ပြေးရပြန်ပြီ
Vol. 29 Ch. 302
မျက်စိတမှိတ်အတွင်း ဒီရေသားရဲက ထွက်ပြေးနေသူ ၂ ယောက်ကို ဖမ်းမိသွားပြီး အားပါးတရ ကိုက်ဖြတ်ဝါးမြိုတော့သည်။ သို့သော် မြိန်ရှက်စွာ စားနေစဉ်မှာပင်၊ ရုတ်တရက် ထိတ်လန့်သွားဟန်ဖြင့် အလောင်းများကို လွှင့်ပစ်ကာ ကမ်းခြေဆီသို့ ပြန်လှည့်၍ ပြေးထွက်သွားသည်။ သို့သော် ပေတစ်ရာခန့်အရောက် ရုတ်တရက် ရပ်တန့်သွားပြီး၊ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုနေသည်။
ချက်ချင်းဆိုသလို ကူပိုးကောင်တစ်ကောင် ဒီရေသားရဲ၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။ ဒီရေသားရဲလည်း အချိန်ဆွဲမနေဘဲ ကူပိုးကောင်ဆီသို့ ပြေးဝင်သွားသည်။ တချိန်တည်းမှာပင် ပတ်ပတ်လည်မှ ကူပိုးကောင်များ ထပ်မံထွက်ပေါ်လာပြီး ဒီရေသားရဲဆီသို့ ဦးတည် ချဉ်းကပ်လာကြသည်။ ဒုတိယအဆင့် နှောင်းပိုင်းသာရှိသော ဒီရေသားရဲသည် ဒုတိယအဆင့် အထွတ်အထိပ်တွင်ရှိသော ကူပိုးကောင်များကို မည်သို့မျှ မခုခံနိုင်ခဲ့။ မျက်စိတမှိတ်အတွင်း အသက်ပျောက်သွားတော့သည်။
စုန့်ဝမ်လည်း ဒီရေသားရဲအလောင်းအနီးသို့ ဆင်းသက်လိုက်ပြီး ၎င်းကို စနစ်တကျ သိမ်းဆည်းလိုက်သည်။
ထို့နောက်၊ လေထုထဲသို့ ပျံတက်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်နေချိန် ကျွန်းသူကျွန်းသား အများအပြားသည် အပြေးရောက်လာပြီး ဒူးထောက်ကန်တော့ကာ ကျေးဇူးစကား ဆိုကြသည်။
"ပင်လယ်နတ်ဘုရား ကြွရောက်လာပြီ"
"ပင်လယ်နတ်ဘုရားက ပင်လယ်မိစ္ဆာကောင်ကို သတ်ပစ်လိုက်ပြီ"
"ပင်လယ်နတ်ဘုရား... ကျေးဇူးပြုပြီး ကိုးကွယ်သူတွေကို စောင့်ရှောက်ပေးပါ"
ထိုအချိန်မှာပင် ကျယ်လောင်လှသော အသံတစ်ခု ကောင်းကင်ယံမှ ဟိန်းထွက်လာသည်။
"ဒီရေသားရဲကောင်ကို ပေးစမ်း၊ ဒါဆိုရင် မင်းကို ဘေးကင်းကင်းနဲ့ ထွက်ခွာခွင့်ပေးမယ်"
စုန့်ဝမ်မျက်နှာ တင်းမာသွားပြီး ထိုအသံထွက်ပေါ်လာရာ အရပ်ဆီသို့ မော့ကြည့်လိုက်ရာ မိုင်ပေါင်းများစွာ အလှမ်းဝေးလှသော မိုးကုတ်စက်ဝိုင်းဆီ၌ အမျိုးသမီး ကျင့်ကြံသူတစ်ဦး လျင်မြန်စွာ ချဥ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ အရှိန်နှုန်းနှင့် အော်ရာအရ ရွှေအမြုတေ အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်ကြောင်း ထင်ရှားသည်။ ယင်းမှာ ရွှေအမြုတေ အစောပိုင်းအဆင့်သာ ရှိသော စုန့်ဝမ်အတွက် ရင်ဆိုင်နိုင်သောရန်သူ မဟုတ်ပေ။ ပြေးရန်သာ ရှိတော့သည်။
စုန့်ဝမ်လည်း နောက်ကျသည့်ခြေထောက် သစ္စာဖောက်ဟူသောထုံး နှလုံးမူကာ လျှပ်စီးလှုပ်ရှားနည်းစနစ် အသက်သွင်းပြီး ထွက်ပြေးပါတော့သည်။
"ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး၊ ဒီရေသားရဲကိုသာ ပေးစမ်းပါ။ ငါ မင်းကို ဒုက္ခပေးမှာ မဟုတ်ဘူး" ဟု ထိုအမျိုးသမီး ကျင့်ကြံသူက အော်ဟစ်ရင်း ထပ်ချပ်မကွာ လိုက်လံဖမ်းဆီးပါတော့သည်။
အမျိုးသမီး ကျင့်ကြံသူက လျင်မြန်စွာ လိုက်ပါလာရင်း လက်ထဲတွင် အနက်ရောင် အလံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလံပေါ်တွင် လှိုင်းလုံးများနှင့် ဆင်တူသည့် ဖြူဖွေးသောလိုင်းတွန့် မြောက်မြားစွာဖြင့် တန်ဆာဆင်ထားသည်။
သူမက ထိုအလံကို ဝှေ့ယမ်းလိုက်ရာ ခဏချင်းမှာပင်၊ ထူထပ်လှသော ရေငွေ့များ လျင်မြန်စွာ စုစည်းရောက်ရှိလာသည်။ ထိုရေငွေ့များသည် လေထုထဲတွင် စုဝေးသွားခဲ့ကြပြီး၊ လိမ့်ဆင်းနေသည့် ရေစီးကြောင်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထိုရေစီးကြောင်းသည် ကြီးမားလှသော နဂါးတစ်ကောင်နှင့် ဆင်တူလှပြီး၊ ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ စုန့်ဝမ်ရှိရာဆီ တရှိန်ထိုး တိုးဝင်လာသည်။
ထိုရေစီးကြောင်းကြီးက ပြင်းထန်လှသော ဖိအားမျိုးဖြင့် ဖိနှိပ်လာသဖြင့် စုန့်ဝမ် စိုးရိမ်သွားသည်။ ပင်လယ်ပြင်ထဲ ရေဓာတ်အထူးပြု မှော်လက်နက်ဖြင့် တိုက်ခိုက်ခံရခြင်းမှာ အလွန်ပင် အန္တရာယ်များလှသည်။
ချက်ချင်းပင် မြေကမ္ဘာစေတီကို အသက်သွင်းလိုက်ရာ စုန့်ဝမ် ဦးခေါင်းထက်တွင် ကြီးမားသော စေတီပုံစံတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုစေတီမှ အဝါရောင်အလင်းတန်းများ ဖြာကျလာပြီး စုန့်ဝမ် တစ်ကိုယ်လုံးကို ဖုံးအုပ် ကာကွယ်ထားလိုက်သည်။
တချိန်တည်းမှာပင် လျှပ်စီးစွမ်းအားများ ပေါက်ကွဲထွက်ပေါ်ပြီး၊ နောက်ဘက်တွင် ငွေရောင်ဒိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
မြေကမ္ဘာစေတီက ဒလဟော စီးဆင်းလာသည့် ရေစီးကြောင်း၏ ပြင်းထန်လှသော ရိုက်ခတ်မှုကို ပထမဆုံး ခံလိုက်ရသည်။ အတန်ကြာ တောင့်ခံနေသော်လည်း နောက်ဆုံးတွင်တော့ ထိုရေစီးကြောင်း၏ စွမ်းအားကို တောင့်မခံနိုင်တော့ချေ။
အဝါရောင် အကာအကွယ်အလွှာ မှိန်ဖျော့ပျက်ပြယ်ပြီး စေတီငယ်လည်း အောက်သို့ ပြုတ်ကျသွားခဲ့ကာ သေးငယ်လှသော စေတီငယ်တစ်ခုအဖြစ် ကျုံ့ဝင်သွားခဲ့ပြီး စုန့်ဝမ်လက်ဝယ်သို့ ပြန်လည်ရောက်ရှိလာသည်။
ထိုရေစီးကြောင်းကမူ အရှိန်လျော့ မသွားဘဲ ငွေရောင် လျှပ်စီးဒိုင်းကာကို ပြင်းထန်စွာ ရိုက်ခတ်လာပြန်သည်။ ဒိုင်းကာသည်လည်း ရေစီးကြောင်း၏ ပြင်းထန်လှသော ဖိအားအောက်တွင် အပိုင်းပိုင်း ကွဲအက် ပြိုကွဲသွားပြန်သည်။
ထိုအခိုက်မှာပင် စုန့်ဝမ်က အစိမ်းရောင် ခေါင်းလောင်းဒိုင်းကာကို အသက်သွင်းလိုက်သည်။ အကာအကွယ်နှစ်ခုကို ဖြိုခွဲခဲ့ရသဖြင့် အတန်ငယ် အားလျော့သွားသော ရေစီးကြောင်းမှာ ယခုတစ်ကြိမ်တွင် ခေါင်းလောင်းဒိုင်းကာအား ဖြိုခွဲနိုင်ခြင်း မရှိတော့။ တွန်းအားပေးသကဲ့သို့ ဖြစ်သွားပြီး စုန့်ဝမ်က ထိုအရှိန်ကို အသုံးချကာ ပိုမိုလျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
ထိုအမျိုးသမီး ကျင့်ကြံသူက အံသြသွားသော်လည်း ပျံသန်းမှုအရှိန်ကို ထပ်မံတိုးမြင့်လိုက်ရာ တဖြည်းဖြည်း နီးကပ်လာပြန်သည်။
"တာအိုရောင်းရင်း... ငါက ရှင်းမိသားစုက ရှင်းယီရွှမ်းပါ။ မင်းရဲ့ နာမည်ကို သိခွင့်ရမလား။ ရှင်းမိသားစုနဲ့ လက်တွဲအလုပ်လုပ်ဖို့ မင်း စိတ်ဝင်စားလား"
စုန့်ဝမ် အံအားသင့်သွားသည်။ ရှင်းယီရွှမ်း.. သူကြားဖူးသည်။ ထိုအမျိုးသမီးမှာ ရှင်းမိသားစု၏ ပါရမီရှင်များထဲမှ ထိပ်တန်းစာရင်းဝင်တစ်ဦး ဖြစ်ပြီး၊ ရှင်းလီယန်နှင့်ပင် ရင်ဘောင်တန်းနိုင်သူ ဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည့်အခါမှ ရှင်းလီယန်ထက်ပင် သာလွန်နေကြောင်း သိလိုက်ရသည်။ သူမသည် ရွှေအမြုတေအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိပြီး ဖြစ်နေသည်။
စုန့်ဝမ်မှာ အစောပိုင်းက ရှန်းယွဲ့ ဆင်ထားသည့် ထောင်ချောက်အတွင်းသို့ ကျရောက်သွားပြီး ထိုအမျိုးသမီးမှာ ရှန်းယွဲ့ စေလွှတ်လိုက်သူ ဖြစ်လိမ့်မည်ဟု သံသယရှိခဲ့သည်။ ယခုမှ ကံဆိုးစွာဖြင့် မတော်တဆ ထိပ်တိုက်တိုးခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ရှင်းယီရွှမ်း၏ တိုက်ခိုက်မှုမှာ ခွန်အားကို ထိန်းချုပ်ထားသည့် သာမန်တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ သူမသာ အားကုန်သုံး တိုက်ခိုက်ပါက၊ ရွှေအမြုတေ အစောပိုင်းအဆင့်မျှသာရှိသော စုန့်ဝမ်အနေဖြင့် အသက်အသေလျှင်ပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမည်မှာ ကျိန်းသေလှသည်။
"တာအိုရောင်းရင်း... မင်းကို ကြည့်ရတာ လွတ်လပ်တဲ့ ဆေးဖော်စပ်သူ ဖြစ်ပုံရတယ်။ ဘာဖြစ်လို့ ရှင်းမိသားစုဆီ မပူးပေါင်းတာလဲ"
"ငါတို့ ရှင်းမိသားစုဆိုတာ အဆုံးမဲ့ပင်လယ်က အင်အားကြီး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်တွေ ပိုင်ဆိုင်ထားတာ။ ငါတို့နဲ့ ပူးပေါင်းရင် မင်းအတွက် အကျိုးခံစားခွင့် အများကြီး ရလာလိမ့်မယ်”
ရှင်းယီရွှမ်းက ချိုသာသောအသံဖြင့် ဆက်လက် စည်းရုံးနေသည်။
စုန့်ဝမ်ကမူ သူမ၏ စကားလုံးများကို မည်သို့မျှ ဂရုစိုက်မနေဘဲ တတ်နိုင်သမျှ အရှိန်မြှင့်ကာ ထွက်ပြေးနေဆဲပင်။
အတန်ကြာ စည်းရုံးသော်လည်း တစ်ဖက်လူက တုန့်ပြန်မှု မရှိသဖြင့် ရှင်းယီရွှမ်း၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားသည်။
"မင်းက ရှင်းမိသားစုကို အထင်သေးနေတဲ့ပုံပဲ။ ရိုသေလေးစားမှု ပြသဖို့ ငြင်းဆန်နေမှတော့ သေဖို့သာ ပြင်ပေတော့"
ဤအချိန်တွင်၊ သူတို့နှစ်ဦးကြား အကွာအဝေးမှာ မိုင်နှစ်ဆယ်ခန့်သာ ရှိတော့သည်။
ရှင်းယီရွှမ်းက လက်ထဲရှိ လှိုင်းတံပိုးအလံတော်ကို ထပ်မံ၍ ဝှေ့ယမ်းလိုက်ပြီး၊ ပြင်းထန်စွာ တိုက်ခိုက်တော့သည်။ ရေစီးကြောင်းများသည် လှိုင်းတံပိုးအလံတော် ပတ်ပတ်လည်တွင် စုစည်းပြီး၊ ကောင်းကင်ဘုံထက်မှနေ၍ ဒလဟော စီးဆင်းလာသည့်အလား နေရောင်ခြည်ကိုပင် ပိတ်ဆို့ရင်း စုန့်ဝမ်ဆီသို့ လိမ့်ဆင်းလာတော့သည်။
ရေဓာတ်အားကောင်းသော ပင်လယ်ပြက်တွင် ဖြစ်နေသဖြင့် ရေစီးကြောင်းများမှာ အလွန်တရာ အားကောင်းလှပြီး၊ ကမ္ဘာမြေတစ်ခုလုံးကို ရေလွှမ်းတော့မည့်အလား ထင်မှတ်ရသည်။ ရေလှိုင်းတစ်ခုချင်းစီသည် ကြီးမားလှသော နဂါးတစ်ကောင်နှင့် ဆင်တူလှပြီး၊ ကောင်းကင်ယံကိုပင် လှုပ်ခါသွားစေနိုင်သည့် စွမ်းအားကို သယ်ဆောင်ထားသည်။
စုန့်ဝမ်သည် စိတ်အာရုံကို စုစည်းလိုက်သည်။ ဤတိုက်ခိုက်မှုက သူ့ကာကွယ်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီ ဖြစ်ရာ၊ လွှမ်းမိုးခံလိုက်ရပါက အပိုင်းပိုင်း အစစ ဖြစ်ရန်သာ ရှိတော့သည်။
ချက်ချင်းပင် များပြားလှသော သွေးမြူခိုးများသည် စုန့်ဝမ် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာကာ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ရေလှိုင်းများက သွေးမြူခိုးများကိုပါ ဖုံးလွှမ်းသွားသော်လည်း ထိုမြူခိုးများအတွင်းရှိ စုန့်ဝမ်မှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုအဖြစ်အပျက်ကြောင်း ရှင်းယီရွှမ်းတစ်ယောက် အကြီးအကျယ် အံအားသင့်သွားသည်။
"ဒါက ဘယ်လိုနည်းစနစ်လဲ။ အရမ်းထူးဆန်းတယ်၊ လူတစ်ယောက်ကို ဒီလိုကြီး ပျောက်ကွယ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီလို နည်းစနစ်ကို ငါ တစ်ခါမှ မကြားဖူးဘူး"
……
ထိုအချိန်တွင် မိုင်နှစ်ရာခန့် ကွာဝေးသော နေရာတစ်ခုတွင် သွေးမြူထုကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ အတွင်းမှ လူတစ်ယောက် ပြုတ်ကျလာသည်။
ထိုသူမှာ စုန့်ဝမ်ပင်၊ အဆင့်မြင့် သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းကာ အသက်လုပြေးခဲ့ရခြင်း ဖြစ်သည်။ ရွှေအမြုတေအဆင့် တက်လှမ်းနိုင်ခဲ့ပြီးနောက် ရုပ်ခန္ဓာမှာလည်း အသစ်တစ်ဖန် ပြန်လည်မွေးဖွားသည့်အလား အားကောင်းလာခဲ့သည်။ သွေးအဆီအနှစ်များမှာလည်း လွန်စွာ အားကောင်းလာခဲ့သည်။
စုန့်ဝမ် ခန္ဓာကိုယ်ရှိ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြောင့် ဖုံးကွယ်နေသည့် သွေးအဆီအနှစ် စုစုပေါင်း ပမာဏမှာ ရွှေအမြုတေအဆင့် အထွတ်အထိပ်ရှိ ကျင့်ကြံသူတစ်ဦးထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သွေးလွတ်မြောက်နည်းစနစ် အသုံးပြုသည့်အချိန်တွင် သာမန် ရွှေအမြုတေအဆင့် အထွတ်အထိပ်ရှိ ကျင့်ကြံသူတစ်ဦး စွမ်းနိုင်သည်ထက် ပိုမိုဝေးကွာသော အကွာအဝေးဆီသို့ ထွက်ပြေးလွတ်မြောက်နိုင်စေခြင်း ဖြစ်သည်။
သို့သော် ထိုနေရာတွင် ရပ်တန့်ရန် မဝံ့ရဲသဖြင့်၊ အဝေးတစ်နေရာဆီသို့ ရှောင်တိမ်းနိုင်ရန်အတွက် လျှပ်စီးလှုပ်ရှားမှုနည်းစနစ်ကို ပြန်လည် အသက်သွင်း၍ ထွက်ပြေးခဲ့ပြန်သည်။ ကုန်းမြေကဲ့သို့ ပုန်းခိုရန်နေရာ မရှိသော ပင်လယ်ပြင်တွင် အကွာအဝေးကို ထိန်းထားခြင်းကသာ စိတ်အချရဆုံး ရှောင်တိမ်းနည်း ဖြစ်သည်။
ပြေးနေရင်း သွေးအား ပြန်ဖြည့်ရန် ကျောက်စိမ်းပုလင်းငယ် နှစ်လုံး ထုတ်ယူပြီး သွေးအဆီအနှစ်များအား ပြန်လည်စုပ်ယူ အားဖြည့်တင်းရသေးသည်။ လက်ရှိကျင့်ကြံမှာ အဆင့်မြင့် သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းခြင်းမှာ သွေးအဆီအနှစ် အများစုကို လောင်ကျွမ်းစေရသဖြင့် အလျင်အမြန် ပြန်လည်ဖြည့်တင်းနိုင်ရန် အရေးကြီးသည်။ နှစ်ကြိမ်ဆက် အသုံးပြုရန်မှာမူ အိပ်မက်ပင် မက်၍ မရပေ။
……….