← Chapters

ဈာပနာ

Vol. 168 Ch. 2403

ဈာပနာ

Vol. 168 Ch. 2403

“ ယွမ်ယွမ်တို့ မိသားစုက မဟုတ်ဘူး …. မဟုတ်ရင် ငါနင့်ကို ကြိုပြောပြီးပြီပေါ့ … ကောင်းကျုံးယွမ်ဆီက ကြားစရာတောင် မလိုဘူး …” ကျီချင်းရန် ပြောလိုက်ပြီး “ လင်းယွင်အုပ်စုက ရင်းနှီးမြုပ်နှံထားတဲ့ ဟောက်ယွီ storage လို့ခေါ်တဲ့ တက်သစ်စ ကုမ္ပဏီကို နင်မှတ်မိသေးလား …. ငါတို့ မနှစ်တုန်းက ရင်းနှီးမြုပ်နှံခဲ့တဲ့ ပရောဂျက်လေ ….”

“ မမှတ်မိဘဲ ဘယ်နေမှာ …” လင်းရီ ပြောလိုက်ပြီး “ သူတို့က အခုဆို တော်တော်လေး ကြီးထွားပြီး ကမ္ဘာ့ဈေးကွက်မှာ ဒုတိယအများဆုံး ဈေးကွက်တောင် ရနေပြီ … လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းကတောင် ငါ လောင်ချီကို အချိန်ရရင် သူတို့ သူဌေးနဲ့ ထမင်းစားရင်း စကားလေး ဘာလေး ပြောဖို့တောင်း ခိုင်းခဲ့သေးတယ် ….”

“ အဲ့လူ မရှိတော့ဘူး …. လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ဖြစ်သွားခဲ့တာပဲ ….”

“ ဟမ် ….” လင်းရီ ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး “ မရှိတော့ဘူး ဟုတ်လား … ဝမ်ကျန့်ရှုလေ …”

“ အင်း … လူတွေကတော့ သူ ရေချိုးဇလုံထဲ ရေချိုးနေတဲ့အချိန် ဆံပင်လေမှုတ်စက်ပြုတ်ကျလို့ ဓာတ်လိုက်ပြီး ဆုံးသွားခဲ့တာလို့တော့ ပြောကြတာပဲ … “ ကျီချင်းရန် သက်ပြင်းချပြီး စကားဆက်လိုက်သည်။

“ မှတ်မိပါသေးတယ် … ငါတို့တွေ ရင်းနှီးမြုပ်နှံမယ့် ကိစ္စ ဆွေးနွေးတုန်းက ဒါရိုက်တာဝမ်နဲ့ နှစ်ခါတောင် ထမင်းအတူ စားခဲ့သေးတယ် … သူ့ပုံစံက လူကောင်းတစ်ယောက်ပါပဲ …. ငါ့ကိုလည်း သူ့ရဲ့ နည်းဗျူဟာနဲ့ အိုင်ဒီယာအတွေ အများကြီးကို ဝေမျှပေးခဲ့သေးတယ် … တစ်နှစ်ကြာပြီးတဲ့နောက်မှာ ဒီလိုတွေ ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာ ….”

“ ငါ အစတုန်းကတော့ ဈာပနာကို သွားတက်မလို့ပဲ… ဒါပေမယ့် ယွမ်ယွမ်ပြောတာ ကိုယ်ဝန်သည်တွေက အဲ့လို နေရာမျိုးတွေကို ရှောင်သင့်တယ်တဲ့ … သူနဲ့ ချီရှန်းကျောက်တို့ကပဲ တက်ရောက်ကြမှာ ….”

“ နင်လည်း အားတယ်ဆိုရင် သွားသင့်တယ် … နင် အရင်တစ်ခေါက်က Apple ရဲ့ ကိုယ်စားလှယ်တွေကို အရှက်ခွဲခဲ့တာ ဝမ်ကျန့်ရှုအပေါ် ယုံကြည်ချက်ရှိနေလို့လည်း ပါတယ်မလား …. နင် မသွားရင် မလေးစားရာကျလိမ့်မယ် ….”

“ အင်း …” လင်းရီ ခေါင်းညိတ်လိုက်ပြီး စကားများများ မဆိုခဲ့ချေ။ သို့သော် တစ်ခုခုတော့ မူမမှန်သည်ကို စိတ်ထဲ ခံစားရနေသည်။

ရေချိုးခန်းထဲ ဓာတ်လိုက်ပြီး သေဆုံးသည့် ကိစ္စရပ်က အင်မတန် ရှားပါးလှ၏။ အပြင်ဘက်တွင် ဖြစ်ပျက်သွားခဲ့သည်ဆိုလျှင် နားလည်ပေး၍ရသည်။ သို့သော် အိမ်ရှိ ရေချိုးခန်းအတွင်းကတော့ …. အတော်လေးကို မူမမှန်နေပေ။

တွေးကြည့်ပြီးနောက် ဈာပနာပွဲကို တက်ရောက်ဖို့ရာ လင်းရီ ဆုံးဖြတ်လိုက်သည်။

ဝမ်ကျန့်ရှုတွင် ဝမ်ကျားလု အမည်ရသည့် ညီတစ်ယောက်လည်း ရှိ၏။ သူကလည်း ကုမ္ပဏီ၏ ရှယ်ယာများကို ပိုင်ဆိုင်ထားသည်။ သို့သော် ဆန်ကုန်မြေလေး တစ်ယောက်သာဖြစ်ပြီး အစ်ကိုဖြစ်သူ ဝမ်ကျန့်ရှုနှင့်တော့ မိုင်ချီပြီးကို ကွာသည်။

အကယ်၍ သူသာ ကုမ္ပဏီကို လက်လွှဲယူလိုက်မည်ဆိုပါက ၎င်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုက မသေချာတော့ဘဲ လင်းယွင်အုပ်စု၏ ကမ္ဘာသို့ ဖြန့်ကျက်မည့် နည်းဗျူဟာကိုပင် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။

ထို့ကြောင့် မည်သည့်ရှုထောင့်ကပဲ ကြည့်ရှုပါစေ၊ ဤဈာပနာပွဲက သူ သွားကို သွားသင့်သည့် ပွဲပင်။

ထိုညတွင် လင်းရီသည် ကျီချင်းရန်နှင့်အတူ ဈေးဝယ်ထွက်ပြီး အိမ်သို့ ပြန်လာခဲ့၏။

ချီရှန်းကျောက်ကို နောက်တစ်နေ့ ဈာပနာပွဲသို့ တက်ရောက်မည့်အကြောင်းလည်း အသိပေးလိုက်သည်။

နောက်တစ်နေ့ နံနက်ခင်းအစောပိုင်း ၅ နာရီအချိန်တွင် ၊ ချီရှန်းကျောက်သည် ဟော်ယွမ်ယွမ်နှင့်အတူ ကားမောင်းရောက်ရှိလာပြီး လင်းရီကို လာကြိုပေး၏

“ ရှင် အခု ဝတ်ထားတာတွေကို အစ်မကျီ ဆင်ထားပေးတာမလား ….”

ဟော်ယွမ်ယွမ် မေးလာခဲ့၏။

“ မင်း ဘယ်လိုလုပ်ပြီး သိတာ …”

“ စတိုင်ကြည့်လိုက်တာနဲ့ မြင်သာနေတာကိုပဲ … ရှင်က နည်းနည်းလေး စိတ်ရှုပ်ဖို့ ကောင်းတယ်ဆိုပေမယ့် အနက်ရောင် ဝတ်စုံပြည့်နဲ့ကျတော့ ကျွန်မတို့အိမ်က သခင်လေးကောင်းထက် ခန့်ညားတာကိုတော့ ဝန်ခံရမယ် ….”

“ ချီးကျူးတယ်လို့ပဲ သဘောထားလိုက်မယ် ….”

လင်းရီသည် ဟော်ယွမ်ယွမ်နှင့် စကားစစ်ထိုးဖို့ စိတ်အခြေအနေတွင် ရှိမနေဘဲ ထိုအစား မေးမြန်းလိုက်၏။

“ လောင်ဝမ်သေသွားတာက ဓာတ်လိုက်တာကြောင့်ဆိုတာ အတည်ပြုလိုက်ပြီလား …..”

“ သူတို့ ပြောသံကြားတာကတော့ အဲ့လိုပဲ … ဒါပေမယ့် သူ့ဇနီးကတော့ နည်းနည်း သံသယ ဖြစ်ဖို့ကောင်းတယ် .. ရဲဘက်ကတော့ ဘာမူမမှန်တာမှ ရှာမတွေ့ခဲ့ဘူး … မတော်တဆ သေဆုံးသွားတယ်ဆိုပြီးပဲ ယူဆလိုက်ကြတယ် …” ဟော်ယွမ်ယွမ် ပြောလိုက်သည်။

“ သူ့ညီလက်ချက်ကြောင့်လို့ သံသယဝင်နေတာတော့ မဟုတ်ဘူးမလား ….”

“ သူတို့ချင်းက တည့်ကြတာမှ မဟုတ်တာ … တကယ်လို့ ဝမ်ကျန့်ရှုကသာ သူ့ကို ဖိနှိပ်ထားနိုင်တဲ့အထိ လုံလောက်အောင် သန်မာမနေဘူးဆိုရင် ဟောက်ယွီ storage ကလည်း ဒီလောက်ထိ တိုးတက်လာခဲ့မှာ မဟုတ်ဘူး ….”

“ အဲ့လိုဆိုရင်တောင် သက်သေကမှ မရှိတာ … ရဲဘက်ကလည်း ဘာကိုမှ ရှာလို့မတွေ့ကြဘူး … အဲ့ဒီတော့ အမှုကို ပိတ်လိုက်ကြပြီ …” သူမ ပြောလိုက်ပြီး “ အဲ့လောက်ထိလည်း အတွေးလွန်မနေစမ်းပါနဲ့ သူဌေးရယ် … ဈာပနာကို ဈာပနာလိုပဲ သွားစမ်းပါ …”

“ ကျုပ်ကတော့ ကုမ္ပဏီရဲ့ အနာဂတ်အကြောင်းကို တွေးပူနေမိတယ် …” ချီရှန်းကျောက်က ထပ်ပေါင်းပြောလာခဲ့သည်။ “ တကယ်လို့ ဝမ်ကျားလုကသာ လက်လွှဲယူလိုက်ရင် ကျုပ်တို့ရဲ့ စွမ်းအင်သစ် ကဏ္ဍအပေါ် ရင်းနှီးမြုပ်နှံကိုလည်း ထိခိုက်လာနိုင်တယ် ….”

“ ငါလည်း အဲ့ကိစ္စကို စိတ်ပူနေတာ .. မဟုတ်ရင် ဒီနေ့ပွဲတောင် တက်မှာ မဟုတ်ဘူး … သူတို့ မိသားစု အခြေအနေကို ဒီတိုင်း တစ်ချက် သွားကြည့်ချင်ရုံပဲ ….”

“ ဒါရိုက်တာဝမ်မှာ အမေရိကားမှာ MBA တက်နေတဲ့ သားတစ်ယောက် ရှိတယ်မလား … အခွင့်အရေးရရင် သူနဲ့ စကားပြောကြည့်ပြီး ဘယ်လိုဘယ်ပုံရှိလဲ တစ်ချက် လေ့လာကြည့်လိုက် ….”

“ အဲ့တာကလည်း နောက်ထပ် ရွေးချယ်စရာ တစ်ခုပဲ ….”

မနက်ခင်း အစောပိုင်း ခြောက်နာရီဝန်းကျင်။ လုံဟွား ဈာပနာခန်း၏ ဝင်ပေါက်ဝ၌ ဇိမ်ခံကား တစ်ရာကျော်က ပါကင်နေရာတစ်ခုလုံး ပြည့်နှက်နေသည်အထိ ရပ်ထားကြ၏။

လူတိုင်းက အနက်ရောင် ဝတ်စုံပြည့်များ ဝတ်ဆင်ထားကြပြီး လေထု အခြေအနေမှာလည်း လေးလံ၍ မွန်းကြပ်ဖွယ်ရာ ကောင်းနေသည်။

ဈာပနာခန်းမ၏ ထောင့်စွန်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ မတ်တပ်ရပ်နေကြပြီး အမျိုးသားကတော့ အသက်ငါးဆယ်ဝန်းကျင်ခန့် ရှိပြီ ဖြစ်၏။ ဦးခေါင်းထိပ်တွင်လည်း ဆံပင်တို့က ရှိသည်ဆိုရုံလောက်သာ ကျန်ရစ်တော့သည်။

သူ့နံဘေးတွင် အသက် နှစ်ဆယ့်ငါး ၊ သို့မဟုတ် နှစ်ဆယ့်ခြောက် ဝန်းကျင်ရှိ အမျိုးသမီးငယ် တစ်ဦး မတ်တပ်ရပ်နေပြီး မိတ်ကပ်ပါးပါးလည်း လိမ်းခြယ်ထားသေး၏။

အမျိုးသား၏ နာမည်က ဝမ်ကျားလု ဖြစ်ပြီး သေဆုံးသွားသူ၏ ညီလေးပင်။

မိန်းမငယ်လေးကတော့ သူ့သမီး ဝမ်ယွီ့နီပင်။

“ အဖေ … မနေ့တုန်းက ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုနေလဲ … သူတို့အားလုံး ဆုံးဖြတ်ပြီးကြပြီလား ….”

“ အင်း … မတော်ဆမှု ဖြစ်တဲ့နေ့ကတည်းက သူတို့ရဲ့ ရပ်တည်ချက်ကို ဖော်ပြပြီးသား .. ဘာမှ ပူစရာမလိုဘူး ….”

“ ဒါဆို အားလုံး အိုကေနေပြီပဲ .. ဦးလေးကလည်း သေသွာ့းပြီ … ဒီကုမ္ပဏီကလည်း အဖေ့အပိုင် ဖြစ်ပြီ ….”

“ ဝမ်းကွဲကလည်း အခုထိ ကျောင်းမပြီးသေးဘူးဆိုတော့ အတွေ့အကြုံကလည်း မရှိသေးဘူး … သမီးတို့နဲ့ ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ….”

(၀မ်းကွဲ - ၀မ်ကျန့်ရှု၏သား)

“ သူ့ကို အန္တရာယ်ရှိတဲ့ ပြိုင်ဘက်လို့တောင် ငါတစ်ခါမှ မစဉ်းစားဖူးဘူး ….” ဝမ်ကျားလု တည်ငြိမ်စွာ ဆိုလိုက်၏။

“ အခုကတော့ လင်းယွင်အုပ်စုက အခြေအနေကို ဘယ်လိုမြင်လဲပဲ ကြည့်ရတော့မှာ …”

“ လင်းယွင်အုပ်စုလား ….”

“ သူတို့က အုပ်စုရဲ့ ရှယ်ယာ ၂၈ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတာ … အကြီးမားဆုံး ရှယ်ယာရှင်ပဲ …” ဝမ်ကျားလုက စီးကရက်တစ်လိပ်ကို မီးညှိ၍ တင်းမာနေသည့် မျက်နှာထားဖြင့် ဆိုလိုက်ပြီး “ စွမ်းအင်သစ် နယ်ပယ်က ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု အလယ်မှာ ရှိနေသေးတုန်းပဲ … သူတို့ရဲ့ ပံ့ပိုးပေးမှုသာ မရှိခဲ့ရင် ဟောက်ယွီ storage ဆိုတာ ကျရှုံးပြီးတာ ကြာပြီ …..”

“ ငါတို့ အရင်တုန်းကလည်း သူတို့နဲ့ ဆက်ဆံဖူးတယ် .. ပြီးတော့ ဒီနေ့လည်း ဈာပနာပွဲကို ရောက်လာကြမှာပဲ … အခွင့်အရေးကို အသုံးချပြီး သူတို့နဲ့ စကားပြောကြည့်ရမယ် ….”

“ သမီးကတော့ အဲ့ကိစ္စက ကြီးကြီးမားမား ပြဿနာလို့ မထင်ဘူး … အန်ကယ်လည်း မရှိတော့ဘူးဆိုတော့ သမီးတို့နဲ့ ပူးပေါင်းဖို့ပဲ ရွေးချယ်ရတော့မှာ … ဒီနယ်ပယ်ထဲ ဆက်ပြီး မကြီးထွားချင်တော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့ ….”

“ အင်း … အပေါ်ယံ ကြည့်ရသလောက်ကတော့ အဲ့လိုမျိုးပဲ … ဒါကြောင့်မို့လည်း ဒီနေ့ တွေ့မယ့် ကိစ္စကို အတော်လေး မျှော်လင့်နေတာ ….”

“ အဖေ လုပ်နိုင်ပါတယ် … သမီး အဖေ့ကို ယုံတယ် ….”

“ မင်းကပဲ ပြောရတယ်ရှိသေး … မင်း မနေ့ညတုန်းက ကလပ်သွားခဲ့တယ်မလား …. အရက်နံ့တွေကိုထောင်းလို့ … မင်းလည်း ဘယ်အချိန်မှ မင်းအဖေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးမှာလဲကွာ …” ဝမ်ကျားလုက သူ့သမီးကို စိတ်ပျက်နေသည့် လေသံဖြင့် ပြောလိုက်သည်.

“ သမီးက မိန်းကလေးလေ … အဖေ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူပြီး မထမ်းပေးနိုင်ပါဘူး … သမီးလုပ်ဖို့ လိုတာက အားကိုးလို့ကောင်းမယ့် သားမက် တစ်ယောက်ရှာပေးပြီး အဖေ့ကုမ္ပဏီကို ကူပြီး စီမံခိုင်းတာပဲ ….” သူမ ပြောလိုက်သည်။

“ မင်း အဲ့အကြောင်း ပြောနေတာဆိုတော့ အဖေ့စိတ်ထဲမှာ သင့်လျော်တဲ့လူ တစ်ယောက်တော့ရှိတယ် ….”

“ ဟင် … ဘယ်သူများလဲ …..”

“ လင်းယွင်အုပ်စုရဲ့ စီအီးအို ချီရှန်းကျောက် …..”

“ သမီး မှတ်မိသလောက်ဆို သူက စီအိုအိုပါ ….”

“ ဒီနှစ်အစပိုင်းမှာ ရာထူးတိုးသွားတာ … သူ့အသက်က သုံးဆယ်ထဲမှာပဲ ရှိသေးတယ် … အခုထိ တစ်ကိုယ်တည်း … ကျိန်းသေပေါက်ကို စဉ်းစားသင့်တဲ့လူပဲ ….”

All Chapters