← Chapters

တိုက်ဆိုင်မှု

Vol. 168 Ch. 2404

တိုက်ဆိုင်မှု

Vol. 168 Ch. 2404

“ တကယ် … လင်းယွင်အုပ်စုရဲ့ စီအီးအိုက အသက်သုံးဆယ် အစောပိုင်းမှာပဲ ရှိသေးတယ်ပေါ့ … ဒါဆို အတော်ငယ်သေးတာပဲ ….”

“ မင်းသာ ချီရှန်းကျောက်ကို ရအောင်ယူနိုင်ရင် နောင်ကျ မင်းဘာမင်း ဘာပဲလုပ်လုပ် ငါ ဂရုမစိုက်ဘူး ….”

“ အဲ့လောက်တောင် အရည်အချင်း ရှိနေတယ်ဆိုတော့ … သမီးတောင် နည်းနည်းလေး စိတ်ဝင်စားသွားပြီ … ခဏနေကျရင် သူနဲ့ သွားတွေ့လိုက်မယ် ….”

အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့် ပို၍ပို၍ များပြားသည့် လူများက ဈာပနာခန်းမထဲသို့ ဝင်ရောက်လာကြသည်။

“ ကြည့် .. လင်းယွင်အုပ်စုရဲ့ စီအီးအို ချီရှန်းကျောက်နဲ့ ဥက္ကဌဟော်တို့ ရောက်လာပြီ ….”

ကားက အနီးနားတွင် ပါကင်ထိုးလာသည်ကို တစ်စုံတစ်ယောက်က မြင်တော့ အာမေဋိတ်သံဖြင့် လှမ်းအော်မိလိုက်ပြီး လူအများအပြားကို အာရုံစူးစိုက်သွားစေခဲ့လေသည်။

နယ်ပယ်ထဲရှိ လင်းယွင်အုပ်စု၏ အခြေအနေ ၊ အဆင့်အတန်းဖြင့် ဆိုပါက ဤနေရာရှိ လူအများစုမှာ သူတို့နှင့် တန်းတူ ပြောဆိုဆက်ဆံနိုင်သည့် အခြေအနေတွင် မရှိကြပေ။

လင်းရီကတော့ ကားထဲက ထွက်လာခဲ့ပြီးနောက် ချီရှန်းကျောက်တို့နှစ်ယောက်နှင့်အတူ အထဲသို့ မဝင်ဘဲ ထိုအစား လူသိပ်မများသည့် ထောင့်တစ်နေရာသို့ ဦးတည်လိုက်၏။

ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ ရောက်လာခဲ့သည်ကို မြင်တော့ လူတိုင်းက သူတို့နှစ်ဦးထံ အပြေးအလွှား လာရောက်နှုတ်ဆက်ကြ၍ ကောင်းမွန်သည့် ဆက်ဆံရေးတို့ တည်ဆောက်ဖို့ရာ ကြိုးပမ်းလာကြတော့သည်။

သူတို့အတွက်ကတော့ ဈာပနာပွဲသည် လူမှုရေး တွေ့ဆုံပွဲနှင့် မခြားနားပေ။

နှစ်ခုလုံးက လူအများအပြားနှင့် တွေ့ဆုံစေပြီး သဘာဝကျကျ အကျိုးသက်ရောက်မှုအနေနဲ့ စီးပွားရေး အပေးအယူများကို ဆွေးနွေးကြ၍ရသည်။

မည်သို့ပင်ဆိုစေကာမူ၊ ရင်းနှီးသည့် မိသားစုဝင်များကလွဲ၍ မည်သူမဆို စီးပွားရေး လုပ်ကိုင်နိုင်မည့် အခွင့်အရေးကောင်းကို လက်လွှတ်ကြမှာ မဟုတ်ပေ။

လူအများအပြားက သူတို့ထံ လာရောက်နှုတ်ဆက်ကြနေသည်ကို မြင်တော့ ချီရှန်းကျောက်တို့ နှစ်ဦးလုံးက ပရော်ဖက်ရှင်နယ်ဆန်သည့် အပြုံးများဖြင့် တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်နေကြပြီး သဘောထားကြီးမြတ်သည့် လူကြီးလူကောင်းများနှယ် ဟန်ဆောင်နေကြတော့သည်။

ထိုအချိန်တွင်တော့ လင်းရီသည် ဘေးတံခါးပေါက် တစ်ခုကနေ၍ အတွင်းဘက်ခြမ်းသို့ ရောက်လာခဲ့သည်။

“ ဒါရိုက်တာလင်း … ရှင်ရောက်လာပြီပဲ …”

တတိယထပ်ကို ရောက်တော့ လင်းရီသည် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် လူငယ်တစ်ဦးတို့က လှေကားခွင်တွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

အမျိုးသမီး၏ နာမည်က စွန်းယွီ့ရှန်ဖြစ်ပြီး ဝမ်ကျန့်ရှု၏ ဇနီးဖြစ်၏။ လူငယ်လေးကတော့ အမေရိကားတွင် ကျောင်းသွားတက်နေပြီး လတ်တလောတွင် နိုင်ငံသို့ ပြန်ရောက်လာသည့် သားဖြစ်သူ ဝမ်ဖန်းရွှမ်ပင် ဖြစ်သည်။

လင်းရီလည်း လက်ဆန့်တန်း၍ စွန်းယွီ့ရှန်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ အစ်ကိုဝမ် အခုလို ဖြစ်သွားတဲ့ သတင်းကို ကြားရတာ ကျုပ် စိတ်မကောင်းပါဘူးဗျာ … ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကရော ထင်ထားကြမှာ ….”

“ ဒါပေမယ့် ကျွန်မကတော့ လောင်ဝမ် ဘာမတော်ဆမှ ဖြစ်ခဲ့တာ မဟုတ်ဘူး … တစ်ယောက်ယောက် သတ်လိုက်တာလို့ပဲ ထင်တယ် …” စွန်းယွီ့ရှန်က မျက်ရည်များကို သပ်ရင်း ဝမ်းနည်းနေသည့် လေသံဖြင့် ပြောလိုက်၏။

လင်းရီသည် ဘေးဘီဝဲယာကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ပြီး မည်သူကမျှ ဖြတ်သွားဖြတ်လာ မရှိသည်ကို သတိထားမိလိုက်သည်။

“ မရီး … ဒီနေရာက စကားပြောကောင်းတဲ့ နေရာမဟုတ်ဘူး … သီးသန့် တစ်နေရာမှာ စကားပြောကြရအောင် …”

“ ကောင်းပါပြီ ….”

သုံးဦးမှာ အရေးကြီးဧည့်သည်တော်များ နားနေရာအခန်းသို့ ရောက်လာခဲ့ကြပြီး ဝမ်ဖမ်းရွှမ်က အပြင်လူများ ဝင်ရောက်လာမည်ကို ကြိုတင်တားမြစ်သည့် အနေဖြင့် တံခါးသော့ခတ်လိုက်၏။

“ မရီး … ကျုပ်တို့ချင်းက သူစိမ်းတွေလည်း မဟုတ်ဘူး .. ကျုပ်နဲ့လည်း တွေ့ဖူးတယ် … ကျုပ် မိန်းမနဲ့လည်း ထမင်းအတူစားဖူးတယ် … ကျုပ် တည့်တိုးပဲ ပြောမယ်ဗျာ …” လင်းရီ ပြောလိုက်ပြီး “ မရီးရဲ့သားက ဝမ်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းကို ဆက်ခံနိုင်ဖို့ မျှော်လင့်တယ် … လင်းယွင်အုပ်စုက သူ့ကို နောက်ကွယ်ကနေ ပံ့ပိုးပေးဖို့ ရှိနေပါမယ် ….”

“ ဒါရိုက်တာလင်း … ရှင်လည်း ဝမ်ကျားလုကို အားကိုးလို့ မရဘူးလို့ ထင်နေတာလား ….” စွန်းယွီ့ရှန်က အံတင်းတင်းကြိတ်လျက်

“ ကျွန်မယောက်ျားကို သတ်လိုက်တာ သူပဲ ဖြစ်ရမယ် … သူက ကုမ္ပဏီကို အပိုင်သိမ်းချင်နေတာ …”

“ စကားအရဆိုရင်တော့ ဖြစ်နိုင်ပါတယ် … ဒါပေမယ့် သက်သေအထောက်အထားမှ မရှိတာ … ကျုပ်တို့တွေ စကားကို လက်လွတ်စပယ် ပြောလို့မရဘူးလေ ….” လင်းရီ ပြောလိုက်သည်။

“ ကျုပ် အခု လုပ်ပေးနိုင်တာက မရီးကို ကူညီပေးပြီး ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးဖို့ပဲ … အဲ့ဒါဆို နှစ်ဖက်လုံးကလည်း အကျိုးဖြစ်ထွန်းမယ့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်ပြီး လက်တွဲလုပ်ဆောင်နိုင်မယ် … အစ်ကိုဝမ်သာ ဒီအကြောင်းတွေ သိသွားခဲ့ရင် အေးအေးချမ်းချမ်းနဲ့ အနားယူနိုင်မှာပါ …”

ဤစကားလုံးများကို ကြားတော့ စွန်းယွီ့ရှန်မှာ ပို၍ပင် ရင်ကွဲဝမ်းနည်းသွားခဲ့တော့သည်။

“ ရှင့်ကို ဘယ်လို ကျေးဇူးဆပ်လို့ ဆပ်ရမှန်းတောင် မသိတော့ပါဘူး ဒါရိုက်တာလင်းရယ် … ရှင့်လို အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးက လောင်ဝမ်ရဲ့ ဈာပနာကို ရောက်လာရုံတင် မကဘူး … ကျွန်မတို့ မိသားစု ပြဿနာတွေကိုလည်း စိတ်ပူပေးနေတယ် … ရှင့်ကျေးဇူးတွေက ဆပ်မကုန်တော့ပါဘူး ….”

“ ရပါတယ်ဗျာ …. ဟောက်ယွီ storage သာ မရှိရင် လင်းယွင်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း လက်ရှိအတိုင်းအတာအထိ ရောက်လာခဲ့မှာမှ မဟုတ်တာ … ဒါ နှစ်ဦးနှစ်ဖက်လုံးက အကျိုးရှိရှိ ပူးပေါင်းနေကြတာပဲလေ … ကျေးဇူးတင်နေရင် ယဉ်ကျေးလွန်းရာ ကျနေပါပြီ ….”

(ဟောက်ယွီနဲ့ ဟွာယွီက မူရင်းမှာကိုက အမျိုးမျိုးလုပ်နေတာ။ စာရေးဆရာက ရေးရင်း သတိလက်လွတ်ဖြစ်ပြီး နာမည်တွေ ရောကုန်လို့နဲ့တူပါတယ်။ ကျနော် အစောပိုင်းမှာ ဟွာယွီလို့ သုံးခဲ့ဖူးတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ဟောက်ယွီလို့ပဲ သုံးသွားပါ့မယ်။ )

“ ဒါဆိုလည်း ကျွန်မ ရှင့်ကို အားနာမနေတော့ဘူးနော် ….”

စွန်းယွီ့ရှန်က သူမ၏ သားဘက်သို့လှည့်၍ “ သား … လာပြီး ဒါရိုက်တာလင်းကို သေချာ နှုတ်ဆက်လှည့် … အမေတို့ မိသားစုရဲ့စီးပွားရေးက အခုချိန်ကစပြီး မင်းကို အားကိုးရတော့မှာပဲ ….”

“ ဟယ်လို ဒါရိုက်တာလင်း ….”

ဝမ်ဖန်းရွှမ်က လက်ဆန့်တန်းလိုက်သည်။ သူ၏ အမူအရာတို့က မရင့်ကျက်သေးကြောင်းကို ပြသနေသည်။

သူတို့ချင်းက သက်တူရွယ်တူ ဆိုသော်လည်း ဖြစ်တည်မှုချင်း နှိုင်းယှဉ်လျှင် ဝမ်ဖန်းရွှမ်က လင်းရီ၏ ပြိုင်ဘက် မဟုတ်ချေ။

လင်းရီလည်း တုံ့ပြန် လက်ဆွဲနှုတ်ဆက်လိုက်၏။ “ ငါတို့တွေ အခုချိန်ကစပြီး ပါတနာတွေ ဖြစ်သွားပြီ … ကြိုးစားကွာ .. အပြင်လူတွေ ငါတို့ကို ရယ်စရာ မဖြစ်စေနဲ့ ….”

“ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်း … ငါ နားလည်ပါတယ် ….”

အရေးကြီးကိစ္စများကို ဆွေးနွေးပြီးနောက် လင်းရီ၏ စိတ်ထဲ အများအပြား သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

“ နောက်ဆက်တွဲ စီစဉ်စရာတွေရော စီစဉ်ပြီးပြီလား … မြုပ်ဖို့ သင်္ချိုင်းမြေရော ဝယ်ပြီးပြီလား … ဖုန်းရွှေကောင်းတဲ့ မြေရဖို့ ကူညီပေးရဦးမလား ….”

“ ရတယ် ရတယ် … ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်း … “ စွန်းယွီ့ရှန် ပြောလိုက်ပြီး “ ကျွန်မတို့တွေက မြို့ပြင်ကလေ … ဒါကြောင့်မို့ သူ့ကို ကျိုးဟိုင်မှာ ထားဖြစ်မှာ မဟုတ်ဘူး … သူ့ရဲ့ မွေးရပ်မြေကို ပြန်ခေါ်သွားရင် ကောင်းမလားလို့ စဉ်းစားနေတာ ….”

“ ကျုပ် မှတ်မိသာ မှန်မယ်ဆိုရင် ဒါရိုက်တာဝမ်က ကျင်းလင်က မဟုတ်လား …”

“ အင်း … ကျွန်မတို့အားလုံးက ကျင်းလင်ကလေ …” စွန်းယွီ့ရှန် ပြောလိုက်ပြီး “ ဒါပေမယ့် သူ့ဇာတိက ကျေးလက်ရွာကလေးမှာ … သူ့ကို အဲ့မှာ သွားမြုပ်နှံပေးရင် ကောင်းမလားလို့လေ …. “

“ ကျေးလက် ရွာကလေး …” လင်းရီသည် အရွှန်းဖောက်သည့် လေသံဖြင့် “ ဒါဆိုရင်တော့ ဒါရိုက်တာဝမ်ရဲ့ ဘဝက အတော်လေးကို ပြောစမတ်ပြုလောက်စရာပဲ … ကျေးလက်ရွာသားလေးတစ်ယောက်က ချမ်းသာတဲ့ သူဌေးသမီးတစ်ဦးနဲ့ လက်ထပ်ဖြစ်လိုက်တဲ့ အကြောင်းပေါ့ … ဒီဇာတ်လမ်းက ဝတ္ထုတစ်ပုဒ်တောင် ရေးလို့ ရတယ် …”

“ တကယ်လည်း အဲ့လိုဟုတ်တယ် … သူ့လက်ရှိ အခြေအနေက ကောင်းမွန်နေတယ်ဆိုပေမယ့် အဲ့တုန်းက ကျင်းသုန်ရွာလေးမှာ ဆင်းရဲလွန်းလို့ စားဖို့ လောက်ငှရုံလေးပဲ ရှိတာ … ကံကောင်းချင်တော့ သူက အလုပ်ကြိုးစားချင်စိတ် ရှိတဲ့လူ ဖြစ်နေတယ် .. ဒီနှစ်တွေ တစ်လျှောက်လုံး ကြိုးစားပြီး‌ နောက်ဆုံးတော့ ဒီနေ့လို ……..”

“ ခဏ …”

လင်းရီ ရုတ်တရက် ကြားဖြတ်ပြောလိုက်ပြီး “ ခင်များပြောလိုက်တာ ဒါရိုက်တာဝမ်ရဲ့ ဇာတိက ကျင်းသုန်ရွာ ဟုတ်လား ….”

“ အင်း .. ကျင်းလင်မြို့နဲ့ ကီလိုမီတာ သုံးဆယ်လောက် ဝေးနဲ့ နေရာမှာ … ဒါရိုက်တာလင်းက အဲ့နေရာကို သိနေလို့လား ….”

“ ဒီတိုင်း ကြားဖူးလို့ပါ ….”

လင်းရီ သာမန်လျှံကာပဲ ခွန်းတုံ့ပြန်လိုက်သည်။ သို့သော် သူ့စိတ်ကတော့ ရူးသွပ်အောင် လည်ပတ်နေသည်။

ကျင်းသုန်ရွာဆိုသည့် နာမည်က သူနှင့် အင်မတန် တရင်းတနှီး ရှိလှသည်။

ခေတ္တစဉ်းစားကြည့်ပြီးနောက် သူ မာဟိုင်ချန်ကို စစ်ဆေးမေးမြန်းစဉ်အခါက မာဟိုင်ချန် ပြောခဲ့ဖူးခြင်း ဖြစ်ကြောင်းကို အမှတ်ရသွားခဲ့သည်။ သူနှင့် ဖန်းတရဲ့တို့ နှစ်ဦးလုံးက ကျင်းသုန်ရွာကချည်း ဖြစ်၏။

ထင်မှတ်မထားစွာဖြင့် ဝမ်ကျန့်ရှုသည်လည်း ကျင်းသုန်ရွာသား ဖြစ်လို့နေသည်။

ဒါကြီးက နည်းနည်း တိုက်ဆိုင်လွန်းမနေဘူးလား …

“ ဒါရိုက်တာလင်း ….” စွန်းယွီ့ရှန်က မဝံ့မရဲလေး ခေါ်လိုက်၏။

“ ဆောရီး … ကျုပ် စိတ်တွေ နည်းနည်း လေလွင့်သွားလို့ပါ …” လင်းရီ ပြုံးလျက် တောင်းပန်လိုက်၏။

“ ကျုပ် မိတ်ဆွေတစ်ယောက်ရဲ့ မိဘတွေကလည်း ကျင်းသုန်ရွာကပဲလေ … ဒါရိုက်တာဝမ်နဲ့ တစ်ရွာတည်းသားချင်းတွေ ဖြစ်နေနိုင်တယ် .. ဘယ်လောက်တောင် တိုက်ဆိုင်ထားလိုက်လဲ….”

လင်းရီချက်ချင်းပဲ ဆင်ခြေတစ်ခု လက်တန်း ဖန်တီးလိုက်၏။

“ အဲ့တာတော့ တကယ်ပဲ တိုက်ဆိုင်လွန်းသွားပြီ … ကျွန်မတို့ လောင်ဝမ်ပြောတာတော့ ကျင်းသုန်ရွာက အဲ့တုန်းက အတော်လေး ဆင်းရဲခဲ့တာ တဲ့ … လူငယ်တော်တော်များများက ရွာကနေ ထွက်ပြီး တစ်ခြားနေရာတွေမှာ အလုပ်သွားလုပ်ကြတာ … ဟွာရှက တကယ်ကြီးတယ်ဆိုပေမယ့် ဇာတိတူတဲ့လူချင်း တွေ့ဖို့ဆိုတာတော့ တကယ်မလွယ်တာလေ ….”

“ အမှန်ပဲ …” လင်းရီ၏ မျက်လုံးတို့ ဂနာမငြိမ် ရွေ့လျားသွားခဲ့ပြီး

“ အလောင်းကို ဘယ်တော့လောက် မြုပ်ဖို့ စီစဉ်ထားလဲ …”

စွန်းယွီ့ရှန်သည် သူမ၏ နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ နာရီဝက်နေရင်ပါ … ဖုန်းရွှေမာစတာ တွက်ချက်ပေးထားတဲ့ အချိန်ပေါ့ ….”

“ ကျုပ် တခြားကိစ္စလေးတွေ ရှိသေးလို့ ခဏလောက် အပြင်ထွက်သွားဦးမယ် … ပြီးမှပဲ ပြန်လာခဲ့တော့မယ် …”

“ ကောင်းပြီလေ .. ဒါရိုက်တာလင်း လုပ်စရာရှိတာ လုပ်ပါ … သားလေး .. ဒါရိုက်တာလင်းကို လိုက်ပို့ပေးလိုက်ပါဦး ….”

“ မလိုဘူး မလိုဘူး … ရတယ် … အခုချိန်မှာ လုပ်စရာတွေက အများကြီးပဲ … လိုက်ပို့ပေးဖို့ မလိုပါဘူး … အပြင်လူတွေမှ မဟုတ်တာ ….”

နှုတ်ဆက်ပြီးနောက် လင်းရီလည်း မြန်မြန် ခပ်သွက်သွက် ထွက်လာခဲ့လိုက်၏။

ထို့နောက် ဈာပနာ ဝန်ထမ်းတစ်ချို့ကို ရှာတွေ့သွားခဲ့ပြီး မေးခွန်းတစ်ချို့ မေးမြန်းပြီးနောက် လေးလွှာရှိ ဒါရိုက်တာရုံးခန်းတံခါးပေါက်ဝသို့ ရောက်ရှိလာသည်။

တံခါးခေါက်၍ တွန်းဖွင့်ပြီး အထဲသို့ ဝင်လာခဲ့လိုက်သည်။

အတွင်းတွင် အသက်လေးဆယ်ကျော်အရွယ် မျက်မှန်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေပြီး လင်းရီဝင်လာသည်ကို မြင်တော့ သင်္ကာမကင်းသည့် မျက်လုံးတို့ဖြင့် ကြည့်နေသည်။

“ ဟယ်လို … မင်းက ….”

လင်းရီသည် သူ၏ အိုင်ဒီကို ထုတ်ပြလိုက်ပြီး အသံကိုနိမ့်၍ “ ကျုပ်က လျှို့ဝှက်တပ်ဖွဲ့တစ်ခုကပါ … ခင်များဆီက ပူးပေါင်းပေးမှုကို လိုတယ် .. တကယ်လို့ ကျုပ်ရဲ့ အထောက်အထားကို သံသယရှိတယ်ဆိုရင် ဖုန်းဆက်ပြီး အတည်ပြုလို့ရတယ် … ဒါပေမယ့် အရင်ဆုံး ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ် …”

All Chapters