အခန်း ၃၂၇
Vol. 33 Ch. 327
အခန်း။ ၃၂၇
အနက်ရောင်ဝတ် အဘွားအိုမှာ ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ချောင်းတစ်ချက်ဟန့်၍ ပြောလိုက်သည်။
"ကျန်းဖျင် ချင်းချင်း... ဒီလူငယ်လေးကတော့ တန်လုံဆိုတဲ့ သခင်လေးပဲ။ သူက ရုပ်ရည်
ချောမောရုံတင်မကဘူး။ ပါရမီကလည်း ထူးချွန်လွန်းတယ်။ အရွယ်ရောက်ပြီးတဲ့နောက်ပိုင်း လအနည်းငယ်အတွင်းမှာတင် သူ့ရဲ့ ကျင့်ကြံမှုအဆင့်က နတ်ဘုရားခရီးသွားအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီ"
"သခင်လေးတန်တို့ရဲ့ တန်မျိုးနွယ်စုဆိုတာ တောင်ပိုင်းပြည်နယ်မှာ အင်အားကြီးတဲ့ မျိုးနွယ်စုတစ်ခုပဲ။ ထာဝရအသက်ရှည်ခြင်း မျိုးနွယ်စုတွေနဲ့ မဝေးကွာသလို ငါတို့ နန်ပင်းဓားဂိုဏ်းနဲ့လည်းရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တာ ကြာပြီ"
မူကျန်းဖျင်နှင့် ရှူးချင်းချင်းတို့မှာ ယဉ်ကျေးစွာ ခေါင်းညိတ်၍ နှုတ်ဆက်လိုက်ကြသည်။ ချန်ကျီရှင်းအကြောင်း အကြိမ်ကြိမ် ကြားဖူးထားသောကြောင့် အသက်နှစ်ဆယ်အရွယ်တွင် နတ်ဘုရားခရီးသွားအဆင့်ရောက်ရှိနေခြင်းမှာ ချီးကျူးလောက်စရာ မဟုတ်ဘူးဟု သူတို့ ထင်မိကြသည်။
တန်လုံမှာ ချက်ချင်းပင် ရေခံမြေခံကျစွာ လက်ဝါးကို ဝှေ့ယမ်း၍ ပြုံးလျက် ပြောလိုက်သည်။
"မပြောပါနဲ့ဗျာ။ ထာဝရအသက်ရှည်ခြင်း မျိုးနွယ်စုတွေမှာ ထာဝရအသက်ရှည်ခြင်းအဆင့်ပုဂ္ဂိုလ်တွေ ရှိကြတယ်။ သူတို့မှာ မျိုးနွယ်စုစောင့်ရှောက် ထာဝရရှင်သန်ခြင်းစစ်သည်တွေ ရှိရုံတင်မကဘူး။ အထွတ်အထိပ် ဘိုးဘေးတွေလည်း ရှိကြတယ်။ ကျွန်တော်တို့ တန်မျိုးနွယ်စုမှာတော့ နိဗ္ဗာနအဆင့်နှစ်ဦးပဲ ရှိပါသေးတယ်။ အဲ့ဒီမျိုးနွယ်စုကြီးတွေနဲ့ ယှဉ်ရင်တော့ အများကြီး လိုပါသေးတယ်"
ဤစကားသံ ထွက်ပေါ်လာသည်နှင့် အနက်ရောင်ဝတ် အဘွားအိုမှာ အံ့အားသင့်သွားသည်။ "နိဗ္ဗာနအဆင့် နှစ်ဦးဟုတ်လား တန်မျိုးနွယ်စုမှာ နောက်ထပ် နိဗ္ဗာနအဆင့် ကျွမ်းကျင်သူတစ်ဦး တိုးလာတာလား"
ရည်ရွယ်ချက် ပြည့်ဝသွားပြီဖြစ်သည့် တန်လုံမှာ မူကျန်းဖျင်နှင့် ရှူးချင်းချင်းတို့ကို တစ်ချက်အကဲခတ်ကြည့်ပြီးနောက် ရယ်မော၍ ပြောလိုက်သည်။
"ဟုတ်ကဲ့ မကြာသေးခင်ကပဲ ကျွန်တော့်ရဲ့ ဒုတိယဘိုးဘေးကြီးက နိဗ္ဗာနအဆင့်ရဲ့ အကြီးမားဆုံးသော ဘေးအန္တရာယ်ကို ကျော်ဖြတ်ပြီး နိဗ္ဗာနအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်"
"ဒါက... တကယ်ကို ဂုဏ်ယူစရာ ကိစ္စပါပဲ"
အနက်ရောင်ဝတ် အဘွားအိုမှာ မနာလိုဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"ကျွန်မတို့ နန်ပင်းဓားဂိုဏ်းနဲ့ တန်မျိုးနွယ်စုကြားက ကွာဟချက်က တဖြည်းဖြည်း ကြီးမားလာပြီပဲ"
"အကြီးအကဲလုံရယ် အဲ့ဒီလိုမျိုး မပြောပါနဲ့ဗျာ။ အင်အားကြီး မျိုးနွယ်စုတွေကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာက အားလုံးအတွက် ကောင်းပါတယ်"
တန်လုံက နှိမ့်ချစွာ ပြောဆိုပြီးနောက် အဘွားအို၏ ကျောဘက်တွင် ရှိနေသော မူကျန်းဖျင်နှင့် ရှူးချင်းချင်းတို့ကို လှမ်းကြည့်လိုက်သည်။
"ညီမလေးတို့ ဒီတိုက်ပွဲကို လာကြည့်တာလား"
"ဟုတ်ပါတယ် ဆရာမနဲ့အတူ ဗဟုသုတ ရှာဖွေချင်လို့ပါ"
မူကျန်းဖျင်က တည်ငြိမ်ယဉ်ကျေးသော ဟန်ပန်ဖြင့် ပြုံး၍ ခေါင်းညိတ်ပြောသည်။
"ဒါဆိုရင်တော့ ညီမတို့ လူမှန်နေရာမှန်ကို ရောက်လာတာပဲ"
တန်လုံမှာ စွပ်ဟူသော အသံနှင့်အတူ လက်ထဲမှ ယပ်တောင်ကို ဖြန့်လိုက်ပြီး အသံကို အနည်းငယ် လျှော့၍ ပြောလိုက်သည်။
"ညီမလေးတို့ကို ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ တန်မျိုးနွယ်စုက ဇီဝေချန်မျိုးနွယ်စုနဲ့ တော်တော်လေး ဆက်သွယ်မှု ရှိပါတယ်။ တကယ်တော့ တတိယသခင်လေး ချန်ကျီရှင်းနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့တာပါ"
"တတိယသခင်လေးနဲ့ လီချန်းရှင်းတို့ တိုက်ပွဲစရင် ကျွန်တော် ညီမတို့ကို ရှေ့ဆုံးကနေ ကြည့်နိုင်အောင် စီစဉ်ပေးနိုင်ပါတယ်"
ဤစကားကို ကြားလိုက်ရသော် မူကျန်းဖျင်နှင့် ရှူးချင်းချင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြပြီး မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။
"တကယ်လား အစ်ကိုတန်က တတိယသခင်လေးကို သိတာလား"
ရှူးချင်းချင်းမှာ ပါးစပ်ကို အုပ်လိုက်ပြီး တောက်ပသော မျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ မေးသည်။
"သခင်လေးတန် ပြောတာ တကယ်ရော ဟုတ်ရဲ့လား"
မူကျန်းဖျင်ကလည်း သံသယအနည်းငယ်ဖြင့် သူမ၏ မျက်ခုံးနုနုကို ပင့်၍ မေးလိုက်သည်။
သူတို့၏ ဆရာမက တန်မျိုးနွယ်စု၏ အရှိန်အဝါကို မည်မျှပင် ကြီးမားသည်ဟု ပြောပါစေ လက်တွေ့တွင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။
ဇီဝေချန်မျိုးနွယ်စု၏ အစေခံသက်သက်ဖြစ်သည့် အကြီးအကဲ မဟူရာဆိုသူ တစ်ဦးတည်းနှင့်ပင် တန်မျိုးနွယ်စုတစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခြင်းပင်။
သို့သော်လည်း ဤသခင်လေးတန်က တန်မျိုးနွယ်စုတွင် ဇီဝေချန်မျိုးနွယ်စုနှင့် လျှို့ဝှက်ဆက်သွယ်မှု ရှိသည်ဟု ပြောနေသည်။
ထို့ပြင် ထိပ်တန်း တာအိုဂိုဏ်းကြီး နှစ်ခု၏ ကျောထောက်နောက်ခံဖြင့် အထွတ်အထိပ်တွင် ရှိနေသည့် တတိယသခင်လေး ချန်ကျီရှင်းနှင့် ငယ်စဉ်ကတည်းက ရင်းနှီးသည်ဟု ပြောပြန်သည်။
"သေချာတာပေါ့။ ကျွန်တော့်ရဲ့ ဘိုးဘေးတစ်ဦးက ဇီဝေချန်မျိုးနွယ်စုရဲ့ ချန်ဒါယန်နဲ့ အတူတူ တိုက်ပွဲဝင်ခဲ့ဖူးတဲ့ မိတ်ဆွေတွေပါ။ ကျွန်တော့် ဘိုးဘေးက ဇီဝေချန်မျိုးနွယ်စုကို သွားလည်တဲ့အခါ ကျွန်တော့်ကို ခေါ်သွားလို့ တတိယသခင်လေးနဲ့ သိခဲ့တာပါ"
မူကျန်းဖျင်၏ သံသယရှိသော အကြည့်များကို ကြုံရသော်လည်း တန်လုံမှာ လိမ်ညာသည့် အရိပ်အယောင် လုံးဝမပြဘဲ အနည်းငယ် ပြုံးရုံသာ ပြုံးသည်။
"တတိယသခင်လေးဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။ သူက ရှေးခေတ်အဆက်ဆက် ဒဏ္ဍာရီတွေကို ချိုးဖျက်ခဲ့သူ၊ သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်၊ အကြီးမြတ်ဆုံး တာအိုဂိုဏ်းကြီး သုံးခုကတောင် လိုလိုလားလား ဖိတ်ခေါ်ခံရသူ မဟုတ်လား"
သူ့အနေဖြင့် မူကျန်းဖျင်တို့ကဲ့သို့သော သူများအနေဖြင့် တတိယသခင်လေးဆီ သွား၍ အတည်ပြုနိုင်မည်ဟု မယုံကြည်ပေ။
"တတိယသခင်လေးရဲ့ တန်ခိုးအာဏာက တက်ကြွလာတာနဲ့အမျှ ဇီဝေချန်မျိုးနွယ်စုဟာလည်း တာအိုဂိုဏ်းကြီးတွေပြီးရင် အင်အားအကြီးဆုံး ဖြစ်လာမှာပါ။ တန်မျိုးနွယ်စုမှာ ဒီလို ဆက်
သွယ်မှုမျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ တန်မျိုးနွယ်စုလည်း အတူတူ ထွန်းကားလာတော့မှာပဲ"
အနက်ရောင်ဝတ် အဘွားအိုမှာ သက်ပြင်းချရင်း ပြောသည်။
ရှူးချင်းချင်း၏ မျက်လုံးများမှာ တောက်ပလာပြီး အပြစ်ကင်းစင်စွာဖြင့် ပြောသည်။ "သခင်လေးတန် ကျွန်မတို့ကို တတိယသခင်လေးနဲ့ မိတ်ဆက်ပေးနိုင်မလား အစ်မနဲ့ ကျွန်မတို့ နှစ်ယောက်လုံး သူ့ကို အကြာကြီးကတည်းက အားကျနေတာ"
"ဟားဟားဟား အဲ့ဒါတော့ စီစဉ်ပေးနိုင်တာပေါ့။ ဒါပေမဲ့ အခုလောလောဆယ် တတိယသခင်လေးက တိုက်ပွဲအတွက် ပြင်ဆင်နေရလို့ အလုပ်ရှုပ်နေမှာပါ။ တိုက်ပွဲပြီးသွားရင်တော့ ညီမတို့ကို သေချာပေါက် မိတ်ဆက်ပေးပါ့မယ်"
တန်လုံမှာ ရယ်မောရင်း ကိစ္စကို ပေါ့ပေါ့ပါးပါးပင် ကျော်ဖြတ်လိုက်သည်။
ဒီတိုက်ပွဲပြီးရင်လား။
ဒီတိုက်ပွဲပြီးဆုံးချိန်မှာ ဒီလိုချောမောလှပတဲ့ ညီအစ်မနှစ်ယောက်ကို ငါသိမ်းပိုက်ပြီးသားဖြစ်နေမှာ မဟုတ်ဘူးလား။
တန်လုံမှာ အတွင်းစိတ်ဖြင့် လှောင်ပြုံးပြုံးလိုက်သည်။
"ကဲ... သွားကြရအောင် သွားကြရအောင်။ ဒီနေ့တော့ ကျွန်တော် အားလုံးကို ဖိတ်ကျွေးပါ့မယ် မသေမျိုးမျှော်စင်မှာ သွားပြီး ထိုင်ကြရအောင်"
သူတို့အဖွဲ့မှာ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။
မူကျန်းဖျင်မှာမူ တစ်စုံတစ်ခု လွဲမှားနေသလို ခံစားရသဖြင့် မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်သည်။
သူမ စဉ်းစားနေစဉ်မှာပင် သင်္ဘောကြီး၏ တစ်ဖက်ခြမ်းမှ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက် သင်္ဘောပေါ်မှ ဆင်းလာသည်ကို အမှတ်တမဲ့ မြင်လိုက်ရသည်။
ထိုသူ၏ နောက်တွင်မူ လျှို့ဝှက်ဆန်းကြယ်သော လူအုပ်ကြီးက အရိပ်ပမာ လိုက်ပါသွားကြသည်။
"ဟင်... အဲ့ဒါ... သင်္ဘောပေါ်က လူမဟုတ်လား"
မူကျန်းဖျင်မှာ အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး သေချာကြည့်ရန် ကြိုးစားသော်လည်း ထိုသူမှာ ထွက်ခွာသွားနှင့်ပြီ ဖြစ်သည်။
"ငါ မျက်စိမှားတာ ဖြစ်မယ်"
မူကျန်းဖျင်က ခေါင်းခါလိုက်ပြီး ရှေ့မှ အော်ခေါ်နေသော ဆရာမ၏ အသံကို ကြားသဖြင့် အမြန်ပင် လိုက်သွားလိုက်သည်။
...
...
တစ်ဖက်တွင်မူ ဆိပ်ကမ်းနောက်ဘက်ရှိ လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုအတွင်းတွင်
"တတိယသခင်လေး"
"တတိယသခင်လေးကို ဂါရဝပြုပါတယ်"
မဟူရာအကြီးအကဲများမှာ ချန်ကျီရှင်း၏ ရှေ့တွင် မတ်တပ်ရပ်လျက် ဦးညွှတ်လိုက်ကြသည်။ သူတို့၏ နောက်ကွယ်တွင် အမှောင်တပ်ဖွဲ့မှ လူဆယ်ဂဏန်းနှင့် စစ်မှန်သောကိုယ်ပိုင်အဆင့်မှ အကြီးအကဲ ဆယ်ဦးတို့မှာ တစ်ပြိုင်နက်တည်း ဒူးတစ်ဖက်ထောက်လျက် လေးစားစွာ အရိုအသေပေးကြသည်။
"အခမ်းအနားတွေ လုပ်မနေပါနဲ့တော့"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး သူ၏ ရုပ်ရည်မှာ တဖြည်းဖြည်း ပြောင်းလဲသွားကာ မူလရုပ်ရည်အတိုင်း ပြန်ဖြစ်သွားသည်။
"ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ"
ချန်ကျီရှင်းက တည်ငြိမ်စွာ မေးလိုက်သည်။
မဟူရာအကြီးအကဲများက ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိုးတိုးလေး လျှောက်တင်ကြသည်။
"တတိယသခင်လေး လီချန်းရှင်းက လက်ရှိမှာ အရှေ့ပင်လယ်ကို ထွက်ခွာဖို့ ပြင်ဆင်နေပြီး ကျွန်တော်တို့ရဲ့ အနီးကပ် စောင့်ကြည့်မှုအောက်မှာ ရှိပါတယ်"
"စီကုံးမျိုးနွယ်စုနဲ့ ပတ်သက်ပြီးတော့ သူတို့ အရှေ့ပင်လယ်ကို ကြိုရောက်နေပေမဲ့ အခုထိတော့ ဘာမှ မလှုပ်ရှားသေးပါဘူး။ သူတို့မှာ အကြံအစည် ရှိပုံရပေမဲ့ လီချန်းရှင်းရဲ့ တားဆီးမှုကြောင့် ဖြစ်နိုင်ပါတယ်"
ဤသို့ပြောပြီးနောက် မဟူရာအကြီးအကဲများမှာ ရပ်တန့်သွားပြီး အမှောင်တပ်ဖွဲ့ဘေးတွင် ရပ်နေသည့် ရှုပ်ထွေးသော စက်ဝန်းပုံစံ အဝတ်အစား ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အိုတစ်ဦးကို ကြည့်လိုက်သည်။
"တတိယသခင်လေး သူကတော့ လက်ရှိ ခေတ်ကာလရဲ့ အထွတ်အထိပ် စက်ဝန်းပညာရှင်ဖြစ်တဲ့ တန်ယွမ်ဇီပါ။ ဒီတစ်ခေါက် တိုက်ပွဲမှာ ဘာအမှားအယွင်းမှ မဖြစ်ရအောင် စစ်ဆေးပေးဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ထားတာပါ"
"သူကိုယ်တိုင်လည်း ဒီတိုက်ပွဲကို လေ့လာစောင့်ကြည့်မှာ ဖြစ်တဲ့အတွက် စီကုံးမျိုးနွယ်စု ချက်ချင်း မလှုပ်ရှားနိုင်အောင် သေချာစေမှာပါ"
ဤစကားကို ကြားသောအခါ ချန်ကျီရှင်းက အဆိုပါ သက်ကြီးရွယ်အိုကို လှည့်ကြည့်၍ ပြုံးလျက် ပြောလိုက်သည်။
"တန်ယွမ်ဇီ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့ လူငယ်တွေက ဆရာ့ရဲ့ ဂုဏ်သတင်းကို အမြဲ ကြားဖူးပြီး လေးစားနေတာပါ။ ဒီကိစ္စမှာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"တတိယသခင်လေးကလည်း ဒီလို မပြောပါနဲ့။ တကယ်ဆိုရင် ကျွန်တော်ကသာ သခင်လေးရဲ့ ကျော်ကြားတဲ့ ဂုဏ်သတင်းကို အားကျနေရတာပါ"
တန်ယွမ်ဇီက မုတ်ဆိတ်ကို ပွတ်ရင်း ကျယ်လောင်စွာ ရယ်မောသည်။
"အဖိုးချန်က ကျွန်တော့်အသက်ကို တစ်ခါ ကယ်တင်ခဲ့ဖူးတာ။ ဒါလောက်လေး ကူညီရတာ ဘာမှ မဟုတ်ပါဘူး"
"တတိယသခင်လေး စိတ်ချပါ။ ကျွန်တော် ရှိနေသရွေ့ ဒီတိုက်ပွဲရလဒ်ကို ဘယ်သူမှ လျှို့ဝှက်ပြီး ဝင်ရောက် မစွက်ဖက်နိုင်ပါဘူး"
"ကျေးဇူးတင်ပါတယ်"
ချန်ကျီရှင်းက ပြုံးလျက် ခေါင်းညိတ်ပြီးနောက် မိုးကုပ်စက်ဝိုင်းဆီသို့ ငေးကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။
"သေချာ စောင့်ကြည့်ထားပါ"
"ဒီတိုက်ပွဲရဲ့ ရလဒ်ကို ဘယ်သူ့ကိုမှ ဝင်ရောက် စွက်ဖက်ခွင့် မပေးနိုင်ဘူး"
"ဟုတ်ကဲ့ အမိန့်အတိုင်းပါခင်ဗျာ"
အမှောင်တပ်ဖွဲ့နှင့် မဟူရာအကြီးအကဲများမှာ ဟိန်းထွက်သွားအောင် ပြန်လည် ဖြေကြားလိုက်ကြသည်။
ခဏအကြာတွင် ချန်ကျီရှင်းမှာ သာမန်ရုပ်ရည်သို့ ပြန်လည် ပြောင်းလဲသွားပြီး လမ်းကြား၏ တစ်ဖက်မှ တစ်ဦးတည်း လျှောက်ထွက်သွားသည်။
သူ၏ နောက်ကွယ်တွင် အရိပ်များ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာပြီး ဖူဘိုမြို့၏ နေရာအသီးသီးတွင် ပုန်းအောင်းလိုက်ကြသည်။
ဒီနေ့ နေရောင်ခြည်မှာ အနည်းငယ် ပြင်းထန်သည်။ လမ်းကြားမှ ထွက်လာသော ချန်ကျီရှင်းက နေရောင်ကို ကာကွယ်ရန် လက်ကို မြှောက်လိုက်ပြီး ကိုယ့်ကိုကိုယ် တိုးတိုးလေး ရယ်မောပြောဆို လိုက်သည်။
"လီချန်းရှင်း... ကြည့်ကြတာပေါ့"
"မင်းနဲ့ ငါ့ရဲ့ ဒီတိုက်ပွဲမှာ ဘယ်သူ အသက်ရှင်ပြီး ဘယ်သူ သေဆုံးမလဲဆိုတာ"
ဘုန်း….
ချန်ကျီရှင်း၏ မျက်ဝန်းတို့တွင် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များ လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။
...
...
အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။
ချန်ကျီရှင်းနှင့် လီချန်းရှင်းတို့၏ တိုက်ပွဲနေ့ နီးကပ်လာသည်နှင့်အမျှ ဖူဘိုမြို့သို့ အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများ အမြောက်အမြား ရောက်ရှိလာကြသည်။
အရှေ့ပင်လယ်၏ အကြီးဆုံးမြို့ ဖြစ်သည့် ဖူဘိုမြို့မှာ လူအုပ်ကြီးကြောင့် ပိုမို ကြပ်ညပ်လာသည်။
တာအိုဂိုဏ်းကြီး သုံးခုမှ ကိုယ်စားလှယ်များ ရောက်ရှိလာသည့်အခါ ဖူဘိုမြို့၏ လေထုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ဖူဘိုမြို့၏ နေရာတိုင်းတွင် ချန်ကျီရှင်းနှင့် လီချန်းရှင်းတို့၏ တိုက်ပွဲအကြောင်း ဆွေးနွေးသံများသာ ဖုံးလွှမ်းနေသည်။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ လောင်းကစားရုံမှာလည်း အလွန်ပင် ရေပန်းစားနေပြီး နေ့ညမပြတ် လောင်းကြေးထပ်နေကြသည်။
ကျင့်ကြံသူအချို့မှာ သူတို့၏ ပိုင်ဆိုင်မှုတစ်ခုလုံးကို လောင်းကြေးထပ်ကာ ဤတိုက်ပွဲဖြင့် ကံကြမ္မာကို ပြောင်းလဲရန် ကြိုးစားနေကြသည်။
တိုက်ပွဲကျင်းပရန် ငါးရက်အလိုတွင် အရုဏ်တက်ချိန်၌ နဂါးကိုးကောင် ဆွဲသည့် ရွှေရောင်ရထားကြီးတစ်စင်းမှာ မိုးတိမ်များကို ခွဲထွက်ကာ ဖူဘိုမြို့ အပြင်ဘက် ပင်လယ်ပြင်တွင် ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် မြို့တစ်ခုလုံး တုန်ခါသွားပြီး စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်သွားတော့သည်။
စီကုံးမျိုးနွယ်စုနဲ့ လီချန်းရှင်းတို့... ရောက်ရှိလာကြပြီ……