ရှန်းယွဲ့၏တောင်းဆိုမှု
Vol. 29 Ch. 300
စုန့်ဝမ်သည် မြေကမ္ဘာဝိညာဉ်ဆေးလုံး ဖော်စပ်ရန်အတွက် ပစ္စည်းများ စုဆောင်းရင်း ဖန်မြို့တော်နှင့် မှောင်ခိုဈေးကွက်အတွင်း၌ နှစ်ရက်ခန့် အချိန်ကုန်လွန်ခဲ့သည်။ ပစ္စည်းများ စုံလင်သော်လည်း ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်ကို ချက်ချင်း စတင်ရန် စိတ်ကူးမရှိပေ။ လက်ရှိတွင် ဒီရေသားရဲကောင်၏ သွေးအဆီအနှစ်နှင့် ဝိညာဉ် ပါဝင်သည့် ပုလင်းငယ် တစ်လုံးသာ ရှိသည်။ အကယ်၍ ဆေးဖော်စပ်မှုသာ ကျရှုံးသွားခဲ့ပါက နောက်ထပ် ဒီရေသားရဲတစ်ကောင်ကို ထပ်မံရှာဖွေရန် လိုအပ်လာလိမ့်မည်။ ထိုအရာများမှာ စျေးတွင် ဝယ်ယူနိုင်သည့်အရာ မဟုတ်ချေ။ ရှင်းချန်ပင် ပင်လယ်ပြင်ဆီ ထွက်ပြီး စွန့်စားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ဆေးဖော်စပ်မှု မစတင်မီ မြေကမ္ဘာဝိညာဉ်ဆေးလုံး၏ ဆေးဖော်စပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်လတိုင်တိုင် ဂရုတစိုက် လေ့လာခဲ့ပြီး၊ အသေးစိတ် လေ့လာဆန်းစစ်ခဲ့သည်။ ထို့နောက် ပိုင်နိုင်ပြီဟု သေချာမှသာ ဆေးဖော်စပ်မှုကို စတင်ခဲ့သည်။ ဂရုတစိုက် ပြင်ဆင်ခဲ့မှုကြောင့် ဆေးဖော်စပ်မှု လုပ်ငန်းစဉ်သည် အဆင်ပြေ ချောမွေ့စွာ ပြီးမြောက်သွားခဲ့ပြီး ဆယ်ရက်မြောက်နေ့တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
မြေကမ္ဘာဝိညာဉ်ဆေးလုံးကို လက်ဝယ်ရရှိသွားပြီးနောက်၊ စုန့်ဝမ်သည် ဝိညာဥ်ထိုးဖောက်ကျင့်စဉ်၏ ပထမအလွှာကို စတင်ကျင့်ကြံတော့သည်။ နှစ်လခန့် ကြာမြင့်ပြီးနောက်၊ ပထမအလွှာ၏ အကြောင်းအရာ အများစုကို နားလည်သဘောပေါက်သွားခဲ့ပြီး သိစိတ်ပင်လယ်တွင်းရှိ ဝိညာဉ်စွမ်းအားများကို ဝိညာဉ်စွမ်းအင်ဓားအဖြစ် သိပ်သည်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုလုပ်ငန်းစဉ်မှာ လွယ်ကူခြင်းမရှိခဲ့ပေ။ စုန့်ဝမ်သည် ဝိညာဉ်စွမ်းအားကို အလွယ်တကူ ထိန်းချုပ်နိုင်သော်လည်း၊ ၎င်းကို ဓားတစ်ခုအသွင်သို့ ဖိသိပ်ရန် ကြိုးစားရာတွင် ကြီးမားလှသော ခုခံမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ဝိညာဉ်စွမ်းအားများသည် ဖိသိပ်နေစဉ်အတွင်း ပြင်းထန်စွာ ပြန်လည်တွန်းကန်နေသဖြင့် ပုံဖော်၍မရ ဖြစ်နေသည်။
ထိုအချိန်တွင် ကျင့်စဥ်ပါ လမ်းညွှန်ချက်အတိုင်း မြေကမ္ဘာဝိညာဉ်ဆေးလုံးကို သောက်သုံးလိုက်သည်။ ဆေးလုံး အရည်ပျော်သွားသည်နှင့် စွမ်းအားတစ်ခု သိစိတ်ပင်လယ်အတွင်းသို့ စီးဆင်း ဝင်ရောက်လာသည်။ ထိုစွမ်းအင်က ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ပေးလိုက်သဖြင့် ခုခံမှုများ လျော့ပါးသွားပြီး၊ စိတ်ဝိညာဉ်ဓားကို တဖြည်းဖြည်းနှင့် ပုံဖော်နိုင်ခဲ့သည်။
လက်မဝက်ခန့် အရှည်ရှိ ကြည်လင်နေသော ဓားငယ်တစ်ခုသည် စုန့်ဝမ်၏ နဖူးပြင်မှ ထွက်ပေါ်လာခဲ့ပြီး သူ့ရှေ့တွင် ဝဲပျံနေသည်။ ထိုဓားငယ်သည် ဒြပ်မဲ့ပစ္စည်းဖြစ်ပြီး ရိုးရိုးမျက်စိဖြင့် မမြင်တွေ့နိုင်သော်လည်း၊ စိတ်ဝိညာဉ်အာရုံခံမှုမှတဆင့်သာ ယင်းကို အာရုံခံနိုင်သည်။ ထိုဓားငယ်သည် စုန့်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် ဂူအိမ်တွင်းရှိ လေထုထဲ၌ ရွေ့လျားနေသည်။ မြန်နှုန်းကိုလည်း အလိုရှိသလို ထိန်းချုပ်စမ်းသပ်နေခဲ့သည်။ အရှိန်မြှင့်တင်လိုက်ပြီး ကျောက်ဂူမျက်နှာကြက်အတွင်းသို့ ထိုးစိုက်လိုက်ရာ မည်သည့် ခြေရာလက်ရာမျှမရှိဘဲ ပျောက်ကွယ်သွားသည်။ မျက်နှာကြက်မှာမူ မည်သည့် ထိခိုက်ပျက်စီးမှုမျှမရှိဘဲ ပကတိအတိုင်း ကျန်ရှိနေခဲ့သည်။
စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် သက်ရှိတို့၏ ဝိညာဉ်နှင့် သိစိတ်ပင်လယ်ကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ ယင်းသည် ရုပ်ဝတ္ထုပစ္စည်းများအပေါ်၌ မည်သည့် သက်ရောက်မှုမျှ မရှိချေ။ ထိုအချက်ကပင် အလွန်တရာ အန္တရာယ်များလှသောအရာ ဖြစ်သည်၊ ခံစစ်မှော်ရတနာများသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုအပေါ် မည်သည့် ကာကွယ်မှုမျိုးမျှ မပေးစွမ်းနိုင်သောကြောင့်ပင်။ ဝိညာဉ်ကို ကာကွယ်ပေးနိုင်သည့် သီးသန့်မှော်ရတနာများ၊ ကျင့်စဉ်များကသာလျှင် ၎င်းတိုက်ခိုက်မှုများကို ခုခံနိုင်သည်။
ဝိညာဉ်ထိုးဖောက်ပညာ၏ ပထမအလွှာကို ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်ရာ၊ ယခုအခါ ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။ ယင်းအတွက် နှစ်ပေါင်းများစွာ အချိန်ယူ၍ ကျင့်ကြံအားထုတ်ရန် လိုအပ်ပေလိမ့်မည်။
ကျင့်စဥ် အောင်မြင်ပြီးနောက် စုန့်ဝမ်၏ အာရုံမှာ ကျောက်ဂူထောင့်တစ်နေရာရှိ ကူမွေးမြူအိုးအတွင်း၌ အိပ်ပျော်နေသည့် ကူပိုးကောင်တစ်ကောင်ဆီ ရောက်သွားသည်။ ကူကောင်ကို စစ်ဆေးပြီးနောက် နဂါးအကြေးခွံမြက်ပင်တစ်ပင်ကို အိုးအတွင်းသို့ ထည့်ပေးလိုက်သည်။ ချက်ချင်းပင် ကူပိုးကောင် နိုးထလာခဲ့ပြီး မြက်ပင်ကို ကိုက်ဖြတ်စားသောက်တော့သည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း ကျင့်ကြံနေခဲ့စဉ်အတွင်း ထိုကူပိုးကောင်ကို နဂါးအကြေးခွံမြက်ပင်များ ပုံမှန် ကျွေးမွေးနေခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင်၊ ကူပိုးကောင်အား ထိခိုက်စေမည်ကို စိုးရိမ်ခဲ့သဖြင့် အနည်းငယ်မျှသာ ကျွေးမွေးခဲ့သည်။ လွန်ခဲ့သော တစ်လခန့်ကမှ ထိုမြက်ပင်သည် ကူပိုးကောင်အတွက် အကျိုးရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီးမှသာ ပမာဏကို တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကူပိုးကောင်သည် နဂါးအကြေးခွံမြက်ပင် ၃၀ ခန့်ကို စားသောက်ခဲ့ပြီးဖြစ်ရာ အဆမတန် ပိုမိုသန်မာလာခဲ့သော်လည်း၊ အဆင့်တက်လှမ်းမည့် အရိပ်အယောင်မျိုးကိုမူ မပြသသေးပေ။ ကူပိုးကောင်အနေဖြင့် တတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်မှာ ကြီးမားလှသော တိုးတက်မှုတစ်ခု လိုအပ်ကြောင်း စုန့်ဝမ် နားလည်ထားသည်။ ယင်းက အတော်လေး စိန်ခေါ်မှုများလှသည့် အလုပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အလောတကြီး မလုပ်ဆောင်ရန်သာ ဆုံးဖြတ်လိုက်သည်။
လပေါင်းများစွာတိုင်တိုင် တစ်ဦးတည်း သီးခြားနေထိုင်ခဲ့မှုကြောင့် မွန်းကြပ်မှုကို ခံစားနေရသဖြင့်၊ စုန့်ဝမ်သည် ကျောက်ဂူအတွင်းမှ ထွက်ခွာခဲ့ကာ ဖန်မြို့တော်အတွင်း လမ်းလျှောက်ထွက်ရင်း၊ သွေးဝိညာဉ်ဆေးလုံးနှင့် သားရဲသန့်စင်ဆေးလုံး ဖော်စပ်ရန်အတွက် ပါဝင်ပစ္စည်းများကို ဝယ်ယူခဲ့သည်။ ပွဲတော်ကျင်းပရန် နီးကပ်လာသည်နှင့်အမျှ၊ မြို့အတွင်းသို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူ အရေအတွက်မှာ ပိုမိုများပြားလာခဲ့သည်။
ကျင့်ကြံသူများ အလုံးအရင်းနှင့် ဝင်ရောက်လာမှုသည် ရှားပါးလှသည့် ကျင့်စဉ်များ၊ ရတနာများ၊ ဆေးလုံးများနှင့် ဆေးဖက်ဝင်အပင်များကို မြို့အတွင်းသို့ သယ်ဆောင်လာခဲ့ကြသဖြင့် ကျင့်ကြံသူများအကြား အပြန်အလှန် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလွယ်ကူချောမွေ့စေခဲ့သည်။
စုန့်ဝမ်ပင် ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ရှားပါးလှသော ဝိညာဉ်ဆေးပင်အချို့ကို သတိပြုမိသဖြင့်၊ နောင်တွင် အသုံးပြုရန်အတွက် တတိယအဆင့် ဆေးပင်အချို့ကို ဝယ်ယူခဲ့သည်။
ထိုနေ့ညပိုင်းတွင် မှောင်မိုက်ကြယ်မှောင်ခိုဈေးသို့ သွားရောက်ခဲ့သည်။ လက်ရှိတွင် ရွှမ်ယင် ကျောက်တုံး ၃ တုံး ရှိနှင့်နေပြီးဖြစ်သော်လည်း၊ ငွေရောင်ဖုတ်ကောင်ကို အားဖြည့်ရန်အတွက် နောက်ထပ် ၉ တုံး ထပ်မံလိုအပ်နေသေးသည်။ သို့သော်လည်း တစ်ခုကိုမျှ ရှာမတွေ့ခဲ့သဖြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း သုံးစွဲပြီး နက်ရှိုင်းမြေကမ္ဘာကျောက် တစ်တုံးကိုသာ ဝယ်ယူခဲ့သည်။ ဤတတိယအဆင့်ရှိ ဝိညာဉ်ကျောက်သည် စင်ကြယ်လှသော ယင်စွမ်းအင်များဖြင့် ပြည့်နှက်နေသဖြင့်၊ တစ္ဆေဘုရင်ကို ခွန်အားမြှင့်တင်ပေးရန်အတွက် ပြီးပြည့်စုံသောအရာ ဖြစ်သည်။
ကျောက်ဂူအိမ်သို့ ပြန်ရောက်သည်နှင့် နက်ရှိုင်းမြေကမ္ဘာကျောက်ကို တစ္ဆေဘုရင်ထံသို့ ပေးအပ်လိုက်ပြီး ၎င်းအတွင်းရှိ ယင်စွမ်းအင်များကို စုပ်ယူစေခဲ့သည်။
ထိုအချိန်မှာပင် သိုလှောင်လက်စွပ်တွင်းရှိ သတင်းပို့ ကျောက်စိမ်းပြားတစ်ခု လှုပ်ရှားသက်ဝင်လာသည်။ ထုတ်ယူလိုက်ရာ ရှင်းချန်ထံမှ ရရှိခဲ့သည့် ရှန်းယွဲ့၏ ကျောက်စိမ်းပြားဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ရှန်းယွဲ့ထံမှ ရုတ်တရက် ဆက်သွယ်လာမှုကြောင့် စုန့်ဝမ် အံသြသွားသော်လည်း ဖတ်ကြည့်လိုက်မိသည်။
"တာအိုရောင်းရင်း.. ငါ့မှာ အကူအညီတောင်းစရာတစ်ခု ရှိလို့ပါ။ နင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဖတ်နေရင်း စုန့်ဝမ် မျက်ခုံးပင့်လိုက်မိသည်။ ရှန်းယွဲ့၏ အသံနေအသံထားမှာ ပုံမှန်ရှိနေတတ်သည့် မာနထောင်လွှားသော လေသံနှင့် သိသိသာသာ ကွဲပြားခြားနားနေခဲ့သည် မဟုတ်ပါလား။ ပြောင်းလဲသွားခြင်းလား၊ ဟန်ဆောင်နေခြင်းလားတော့ ဝေခွဲမရသေး။ အလိုက်အထိုက် တုန့်ပြန်ရန်သာ တွေးလိုက်သည်။
"ရှင်းကတော်... ဘာအကူအညီ လိုလို့လဲ"
"ကောင်းကင်ဘုံကိုပဲ ကျေးဇူးတင်ရတော့မယ်။ နင် ဖန်မြို့ကနေ ထွက်သွားပြီး အဆက်အသွယ် မရမှာကို ငါ တော်တော်လေး စိုးရိမ်နေခဲ့တာ"
စုန့်ဝမ်မှာ ဖတ်နေရင်း ပို၍ပင် စိတ်ရှုပ်လာတော့သည်။ နင်၊ ငါဟု သုံးနှုန်းပြီး ထိုသို့ ရင်းရင်းနှီးနှီး ဆက်ဆံရလောက်သည်အထိ ရင်းနှီးခင်မင်မှု ရှိခဲ့သည် မဟုတ်ပေ။ အတူနေဖြစ်ခဲ့ခြင်းက တစ်ကဏ္ဍ ဖြစ်သည်။
“ဒီရေသားရဲတစ်ကောင် ဖမ်းဆီး သတ်ဖြတ်ဖို့ ကူညီပေးစေချင်ပါတယ်”
ရှန်းယွဲ့၏ တောင်းဆိုချက်ကြောင့် စုန့်ဝမ် ခေါင်းခါလိုက်မိသည်။
“ရှင်းမိသားစုမှာ ကျင့်ကြံသူတွေ အများကြီးရှိတာပဲ။ ဒီလိုမျိုး သာမန်ကိစ္စလေးကို ဘာဖြစ်လို့ ငါ့ဆီကနေ အကူအညီ တောင်းနေတာလဲ”
“ဒီရေသားရဲကောင်ကို ဖမ်းဆီးပြီး မြေကမ္ဘာဝိညာဉ်ဆေးလုံး ဖော်စပ်တာက မိသားစုရဲ့ တပည့်တွေကို လေ့ကျင့်ပေးဖို့ ဖွင့်လှစ်ပေးထားတဲ့ အခွင့်အရေးတစ်ခု ဖြစ်တယ်။ ဒါကြောင့် မိသားစုက ကျင့်ကြံသူတွေကို အကူအညီတောင်းဖို့ မသင့်တော်ဘူး ဖြစ်နေလို့ပါ”
“သခင်လေးရှင်းက ဝိညာဥ်ထိုးဖောက်ကျင့်စဥ် ကျင့်ကြံဖို့ ပြင်ဆင်နေတာလား”
“ဒါက ငါ့သားအတွက် မဟုတ်ဘူး။ ငါ့အတွက်ပါ”
ဒီတစ်ကြိမ်တော့ စုန့်ဝမ် အမှန်ပင် အံအားသင့်သွားသည်။ ရှန်းယွဲ့တစ်ယောက် နောက်ဆုံးတော့ နိုးကြားလာခဲ့ပုံ ရသည်။ ကျင့်ကြံခြင်းလောကတွင် ကိုယ်ပိုင်အစွမ်းကသာလျှင် အခြေခံအုတ်မြစ် ဖြစ်သည်ဆိုသောအချက်ကို သူမ သဘောပေါက်သွားခဲ့ခြင်း ဖြစ်နိုင်သည်။
“ရှင်းကတော်... အပြင်ဘက် ပင်လယ်ပြင်ဇုန်ဆိုတာ မိစ္ဆာသားရဲကောင်တွေ ကျက်စားတဲ့ နေရာဖြစ်တယ်။ ငါ့အစွမ်းအစကလည်း အကန့်အသတ် ရှိတာမို့၊ ဒီရေသားရဲ ဖမ်းဆီး သတ်ဖြတ်ဖို့ ကူညီပေးနိုင်စွမ်း မရှိပါဘူး”
စုန့်ဝမ်အနေဖြင့် ရှန်းယွဲ့က ရိုးသားစွာ ပြောဆိုနေခြင်းလား၊ တစ်စုံတစ်ရာသော လျှို့ဝှက်အကြံအစည် ရှိနေသလားဆိုသည်ကို သေချာရေရာစွာ မခန့်မှန်းနိုင်ခဲ့ချေ။ မည်သည့် စွန့်စားမှုကိုမျှ မလုပ်လိုသောကြောင့်၊ ငြင်းပယ်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ငါ့မှာ ဒီရေသားရဲတစ်ကောင်နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေ ရှိနှင့်နေပြီးသားပါ။ နင့်အစွမ်းအစနဲ့ဆိုရင် ဒီကောင်ကို သတ်ပစ်ဖို့က ဘာမှခက်ခဲမှာ မဟုတ်ဘူး။ ဒီကိစ္စ ဖြစ်မြောက်သွားရင် တကယ်ထိုက်တန်တဲ့ အဖိုးအခ ပေးချေမှာပါ”
စုန့်ဝမ်မှာ ရှန်းယွဲ့၏ အလှတရားနှင့် အတွေ့အထိကို ပြန်မြင်ယောင်ခံစားမိပြီး လက်ခံချင်စိတ် ပေါ်လာသော်လည်း စိတ်ထိန်းပြီး အဖြေမပေးဘဲ ငြိမ်နေလိုက်သည်။
ရှန်းယွဲ့က ဆက်တိုက်ပင် ကမ်းလှမ်းချက်များ ဆက်ပို့လာသည်။
“ဝိညာဉ်ကျောက်တုံး တစ်သိန်းဟာ၊ ငါ နင့်ကို ဝိညာဉ်ကျောက် တစ်သိန်း ပေးမယ်လေ”
“ရှင်းကတော်... ဒီကိစ္စက ဆွေးနွေးနေဖို့ မလိုတော့ပါဘူး။ ငါက အပြင်ဘက် ပင်လယ်ပြင်ဇုန်ဆီကို လွယ်လွယ်နဲ့ သွားစွန့်စားမှာ မဟုတ်ဘူး”
“အဲဒီမိစ္ဆာကောင် ကျက်စားတဲ့ နေရာက အတွင်းဘက် ပင်လယ်ပြင်ဇုန်ထဲမှာ ရှိတာပါ”
ရှန်းယွဲ့က သူ့ကို စည်းရုံးနိုင်ရန် မျှော်လင့်ချက်ဖြင့် ကမ်းလှမ်းချက်များ ဆက်ပို့နေသည်။
“ဝိညာဉ်ကျောက် တစ်သိန်းက နည်းလွန်းတယ်လို့ ထင်ရင်လည်း တစ်သိန်းခွဲ ပေးမယ်လေ”
“ဒီလိုလုပ် အဆင့်မြင့် ဝိညာဉ်ကျောက်တွေနဲ့ ပေးချေမယ်”
“အဆင့်မြင့် ဝိညာဉ်ကျောက် ၁၅ တုံး”
“၂၀ ပေးမယ်ဟာ”
စုန့်ဝမ်ထံမှ မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိသောကြောင့်၊ နောက်ဆုံးတွင် ရှန်းယွဲ့ လက်လျှော့လိုက်ရတော့သည်။
………