ဒီကို ဘယ်သူမှ မလာကြဘူး
Vol. 168 Ch. 2401
လင်းရီ၏ စကားလုံးများက အဘွားစွန်းကို ရည်ညွှန်းပြောဆိုနေခြင်း မဟုတ်။ လူသတ်သမားထံသို့ ရည်ရွယ်နေသည်။
အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးနေပြီး မသိလိုက်ခင်မှာပဲ စက္ကန့်သုံးဆယ် ကျော်သွားခဲ့သည်။
လင်းရီ လက်လွှတ်လိုက်တော့မည့်အချိန်မှာပဲ ခြံအပြင်ဘက်မှ အသံဗလံများ ထွက်ပေါ်လာသည်။
“ ဗျို့ အဘွားကြီးစွန်း … ကျုပ်တို့ ပစ္စည်းတွေ ခြံပြင်မှာ ချခဲ့တယ် … ကိုယ့်ဘာကိုယ် လာယူတော့ ….”
အသံကြားတော့ လင်းရီလည်း လည်ပင်းညှစ်ထားသည်ကို ချက်ချင်း လွှတ်ပေးလိုက်ပြီး ခြံပြင်ဘက်သို့ အကြည့်ပို့လိုက်သည်။
လူသုံးဦးက ခြံတံခါး အပြင်ဘက်တွင် မတ်တပ်ရပ်နေကြပြီး ဆန်အိတ်၊ ဂျုံမှုန့် ၊ ဟင်းချက်ဆီ … စသည့် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများကို ဝင်ပေါက်ဝတွင် သပ်သပ်ရပ်ရပ် စီနေကြ၏။ အထဲသို့ ကိုယ်တိုင်လာရောက် ပေးပို့ဖို့ရာ ရည်ရွယ်ချက်ကိုတော့ မမြင်ရပေ။
တစ်ချိန်တည်းမှာပဲ အပြင်ရှိ လူသုံးဦးက လင်းရီကို သတိထားမိသွားခဲ့ပြီး ချက်ချင်းပဲ အေးခဲသွားခဲ့ကြသည်။
လင်းရီ အပြင်သို့ လျှောက်လာသည်။
ခေါင်းဆောင်ဖြစ်ဟန်တူသည့် အမျိုးသားက အသက် ငါးဆယ်ကျော် အရွယ်ဟု ထင်ရ၏။ ကျန်းလုံလည်း လိုက်ပါလာပြီး တတိယလူကိုတော့ လင်းရီလည်း မသိပေ။ ရွာက ရွာသား တစ်ယောက်ယောက် ဖြစ်ဟန်တူသည်။
လင်းရီ သေချာကြည့်လိုက်တော့ သက်လတ်ပိုင်း အမျိုးသားက သူတစ်နေရာရာတွင် မြင်ဖူးခဲ့သည့်နှယ် ရင်းနှီးနေကြောင်း ခံစားလိုက်ရသည်။
“ အိုး … အရာရှိကြီးလည်း ဒီရောက်နေတာလား …” လင်းရီကို မြင်တော့ ကျန်းလုံက နွေးထွေးပျူငှာစွာ နှုတ်ခွန်းဆက်လိုက်ပြီး သူ့ဘေးရှိ ငါးဆယ်ကျော်အရွယ် သက်လတ်ပိုင်း အမျိုးသားကို ညွှန်ပြလျက် “ ဒါက ကျုပ်တို့ရဲ့ ရွာသူကြီးအသစ် ဝမ်ရှုပေါင် … ဒီကို ထောက်ပံ့ရေး ပစ္စည်းတွေ လာပို့ပေးတာလေ …”
“ ပစ္စည်းတွေ လာပို့ပေးတယ် …. “ လင်းရီက မေးခွန်းထုတ်သည့်နှယ် အသံကို မြင့်လျက် “ ရွာက သူနဲ့ မပတ်သက်ကြဘူးမဟုတ်လား ….”
“ တခြား ရွေးချယ်စရာမှ မရှိတာ အရာရှိလေးရယ် … “ ဝမ်ရှုပေါင်က ကူကယ်ရာမဲ့သည့် လေသံဖြင့် “ သူလည်း ကျုပ်တို့ ရွာသားပဲလေ … ဒီတိုင်း ငတ်သေသေဆိုပြီး ပစ်ထားလို့မှ မရတာ …”
“ အရင်တုန်းကတော့ လောင်ဖန်းပေါ့ … ဒါပေမယ့် အခု သူ မရှိတော့ဘူးဆိုတော့ တာဝန်ကလည်း ကျုပ်ခေါင်းပေါ် ကျလာတော့တာပေါ့ …”
လင်းရီလည်း နားလည်သဘောပေါက်စွာဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်၏။
“ ဖန်းတရဲ့ မသေခင်တုန်းက သူ ဒီကို မကြာခဏ လာလေ့ရှိတာလား ….”
“ အမြဲတမ်းတော့ မဟုတ်ပါဘူး … တစ်လကို တစ်ကြိမ်လောက်ပေါ့ …”
လင်းရီသည် မြေပေါ်ချထားသည့် ပစ္စည်းများကို တစ်ချက်ကြည့်၍ “ ဒါပေမယ့် ခင်များတို့ လာပေးတဲ့ ပစ္စည်းတွေက တစ်လစာတော့ မလောက်နိုင်ဘူးမလား …”
“ ဘယ်လိုလုပ် လောက်ငှနိုင်မှာ …” ဝမ်ရှုပေါင် ပြောလိုက်ပြီး “ အနောက်ဘက်ခြမ်းမှာ ရွာသားတွေ ပိုင်တဲ့ ယာကွင်းတွေ ရှိတယ် … ရိတ်သိမ်းတဲ့ ရာသီရောက်ရင် အဘွားစွန်းက အဲ့ယာကွင်းတွေဆီသွားပြီး သူလိုတာ ယူလိုက်ရုံပဲ … အာလူး ၊ ပြောင်းဖူး၊ ဂေါ်ဖီ ဘာညာ စသဖြင့်ပေါ့ …. အဲ့တာတွေ ယူစားလို့ရတယ် … ရွာသားတွေကလည်း ပေးကြပါတယ် … ဘယ်သူမှ မကန့်ကွက်ကြဘူး … ပြီးတော့ ကျုပ်တို့ကလည်း တစ်လကို တစ်ခါလောက် ဒီလို ဆန်တွေ ၊ဆီတွေ လာလာပို့ပေးတယ် … ဒီအတိုင်းပဲ လုပ်ပေးလာခဲ့တာ နှစ်အတော်ကြာနေပြီ …”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်၏။
“ သည့်မတိုင်ခင် ဖန်းတရဲ့အပြင် သူ့အိမ်ကို ဘယ်သူ လာလည်ဖူးသေးလဲ ….”
သုံးယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် ပြန်ကြည့်မိလိုက်ကြ၏။
“ ကျုပ်တော့ တစ်ခါမှ မရောက်ဖူးဘူး …” ကျန်းလုံ ပြောလိုက်ပြီး “ အဲ့အဘွားကြီးက လူ့ဂွစာရယ် … ပြီးတော့ လူတွေ ပြောသံကြားတာ သူ့အိမ်ထဲမှာ မြေခွေးဝိဉာဏ်တွေလည်း ရှိပြီး ထူးဆန်းတာတွေ အမြဲဖြစ်နေတယ်ဆိုမှတော့ ဘယ်သူကရော အဲ့လို နေရာမျိုးကို လာလည်ချင်တော့မှာ ….”
“ ကျုပ်လည်း ဘယ်သူမှာ လာလည်သံ မကြားဖူးဘူး ….” ဝမ်ရှုပေါင်လည်း ထပ်ပြီး ဖြည့်စွက် ပြောလိုက်၏။ “ ကြင်နာတတ်တဲ့ လူတွေတောင် သူတို့ ပေးချင်တဲ့ ပစ္စည်းတွေကို ကျုပ်တို့လိုပဲ ခြံရှေ့ချပြီး ထားသွားကြတာပဲ …. ဘယ်သူမှ သူ့အိမ်ထဲ မဝင်ရဲကြဘူး ….”
“ ဆိုတော့ … ခင်များတို့ ပြောသလိုဆို ပုံမှန် ဒီအိမ်ထဲကို ဘယ်သူမှ လာမလည်ကြဘူးပေါ့ … အဲ့လိုလား ….”
“ အဲ့လိုပဲ ဆိုပါတော့ … “ ဝမ်ရှုပေါင် ခေါင်းညိတ်လိုက်သည်။ ပြီးနောက် လင်းရီအနားသို့ ကပ်ကာ လေသံတီးတိုးဖြင့် “ ဒါနဲ့ အရာရှိကြီး … လောင်ဖန်းရဲ့ အမှုက စုံစမ်းနေတာ ဘယ်လိုရှိလဲ … ဘယ်တော့လောက် ဖြေရှင်းပြီးမှာ ….”
“ ပြီးတော့မှာပါ … စိတ်မပူနဲ့ ….”
“ ကောင်းတယ် … ကြားရတာ ဝမ်းသာတယ် …” ဝမ်ရှုပေါင်က ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး “ လောင်ဖန်းက လူကောင်းတစ်ယောက်ပါ .. အရာရှိကြီးတို့ သူ့အမှုကို အမြန်ဖြေရှင်းပေးမယ်ဆို သူလည်း အေးအေးချမ်းချမ်းနဲ့ အနားယူနိုင်တာပေါ့ ….”
လင်းရီ ခေါင်းညိတ်လိုက်၏။ စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းရီလည်း ထိုနေရာက ထွက်လာသည်။ ပြီးနောက် တောအုပ်ထဲသို့ တစ်ဖန်ပြန်သွားကြည့်သော်လည်း မည်သည့် သဲလွန်စမျှ မမြင်တွေ့ခဲ့ရချေ။
အပြန်လမ်းတွင် ကားမောင်းရင်း လင်းရီစိတ်ထဲ ရှန်းရန်ရွာ အမှုကိစ္စသည်သာ ကြီးစိုးနေသည်။
လက်ရှိ သဲလွန်စများအရ …. အမှန်တရား ထွက်ပေါ်လာဖို့က အတော်လေး နီးစပ်လာနေပြီ ဖြစ်၏။
သို့သော်လည်းပဲ ... စိတ်ထဲ၌ တစ်ခုခု မတင်မကျ ဖြစ်နေသည်ကို ခံစားနေရပြီး မည်သည့်အရာလဲဆိုတာကိုတော့ အတိအကျ မပြောပြတတ်ပေ။
မြို့သို့ ပြန်ရောက်လာခဲ့ပြီးနောက် လင်းရီသည် စခန်းသို့ ချက်ချင်းမသွားဘဲ ထိုအစား ကူရိရန်ထံသို့ သွားလည်လိုက်၏။
ညဂျူတီဆင်းထားသည့်အတွက် ကျန်းဝန်လီက နေ့ဘက်အနားယူနေသည်။ လင်းရီလည်း ကူရိရန်၏ လူနာခန်းသို့ တိုက်ရိုက်ပဲ ဝင်လာခဲ့လိုက်၏။
သို့သော် ကူရိရန်၏ ကုတင်ဘေးတွင် နောက်လူနာ အသစ်တစ်ဦးက ရောက်ရှိနေပြီး အခန်းပတ်ဝန်းကျင်က အတော်လေးကို သက်ဝင်လှုပ်ရှားလာခဲ့၏။
“ မိန်းမငယ်လေး … ရဲအရာရှိ လုပ်ရတာ အတော်လေး အန္တရာယ်များမှာပဲနော် …”
ကူရိရန် ကုတင်ဘေးရှိ သက်လတ်ပိုင်း အမျိုးသမီးက ဆိုလိုက်၏။ သူမ၏ လက်တွင် ပလာစတာရာတစ်ခု ရှိပြီး သူမဘေးရှိ လူငယ်လေး တစ်ဦးက အမျိုးသမီးကြီးကို ပြုစုပေးနေသည်။ ကြည့်ရသလောက်ကတော့ အမျိုးသမီးကြီး၏ သားဖြစ်ဟန်ပေါ်သည်။
“ အဲ့လောက်လည်း မဟုတ်ပါဘူး အန်တီရယ်… လူတိုင်းက ဂရုစိုက်ပေးကြပါတယ် … အန္တရာယ်များတဲ့ အလုပ်တွေဆို ကျွန်မကို မလုပ်ခိုင်းကြဘူးလေ …” ကူရိရန် ယဉ်ယဉ်ကျေးကျေးလေးပဲ ခွန်းတုံ့ပြန်လိုက်သည်။
“ အဲ့တာဆို ကောင်းတာပေါ့ ….” သက်လတ်ပိုင်း အမျိုးသမီးက ကျေနပ်အားရစွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေသည်။
“ နင့်အနာဂတ်အတွက်ရော ဘယ်လို စဉ်းစားထားသေးလဲ … တစ်သက်လုံး ရဲအရာရှိပဲ လုပ်သွားတော့မှာလား ….”
“ အဲ့လိုတော့လည်း မဟုတ်ပါဘူး … အိမ်ထောင်ပြုပြီး ကလေးတွေ ရလာရင်တော့ ရှေ့တန်းမှာ ဆက်မနေဖြစ်လောက်တော့ဘူး …”
ကူရိရန်မှာ ဘွင်းဘွင်းရှင်းရှင်း ရှိဟန်တူသော်လည်း စိတ်၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် အင်မတန် သိမ်မွေ့ညင်သာနေဆဲပင်။
သူမ စဉ်းစားထားသည့်ပုံစံအရ … လက်ထပ်ပြီး ကလေးများ ရှိလာသည့်အခါ မိသားစုကို ပို၍ အာရုံစိုက်ချင်သည်။ ထိုအခါ ရှေ့တန်းက တာဝန်များကို စီမံကိုင်တွယ်ဖို့က ခက်ခဲသွားတော့မှာ ဖြစ်၏။ တစ်ဆင့်နောက်ဆင့်ပြီး ဒုတိယတန်း အခန်းကဏ္ဍတွင် တာဝန်ယူပေးသည်က မဆိုးသည့် ရွေးချယ်မှု ဖြစ်၏။
ကူရိရန်၏ အဖြေကိုကြားတော့ သက်လတ်ပိုင်း အမျိုးသမီးကြီး၏ မျက်နှာထက်တွင် အပြုံးပန်းကြီး တစ်ခုက ဝေဆာလာသည်။
" ဒါဆို နင်က အခုထိ တစ်ယောက်တည်း နေနေတုန်းပေါ့ ဟုတ်လား ….”
ကူရိရန်စိတ်ထဲ တစ်ခုခု မှားယွင်းတော့မည်ကို ချက်ချင်း ခံစားမိသွားခဲ့သည်။ သို့တိုင် ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်ဆဲပင်။
“ ငါ့သားကလည်း နင်နဲ့ သက်တူရွယ်တူလောက်ပဲ … သူက အစိုးရဝန်ထမ်းလေ … ငါတို့ မိသားစုက အဲ့ဒီအပိုင်းမှာ အဆက်အသွယ်တွေရှိတယ် … သူ့အနာဂတ်တက်လမ်းကလည်း သေချာတယ် … ဒီလိုလုပ် … ငါတို့ ဖုန်းနံပါတ်ချင်း ဖလှယ်ထားကြရအောင် …”
“ အာ … အဲ့တာက …” ကူရိရန် ချီတုံချတုံ ဖြစ်သွားခဲ့သည်။ ထို့နောက် အားတောင့်အားနား ပြုံးပြရင်း “ စိတ်တော့ မရှိနဲ့နော် အန်တီ … ကျွန်မ အခုလောလောဆယ် အဲ့ကိစ္စကို မစဉ်းစားချင်သေးလို့ပါ ….”
“ စိတ်မဝင်စားဘူးလို့ ချက်ချင်းကြီး မပြောလိုက်နဲ့လေ … နင်တို့ချင်းက သက်တူရွယ်တူတွေ … ဒီမှာ တစ်ယောက်နဲ့ တစ်ယောက် လာဆုံတာကလည်း ကံကြမ္မာပဲ … နင်တို့နှစ်ယောက်က လိုက်ဖက်တဲ့ စုံတွဲတွေ ဖြစ်နေနိုင်တာပဲလေ …”
အန်တီကြီးက သူ့သားနှင့် အောင်သွယ်ပေးဖို့ရာ အင်မတန် စိတ်အားထက်သန်နေပြီး ကူရိရန်ကို ငြင်းဆန်ရ ခက်ခဲသွားစေခဲ့သည်။
ထိုအချိန်မှာပဲ လင်းရီ အထဲသို့ ရောက်လာသည်။
“ နင် လာပြီလား …” ကူရိရန်က လက်ဝှေ့ယမ်းပြပြီး လင်းရီကို အားတက်သရော ကြိုဆိုလိုက်၏။
လင်းရီ ရောက်လာတာကို မြင်တော့ ဘေးကုတင်ရှိ သားအမိနှစ်ဦး၏ မျက်နှာထက်တွင် အနည်းငယ် ရန်လိုမှုတို့ ထွက်ပေါ်လာသည်။
လင်းရီ၏ သွင်ပြင်က သူတို့နှစ်ဦးကို အဆင့်အတန်းချင်း အလှမ်းဝေးသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေလျက် ရှိသည်။
“ ငါ အခုလေးတင် ရှန်းရန်ရွာက ပြန်ရောက်ရောက်ချင်း မင်းဆီ တန်းဝင်လာခဲ့တာပဲ … မင်း ဘယ်လိုနေလဲ လာကြည့်တာ ….”
သက်လတ်ပိုင်း အန်တီကြီးက စိတ်ထဲ တစ်ခုခု ခံစားနေရပြီး ယဉ်ကျေးသည့် အပြုံးလေးဖြင့် “ မိန်းမငယ်လေး … သူက နင့်သူငယ်ချင်းလား ….”
“ ဟုတ်တယ် ဟုတ်တယ် …” ကူရိရန် အလျင်အမြန် တုံ့ပြန်လိုက်ပြီး “ ကျွန်မတို့က အတန်းဖော်တွေလေ … အချင်းချင်း သိလာတာ နှစ်တွေ အတော်ကြာနေပြီ … ဆက်ဆံရေးလည်း အတော် ကောင်းတယ် …”
လင်းရီ “ ….. “
“ ဪ …. အတန်းဖော် သူငယ်ချင်းတွေကိုး ….”
ကူရိရန်သည် လင်းရီကို မျက်တောင် တဖျတ်ဖျတ် ခတ်ပြလိုက်၏။ လင်းရီလည်း နားလည်သဘောပေါက်စွာဖြင့် အောက်သို့ ထိုင်ချပြီး သူ့လက်ကို စောင်အောက်သို့ ရွေ့လျားသွားကာ ကူရိရန်၏ ခြေထောက်ကို ကိုင်တွယ်လိုက်၏။
“ ကုတင်ပေါ်ချည်း ထိုင်နေရတော့ ညောင်းနေမှာပေါ့ … သွေးလည်ပတ်မှုကောင်းသွားအောင် ငါ နှိပ်ပေးမယ်လေ ….”
ကူရိရန် အေးခဲသွားခဲ့၏။
ဟေ့ … ဇာတ်လမ်းက ဒီလို သွားရမှာ မဟုတ်ဘူးလေ … ငါက နင့်ကို ဒိုင်းကာ သဘောမျိုး အသုံးချချင်တာ ငါ့ခြေထောက်ကို တကယ်ကြီး လာကိုင်ရမှာ မဟုတ်ဘူးလေ ….
နှစ်ယောက်ကြားရှိ ထိုမျှ ရင်းနှီးသည့် ပုံစံကို မြင်တော့ သက်လတ်ပိုင်း အန်တီကြီးမှာ ချက်ချင်းပဲ အောင်သွယ်ချင်စိတ် ပျောက်ဆုံးသွားခဲ့တော့၏။
ကူရိရန်ကတော့ လင်းရီကို ဆက်တိုက် မျက်စောင်းထိုးနေသည်။
ဒီအကောင် … လူကို အခွင့်အရေး ဘယ်လိုယူရမလဲတော့ တကယ်တတ် …
“ သွားစို့ … ငါမင်းကို အပြင်ခေါ်သွားပေးမယ် ….”
ခေတ္တ နှိပ်ပေးပြီးနောက် လင်းရီသည် ကူရိရန်ကို ဝှီးချဲပေါ်တင်၍ နှစ်ယောက်သား ဆေးရုံအခန်းထဲက ထွက်လာခဲ့ကြသည်။
“ နင် ရှန်းရန်ရွာသွားခဲ့တယ်မလား … ဘာတွေ တွေ့ခဲ့ရသေးလဲ ….”
“ ထွေထူး မတွေ့ခဲ့ရပါဘူး….” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ မင်းကို တစ်ခု မေးချင်တာရှိတယ် ….”
“ မနေ့ညတုန်းက ဒရိုင်ဘာကို မင်း မြင်လိုက်ရတယ်လို့ ပြောခဲ့တယ်နော် … သူ့ ခန္ဓာကိုယ် အချိုးအစားက ဘယ်လိုရှိလဲ … ငါ့လောက် ထွားလား …”