← Chapters

ဝိညာ်ထိုးဖောက်နည်းစနစ်

Vol. 29 Ch. 299

ဝိညာ်ထိုးဖောက်နည်းစနစ်

Vol. 29 Ch. 299

ထို့နောက် ရှန်းယွဲ့ထံမှ ရရှိခဲ့သော ကျောက်စိမ်းပြားနှစ်ခုကို ထုတ်ယူကာ ကျင့်စဉ်များကို စတင်လေ့လာတော့သည်။ နာရီအနည်းငယ်ခန့် လေ့လာပြီးနောက် ကျောက်စိမ်းပြားများကို ပြန်လည်သိမ်းဆည်းလိုက်သည်။

ထိုမျှနှင့်ပင် ဝိညာဉ်ထိုးဖောက်ကျင့်စဉ်၏ ပထမနှင့် ဒုတိယအလွှာတို့အပေါ် အခြေခံကျသော နားလည်သဘောပေါက်မှုကို ရရှိခဲ့ပြီ ဖြစ်သည်။ ထိုနည်းစနစ်မှာ ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထက်မြက်ပြီး မမြင်နိုင်သော ဓားတစ်စင်းအသွင်သို့ သိပ်သည်းစေခြင်း ဖြစ်ကာ၊ ထိုဓားကို အသုံးပြု၍ ပြိုင်ဘက်၏ သိစိတ်ပင်လယ်ကို တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ ပစ်မှတ်ကို ထိမှန်သွားခဲ့ပါက၊ ၎င်းသည် သိစိတ်ပင်လယ်ကို ပျက်စီးစေရုံသာမက ပြိုင်ဘက်၏ ဝိညာဉ်ကိုပါ ထိခိုက်စေနိုင်သဖြင့် ခုခံတိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားစေနိုင်သည်။

သို့သော် ဝိညာဉ်ထိုးဖောက်ကျင့်စဉ်၏ ပထမဆုံး အလွှာနှစ်ခုကို ကျင့်ကြံအားထုတ်ရန်မှာ အလွန်ခက်ခဲလှသော အလုပ်တစ်ခု ဖြစ်ပေသည်။ ဤကျင့်စဉ်တွင် အဆင့်တက်လှမ်းနိုင်ရန်အတွက် မြေကမ္ဘာဝိညာဉ်ဆေးလုံးနှင့် ကောင်းကင်ဝိညာဉ်ဆေးလုံး ဟူသော ဆေးလုံးနှစ်မျိုးကို မလွဲမသွေ သောက်သုံးရမည် ဖြစ်သည်။ ဤဆေးလုံးများ၏ အကူအညီကို ရရှိမှသာလျှင် ကျင့်ကြံသူ၏ စိတ်အာရုံထဲ၌ ဝိညာဉ်စွမ်းအင်ဓားကို ပုံဖော်ဖန်တီးနိုင်မည် ဖြစ်သည်။

မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ဖော်စပ်ရန်အတွက် အဓိက လိုအပ်သော ပါဝင်ပစ္စည်းများမှာ ဒီရေသားရဲကောင်၏ ဝိညာဉ်နှင့် သွေးအဆီအနှစ်တို့ ဖြစ်ကြသည်။ ကံကောင်းထောက်မစွာဖြင့် စုန့်ဝမ်၏လက်ဝယ်တွင် ထိုပစ္စည်းများ ရှိနှင့်နေပြီးသား ဖြစ်သည့်အပြင် အခြားသော ဖြည့်စွက်ပစ္စည်းများကို ရှာဖွေရန်လည်း မခက်ခဲလှပေ။ ဖော်စပ်မှု လုပ်ငန်းစဉ်မှာ အတော်လေး ရိုးရှင်းလှသဖြင့်၊ ပထမဆုံးအကြိမ် ဖော်စပ်မှုတွင်တင် အောင်မြင်ရန် ၇၀ ရာခိုင်နှုန်းခန့် သေချာမှု ရှိနေသည်။

မိုးကောင်းကင်ဝိညာဉ်ဆေးလုံး ဖော်စပ်ရန် လိုအပ်ချက်များမှာမူ အလွန်အမင်း ကြီးမားလှပေသည်။ အဓိက ပါဝင်ပစ္စည်းမှာ ဝိညာဥ်အမြစ်ရှိ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူ ကိုးဦး၏ ဝိညာဉ် ဖြစ်သည်။ အဆိုပါအဆင့်တွင် အသက်ရှင်နေသော လူသားများကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြု၍ လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုလူသားများကို ဆေးဖော်စပ်သည့် မီးဖိုထဲသို့ မထည့်သွင်းမီ ခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်ဒဏ်ရာမရှိဘဲ ပြည့်စုံနေရမည့်အပြင်၊ ဝိညာဉ်များလည်း လုံးဝဥဿုံ ပြည့်စုံနေရမည် ဖြစ်သည်။ နောက်ဆုံးအနေဖြင့်၊ ဤဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ရန် တတိယအဆင့်ရှိ ဆေးဖော်စပ်သူ ကိုးဦးက ဆယ့်ရှစ်ရက်တိုင်တိုင် တဆက်တည်း ပူးပေါင်းလုပ်ဆောင်ကြရမည် ဖြစ်သည်။

ဤအခြေအနေ သုံးခုစလုံးမှာ တစ်ခုချင်းစီအလိုက် ပြည့်မီရန် အလွန်တရာ ခက်ခဲလှပေသည်။ ပါဝင်ပစ္စည်းဖြစ်မည့် လူသားများကို ဖမ်းဆီးပြီးပြီးချင်း ချက်ချင်း ဆေးဖော်စပ်ရန် လိုအပ်လှသည်။ သို့မဟုတ်ပါက ၎င်းတို့၏ အသက်စွမ်းအားများ လျော့ပါးသွားခြင်း၊ ဝိညာဉ်များ ထိခိုက်ပျက်စီးသွားခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ဆေးဖော်စပ်မှု ကျရှုံးခြင်းသို့ ဦးတည်သွားနိုင်သည်။

ဤကဲ့သို့သော စိန်ခေါ်မှုများ ရှိနေသောကြောင့် မိုးကောင်းကင်ဝိညာဉ်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ရန်မှာ တစ်ယောက်တည်းသမားအတွက် လုံးဝ မဖြစ်နိုင်ချေ။ ရှင်းမိသားစုကဲ့သို့သော အင်အားကြီးမားသည့် အဖွဲ့အစည်းတစ်ခု သာလျှင် ဤဆေးလုံးကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ထိုစဉ် ကန်းဟုန် ပြောခဲ့ဖူးသည်ကို စုန့်ဝမ် ရုတ်တရက် ပြန်လည်သတိရသွားသည်။ ရှင်းလီယန်သည် တတိယအဆင့် ဆေးဖော်စပ်သူ ကိုးဦး၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သော အထူးဆေးလုံးတစ်မျိုးကို ဖော်စပ်ရန် စီစဉ်နေခဲ့သည် မဟုတ်ပါလား။ ယင်းဆေးမှာ မိုးကောင်းကင်ဝိညာဉ်ဆေးလုံး ဖြစ်နေမည်မှာ ​သေချာသည်။

ထိုခဏ၌ စုန့်ဝမ်၏ စိတ်ထဲတွင် အကြံအစည်တစ်ခု ပေါ်လာသည်။ ထိုဆေးဖော်စပ်သူ ကိုးဦးအုပ်စုထဲ ဝင်ရောက်ကာ၊ မိုးကောင်းကင်ဝိညာဉ်ဆေးလုံး ဖော်စပ်ရာတွင် ကူညီပေးပြီးမှ ထိုဆေးလုံးကို လုယူရန် ဖြစ်သည်။ သို့သော် သူသည် ထိုအတွေးကို ချက်ချင်းပင် ပယ်ချလိုက်ရသည်။ ရှင်းရွယ်ရွယ်၏ မှတ်ဉာဏ်များအရ ရ ရှင်းမိသားစု၏ ဆေးဖော်စပ်ခန်းသည် မိသားစုခြံဝင်း၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေသောကြောင့် ဖြစ်သည်။

ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သော သူ့အနေဖြင့်၊ ဤကဲ့သို့သော နေရာမျိုးမှ မိုးကောင်းကင်ဝိညာဉ်ဆေးလုံးကို ရယူရန် အခွင့်အရေး မရှိပေ။ ထိုသို့ ကြိုးစားခြင်းက သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် ဤမျှ ရက်စက်ကြမ်းကြုတ်သော ဆေးဖော်စပ်နည်းသည် အထိမခံသော ကိစ္စရပ်များနှင့် ပတ်သက်နေသည်။ အကယ်၍ ဤဆေးဖော်စပ်နည်း တည်ရှိနေသည့် သတင်းသာ ပြန့်နှံ့သွားပါက ရှင်းမိသားစု၏ ဖြောင့်မတ်မှန်ကန်လှသည်ဟူသော ဂုဏ်သတင်းကို ပျက်စီးသွားစေလိမ့်မည်။

ထိုဆေးဖော်စပ်မှုတွင် ပါဝင်သူမှန်သမျှ ပြန်လမ်းရှိမည် မဟုတ်၊ မသေလျှင်ပင် ရှင်းမိသားစုက တစ်သက်လုံး ချုပ်နှောင်ထားပြီး ၎င်းတို့၏ ဆေးဖော်ကျေးကျွန်အဖြစ် ပြောင်းလဲပစ်ကာ၊ ဆေးလုံးများကို အကန့်အသတ်မရှိ အတင်းအကျပ် ဖော်စပ်ခိုင်းပေလိမ့်မည်။

ထိုဆေးလုံးကို ရရှိနိုင်မည့် လက်တွေ့ကျသော အစီအစဉ်တစ်ခုကို စဉ်းစားမရသဖြင့် လောလောဆယ် ဘေးဖယ်ထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ အရင်ဆုံး မြေကမ္ဘာဝိညာဉ်ဆေးလုံး ဖော်စပ်ပြီး ကျင့်စဉ်၏ ပထမဆုံးအလွှာကို ပြီးမြောက်အောင် ကျင့်ကြံရန်သာ စိတ်ပိုင်းဖြတ်လိုက်၏။

ဆုံးဖြတ်ပြီးသည်နှင့် ရုပ်သွင်ကို ပြောင်းလဲပြီး အခြေတည် အလယ်အလတ်အဆင့်ရှိ လေလွင့်ကျင့်ကြံသူတစ်ဦးအဖြစ် ရုပ်ဖျက်လိုက်သည်။ ထို့နောက် ဖန်မြို့တော်သို့ ပြန်သွားပြီး ဂူအိမ်အသစ်တစ်ခုကို ငှားရမ်းလိုက်သည်။ ဝေ့တင်းဟူသော သရုပ်သကန်မှာ အသုံးမဝင်တော့ပေ။ အကယ်၍ ရှန်းယွဲ့က ရန်ငြိုးထားပြီး ကလဲ့စားချေရန် ကြိုးစားလာပါက အချည်းအနှီး ဖြစ်သွားပေလိမ့်မည်။

...

ဖန်မြို့တော် မြောက်ပိုင်းခြမ်း၊

ကြီးကျယ်ခမ်းနားလှသော အိမ်တော်တစ်ခု၏ ခန်းမဆောင်ထဲတွင် တင့်တယ်လှပသော အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူမ၏ လှပသောမျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများနှင့် ဒေါသရိပ်များ ပြည့်နှက်နေ၏။

ထိုစဉ် အမျိုးသားတစ်ဦးသည် ခန်းမဆောင်အတွင်းသို့ ပျံသန်းဝင်ရောက်လာပြီး ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ ထိုသူမှာ ရှင်းလီယန် ဖြစ်သည်။

"အမေ... သားကို အရေးတကြီး ခေါ်တာ ဘာကိစ္စရှိလို့လဲ"

ထိုအမျိုးသမီးမှာ ရှင်းလီယန်၏မိခင်၊ ရှင်းကောင်းဟန်၏ တရားဝင်ဇနီး ကျင်းဖေးယောင် ဖြစ်သည်။ သူမသည် အဆုံးမဲ့ပင်လယ်ပြင်ရှိ အင်အားကြီး အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကျင်းမိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူမနှင့် ရှင်းကောင်းဟန်တို့၏ ထိမ်းမြားခြင်းမှာ သြဇာညောင်းသော မိသားစုနှစ်ခုအကြားက နိုင်ငံရေးအရ မဟာမိတ်ဖွဲ့ခြင်းမျှသာ ဖြစ်၏။

ကျင်းဖေးယောင်သည် ရှင်းကောင်းဟန်၏ အချစ်ကို မရရှိခဲ့သော်လည်း၊ သူမ၏ နောက်ကွယ်တွင်ရှိသော ကျင်းမိသားစု၏ သြဇာအာဏာကြောင့် ရှင်းကောင်းဟန်အနေဖြင့် သူမကို ထိုက်တန်သည့် အလေးပေးမှုဖြင့် ဆက်ဆံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။

ကျင်းဖေးယောင်၏ အမူအရာမှာ ပူဆွေးသောကရောက်နေပြီး စကားပြောဆိုရာတွင်လည်း အသံမှာ တုန်ယင်နေသည်။

"ဘိုးဘေးခန်းမဆောင်ကနေ အခုတင်ပဲ သတင်းရောက်လာတယ်။ မင်းညီမလေးရဲ့ ဝိညာဉ်မီးအိမ် ကွယ်ပျောက်သွားပြီ"

ရှင်းလီယန်မှာ သူ့နားသူ မယုံကြည်နိုင်ဖြစ်သွားသည်။

"ဒါ မဖြစ်နိုင်တာ၊ ရွယ်အာက ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ"

"ဘိုးဘေးခန်းမဆောင်က မိသားစုဝင်တွေရဲ့ ဝိညာဉ်မီးအိမ်တွေကို ထိန်းသိမ်းရတဲ့ တာဝန်ရှိတယ်။ သူတို့က တစ်ခါမှ မှားယွင်းမှု မရှိဖူးဘူး။ အမေလည်း ရွယ်အာဆီကို သတင်းပို့ ကျောက်စိမ်းပြားကနေ အကြိမ်ကြိမ် ဆက်သွယ်ဖို့ ကြိုးစားပေမဲ့... ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး"

ရှင်းလီယန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

"ဘယ်သူလဲ… ဘယ်သူက ရှင်းမိသားစု သခင်မလေးကို သတ်ရဲတာလဲ"

"တရားခံကို အခုထိ အတည်မပြုနိုင်သေးဘူး။ ရွယ်အာကို နောက်ဆုံး မြင်တွေ့ခဲ့ရတာ လွန်ခဲ့တဲ့ နှစ်ရက်က။ အဲဒီနောက် မှောင်မိုက်ကြယ်မှောင်ခိုစျေးကနေ တစ်ယောက်တည်း ထွက်သွားခဲ့ပြီး ဘာသဲလွန်စမှ မရှိဘဲ ပျောက်သွားတာ"

"ဘိုးဘေးခန်းမဆောင်က အသုံးမကျဘူး၊ သူတို့ကိုပဲ အားကိုးနေမယ်ဆိုရင် တရားခံကို ဘယ်တော့မှ သိရမှာ မဟုတ်ဘူး"

"အဘွားကျင်းကတော့ သဲလွန်စတွေ ပေးခဲ့တယ်။ ရွယ်အာ ပျောက်ဆုံးမသွားခင် လွန်ခဲ့တဲ့ညက သူနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် အရောင်းအဝယ် လုပ်ခဲ့သေးတယ်။ အဲဒီအရောင်းအဝယ်က ပျက်ပြားသွားခဲ့တယ်။ အဘွားကျင်းကတော့ ရွယ်အာ သေဆုံးတာ အဲဒီကျင့်ကြံသူနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိနေတယ်"

"ဒါဆို အဲဒီကျင့်ကြံသူနဲ့ ပတ်သတ်ပြီး ဘာအချက်အလက်တွေ သိထားပြီးပြီလဲ"

"အဘွားကျင်း သိရသလောက်တော့ အဲဒီလူဟာ ရွှေအမြုတေ အစောပိုင်းအဆင့် ဖြစ်ပြီး လျှပ်စီးပညာတွေကို ကျွမ်းကျင်တယ်တဲ့။ သူတို့ရဲ့ အရောင်းအဝယ်လုပ်တာ နတ်ဆိုးကျင့်စဉ်တစ်ခုဖြစ်တဲ့ အလောင်းဘုရင် သွေးသန့်စင်ပညာတဲ့"

"သား နားလည်ပါပြီ။ လူသတ်သမားကို တွေ့အောင် ရှာပါ့မယ်"

ပြောပြီးနောက် ရှင်းလီယန် လှည့်ထွက်သွားရန် ပြင်သော်လည်း ကျင်းဖေးယောင်က ဟန့်တားလိုက်သည်။

"မိုးကောင်းကင်ဝိညာဉ်ဆေးလုံးအတွက် ပြင်ဆင်မှုတွေက ဘယ်လိုအခြေအနေ ရှိနေပြီလဲ"

ရှင်းလီယန်က ခေါင်းခါယမ်းလိုက်ပြီး "ဆေးဖော်စပ်သူ မပြည့်သေးဘူး" ဟု ဆိုသည်။

"နောက်ထပ် ဘယ်နှစ်ယောက်လောက် လိုအပ်နေသေးလဲ"

"အခုထိ တတိယအဆင့် ဆေးဖော်စပ်သူ ငါးယောက် စုထားနိုင်ခဲ့ပြီ။ နောက်ထပ် လေးယောက် လိုနေသေးတယ်"

"မှော်အတတ်ဖလှယ်ပွဲကလည်း နီးကပ်လာနေပြီ။ မင်းမှာ ဘယ်လို အစီအစဉ်မျိုး ရှိသေးလဲ"

ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ရှင်းလီယန်က "အခြားကျွန်းတွေကို သွားရှာဖို့ စီစဉ်ထားပါတယ်"ဟု မရေမရာ ဖြေသည်။

ကျင်းဖေးယောင်က ခေါင်းခါလိုက်သည်။

"တတိယအဆင့် ဆေးဖော်စပ်သူတွေဆိုတာ အရမ်း ရှားတယ်။ အချိန်တိုအတွင်း နောက်ထပ် လေးယောက်ကို တွေ့ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ သူတို့ကို စည်းရုံးဖို့ဆိုတာက ပိုပြီးတော့တောင် ခက်ခဲဦးမယ်။ မင်းရဲ့ ဦးလေးက ဒီကိစ္စမှာ မင်းကို ကူညီပေးနိုင်လိမ့်မယ်"

ရှင်းလီယန် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း ပြန်မဖြေဘဲ တွေဝေနေသည်။ သူ့ဦးလေးဟူသည်မှာ သဘာဝကျစွာပင် ကျင်းမိသားစုဝင်တစ်ဦးကို ရည်ညွှန်းခြင်း ဖြစ်သည်။ သို့သော် ရှင်းလီယန်က ကျင်းမိသားစုအနေဖြင့် သူ့ကို အကြောင်းပြချက်မရှိဘဲ ကူညီပေးမည်မဟုတ်ကြောင်း ကောင်းစွာ သိရှိထားသည်။ သူ့ဦးလေးတွင် ရည်ရွယ်ချက်တစ်ခုခု ရှိနေမည်ဟု ရိပ်စားမိသည်။ သူ့အနေဖြင့် ရှင်းကောင်းဟန်၏ တရားဝင် သားအကြီးဆုံး ဖြစ်သဖြင့် ရှင်းမိသားစုအတွင်း၌ပင် ခိုင်မာသည့် ကျောထောက်နောက်ခံ ရှိနှင့်နေပြီးသား ဖြစ်သည်။ ကျင်းမိသားစုအပေါ် အားကိုးနေရန် မလိုအပ်ချေ။ ကျင်းမိသားစုနှင့် ဆက်ဆံရေး နီးကပ်ခြင်းက အပြင်လူများနှင့် ပူးပေါင်းကြံစည်နေသည်ဟူသော စွပ်စွဲချက်များကို ဖြစ်ပေါ်လာစေနိုင်ပြီး၊ သူ့ကို ဒုက္ခပေးမည့် ဟာကွက်တစ်ခု ဖြစ်လာနိုင်သည်။

ရှင်းလီယန်က ခေါင်းခါယမ်းလိုက်ပြီး "ဦးလေးကို ဒုက္ခပေးနေဖို့ မလိုအပ်ပါဘူး။ ကျွန်တော် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်" ဟု ဆိုသည်။

ကျင်းဖေးယောင် သက်ပြင်းချလိုက်သည်။

"ယန်အာ... မင်းစိုးရိမ်နေတာကို အမေ နားလည်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာ လူတစ်ယောက်ဟာ အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲတတ်ဖို့နဲ့ အခြေအနေကို ချိန်ဆတတ်ဖို့ သင်ယူရမယ်။ တိမ်လွှာကောင်းကင်တောင်ကနေ ရောက်လာတဲ့ သတင်းတွေအရ ရှင်းယီရွှမ်း မကြာသေးခင်ကတင် ရွှေအမြုတေ အထွတ်အထိပ်အဆင့် တက်လှမ်းသွားနိုင်ခဲ့ပြီတဲ့"

တိမ်လွှာကောင်းကင်တောင်မှာ ဖန်မြို့တော်၏ မြောက်ဘက်တွင် တည်ရှိသည့် ရှင်းမိသားစု၏ မျိုးနွယ်စုခွဲတစ်ခု ဖြစ်သည်။ ဝိညာဥ်သန္ဓေ အလယ်အလတ်အဆင့်ရှိ ကျင့်ကြံသူ ရှင်းဝမ်ယောင်က ထိုနေရာ၏ အကြီးအကဲအဖြစ် တာဝန်ယူထားသည်။

ရှင်းယီရွှမ်းဟူသည်မှာ တိမ်လွှာကောင်းကင်တောင်မှ ထွက်ပေါ်လာသည့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး ရှင်းလီယန်နှင့် အသက်အရွယ်ချင်း အတူတူခန့်သာ ရှိသော်လည်း ရွှေအမြုတေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ယင်းက ရှင်းမိသားစု၏ အနာဂတ် ခေါင်းဆောင်တစ်ဦးဖြစ်လာရန် ရည်မှန်းထားသည့် ရှင်းလီယန်အပေါ် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။

ခဏတာ တွေးတောဆင်ခြင်ပြီးနောက် ရှင်းလီယန်က "ဦးလေးက အလဲအလှယ်အနေနဲ့ ဘာကို ပြန်လိုချင်တာလဲ" ဟု မေးလိုက်သည်။

ကျင်ဖေးယောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"မင်းဦးလေးက ဝိညာဥ်ထိုးဖောက်ကျင့်စဉ်ကို လိုချင်နေတာ"

"လုံးဝ မဖြစ်ဘူး။ ဒါက ရှင်းမိသားစုရဲ့ လျှို့ဝှက်ကျင့်စဉ်ပဲ။ အပြင်လူကို ဘယ်လိုလုပ်ပြီး လွှဲပြောင်းပေးလို့ ရမှာလဲ"

"မင်းရဲ့ ဦးလေးကို ဘာဖြစ်လို့ အပြင်လူလို့ သတ်မှတ်ရမှာလဲ။ မင်း တစ်နေ့ကျရင် ရှင်းမိသားစုကို ဦးဆောင်ခွင့် ရလာမယ်ဆိုရင် သူက အင်အားကြီးတဲ့ မဟာမိတ် ဖြစ်လာမှာ။ သူက ပြည့်စုံတဲ့ ကျင့်စဉ်တစ်ခုလုံးကို လိုချင်နေတာ မဟုတ်ဘူး၊ ပထမအလွှာနှစ်ခုကိုပဲ လိုချင်တာပါ"

သူ့အမေ ဆိုလိုရင်းကို ရှင်းလီယန် နားလည်သွားသည်။ သူ့ဦးလေးဖြစ်သူ ကျင်းလေ့က ပထမဆုံး အလွှာနှစ်ခုကိုသာ တောင်းဆိုလာခြင်းမှာ သူ့အနေဖြင့် ထိုအလွှာနှစ်ခုကိုသာ ဝင်ရောက်ကြည့်ရှုခွင့်ရှိကြောင်း ကောင်းစွာ သိရှိထားသောကြောင့်ပင်။ မိသားစု၏ လျှို့ဝှက်ချက်များကို ကိုယ်ပိုင်အကျိုးအမြတ်အတွက် လဲလှယ်ခြင်းဟူသည်မှာ အလွန်တရာ အန္တရာယ်များလှသည့်ကိစ္စတစ်ခု ဖြစ်သည်။ တစ်ကြိမ် စတင်လိုက်သည်နှင့် ယင်းက ဒုတိယအကြိမ်နှင့် တတိယအကြိမ်များဆီ မလွဲမသွေ ဦးတည်သွားပေလိမ့်မည်။

ရှင်းလီယန်က ခေါင်းခါယမ်းလိုက်ပြီး "အမေ... သားအတွက် ဦးလေးကို ကျေးဇူးတင်စကား ပြောပေးပါ။ မိုးကောင်းကင်ဝိညာဉ်ဆေးလုံး ဖော်စပ်တဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ သားဘာသာ ကိုင်တွယ်ဖြေရှင်းပါ့မယ်" ဟု ဆိုကာ ခန်းမဆောင်အတွင်းမှ ထွက်ခွာသွားခဲ့တော့သည်။

"ယန်အာ... ဒီလောက်အထိ အလောတကြီး မဆုံးဖြတ်နဲ့ဦး။ သေချာ ပြန်စဉ်းစားပါဦး"

ကျင်းဖေးယောင်၏ အသံက ရှင်းလီယန်နောက်မှ ကပ်ပါသွားသည်။

………

All Chapters