← Chapters

ကျင့်စဥ် ခိုးယူခြင်း

Vol. 29 Ch. 296

ကျင့်စဥ် ခိုးယူခြင်း

Vol. 29 Ch. 296

"မေ့သွားပြီလား.. မနေ့ညက ​ဖြစ်ခဲ့တာက မင်းဘက်က စခဲ့တာလေ။ ဒီအကြောင်းကြောင့် ရှင်းချန်ကို လွှတ်ပေးမယ်လို့ ငါ တစ်ခါမှ မပြောခဲ့ဖူးဘူး"

ရှန်းယွဲ့၏ မျက်နှာမှာ ရဲရဲနီသွားခဲ့ရသည်။

"မင်း..."

"ရှင်းကတော်... မင်းကို တစ်ရက် အချိန်ပေးမယ်။ မနက်ဖြန် ဒီအချိန်မှာ ဝိညာဥ်ထိုးဖောက်နည်းစနစ်ကို ငါ မမြင်ရရင်... မင်းရဲ့သားအလောင်းကို လာကောက်ပေတော့"

ရှန်းယွဲ့ အံတင်းတင်းကြိတ်ကာ စုန့်ဝမ်ကို စိုက်ကြည့်သည်။ သူမ၏ မျက်ဝန်းထဲမှ ဒေါသတောက်မီးများသည် စုန့်ဝမ်ကို ပြာကျသွားအောင် လောင်မြိုက်ပစ်ချင်နေသည့်အလား ဟုန်းဟုန်းတောက်နေသည်။

"ရှင်းကတော်... မင်း မြန်မြန်လုပ်တာ ပိုကောင်းလိမ့်မယ်" ဟု စုန့်ဝမ်က ပြောကြားရင်း အစီအရင်ကို အသက်သွင်းလိုက်ရာ ကူတစ်ကောင် ပျံထွက်လာပြီး ရှင်းချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။

စုန့်ဝမ်က "မင်း ရှင်းမိသားစုကို ဒီနေရာကို ခေါ်လာပြီး တိုက်ခိုက်ဖို့ မတွေးပါနဲ့။ ငါက ကိုယ်တိုင် စောင့်ကြပ်နေမှာ မဟုတ်ဘူး။ ဒီမှာ ကူပိုးကောင်တစ်ကောင် ချန်ထားခဲ့မယ်။ အကယ်၍ တစ်ယောက်ယောက်သာ ဒီဂူထဲ ဝင်လာရင် အဲဒီကူပိုးကောင်က သူ့ကို ချက်ချင်း သတ်ပစ်လိမ့်မယ်"

ရှန်းယွဲ့လည်း ဘာမှမတတ်နိုင်တော့ဘဲ ဓားပျံစီးနင်းရင်း ထွက်ခွာသွားတော့သည်။

ရှန်းယွဲ့၏ နှလုံးသားထဲတွင် ရှက်ခြင်း၊ ဒေါသထွက်ခြင်း၊ မုန်းတီးမှု စသဖြင့် ခံစားချက်မျိုးစုံ ရောထွေးနေသည်။ သို့သော်လည်း သားဖြစ်သူ၏ အသက်နှင့် လဲလှယ်ရန် ဝိညာဥ်ထိုးဖောက်နည်းစနစ်ကို ရယူရမည့်အကြောင်းကို တွေးတောမိသောအခါ စိတ်ရှုပ်ထွေးမှုကသာ လွှမ်းမိုးသွားသည်။ မည်သည့်နေရာကနေ စတင်ရမည်ကိုပင် တွေးရခက်နေသည်။ သားဖြစ်သူအားလည်း အဆုံးအရှုံးမခံနိုင်ပေ။

ရှမ်းယွဲ့၏ နူးညံ့သော နှလုံးသားမှာ ပြင်းထန်သောဖိအားနှင့် ထင်မှတ်မထားသော အတွေ့အကြုံကြောင့် တဖြည်းဖြည်း မာကြောခက်ထန်လာသည်။ မုန်တိုင်းများကို ကြံ့ကြံ့ခံ ဖြတ်သန်းပြီးမှသာ လူတစ်ယောက်သည် အမှန်တကယ် ကြီးထွားရင့်ကျက်လာနိုင်ခြင်းပင်။ ဤအတွေ့အကြုံက ရှင်းမိသားစုသည် သူမ စိတ်ကူးယဉ်ထားခဲ့သကဲ့သို့ အရာရာကို တတ်စွမ်းနိုင်ခြင်းမျိုး မဟုတ်ဘဲ သူမကိုလည်း အမြဲတမ်း ကာကွယ်မပေးနိုင်ကြောင်းကို ရိပ်မိလာသည်။

အဆုံးမဲ့ပင်လယ်တွင် ရှင်းမိသားစုအပေါ် လောဘဇောဖြင့် စောင့်ကြည့်နေကြသော အင်အားစုများ ရှိနေကြသည်။ များပြားလှသော ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် သန်မာသော ကျင့်စဉ်များကို ပိုင်ဆိုင်ထားခြင်းက ရှင်းမိသားစုအား အများ၏ လေးစားခန့်ညားမှုကို ရရှိစေသော်လည်း၊ တချိန်တည်းမှာပင် မနာလိုမှုနှင့် လောဘကိုလည်း နှိုးဆွပေးနေခြင်း ဖြစ်သည်။

ထိုအားပြိုင်မှုများကြားတွင် သူမကဲ့သို့ ကိုယ်လုပ်တော်မျိုး၏ အရေးပါမှုမှ ပြောပလောက်အောင် မရှိကြောင်း ရိပ်မိလာသည်။ ကျင့်ကြံခြင်းလောကတွင် အမှန်တကယ် နေရာတစ်နေရာ ရရှိစေရန် နောက်ဆုံးတွင် မိမိ၏ ကိုယ်ပိုင်အင်အားအပေါ်၌သာ အားကိုးရမည် ဖြစ်သည်။

ထိုအခိုက် သတင်းပို့ကျောက်စိမ်းပြား တုန်ခါလာသဖြင့် ထုတ်ကြည့်ရာ စုန့်ဝမ်ဆီမှ သတင်းစကားကို ဖတ်လိုက်ရပြီး ရှန်းယွဲ့ခမျာ ဓားပျံပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။

"ရှင်းကတော်... ငါ မင်းကို တစ်ခုပြောဖို့ မေ့သွားတယ်။ မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ငါ အရိပ်ကျောက်တုံးထဲမှာ မှတ်တမ်းတင်ထားခဲ့တယ်။ အကယ်၍ မင်း တစ်ရက်အတွင်း ပြန်မလာဘူးဆိုရင်... အဲဒီအရိပ်ကျောက်တုံးကို အချပ်ရေ တစ်ထောင်လောက် ကူးယူပြီး ဖန်မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားအောင် လုပ်ပစ်မယ်"

"ခွေးကောင်... မင်း... ယုတ်မာလှချည်လား"

ဒေါသထွက်လွန်းသဖြင့် ရှန်းယွဲ့သည် ဆဲရေးတိုင်းထွာလိုက်မိသည်။

"ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်.. ရှင်းကတော်။ ငါ ဒီနေရာကနေ မင်းရဲ့ သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်"

ရှန်းယွဲ့လည်း အချိန်မဆွဲရဲတော့ဘဲ အရှိန်မြှင့်တင်လိုက်ပြီး ပျံသန်းသွားခဲ့တော့သည်။ ခြိမ်းခြောက်ခြင်းလား၊ အတည်ပြောခြင်းလား ဝေခွဲမရသော်လည်း သူမ မစွန့်စားရဲပေ။

ရှန်းယွဲ့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း သေချာသည်နှင့် စုန့်ဝမ်လည်း အဆိပ်အဖိုးအို၏ ဝိညာဉ်အပင်စိုက်ခင်းဆီသို့ သွားရောက်ကာ အားလုံးကို အမြစ်မှနုတ်၍ သိမ်းဆည်းလိုက်သည်။ ထို့နောက် စောင့်ကြည့်ရန်အတွက် ကူပိုးကောင် နှစ်ကောင်ကို ချန်ထားခဲ့ပြီး ဖန်မြို့တော်ဆီသို့ ထွက်လာခဲ့သည်။

မြို့အတွင်းရှိ ဖြစ်ပျက်မှုများကို တိတ်တဆိတ် စောင့်ကြည့်နိုင်မည့် မြို့ဆင်ခြေဖုံးရှိ လူစည်ကားသော နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ ဝိညာဉ်ထိုးဖောက်နည်းစနစ်ကို ရှန်းယွဲ့ ရယူနိုင်လိမ့်မည်ဟု စုန့်ဝမ် အပိုင်တွက်ထားခြင်း မရှိချေ။ ရှင်းချန်မှတဆင့် ဆက်သွယ်နိုင်သော ရှင်းမိသားစုအတွင်းရှိ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်၍သာ အသုံးချခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရှန်းယွဲ့ပင် မရယူနိုင်ပါက နောက်တစ်နည်း ကြံဆရုံသာ ရှိပေလိမ့်မည်။

ရှန်းယွဲ့သည် သူမ နေထိုင်ရာ အဆောင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်ခဲ့သည်။ ရှင်းကောင်းဟန်သည် မိသားစုခေါင်းဆောင် ဖြစ်သည့်အတွက် မိသားစုအိမ်ရာဝင်း၏ ဗဟိုတည့်တည့်တွင် နေထိုင်သည်။ သူ့နေအိမ်မှာ သေမျိုးကမ္ဘာရှိ တော်ဝင်နန်းတော်တစ်ခုနှင့် တူလှသည်။

ရှင်းကောင်းဟန်က ပင်မခန်းမဆောင်တွင် နေထိုင်ပြီး ဇနီးများနှင့် ကိုယ်လုပ်တော်များက ဘေးဘက်ရှိ ခန်းမဆောင်များတွင် နေထိုင်ကြသည်။ ရှန်းယွဲ့မှာ ရှင်းကောင်းဟန်၏ အနှစ်သက်ဆုံး ကိုယ်လုပ်တော်တစ်ဦး ဖြစ်သည့်အတွက် သူ့အဆောင်မှာ ပင်မခန်းမဆောင်နှင့် အလွန်နီးကပ်သည်။

ရှန်းယွဲ့မှာ အဆောင်တွင်း ကြာရှည်မနေဘဲ၊ ရေချိုးသန့်စင်ပြီး အဝတ်အစားသစ်များ လဲလှယ်ကာ နာရီဝက်အတွင်း ပြန်ထွက်လာခဲ့သည်။ ယခုအခါတွင် သူမ၏ နဂိုပုံစံအတိုင်း ခက်ထန်မောက်မာသော ဟန်ပန်အမူအရာကို ပြန်လည် ထိန်းသိမ်းထားခဲ့ပြီ ဖြစ်သည်။ အဆောင်မှ ထွက်လာသည်နှင့် သင်္ဘောပျံဖြင့် မော်ကွန်းတိုက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ရှင်းမိသားစု မော်ကွန်းတိုက်မှာ အလွန်တရာ ကြီးမားခန်းနားပြီး အထပ် ငါးထပ် ရှိသည်။ ပထမအလွှာတွင် ကျင့်ကြံခြင်းလောက၏ ကဏ္ဍအသီးသီးနှင့် ပတ်သက်သော စာအုပ်များ ရှိနေပြီး အခြေခံ ဗဟုသုတများ၊ ဝိညာဉ်ဆေးပင်များမှသည် မိစ္ဆာသားရဲများနှင့် အဆုံးမဲ့ပင်လယ်၏ သမိုင်းပုံပြင်များအထိ ပါဝင်သည်။

ဒုတိယအလွှာမှ ပဉ္စမအလွှာအထိတွင်မူ ကျင့်ကြံမှုနည်းစနစ်များနှင့် အဆင့်အလိုက် လျော်ညီသော ပညာရပ်နည်းစနစ်များ သိမ်းဆည်းထားသည်။ ထိုကျမ်းစာများကို ချီစုစည်းခြင်းအဆင့်၊ အခြေတည်အဆင့်၊၊ ရွှေအမြုတေအဆင့်၊ ဝိညာဉ်သန္ဓေအဆင့်ဟူ၍ အဆင့်အလိုက် တစ်ထပ်စီ ခွဲခြားထိန်းသိမ်းထားသည်။

ရှန်းယွဲ့သည် တတိယထပ်၏ အဓိကနေရာဆီသို့ တည့်တည့်မတ်မတ် သွားရောက်ခဲ့သည်။ ဤနေရာတွင် ကျောက်တုံးစင်မြင့်တစ်ခု ရှိနေပြီး ၎င်း၏အပေါ်တွင် ကျောက်စိမ်းပြားတစ်ခု တည်ရှိနေသည်။ ကျောက်စိမ်းပြားကို ရွှေရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံထားသည်။ ကျောက်စိမ်းပြားကို ကာကွယ်ရန် သီးသန့်ဒီဇိုင်းထွင်ထားသော သေးငယ်သည့် အစီအရင်တစ်ခု ဖြစ်သည်။ ဤကျောက်စိမ်းပြားတွင် ဝိညာဉ်ထိုးဖောက်ကျင့်စဉ်၏ ပထမအဆင့် ပါဝင်နေသည်။

"တာဝန်ခံ ဒီကို လာစမ်း" ဟု ရှန်းယွဲ့က လေသံမာမာဖြင့် အော်ခေါ်လိုက်သည်။

ရုတ်ချည်းပင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာသည်။ "တာဝန်ခံရှင်းယီက ရှင်းကတော်ကို ဂါရဝပြုပါတယ်။ ဒီဂျူနီယာဆီကနေ ဘာကို လိုအပ်ပါသလဲခင်ဗျာ" ဟု ရိုသေစွာ မေးမြန်းလိုက်သည်။ မိသားစုခေါင်းဆောင်၏ အရေးပေးမှု ရရှိထားသော ရှန်းယွဲ့မှာ ကိုယ်လုပ်တော်သာ ဖြစ်သော်လည်း မည်သူမျှ မလေးမစား မလုပ်ဝံ့ပေ။

"ဝိညာဉ်ထိုးဖောက်ကျင့်စဉ် ထုတ်ပေးစမ်း"

ရှင်းယီ မျက်နှာပျက်သွားသည်။

"ရှင်းကတော်... မိသားစုစည်းမျဉ်းအရ ဝိညာဉ်ထိုးဖောက်ကျင့်စဉ် ပထမအဆင့်ကို ရယူဖို့အတွက်က စမ်းသပ်မှု အောင်မြင်ရမှာဖြစ်ပြီး မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံးကို သန့်စင်ရမှာ ဖြစ်ပါတယ်"

ရှန်းယွဲ့၏ မျက်ခုံးများမှာ ဒေါသကြောင့် တွန့်ကွေးသွားခဲ့ပြီး စူးရှသောအကြည့်က ရှန်းယီအပေါ် ကျရောက်သွားသည်။

"မင်းပြောချင်တာက... ငါ့အသက်ကို ရင်းပြီး ဒီရေမိစ္ဆာတွေကို သတ်ဖို့အတွက် အပြင်ဘက် ပင်လယ်ပြင်ဆီ သွားရမယ်လို့ ပြောနေတာလား"

ရှင်းယီ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့ပြီး "ဒီဂျူနီယာ မရဲဝံ့ပါဘူးခင်ဗျာ။ ဒါက မိသားစုရဲ့စည်းမျဉ်း ဖြစ်နေလို့ပါ၊ ကျွန်တော် စည်းကျော်ဖို့ မရဲဝံ့လို့ပါ"ဟု ဖြေရှင်းချက် ပေးလိုက်ရသည်။ မိသားစုခေါင်းဆောင်၏ အချစ်တော်အား သေတွင်းပို့မိပါက ဖြစ်လာမည့် အကျိုးဆက်များမှာ မည်သို့မျှ ကောင်းမည်မဟုတ်။

ရှန်းယွဲ့က ရှန်းယီကို စိတ်မရှည်သည့်လေသံဖြင့် "ကျင့်စဉ်ကိုပဲ ကူးယူပေးစမ်း။ ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်မှန်သမျှ ငါ အပြည့်အဝ တာဝန်ယူမယ်"ဟု အပြတ်ပြောလိုက်သည်။

ရှင်းယီ ဘာလုပ်ရမည် မသိဖြစ်သွားသည်။ မိသားစုစည်းမျဉ်းများမှာ တင်းကျပ်လှသဖြင့် ချိုးဖောက်ရန် မရဲဝံ့ပေ။ သို့သော်လည်း ရှန်းယွဲ့၏ အဆင့်အတန်းမှာ မြင့်မားသဖြင့် စိတ်အနှောင့်အယှက် မဖြစ်စေဝံ့ချေ။

"မင်း ဘာဖြစ်လို့ ငြိမ်နေတာလဲ။ အဆိုးဆုံး ဖြစ်လာရင်တောင် နောက်မှ ငါ့ယောက်ျားကို ပြောပြီး ချွင်းချက်အနေနဲ့ ခွင့်ပြုပေးဖို့ အမိန့်ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခိုင်းလိုက်မယ်" ဟု ရှန်းယွဲ့က မောက်မာစွာ ပြောလိုက်သည်။

အခြားသူများ ကျင့်စဥ်တစ်ခု ကျင့်ကြံရန်အတွက် မိသားစုမှ သတ်မှတ်ထားသော စမ်းသပ်မှုများကို ပြီးမြောက်ရန် လိုအပ်သည်။ သို့သော်လည်း ရှန်းယွဲ့အတွက်မူ သူမ လိုချင်သမျှ ရရှိရန် ရှင်းကောင်းဟန်အား ကပ်ချွဲလိုက်ရုံမျှဖြင့် လုံလောက်ပေသည်။ ယင်းမှာ ရှင်းမိသားစု လူတိုင်းသိသော လျှို့ဝှက်ချက်ပင် မဟုတ်ပါလား။ စည်းမျဉ်းစည်းကမ်းဟူသည်မှာ နောက်ဆုံးတွင် အားနည်းသူများကိုသာ ထိန်းချုပ်ရန်အတွက် ဖြစ်ပေသည်။

ရှင်းယီမှာ အချိန်အတန်ကြာ တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင် အံကြိတ်ကာ ရှန်းယွဲ့အတွက် ကျင့်စဉ်ကို ကူးယူပေးရန် ဆုံးဖြတ်လိုက်တော့သည်။

"ရှင်းကတော်အနေနဲ့ မိသားစုခေါင်းဆောင်ဆီက အမိန့်ညွှန်ကြားချက်တစ်ခု အမြန်ဆုံး ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ်ရင် ကျွန်တော် ဒီတာဝန်ကို မယူနိုင်ဘူး"

"သိပြီ။ ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်မှန်သမျှ ငါ အပြည့်အဝ တာဝန်ယူမယ်" ဟု ရှန်းယွဲ့က သဘောတူလိုက်သည်။

ဝိညာဉ်ထိုးဖောက်ကျင့်စဉ် ပထမအဆင့်အား ကူးယူထားသော ကျောက်စိမ်းပြားကို ရရှိပြီးနောက် ရှန်းယွဲ့ စတုတ္ထအထပ်ဆီသို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။

"ရှင်းကတော်... ကူးယူထားတဲ့ ကျောက်စိမ်းပြားကို မော်ကွန်းတိုက် အပြင်ဘက် ယူဆောင်သွားလို့ မရပါဘူး၊ အဆောက်အအုံ အတွင်းထဲမှာပဲ လေ့လာခွင့်ရှိတာပါ" ဟု ရှင်းယီက သတိပေးလိုက်သည်။

"ငါ ဘာလုပ်ရမလဲဆိုတာကို မင်းလို ဂျူနီယာတစ်ယောက်က ပြောပြဖို့ လိုအပ်တယ်လို့ ထင်နေတာလား" ဟု ရှန်းယွဲ့က နောက်ပင် လှည့်မကြည့်ဘဲ မောက်မာစွာ ပြောလိုက်သည်။

တတိယထပ်နှင့် စတုတ္ထထပ်ကြားတွင် လမ်းကြောင်းကို ပိတ်ဆို့ထားသော အစီအရင်တစ်ခု ရှိနေသည်။ ထိုနေရာအရောက် ရှန်းယွဲ့မှာ အရောင်အသွေး စုံလင်စွာ တောက်ပနေသော အတားအဆီးတစ်ခုကြောင့် ရပ်တန့်သွားသည်။ ဤအတားအဆီးကို ဖြတ်သန်းရန်အတွက် ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်ရန် လိုအပ်သည်။

"စတုတ္ထထပ်ကို ဘယ်သူ တာဝန်ယူထားတာလဲ”ဟု ရှန်းယွဲ့က လေသံမာမာဖြင့် မေးလိုက်သည်။

ချက်ချင်းပင် ရွှေအမြုတေ အလယ်အဆင့် ကျင့်ကြံသူတစ်ဦး အဝင်ဝတွင် ထွက်ပေါ်လာခဲ့သည်။ "ရှင်းကတော်... ကျေးဇူးပြုပြီး ပြန်လှည့်ပါ။ စတုတ္ထထပ်က ရှင်းကတော် ပြဿနာရှာလို့ရတဲ့ နေရာမျိုး မဟုတ်ပါဘူး" ဟု ထိုကျင့်ကြံသူက အေးဆေးတည်ငြိမ်စွာ ပြောကြားလိုက်သည်။

ထိုသူသည် တတိယထပ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိရှိထားသော်လည်း ယင်းက သူနှင့် မသက်ဆိုင်သဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။

ရှန်းယွဲ့က ထိုလူကို ကြည့်ရင်း သူမ၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။ ထိုသူ၏ အမည်မှာ ရှင်းယန်ဖြစ်ပြီး ရှင်းလီယန်၏ ရင်းနှီးသော မိတ်ဖက်တစ်ဦး ဖြစ်ကာ ရှင်းကောင်းဟန်၏ ပထမဇနီးဖြစ်သူ ကျင်းဖေးယောင်၏ နောက်လိုက်တစ်ဦးလည်း ဖြစ်သည်။

အတိတ်ကာလက ရှန်းယွဲ့သည် ရှင်းကောင်းဟန်၏ မျက်နှာသာပေးမှုကိုသာ အားကိုးခဲ့သဖြင့် သူမ၏ ကိုယ်ပိုင်အင်အားစု တည်ဆောက်ရန် လိုအပ်မှုကို လျှော့တွက်ခဲ့သည်။ သို့သော်လည်း မနေ့ညက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ ပြီးသည့်နောက် သူမအပေါ် လုံးဝဥဿုံ သစ္စာရှိမည့် အင်အားစုတစ်ခု ရှိနေခြင်း၏ အရေးကြီးပုံကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ အချို့သော ကိစ္စရပ်များကို ရှင်းကောင်းဟန်ထံ ဖွင့်ဟ၍ မရနိုင်သလို၊ ယင်းတို့ကို ဖြေရှင်းရန်အတွက်လည်း သူ့အပေါ်၌သာ အားကိုးနေ၍ မရနိုင်ပေ။

"ရှင်းယန်.. ငါ့ကို တားဆီးဖို့ အလောတကြီး မလုပ်ပါနဲ့ဦး" ဟု ရှန်းယွဲ့က ပြောရင်း ကျောက်စိမ်းတံဆိပ်တစ်ခု ထုတ်ပြလိုက်သည်။

…………..

All Chapters