ငြင်းမရတဲ့အပေးအယူ
Vol. 29 Ch. 301
စုန့်ဝမ်က ဤကိစ္စ ပြီးဆုံးသွားခဲ့ပြီဟု ထင်မှတ်ခဲ့သော်လည်း တစ်လခန့်အကြာတွင် ရှန်းယွဲ့က ထပ်မံဆက်သွယ်လာသည်။
“တာအိုရောင်းရင်း... အရင်တစ်ခါ ပေးတဲ့ အဖိုးအခက နင့်ကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့လို့ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ် ပေးမယ့် အဖိုးအခကိုတော့ ဘယ်လိုမှ ငြင်းပယ်နိုင်မှာ မဟုတ်ဘူး”
ဖတ်နေရင်း ရှမ်းယွဲ့အနေဖြင့် ဘယ်လိုမျိုး ယုံကြည်ချက်ကြောင့် ဒီလောက်အထိ ရဲရဲဝံဝံ ပြောဆိုနေရသလဲဟူ၍ စုန့်ဝမ် စိတ်ဝင်စားသွားသည်။
“ဘယ်ရတနာကများ မင်းကို ဒီလောက်အထိ ယုံကြည်မှု ရှိစေတာလဲ”
“ဒါက ရတနာတစ်ခု မဟုတ်ဘူး၊ သတင်း.. သတင်းတစ်ခု”
“ဟုတ်လား၊ ဘယ်လို အချက်အလက်မို့လို့ အတွင်းဘက် ပင်လယ်ပြင်ရဲ့ အစွန်းထိ စွန့်စားသွားရမယ့် အန္တရာယ်နဲ့ ထိုက်တန်နေရတာလဲ”
“မိုးကောင်းကင်ဝိညာဉ်ဆေးလုံးနဲ့ ပတ်သက်တဲ့သတင်းလေ။ နင်လည်း ဝိညာဥ်ထိုးဖောက်ကျင့်စဥ် ကျင့်နေပြီ မဟုတ်လား။ ဒုတိယအလွှာကို ကျင့်ဖို့ လိုအပ်တဲ့ မိုးကောင်းကင်ဝိညာဉ်ဆေးလုံးကို ဖော်စပ်ဖို့က နင့်အတွက် မလွယ်ဘူးဆိုတာ ကောင်းကောင်း သိမှာပါ။ အဲဒီဆေးလုံးကို ဘယ်နေရာမှာ ရနိုင်မလဲဆိုတာ သိတယ်။ ဘယ်လိုလဲ.. စိတ်ဝင်စားတယ်မလား”
ရှန်းယွဲ့ မျှော်လင့်ထားခဲ့သည့်အတိုင်းပင်၊ ဒီတစ်ကြိမ် စုန့်ဝမ် စိတ်ဝင်စားမှုကို မထိန်းချုပ်နိုင်တော့ပေ။
“တကယ်လား”
“အေးပေါ့၊ လိမ်စရာလား”
“ငါ မင်းကို ဘယ်လိုလုပ်ပြီး ယုံကြည်ရမှာလဲ။ အကယ်၍ မင်းရဲ့ သတင်းက ရှင်းမိသားစု ဘဏ္ဍာတိုက်ထဲမှာ ရှိနေတယ်ဆိုတာမျိုး ဖြစ်နေရင် ဘာအသုံးဝင်မှာလဲ”
“ငါ သိသလောက်တော့... ရှင်းမိသားစုရဲ့ ဘဏ္ဍာတိုက်ထဲမှာ မိုးကောင်းကင်ဝိညာဉ်ဆေးလုံး မရှိပါဘူး။ ငါသိထားတဲ့နေရာက ရှင်းမိသားစုနဲ့ အင်အားကြီး အဖွဲ့အစည်းတွေဆီမှာ မဟုတ်ဘူး။ ဒီအချက်အလက်က နင့်ကို စိတ်ဝင်စားစေလိမ့်မယ်လို့ ငါ သေချာပေါက် ပြောရဲတယ်”
စုန့်ဝမ်သည် ခဏမျှ တွေးတောဆင်ခြင်ပြီးနောက် အကြောင်းပြန်လိုက်သည်။
“ငါ တကယ်ပဲ စိတ်ဝင်စားမိပါတယ်၊ ဒါပေမဲ့ မင်းအမှန်အတိုင်း ပြောတယ်ဆိုတာကို ငါ ဘယ်လို ယုံကြည်ရမှာလဲ”
“ဒီလိုလုပ်၊ ငါ အချက်အလက်တချို့ ကြိုပြောပြမယ်လေ”
“ပြော”
“ရှင်းမိသားစုက မှော်အတတ်ပညာ စုဝေးပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်နေကြတယ်။ အပေါ်ယံမှာ ဒါက ကျင့်ကြံသူတွေအကြား အပြန်အလှန် ဖလှယ်မှုတွေ ပြုလုပ်ဖို့နဲ့ မိသားစုရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ ဖြစ်ပေမဲ့၊ တကယ့် ရည်ရွယ်ချက်က မြင့်မြတ်ဝိညာဉ်ဆေးလုံး ဖော်စပ်ဖို့အတွက် ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူတွေကို ရှာဖွေဖို့ပဲ”
“မြင့်မြတ်ဝိညာဉ်ဆေးလုံး.. အဲဒါ ဘာလဲ”
“ဝိညာဥ်ထိုးဖောက်နည်းစနစ် တတိယအလွှာ ကျင့်ကြံဖို့ မရှိမဖြစ် လိုအပ်တဲ့ ဆေးလေ။ ရှင်းလီယန်က ပွဲကို အသုံးချပြီး၊ သူ့အတွက် မိုးကောင်းကင်ဝိညာဥ်ဆေး ဖော်စပ်ဖို့ ဝိညာဉ်အမြစ်ရှိတဲ့ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူ ကိုးဦးကို ရှာဖွေဖို့ ရည်ရွယ်နေတာ။ ဒါပေမဲ့... ရှင်းမိသားစုရဲ့ တတိယအဆင့် ဆေးဖော်စပ်သူတွေက မြင့်မြတ်ဝိညာဉ်ဆေးလုံး ဖော်စပ်ဖို့ အလုပ်ရှုပ်နေကြတာမို့၊ သူ့ကို အကူအညီမျှ မပေးနိုင်ကြဘူး။ ဒါကြောင့်မို့လို့ သူက တတိယအဆင့် ဆေးဖော်စပ်သူတွေကို လိုက်ရှာနေတာ။ နောက်ဆုံး သူ့ဦးလေးဆီက အကူအညီတောင်းဖို့အပြင် အခြားရွေးချယ်စရာ မရှိခဲ့ဘူး။ သူ့ဦးလေးက ကျင်းမိသားစုက ဖြစ်တာကြောင့် အကူအညီရဖို့အတွက် ရှင်းမိသားစုရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် အရောင်းအဝယ်တစ်ခု ပြုလုပ်ခဲ့ရပုံပဲ။ ရှင်းလီယန်က အမှန်တရား ပေါ်ပေါက်သွားပြီး စွပ်စွဲခံရမှာကို ကြောက်လို့ ဆေးဖော်တာကို ရှင်းမိသားစုရဲ့ အပြင်မှာ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်”
“ရှင်းကတော်... ဒီလောက် လျှို့ဝှက်တဲ့ကိစ္စကို ဘယ်လိုလုပ်ပြီး သိခဲ့တာလဲ”ဟု စုန့်ဝမ်က သံသယဖြင့် မေးမြန်းလိုက်သည်။
“ဒါလား.. မနေ့ညက ငါ့ယောက်ျားနဲ့ အတူနေတုန်း၊ သူက မရည်ရွယ်ဘဲ ထုတ်ပြောမိသွားတာ။ သူက ရှင်းလီယန်အပေါ် ဒေါသမထွက်ပေမဲ့... နောက်ကွယ်က စီစဥ်ပေးတဲ့ ကျင်းဖေးယောင်ကို မကျေနပ်တာကြောင့် ငါ့ကို ရင်ဖွင့်တာ”
ထို့နောက် နှစ်ဦးစလုံးသည် အတန်ကြာ တိတ်ဆိတ်သွားသည်။
မကြာမီ ရှန်းယွဲ့က နောက်ထပ် သတင်းပို့ချက်တစ်ခု ထပ်မံပေးပို့ပြန်သည်။
“ဘယ်လိုလဲ.. နင် ဆုံးဖြတ်ပြီးပြီလား။ ဒီအပေးအယူကို လက်ခံဖို့ ဆန္ဒရှိရဲ့လား”
“လက်ခံပါတယ်။ ဒီရေသားရဲကောင်နဲ့ ပတ်သက်တဲ့ အချက်အလက်ကို ငါ့ဆီ ပို့ပေးပါ”
ရှန်းယွဲ့က ချက်ချင်းပင် ဒီရေသားရဲကောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ပေးပို့လာခဲ့သည်။ ထိုဒီရေသားရဲကောင်မှာ ဒုတိယအဆင့် နှောင်းပိုင်းသာ ရှိသေးသည်။ ၎င်းကို သတ်ရန်မှာ စုန့်ဝမ်အတွက်မူ ဘာမျှခက်ခဲမည့်အရာ မဟုတ်ပေ။
တစ်ခုတည်းသော ပြဿနာမှာ ထိုအချက်အလက်ကို ပေးခဲ့သောသူသည် ဒီရေသားရဲကောင်၏ အသိုက်ကို ရှာမတွေ့ဘဲ လှုပ်ရှားသွားလာမှုများကိုသာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အတွင်းပင်လယ်ပြင်၏ အစွန်းပိုင်းတွင် တည်ရှိသော အလှမ်းဝေးလှသည့် ကျွန်းတစ်ကျွန်းပေါ်တွင် ဝိညာဉ်စွမ်းအင် ကျဲပါးလှသော်လည်း၊ မြေဆီလွှာမှာမူ အလွန်ကောင်းသောကြောင့် သေမျိုးလူသားများ ထိုနေရာတွင် အခြေချ နေထိုင်ကြသည်။
ထိုဒီရေသားရဲကောင်က အမဲလိုက်ရန်အတွက် ထိုကျွန်းဆီသို့ အချိန်မှန် ရောက်ရှိလာတတ်သည်။ ထွက်ပေါ်လာသည့် အကြိမ်ရေမှာ ပုံမှန်မရှိလှပေ။ တစ်ခါတရံတွင် လစဉ် ထွက်ပေါ်လာတတ်ပြီး၊ အခြားသော အချိန်များတွင်မူ လပေါင်းများစွာ ကြာမှ တစ်ကြိမ်သာ ထွက်ပေါ်လာတတ်သည်။ တစ်ကြိမ်လာလျှင် လူအများအပြားကို သတ်ဖြတ်ခြင်းမရှိပေ၊ ပုံမှန်အားဖြင့် လူတစ်ဒါဇင်ခန့်ကိုသာ ဖမ်းဆီးပြီးမှ ပြန်လည်ထွက်ခွာသွားတတ်သည်။ သားရဲကောင်က အသက်ရှင် ရှင်သန်နိုင်ရန်အတွက် လူသားများကို ပုံမှန်ထောက်ပံ့မှု ရင်းမြစ်တစ်ခုအဖြစ် အသုံးချနေပုံရသည်။
…….
အကျယ်အဝန်းအားဖြင့် မိုင်ထောင်ချီရှိသော ယွီယန်ကျွန်း၏ အရှေ့ဘက်ခြမ်းမှာ တောင်တန်းများဖြစ်ပြီး၊ အနောက်ဘက်ခြမ်းမှာ မြေနိမ့်လွင်ပြင် ဖြစ်သည်။ တောင်တန်းများမှာ မတ်စောက်လှသဖြင့် တက်ရောက်ရန် ခက်ခဲလှသော်လည်း၊ အနောက်ဘက်ပိုင်း မြေနိမ့်လွင်ပြင်မှာမူ မြေသြဇာ ကောင်းမွန်လှသဖြင့် သေမျိုးလူသား သောင်းနှင့်ချီ အခြေချနေထိုင်ကြသည်။ ၎င်းတို့သည် ငါးဖမ်းခြင်း၊ စိုက်ပျိုးရေး လုပ်ကိုင်ခြင်းနှင့် သဘာဝပစ္စည်းများ ရှာဖွေစုဆောင်းခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။
ထိုကျွန်းနှင့် ပတ်ဝန်းကျင် ပင်လယ်ပြင်တို့တွင် ဝိညာဉ်စွမ်းအင် နည်းပါးလှသဖြင့်၊ ကျင့်ကြံသူများရော မိစ္ဆာသားရဲများပါ ဤနေရာသို့ ခြေချခဲလှသည်။ ကျွန်းသူကျွန်းသားများသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်ရသော်လည်း၊ ရောင့်ရဲတင်းတိမ်ကြပြီး ရိုးရှင်းအေးချမ်းသည့်ဘဝကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း ဤအေးချမ်းမှုသည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ရုတ်တရက် ပျက်ပြားသွားခဲ့ရသည်။
ယခင်က မရှိခဲ့ဖူးသော ဒီရေသားရဲကောင်သည် လူသားများကို ဖမ်းဆီးစားသောက်ရန်အတွက် ထိုကျွန်းဆီသို့ အမှတ်မထင် ရောက်ရှိလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ အားနည်းပြီး မသိနားမလည်ကြသည့် ကျွန်းသူကျွန်းသားများသည် အင်အားကြီးမားလှသည့် ဒီရေသားရဲကောင်ကို မခုခံနိုင်သဖြင့် တဖြည်းဖြည်းနှင့် ၎င်းကို ပင်လယ်နတ်ဘုရားအဖြစ် ကိုးကွယ်လာခဲ့ကြသည်။ ကျွန်းသူကျွန်းသားများသည် ဒီရေသားရဲကောင်အတွက် နတ်ကွန်းတစ်ခုကို တည်ဆောက်ခဲ့ကြပြီး ၎င်းအား ဂုဏ်ပြုသည့်အနေဖြင့် ရုပ်တုတစ်ခုကိုပါ ထွင်းထုကိုးကွယ်ခဲ့ကြသည်။ ဒီရေသားရဲ၏ တိုက်ခိုက်မှုများကို ပင်လယ်နတ်ဘုရား၏ အပြစ်ပေးမှုအဖြစ် ရှုမြင်ကြပြီး၊ ပင်လယ်ငါးများကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုက နတ်ဘုရားကို အမျက်ထွက်စေကာ ဤကဲ့သို့သော ဘေးဒုက္ခကို သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။
ခွင့်လွှတ်မှု ရရှိရန်အတွက် လပြည့်ညတိုင်းတွင် ကြီးကျယ်ခမ်းနားသော ပူဇော်ပသပွဲ ကျင်းပကာ ပင်လယ်နတ်ဘုရား၏ ခွင့်လွှတ်မှုကို တောင်းခံကြသည်။ အခမ်းအနားတွင် ကျောက်စိမ်းကညာပျိုဟု လူသိများသည့် အပျိုစင် မိန်းကလေးငယ်တစ်ဦးကို ရွေးချယ်ကြသည်။ ဒီရေသားရဲ ရောက်ရှိလာသောအခါ၊ ထိုကျောက်စိမ်းကညာပျိုကို အပြစ်များ ပြေပျောက်စေရန်အတွက် ပူဇော်ပသပေးကြရခြင်း ဖြစ်သည်။
စုန့်ဝမ်သည် မှောင်မိုက်လှသော ညကောင်းကင်ယံထဲတွင် တိတ်တဆိတ် ပုန်းကွယ်နေရင်း၊ ကျွန်းသူကျွန်းသားများ၏ ပူဇော်ပသပွဲ၊ ထုံးတမ်းစဉ်လာများနှင့် ယဇ်ပလ္လင်ပေါ်တွင် ချည်နှောင်ခြင်းခံထားရသည့် မိန်းကလေးငယ်ကို ကြည့်ရှုကာ သေမျိုးများ၏ မသိနားမလည်မှုနှင့် မိုက်မဲမှုတို့အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
ယွီယန်ကျွန်းသို့ ရောက်ရှိနေခဲ့သည်မှာ ရက်အနည်းငယ်ခန့် ရှိနေပြီဖြစ်သည်။ ရှန်းယွဲ့က ထောင်ခြောက်ဆင်မည်ကို စိုးရိမ်သဖြင့် ပထမဆုံး နှစ်ရက်အတွင်း မည်သည့် လှုပ်ရှားမှုမျှ မပြုခဲ့ပေ။ ကူပိုးကောင်များက ကျွန်းတစ်ခုလုံးကို လိုက်လံရှာဖွေခဲ့ပြီး မည်သည့် ကျင့်ကြံသူ၏ ခြေရာလက်ရာမျှ မရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီးသည့် နောက်မှသာ သူသည် ကျွန်းသူကျွန်းသားများကို တွေ့ဆုံပြီး သတင်းစုံစမ်းခဲ့သည်။
ထို့နောက် စောင့်ကြည့်ရန်အတွက် ကူနှစ်ကောင်ကို ချန်ထားရစ်ခဲ့ပြီးနောက်၊ စုန့်ဝမ်သည် ကျွန်း၏ အရှေ့ဘက် တောင်တန်းများတွင် ယာယီခိုနားရာအဖြစ် ကျောက်ဂူတစ်ခုကို ဖန်တီးပြီး ဒီရေသားရဲ ထွက်ပေါ်လာချိန်ကို စောင့်နေခဲ့သည်။
………..
တစ်လခွဲခန့် ကြာမြင့်ပြီးနောက် နေရောင်သာပြီး လေငြိမ်ကာ ငါးဖမ်းရန်အတွက် သင့်တော်သည့်နေ့ကို ရောက်ရှိလာသည်။ ထိုနေ့မျိုးတွင် ဒီရေသားရဲ လာလေ့ရှိသည်ဟု သိထားသဖြင့် သတိပြု စောင့်ကြည့်နေခဲ့သည်။
များမကြာမီ ကူတစ်ကောင်သည် ကျောက်ဂူအတွင်းသို့ ပျံသန်းဝင်ရောက်လာပြီး ပင်လယ်ပြင်၏ အဝေးတစ်နေရာမှ ပုံမှန်မဟုတ်သော လှိုင်းလုံးကြီးတစ်ခု ကျွန်းဆီသို့ ဦးတည်လာနေကြောင်း သတင်းပို့လာသည်။ ဒီရေသားရဲ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ဒီရေသားရဲသည် လှိုင်းစီးနင်းရသည်ကို အလွန် နှစ်သက်သည်။
စုန့်ဝမ်လည်း ကျောက်ဂူအတွင်းမှ ထွက်ခွာခဲ့ပြီး၊ အော်ရာကို ဖျောက်ဖျက်ကာ ကျွန်း၏ အမြင့်ဆုံးနေရာဆီသို့ ပျံသန်းသွားခဲ့ပြီး အပေါ်စီးမှနေ၍ စောင့်ကြည့်နေခဲ့သည်။
များမကြာမီ ပေသုံးဆယ်ကျော်ခန့် မြင့်မားသော လှိုင်းလုံးကြီးတစ်ခု အဝေးတစ်နေရာမှနေ၍ ယွီယန်ကျွန်းဆီသို့ တရှိန်ထိုးတက်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုလှိုင်းလုံးကြီး၏ထိပ်တွင် ငါးခန္ဓာကိုယ်၊ မြွေအမြီးနှင့် လက်နှစ်ဖက်ရှိသည့် မိစ္ဆာသတ္တဝါတစ်ကောင် လှိုင်းစီးရင်း လိုက်ပါလာသည်။
ထိုလှိုင်းကြီး၏ ရှေ့မလှမ်းမကမ်းတွင်၊ ရေလုပ်သားလေးဦး ပါဝင်သည့် ငါးဖမ်းလှေတစ်စင်း ရှိနေသည်။ ရေလုပ်သားများက ထိုလှိုင်းကြီးကို မြင်တွေ့ခဲ့ရသော်လည်း ထွက်ပြေးတိမ်းရှောင်ခြင်း မပြုဘဲ၊ ကုန်းပတ်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး၊ နတ်ဘုရားများ၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိရန်အတွက် အဆက်မပြတ် ဆုတောင်းနေခဲ့ကြသည်။
၎င်းတို့၏ ဆုတောင်းသံများမှာ မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိခဲ့ဘဲ၊ လှိုင်းလုံးကြီး၏ ဝါးမြိုခြင်းကို ရက်ရက်စက်စက် ခံလိုက်ရတော့သည်။ ဒီရေသားရဲကောင်က ရေလုပ်သားများကို ဖမ်းဆီးလိုက်ပြီး၊ တစ်ယောက်ပြီး တစ်ယောက် ကိုက်ဖြတ်ဝါးမြိုပစ်လိုက်သည်။
ချက်ချင်းဆိုသလို လှိုင်းလုံးကြီးများ ကမ်းခြေဆီသို့ ရောက်ရှိလာသည်။ ကျွန်းသူကျွန်းသားများလည်း ထိတ်လန့်တကြား အော်ဟစ်ရင်း ခြေဦးတည့်ရာ ထွက်ပြေးကြတော့သည်။ ပြန့်ကျဲနေသော ငါးခြောက်များနှင့် ငါးဖမ်းကိရိယာများ ကမ်းခြေတစ်ခုလုံးတွင် ပြန့်ကျဲနေသည်။
နောက်ဆုံးတွင် ကမ်းခြေအနီး ကျောက်တိုင်တွင် ချည်နှောင်ခံထားရသော မိန်းကလေးငယ်တစ်ဦးသာ ကျန်နေရစ်ခဲ့သည်။ သူမအနေဖြင့် မည်မျှပင် ရုန်းကန်ခဲ့ပါစေဦးတော့၊ အားလုံးက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ကြောက်ရွံ့မှုကြောင့် နေလောင်ထားသည့် ပါးပြင်များမှာ သေလူကဲ့သို့ ဖြူလျော်သွားသည်။ အော်ဟစ်ရန် အသံပင် မထွက်တော့ဘဲ၊ ပြူးကျယ်နေသော မျက်ဝန်းများသည် ထိတ်လန့်တုန်လှုပ်မှုများကြောင့် အကြောသေသွားသည့်အလား တဖြည်းဖြည်း ချဉ်းကပ်လာနေသည့် ဒီရေသားရဲကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်ရှုနေမိသည်။
ဒီရေသားရဲက မိန်းကလေးကို အနီးကပ် ကြည့်ရင်း စိတ်တိုလာဟန်ဖြင့် ထက်မြက်လှသော လက်သည်း သုံးခုပါရှိသည့် ၎င်း၏ လက်ကို မြှောက်ကာ ပြင်းထန်စွာ ရိုက်ချပစ်လိုက်တော့သည်။ မိန်းကလေးလည်း ကျောက်တိုင်နှင့်အတူ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး သွေးစက်များ နေရာအနှံ့ ပြန့်ကျဲသွားသည်။
ထို့နောက် ဒီရေသားရဲသည် ထွက်ပြေးနေသော ကျွန်းသူကျွန်းသားများနောက် ဒေါသတကြီး ပြေးလိုက်သွားသည်။ လောကြီးနေသဖြင့် ၎င်း၏ နောက်ကွယ်မှ သေးငယ်လှသော ကူပိုးကောင် ခြောက်ကောင် တိတ်တဆိတ် ဝိုင်းရံပိတ်ဆို့လာသည်ကို သတိပြုမိခြင်း မရှိချေ။
………