလုံးမှာ ဝိဉာဏ်ရှိတယ် ဟူသော စကားကို သူ့ရှေ့ရှိ မြေခွေးကို မြင်တော့မှပဲ လင်းရီ ယုံကြည်သွားခဲ့၏။
လူသားနှင့် သားရဲတို့နှစ်ဦး လေထုအလယ်တွင် အကြည့်ချင်း စုံသွားခဲ့ကြ၏။ လင်းရီသည် ခါးနောက်ကျောတွင် သိမ်းထားသည့် ဓားမြောင်ကို ထုတ်ပြီး ရှေ့သို့ ဆက်လှမ်းလာသည်။
လင်းရီထံက ထွက်ပေါ်နေသည့် အန္တရာယ်ရှိသည့် အရှိန်အဝါ တစ်ခုခုကို အာရုံခံမိနေသောကြောင့်လားတော့မသိ၊ အဖြူရောင်မြေခွေးက ဆက်တိုက် နောက်ဆုတ်နေသည်။
ထို့နောက် အဖြူရောင် မီးခိုးနှယ် ဝှစ်ခနဲ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် လင်းရီသည် သူ့ဓားမြောင်ကို ပြန်မသိမ်းဘဲ ခြံဝန်းအတွင်း ဆက်လက်လမ်းလျှောက်နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် အိမ်က မြင်နေရသလောက် မရိုးရှင်းကြောင်းကို အလိုအလျောက် ခံစားနေရသောကြောင့်ပင်။
တစ်လှမ်းချင်း တစ်လှမ်း …
လင်းရီ၏ ခြေလှမ်းများက ပေါ့ပါးပြီး နှေးကွေးနေသည်။
သို့သော် ခြံဝန်းအလယ်သို့ ရောက်လာခဲ့သည့်တိုင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ခဲ့ရချေ။
ထိုင်ခုံအဟောင်းကြီးကလည်း နေပူဆာထဲတွင် နဂိုအတိုင်း ပုံစံမပျက် ရှိနေသည်။ သို့သော် အဘွားစွန်းကိုတော့ မည်သည့်နေရာတွင်မျှ မြင်တွေ့ရခြင်း မရှိပေ။ အဖြူရောင် မြေခွေးသည်လည်း ပျောက်ကွယ်လို့နေသည်။
“ အထဲမှာများလား ….”
သူ့ကိုယ်သူ ရေရွတ်ရင်း လင်းရီသည် အိမ်တံခါးထံသို့ လျှောက်လှမ်းသွားပြီး အထဲဝင် စစ်ဆေးကြည့်ဖို့ ဟန်ပြင်လိုက်၏။
သို့သော် သူ တံခါးလက်ကိုင်ကို ထိတွေ့လိုက်သည့် အချိန်မှာပဲ ကြမ်းတမ်းအက်ရှနေသည့် အသံတစ်သံက လင်းရီ၏ နောက်ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“ လူလေး … မင်း ရောက်လာပြီပဲ ….”
လင်းရီ၏ အာရုံကြောတို့ ချက်ချင်း တင်းကြပ်သွားခဲ့ပြီး ကိုယ်ကို နောက်သို့ ဆတ်ခနဲ လှည့်လိုက်၏။
သူ့အနောက်ဘက် မီတာတစ်ဝက်လောက်အကွာတွင် အဘွားစွန်းက တုတ်ကောက်ဖြင့် မတ်တပ်ရပ်နေပြီး အဖြူရောင် မြေခွေးကလည်း သူမ၏ ပုခုံးပေါ်တွင် ရှိနေသည်။
လင်းရီ၏ နှလုံးခုန်သံတို့ ရူးသွပ်စွာ မြန်ဆန်သွားခဲ့သည်။
သူမ ရောက်ရှိနေသည်ကို သူ မည်သို့မျှ အာရုံမခံနိုင်ခဲ့ချေ။
အကယ်၍ အဘွားစွန်းကသာ သူ့ကို နောက်ကျောမှ တိုက်ခိုက်လာခဲ့မည်ဆိုပါက သူသည် အသတ်မခံရလျှင်ပင် အတိုင်းအတာတစ်ခုလောက်အထိတော့ ဒဏ်ရာရသွားလောက်နိုင်သည်။
လင်းရီ နောက်လှည့်ပြီး အိမ်ထဲဝင်မည့် အကြံအဉာဏ်ကို စွန့်လွှတ်လိုက်တော့သည်။
သို့သော် လင်းရီ မည်သည့်စကားမျှမဆိုဘဲ အဘွားစွန်းနှင့် မျက်နှာချင်းဆိုင် ရပ်တန့်နေသည်။
အတွင်းသို့ ဟောက်ပက်နေသည့် မှုန်ရီရီ မျက်လုံးအစုံတို့က အနက်ရောင် တွင်းပေါက်နက်ကြီး တစ်ခုကဲ့သို့ပင်။
လင်းရီထံမှ ခက်ထန်ကြမ်းကြုတ်သည့် အကြည့်နှင့် ရင်ဆိုင်နေရသော်လည်း အဘွားစွန်းက မည်သို့သော မသက်မသာ မဖြစ်မှုကိုမျှ မပြသခဲ့ပေ။
သို့သော် တဖြည်းဖြည်းချင်း ၊ အဘွားစွန်းက စိတ်မရှည် ဖြစ်လာဟန်ရပြီး အရင်ဦးဆုံး စကားစပြောလာခဲ့၏။
“ လူလေး … ဒီနေ့ ဘာလို့ မင်းတစ်ယောက်တည်း လာခဲ့တာလဲ …. ဟီးဟီးဟီး … ဟိုကောင်မလေးရော ….”
“ သူ သေသွားပြီလို့ ပြောရင် ခင်များ အံ့ဩသွားမလား ….”
“ မအံ့ဩဘူး … ဘာလို့ဆို သူ သေမယ်မှန်း ငါ သိနေလို့ပဲ ….” အဘွားစွန်းက ကြမ်းရှသည့် အသံဖြင့် ဆိုလိုက်၏။
“ မင်းတို့က မမြင်သင့်တာကို မြင်ခဲ့တော့ သေရမယ် … အခု သူသေသွားပြီ … မင်းလည်း မကြာခင် သေမှာ …. အဲ့ဒီတော့ မင်း ငါ့အိမ်ကို အချိန်မရွေး လာခဲ့လို့ရတယ် … ငါတို့က သေတော့မယ့် လူတစ်ယောက်ကို စိတ်မရှိပါဘူး ….”
လင်းရီ မျက်ခုံးပင့်လိုက်ပြီး အဘွားစွန်းကို စိုက်ကြည့်လျက် ရှေ့သို့ ခြေတစ်လှမ်း တက်လာခဲ့သည်။
နှစ်ယောက်မှာ ပိုလို့ပင် နီးကပ်သွားခဲ့၏။
နောက်တစ်စက္ကန့်၌ လင်းရီ၏ ညာလက်က ရုတ်ချည်း ဆန့်တန်းလာပြီး အဘွားစွန်း၏ လည်ပင်းကို ဖျစ်ညှစ်လိုက်၏။
လင်းရီ ယခုလို ပြုလုပ်လာမည်ကို ထင်မှတ်မထားသည့်အတွက် အဘွားစွန်း၏ မျက်နှာထက်တွင် စိုးရိမ်တုန်လှုပ်သည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။
“ ခင်များက တကယ်ရူးနေတာလား … ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား ကျုပ် စိတ်မဝင်စားဘူး…. လူသတ်သမားဆီ ကျုပ်စကားကို ပါးလိုက် … သူ ကူရိရန်ကို ထပ်ပြီး လာထိနေမယ်ဆို ကျုပ် ရောက်လာပြီး ခင်များကို အရင်လာသတ်မယ် ….”
အဘွားစွန်းမှာ လင်းရီ၏ လည်ပင်းညှစ်ခြင်းကို ခံနေရသည့်အတွက် အသံတစ်သံပင် မထွက်နိုင်ခဲ့ချေ။ သူမ၏ မျက်နှာမှာလည်း လောင်ကျွမ်းလုမတတ် နီရဲနေပြီး အချိန်မရွေး လည်ပင်းအစ်ပြီး သေတော့မည့်ပုံပင်။
သို့သော် လင်းရီသည် လက်ကို လုံးဝ လွှတ်မပေးခဲ့ချေ။ တစ်ကိုယ်တည်း ပြောဆိုနေသည့်နှယ် တီးတိုးလေသံဖြင့် “ ခင်များတို့ နှစ်ယောက်ကြားမှာ အဆက်အသွယ်တစ်ခုခု ရှိနေလား ကျုပ်မသိဘူး …. ဒါပေမယ့် ကျုပ် အခု ပြောနေတာကို ခင်များ နားလည်မယ်လို့ ယုံကြည်တယ် … ဒီတော့ … မီးနဲ့ မကစားနဲ့ ….”