ဇတ်တူသားစားခြင်း၏ အကျိုးကျေးဇူး
Vol. 29 Ch. 298
ရှန်းယွဲ့မှာ စိတ်အာရုံများ ဝေဝါးလာသော်လည်း မလုပ်မဖြစ် လုပ်ရမည်ဟူသော အသိက တဖြည်းဖြည်း လွှမ်းမိုးလာသည်။ ရှင်းရွယ်ရွယ်သာဆိုလျှင် ထိုအခွင့်အရေးမျိုး ရပါက သူတို့သားအမိအား အပြတ်ရှင်းမည်မှာ သေချာလှသည်။ သူမကရော မည်သည့်အတွက် ငဲ့ညှာရမည်နည်း။ ရှန်းယွဲ့ တွေးနေရင်း ရှင်းရွယ်ရွယ်အနီးတို့ ရောက်သွားသည်။ သတိမထားမိခင်မှာပင် သူမ၏ လက်ထဲ၌ ဓားမြှောင်တစ်လက် ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း လူမသတ်ဖူးသဖြင့် တကယ်လုပ်ရမည့်အချိန်တွင် တောင့်တောင့်ကြီး ရပ်နေမိသည်။
ထပ်မံတွန်းအားပေးရမည်ကို ရိပ်မိသော စုန့်ဝမ်က "သတ်ပစ်လိုက်စမ်း"ဟု လှမ်းအော်လိုက်သည်။
စုန့်ဝမ်၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် ရှန်းယွဲ့၏ ခန္ဓာကိုယ်ကိုပင် တုန်ခါသွားသည်။ သူမ၏ မျက်လုံးများမှာ ပြူးကျယ်လာပြီး မျက်နှာမှာလည်း ရှုံ့မဲ့သွားကာ စူးရှစွာ အော်ဟစ်လိုက်တော့သည်။
"အား..."
ထိုအော်သံကပင် တင်းကြပ်နေသော စိတ်အစဥ်အား ဖွင့်ထုတ်ပေးသကဲ့သို့ ဖြစ်သွားသည်။
"ဇွပ်.. ဇွပ်.. ဇွပ်.."
ရှန်းယွဲ့လည်း မေ့လဲနေသော ရှင်းရွယ်ရွယ်ဘေး ဒူးတစ်ဖက်ထောက် ထိုင်ချရင်း ဓားဖြင့် အဆက်မပြတ် ထိုးချလိုက်ပါတော့သည်။
သွေးများ နေရာအနှံ့သို့ ပန်းထွက်ကုန်ကြပြီး ရှန်းယွဲ့ တစ်ကိုယ်လုံး စွန်းထင်းသွားသည်။ အကြိမ်ရေ မည်မျှအထိ ထိုးခဲ့မိသည်ကို သူမကိုယ်တိုင် မသိရှိတော့ပေ။ လက်မောင်း နာကျင်ကိုက်ခဲလာပြီး ရှင်းရွယ်ရွယ်၏ ခန္ဓာကိုယ် ပုံပျက်ပန်းပျက် အခြေအနေသို့ ရောက်ရှိသွားသည့် အချိန်ကျမှသာ ရပ်တန့်ခဲ့တော့သည်။
နောက်ဆုံးတွင် ရှန်းယွဲ့ခမျာ ရှင်းရွယ်ရွယ်၏ အလောင်းဘေးတွင် ထိုင်ချလိုက်မိတော့သည်။ မျက်ဝန်းများမှာလည်း အသက်မဲ့နေခဲ့သည်။ ရင်အစုံမှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပြီး၊ အသက်ရှူသံများမှာလည်း အဆမတန် ပြင်းထန်လွန်းနေခဲ့သည်။
"ဝေါ့.."
အစာအိမ်အတွင်းရှိ အရာအားလုံးကို အန်ထုတ်ပြီးသည့်တိုင်အောင်၊ ရှန်းယွဲ့၏ နှလုံးသားထဲရှိ ပျို့အန်ချင်စိတ်မှာမူ လျော့ပါးသွားခြင်း မရှိခဲ့ပေ။
ထိုအခိုက်အတန့်မှာပင် ရှင်းရွယ်ရွယ်၏ အလောင်းမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်တစ်ခုကို အာရုံခံမိလိုက်သည်။ ထိုဝိညာဉ်စွမ်းအင်သည် သူမ၏ သိစိတ်ပင်လယ်အတွင်း၌ အမြစ်တွယ်သွားခဲ့တော့သည်။ ဤဝိညာဉ်စွမ်းအင်သည် သိစိတ်ပင်လယ်တွင် ရှန်းယွဲ့ မည်သို့ပင် ကြိုးစားစေကာမူ တွယ်ကပ်နေခဲ့ပြီး မောင်းထုတ်၍ မရတော့ပေ။ ယင်းမှာ ပါရမီရှင် ဂျူနီယာကို ကာကွယ်ရန်အတွက် ထိုဝိညာဉ်သန္ဓေ ကျင့်ကြံသူတစ်ဦးက ချန်ထားခဲ့သော ဝိညာဉ်အမှတ်အသားပင် ဖြစ်သည်။
ရှန်းယွဲ့ အကြီးအကျယ် ထိတ်လန့်သွားသည်။ စောစောက လူတစ်ဦး၏ အသက်ကို ပထမဆုံးအကြိမ် နှုတ်ယူရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှုက ထိုဝိညာဉ်အမှတ်အသား တည်ရှိနေခြင်းကို လုံးဝ မေ့လျော့စေခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စမှာ သူမကို ထောင်ချောက်ဆင်ရန်အတွက် တမင်တကာ ကြံစည်ထားခဲ့သော အစီအစဉ်တစ်ခု ဖြစ်သည်ဟု တွေးမိပြီး စုန့်ဝမ်ကို ရန်လိုမုန်းတီးစွာဖြင့် လှည့်ကြည့်လိုက်မိသည်။
ရှန်းယွဲ့၏ တုံ့ပြန်မှုကို မြင်တွေ့ရသောအခါ စုန့်ဝမ်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး "ရှင်းကတော်... ပျာယာခတ်နေဖို့ မလိုအပ်ပါဘူး။ ဒါက ဝိညာဉ်အမှတ်အသား သက်သက်ပဲ။ ဘာမှ မဟုတ်ပါဘူး" ဟု ဆိုကာ သူမ၏ ဦးခေါင်းပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။
"မင်းရဲ့ စိတ်ကို လျှော့ထားပြီး သိစိတ်ပင်လယ်ကို ဖွင့်ပေး။ အဲဒီအမှတ်အသားကို ဖယ်ရှားဖို့ ကူညီပေးမယ်"
ဘာလုပ်ရမည်ကို မသိဘဲ လမ်းပျောက်နေသော ရှန်းယွဲ့မှာ ညွှန်ကြားချက်များကို လိုက်နာရန်မှတစ်ပါး အခြားမရှိခဲ့ချေ။ ချက်ချင်းပင် ကြီးမားလှသော ဝိညာဉ်စွမ်းအားတစ်ခု သူမ၏ သိစိတ်ပင်လယ်အတွင်း ကျူးကျော်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ယင်းက ဝိညာဉ်အမှတ်အသားကို အတင်းအကျပ် ဖယ်ရှားပစ်လိုက်တော့သည်။
ရှန်းယွဲ့သည် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသော်လည်း၊ တစ်ချိန်တည်းမှာပင် စုန့်ဝမ်၏ နည်းလမ်းများအပေါ်၌လည်း အံ့အားသင့်သွားခဲ့ရသည်။
ထို့နောက် စုန့်ဝမ်သည် ရှင်းရွယ်ရွယ်၏ အလောင်းပေါ်သို့ ဝိညာဉ်ချုပ်နှောင်နည်းစနစ် အသုံးပြုလိုက်ပြီး သူမ၏ ဝိညာဉ်ကို ပိတ်လှောင်ပစ်လိုက်သည်။
"ရှင်းကတော်... ငါ သွားတော့မယ်။ ငါတို့ နောက်ကျမှ ပြန်ဆုံကြသေးတာပေါ့"
စကားဆုံးသည်နှင့် ရှင်းရွယ်ရွယ်၏ အလောင်းကို ကျောက်ဂူအပြင်ဘက်သို့ ဆွဲထုတ်ကာ ထွက်ခွာသွားခဲ့သည်။
ရှန်းယွဲ့လည်း မျက်လုံးများကို ပိတ်လိုက်ပြီး လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ၊ စောစောက ရှိနေခဲ့သော စိတ်ရှုပ်ထွေးမှုများ၊ အားငယ်မှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ပြတ်သားမှုနှင့် စိတ်ပိုင်းဖြတ်မှုများ အစားထိုး ဝင်ရောက်လာခဲ့သည်။
အခြေအနေ တည်ငြိမ်သွားသည်နှင့် ရှန်းယွဲ့လည်း ရှင်းချန်အနား တိုးကပ်သွားပြီး ကုသရေးဆေးလုံးတစ်လုံးကို ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ဆေးလုံး၏ အာနိသင် သက်ရောက်မှု အားကောင်းစေရန် သူမ၏ ဝိညာဉ်စွမ်းအားကို ပို့လွှတ်ပေးခဲ့သည်။
မကြာမီမှာပင် ရှင်းချန် သတိပြန်လည်လာသည်။ သတိရရချင်း မိခင်ဖြစ်သူရှန်းယွဲ့၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်တွေ့လိုက်ရသဖြင့် အံသြသွားသည်။
"အမေ... အမေက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ"
ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် "ဝေ့တင်း ဘယ်မှာလဲ။ သူ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာ"ဟု မေးလာသည်။
ရှန်းယွဲ့က သားဖြစ်သူ၏ ဆံပင်များကို နူးညံ့စွာ သုံးသပ်ပေးရင်း "သူ ထွက်သွားပြီ။ စိုးရိမ်မနေနဲ့တော့။ အခု ဘယ်လိုနေသေးလဲ"ဟု တိုးညင်းစွာ မေးလိုက်သည်။
ရှင်းချန်က "ဝေ့တင်း ထွက်သွားပြီ ဟုတ်လား။ ကောင်းတာပေါ့"ဟု ပြောရင်း သက်ပြင်းချလိုက်သည်။ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုလည်း အရည်ပျော် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှသာ ခန္ဓာကိုယ်တစ်ခုလုံး အထိမခံနိုင်လောက်အောင် နာကျင်နေသည်ကို သတိပြုမိသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် အသည်းခိုက်လုမတတ် နာကျင်သွားသည်။
"အား... အမေ၊ အရမ်းနာတယ်"
"ဒါတွေက အပေါ်ယံ ဒဏ်ရာတွေတင်ပါ။ ကုသရေး ဆေးလုံး နှစ်လုံးလောက် သောက်လိုက်ရင် ပြန်ကောင်းလာလိမ့်မယ်"
ရှင်းချန်က ထိုစကားကို မယုံရဲချေ။ ဒဏ်ရာများကို စိုးရိမ်တကြီး ကြည့်နေရင်း နာကျင်မှုနှင့် ကြောက်ရွံ့မှုများက ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားသည်။ "အမေ... ဒဏ်ရာတွေက အတော်ပြင်းတဘ်။ ကျွန်တော် အသက်ရှင်နိုင်ပါ့မလား"ဟု တုန်ယင်သောအသံဖြင့် မေးလာသည်။ ပြောနေရင်း မျက်ရည်များပင် ဝဲလာသည်။
ရှင်းချန်ကို ကြည့်ရင်း သူ့ဆံပင်များကို သပ်ပေးနေသော ရှန်းယွဲ့၏လက်ပင် ရုတ်တရက် ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်တွင် အတိတ်ကာလက ရှင်းချန်ကို သွန်သင်ဆုံးမခဲ့သော နည်းလမ်းများ လွဲမှားခဲ့ပြီလားဟုပင် ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိသွားသည်။
ရှင်းချန်သည် သတိပြန်ရပြီးနောက်တွင်၊ သူမအနေဖြင့် ဝေ့တင်း၏လက်မှ သူ့ကို မည်သို့ ကယ်တင်ခဲ့သနည်း၊ ယင်းအတွက် မည်ကဲ့သို့သော အပေးအယူမျိုး ပြုလုပ်ခဲ့ရသနည်း ဟူသော မေးခွန်းတစ်ခုကိုမျှ မမေးမြန်းခဲ့ချေ။ ယင်းအစား အသက်အန္တရာယ်မရှိသော သူ၏ အပေါ်ယံဒဏ်ရာများကိုသာ အာရုံစိုက်နေခဲ့သည်။
ယခုမှပင် ရှန်းယွဲ့သည် သားဖြစ်သူ၏ ပျော့ညံ့မှုနှင့် အရည်အချင်းကင်းမဲ့မှုတို့ကို အထင်အရှား နားလည် သဘောပေါက်သွားသည်။ ကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်သော ဝေ့တင်းနှင့် နှိုင်းယှဉ်လိုက်ပါက၊ ရှင်းချန်မှာ အလိုလိုက်ခံထားရသော ကလေးတစ်ဦးထက် ဘာမျှ မပိုချေ။ သူမ၏ သားဖြစ်သူကို ကြည့်လိုက်သော ရှန်းယွဲ့၏ အကြည့်ထဲတွင် စိတ်ပျက်မှုများနှင့် အကူအညီမဲ့မှုများ ပြည့်နှက်သွားခဲ့ရတော့သည်။
...
တောင်ကြားမှ ထွက်ခွာသွားသော စုန့်ဝမ်မှာ မိုင်ရာပေါင်းများစွာ ကွာဝေးသောနေရာတွင် ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ခေတ္တရပ်နားလိုက်သည်။ ထို့နောက် ရှင်းရွယ်ရွယ်၏ ဝိညာဉ်ကို ဝါးမြိုခြင်းမပြုမီ၊ နောက်တစ်ကြိမ် ဝိညာဉ်ရှာဖွေခြင်း ထပ်မံပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းမှာ လူတစ်ယောက်တည်းပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ဝိညာဉ်ရှာဖွေခြင်းကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ဖူးခြင်း ဖြစ်သည်။
ဒုတိယအကြိမ် ဝိညာဉ်ရှာဖွေခြင်းမှ ရရှိသော အချက်အလက်မှာ အလွန်နည်းပါးလှသော်လည်း၊ အရေးကြီးသော အချက်အလက်တစ်ခုကို သတိပြုမိသွားသည်။ ရှင်းရွယ်ရွယ် ကျင့်ကြံထားသော အလောင်းဘုရင် သွေးသန့်စင်ပညာနှင့် ပြည့်စုံမှုမရှိသော အလောင်းကျိန်စာရေစင်တို့သည် ဝူကျိကျွန်းမှ အကြီးအကဲတစ်ဦးဖြစ်သူ ယင်ရှုထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ယင်ရှုသည် သူမအား ပြည့်စုံမှုမရှိသော ထိုကျင့်စဥ်ကို ကျင့်ကြံရန်အတွက် တမင်တကာ သွေးဆောင်ခဲ့ခြင်း ဖြစ်ပုံရပြီး၊ နောက်ကွယ်တွင် လျှို့ဝှက်ချက်အချို့ ရှိနေပေလိမ့်မည်။
ဝိညာဉ်ရှာဖွေမှု ပြီးမြောက်ပြီးနောက်၊ စုန့်ဝမ်သည် သူမ၏ သွေးအဆီအနှစ်များကို စတင်ဝါးမြိုတော့သည်။ ဝါးမြိုနေစဥ် သွေးအဆီအနှစ်များနှင့်အတူ ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဆင်း ဝင်ရောက်လာသည်။ ထိုဝိညာဉ်စွမ်းအင်မှာ စုန့်ဝမ်၏ ကိုယ်ပိုင်စွမ်းအားနှင့် အခြေခံအားဖြင့် ကိုက်ညီနေသဖြင့်၊ ဒန်တန်အတွင်းသို့ အဆင်ပြေချောမွေ့စွာ သန့်စင်ဝင်ရောက်သွားခဲ့သည်။ ရုတ်တရက် ကျင့်ကြမှုအင်အား သိသာထင်ရှားစွာ တိုးတက်လာသည်ကိုပါ ခံစားလိုက်ရသည်။ မည်သည့် ဆေးလုံးများအပေါ်၌မျှ အားကိုးခြင်းမရှိဘဲ၊ စွမ်းအား ကြီးထွားလာမှုမှာ နှစ်ပေါင်းများစွာ ပြင်းထန်စွာ ကျင့်ကြံခဲ့သည်နှင့် ညီမျှနေခဲ့သည်။
ခဏတာမျှ အံ့အားသင့်သွားပြီးနောက်၊ စုန့်ဝမ်သည် ယခင်ကလည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ကြိမ် ကြုံတွေ့ဖူးခဲ့ကြောင်း ပြန်လည်သတိရသွားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အလောင်းနတ်ဆိုးဂိုဏ်းမှ အကြီးအကဲရှီရှို့ကို သတ်ဖြတ်ပြီး သွေးအဆီအနှစ်များ ဝါးမြိုခဲ့စဉ်ကလည်း၊ ဝိညာဉ်စွမ်းအင်အချို့ကို ဝါးမြိုစုပ်ယူမိခဲ့ဖူးသည်။ "ဒါက အလောင်းဘုရင် သွေးသန့်စင်ပညာနဲ့ ပတ်သက်နေတာများလား" ဟု စုန့်ဝမ် ခန့်မှန်းလိုက်မိသည်။
ရှီရှို့ရော ရှင်းရွယ်ရွယ်ပါ တူညီသောအချက်မှာ အလောင်းဘုရင် သွေးသန့်စင်ပညာကို ကျင့်ကြံထားကြခြင်း ဖြစ်ပြီး နှစ်ယောက်လုံး အခြေတည်အဆင့်သို့ ရောက်ရှိထားကြသူများ ဖြစ်သည်။
"ဒါဆို အလောင်းဘုရင် သွေးသန့်စင်ပညာ ကျင့်ကြံထားသူတွေရဲ့ သွေးအဆီအနှစ်ကို ဝါးမြိုမယ်ဆိုရင် ငါ့ကျင့်ကြံမှုကို မြန်မြန်တိုးတက်အောင် လုပ်နိုင်မယ်လို့ ဆိုလိုတာမလား"
တွေးနေရင်း စိတ်အားထက်သန်မှုကြောင့် စုန့်ဝမ်၏ မျက်လုံးများပင် အရောင်တောက်လာသည်။
အဆုံးမဲ့ပင်လယ်တွင် အလောင်းဘုရင် သွေးသန့်စင်ပညာကို ကျင့်ကြံကြသော ကျင့်ကြံသူများ အများဆုံး စုစည်းရာနေရာမှာ ဝူကျိကျွန်းပင် ဖြစ်သည်။
"ငါ ဝူကျိကျွန်းဆီ သွားဖို့ လိုအပ်နေပြီ ထင်တယ်"
ထို့နောက် ရှင်းရွယ်ရွယ်၏ အလောင်းကို ပြာကျသွားအောင် မီးရှို့ ဖျက်ဆီးပစ်လိုက်ပြီး သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်သည်။ ရှင်းမိသားစုခေါင်းဆောင်၏ တရားဝင်သမီးတော်ပီပီ သိုလှောင်လက်စွပ်အတွင်း၌ တန်ဖိုးကြီး မှော်ရတနာ အမြောက်အမြား ပါဝင်နေသည်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀၀၊ ရွှမ်ယင် ကျောက် ၃ တုံးနှင့် ခရစ္စတယ်သဲကျောက် ၁၀၀ တို့ ပါဝင်သည်။ သိုလှောင်လက်စွပ်အတွင်းရှိ အဖိုးတန်ဆုံးသော ပစ္စည်းမှာ မျက်နှာဖုံးပုဝါကဲ့သို့သော မှော်ရတနာတစ်ခု ဖြစ်သည်။ ဤအလယ်အလတ်အဆင့် မှော်ရတနာတွင် မည်သည့် တိုက်စစ်၊ ခံစစ် စွမ်းရည်မျှ ပါဝင်ခြင်းမရှိချေ။ ၎င်း၏ တစ်ခုတည်းသော စွမ်းဆောင်ရည်မှာ လူတစ်ဦး၏ အော်ရာကို ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။
ရှင်းရွယ်ရွယ်သည် သူမ၏ အလောင်းချီအော်ရာကို ဖုံးကွယ်ရန်အတွက် ဤရတနာအပေါ်၌ အားကိုးခဲ့ခြင်း ဖြစ်ရာ၊ ယင်းက ရှင်းကောင်းဟန်၏ အာရုံခံမှုကိုပင် ကျော်လွှားနိုင်ခဲ့သဖြင့် ထိရောက်မှုမှာ သက်သေပြနေရန် မလိုတော့ပေ။
ရှင်းရွယ်ရွယ်၏ လက်စွပ်ကို သိမ်းဆည်းပြီးနောက်၊ ရှင်းချန်၏ သိုလှောင်လက်စွပ်ကို စစ်ဆေးသည်။ ဝိညာဉ်ကျောက်အချို့မှ လွဲ၍ အခြားပစ္စည်းများမှာ တန်ဖိုးအနည်းငယ်မျှသာ ရှိသည်။ ကိုယ်လုပ်တော်သားနှင့် တရားဝင်ဇနီး၏ သားသမီးကြား ကွာဟချက်မှာ ကြီးလွန်းလှသည်။
……………