လွတ်မြောက်ခြင်း
Vol. 29 Ch. 303
ရှင်းယီရွှမ်းမှာမူ ထိုသူ အသုံးပြုသွားသော လှုပ်ရှားမှုနည်းစနစ်ကို စိတ်ဝင်စားသွားသည်။
"ဒီလှုပ်ရှားမှုနည်းစနစ်က တကယ်ကို ထူးခြားပြောင်မြောက်တာပဲ။ ဒါပေမဲ့... ဒါလေးနဲ့တင် ငါ့လက်ကနေ လွတ်မြောက်နိုင်မယ်လို့ မင်း ထင်နေတာလား"
မည်သူမဆို ထိုအတတ်ပညာသည် များပြားလှသော သွေးအဆီအနှစ်ကို ကုန်ဆုံးစေကြောင်း ပြောပြနိုင်ပေလိမ့်မည်။ ထို့ပြင် သွေးဟူသည်မှာ လျင်မြန်စွာပင် ပြန်လည်ဖြည့်တင်းနိုင်သောအရာ မဟုတ်ချေ။ စုန့်ဝမ်၏ သွေးပမာဏမှာ အပြည့်အဝ ပြန်လည်ပြည့်ဝသွားခဲ့ပြီဖြစ်ကြောင်းကို ရှင်းယီရွှမ်း ယောင်၍ပင် မတွေးမိခဲ့ချေ။ ထိုအရာက သဘာဝလွန်ဖြစ်ရပ် မဟုတ်ပါလား။
ထို့ကြောင့် သွေးဆုံးရှုံးမှုကြောင့် အားပြတ်ပြီး ဆက်နပြေးနိုင်ဟု ယူဆကာ လျင်မြန်စွာ လိုက်လံရှာဖွေတော့သည်။ ကျယ်ပြောလှပြီး ပုန်းခိုရန်နေရာ မရှိသော ပင်လယ်ပြင်အတွင်း၌ ထိုသူကို လိုက်မမီစရာ အကြောင်းမရှိဟု ရှင်းယီရွှမ်း အပြည့်အဝ ယုံကြည်ထားသည်။
စုန့်ဝမ်လည်း ပြေးနေရင်း မသိစိတ်မှ အန္တရာယ်အငွေ့အသက် ခံစားမိလာသဖြင့် မြင့်မားလှသောအမြင်ထိ ပျံတက်ကာ တိမ်တိုက်များမှ ဆက်လက်ပျံသန်းခဲ့သည်။ မြင့်မားသော လေထုထဲတွင်၊ မြူခိုးများနှင့် တိမ်တိုက်များ ထူထပ်သဖြင့် အမြင်အာရုံကို ပိတ်ဆို့ထားနိုင်သည်။ ယင်းက လိုက်လံတိုက်ခိုက်နေသူကို မျက်ခြေပြတ်သွားစေရန်အတွက် ပြီးပြည့်စုံလှသည့် နေရာ ဖြစ်ပေသည်။
ရှင်းယီရွှမ်းက စုန့်ဝမ်နောက် မိုင်ငါးဆယ်အထိ ကပ်လာချိန်တွင် စုန့်ဝမ်သည် တိမ်တိုက်ထုကြီးတစ်ခုအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ မိုင်ငါးဆယ်ဟူသော အကွာအဝေးသည် ရှင်းယီရွှမ်း၏ ဝိညာဉ်အာရုံခံမှု အတိုင်းအတာ၏ အပြင်ဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရှင်းယီရွှမ်းလည်း တစ်ဖက်လူ၏ ခြေရာလက်ရာကို ချက်ချင်းပင် မျက်ခြေပြတ်သွားပြန်သည်။ ခဏအကြာတွင်၊ တစ်စုံတစ်ရာ တွေးမိသွားပြီး အထက်သို့ ပျံတက်ကာ တိမ်ထုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
စုန့်ဝမ်အတွက် ကံကောင်းသွားသည်မှာ ရာသီဥတု ဆိုးရွားလာပြီး ကျယ်ပြောလှသည့် တိမ်တိုက်ပင်လယ်ကြီး ဖြစ်ပေါ်နေသည့်အချိန် ဖြစ်နေခြင်းပင်။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင်၊ လူတစ်ယောက်ကို ရှာဖွေတွေ့ရှိနိုင်ရန်မှာ အလွန်တရာ ခက်ခဲလှပေလိမ့်မည်။
ရှင်းယီရွှမ်းသည် ကျန်ရှိနေခဲ့သော အားနည်းလှသည့် အငွေ့အသက်များကို ခြေရာခံနိုင်ရန်အတွက် သူမ၏ ထက်မြက်လှသော အာရုံခံစားမှုများကိုသာ အားကိုးနိုင်တော့သည်။
စုန့်ဝမ်လည်း မြူခိုးထူထပ်သော နေရာများသို့သာ တမင်တကာ တိုးဝင်သွားခဲ့သည်။ တစ်ခါတရံတွင်၊ ဝိညာဥ်စွမ်းအင် လည်ပတ်မှု ရပ်ဆိုင်းပြီး အော်ရာကို ဖျောက်ဖျက်ကာ ခန္ဓာကိုယ်ကို ကမ္ဘာမြေဆွဲအား၏ သက်ရောက်မှုအောက်တွင် လွတ်လပ်စွာ ပြုတ်ကျခွင့် ပေးလိုက်သည်။ တိမ်ထုအပြင်ဘက်သို့ ပြုတ်ကျလုနီးပါး ဖြစ်လာသည့် အချိန်ကျမှသာ ဝိညာဥ်စွမ်းအင်ကို ပြန်လည်ပတ်ပြီး မြင့်မားလှသော အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးထွက်သွားတတ်သည်။ စုန့်ဝမ်၏ လှုပ်ရှားမှုများသည် ပုံသေမရှိဘဲ ခန့်မှန်းရခက်သောကြောင့်၊ ရှင်းယီရွှမ်းအနေဖြင့် သူ့ကို ခြေရာခံလိုက်ရန် အလွန်တရာ ခက်ခဲလာသည်။
နာရီအတန်ကြာ လိုက်တမ်းပြေးတမ်း ကစားရင်း မိုင်ထောင်ချီ ခရီးပေါက်သွားချိန်တွင် ရှင်းယီရွှမ်းတစ်ယောက် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားသည်။ လေထဲတွင် ရပ်တန့်ရင်း လှိုင်းတံပိုးအလံတော်ကို ပြင်းထန်စွာ ဝေ့ယမ်းလိုက်ရာ ရေငွေ့အမြောက်အများ စုစည်းလာပြီး ရေစီးကြောင်းများစွာ ခွဲဖြာကာ ပတ်ဝန်းကျင်တခွင် ပြင်းထန်စွာ ရိုက်ခတ်သွားပါတော့သည်။ တိမ်ထုများပင် ဖရိုဖရဲ လွင့်စင်ကုန်သည်။
ယင်းလုပ်ရပ်က အနည်းငယ် ကျန်ရှိနေခဲ့သော စုန့်ဝမ်၏ အော်ရာအငွေ့အသက်များကို ပြန့်ကျဲသွားစေခဲ့ကြသဖြင့်၊ လိုက်လံရှာဖွေရန် လွန်စွာခက်ခဲသွားစေသည်။
ထိုအချက်ကို ရှင်းယီရွှမ်း သတိပြုမိချိန်တွင် နောက်ကျသွားခဲ့ပြီ။ ရှင်းယီရွှမ်း သက်ပြင်းချရင်း စိတ်လျှော့လိုက်ရသည်။ မျက်နှာကမူ ဒေါသနှင့် အရှက်တရားကြောင့် မည်းမှောင်နေသည်။ ရွှေအမြုတေ အစောပိုင်းအဆင့်သာရှိသော ကျင့်ကြံသူတစ်ဦးကို ထွက်ပြေးလွတ်မြောက်ခွင့် ပေးလိုက်ရခြင်းက ရှင်းမိသားစု၏ ဤပါရမီရှင်သမီးပျိုကို အရှက်ရစေခဲ့သည်။
လှိုင်းတံပိုးအလံတော်ကို ဒေါသတကြီး ထပ်မံ၍ ဝှေ့ယမ်းလိုက်ရာ၊ ရေစီးကြောင်းများ အရပ်မျက်နှာ အသီးသီးဆီသို့ အရှိန်ပြင်းစွာ စီးဆင်းသွားသည်။ ထို့နောက် အနည်းငယ် စိတ်ပြေသွားသော ရှင်းယီရွှမ်းသည် အကျိုးမဲ့ လိုက်လံရှာဖွေမှု မပြုတော့ဘဲ လှိုင်းတံပိုးအလံကို သိမ်းဆည်းကာ ဖန်မြို့တော်ရှိရာသို့ ဦးတည် ထွက်ခွာသွားတော့သည်။
ထိန်းချုပ်မှု ကင်းမဲ့သွားသော ရေစီးကြောင်းများသည် ကောင်းကင်ယံထက်မှနေ၍ ငွေရောင်မြစ်တစ်စင်းအလား ပင်လယ်ပြင်သို့ လိမ့်ဆင်းလာသည်။ ပင်လယ်ပြင်သည် ကြီးမားလှသော လှိုင်းများနှင့်အတူ ချက်ချင်းပင် ဆူပွက်သွားခဲ့သည်။
နက်ရှိုင်းလှသော ပင်လယ်ပြင်၏ အောက်ခြေတွင် ပုံရိပ်နှစ်ခုသည် ငြိမ်သက်စွာ ပုန်းကွယ်နေကြသည်။ ပုံရိပ်တစ်ခုမှာ ကြီးမားသည့် ဒီရေသားရဲတစ်ကောင် ဖြစ်သည်။ အခြားသော ပုံရိပ်မှာမူ အတော်လေး ထူးခြားသည်၊ လူသားနှင့် ဆင်တူလှသော်လည်း လင်းယုန်ငှက်၏ ဦးခေါင်းကို ပိုင်ဆိုင်ထားပြီး၊ လက်မရှိဘဲ ယင်းအစား နက်မှောင်လှသော အတောင်ပံတစ်စုံ ရှိနေခဲ့သည်။
"ဒီလူသားတွေကတော့ တကယ် ဒေါသထွက်ဖို့ ကောင်းတာပဲ။ ပင်လယ်ပြင်မှာ သူတို့ရဲ့ အတတ်ပညာတွေကို ပေါ့ပေါ့ဆဆပဲ အသုံးချနေကြတာ။ အခု ဖြစ်သွားတဲ့ ရေစီးကြောင်းတွေက ရေတွက်လို့မရနိုင်တဲ့ ပင်လယ်မျိုးနွယ်စုဝင်တွေရဲ့ အသက်ကို နှုတ်ယူသွားပြန်ပြီ"
ဒီရေသားရဲက မကျေမချမ်း ရေရွတ်ရင်း အဝေးတစ်နေရာရှိ ရှင်းယီရွှမ်းကို စူးစိုက်ကြည့်လိုက်သည်။
လင်းယုန်ဦးခေါင်းနှင့် သတ္တဝါက "ယွမ်ဟောက်... ဒေါသထွက်မနေနဲ။ ဒီနယ်မြေက ရှင်းမိသားစု နယ်မြေနဲ့ နီးကပ်လွန်းတယ်။ ငါတို့သာ ပေါ့ပေါ့ဆဆနဲ့ ကိုယ်ရောင်ပြမိရင် သူတို့ သတိပြုမိသွားပြီး ငါတို့ရဲ့ လုပ်ငန်းစဉ်ကြီးပါ ပျက်စီးသွားလိမ့်မယ်" ဟု သတိပေးလိုက်သည်။
ယွမ်ဟောက်ဟု အမည်ရသည့် ဒီရေသားရဲလည်း ဝိညာဥ်အာရုံကို အမြန်ရုပ်သိမ်းလိုက်ရသည်။
"သေဆုံးသွားတဲ့သူတွေက မင်းရဲ့ ငှက်မျိုးနွယ်စုက မဟုတ်တော့၊ မင်းတို့ လေလင်းယုန်တွေက ဘယ်ဂရုစိုက်မှာလဲ"
"ငါတို့ ငှက်မျိုးနွယ်စုဆိုတာ လူသားတွေရဲ့ ဖိနှိပ်မှုကို အများဆုံး ခံရတဲ့သူတွေ။ ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့ အတွင်းဘက် ပင်လယ်ပြင်ရဲ့ ကျွန်းတွေအားလုံးကို လူသားတွေကပဲ သိမ်းပိုက်ထားကြတာ။ သူတို့က အဲဒီနေရာမှာ ကျင့်ကြံပြီး တိုးပွားနေကြတာ။ ကောင်းကင်နဲ့ ကမ္ဘာမြေဆီက ရင်းမြစ်တွေကို သူတို့ စိတ်ကြိုက် ရယူနေကြတာ။ ငါတို့ ငှက်မျိုးနွယ်စုကတော့ ဝိညာဉ်စွမ်းအင် ကျဲပါးပြီး ကျွန်းတွေ နည်းပါးတဲ့ အပြင်ဘက် ပင်လယ်ပြင်မှာပဲ အခြေချ နေထိုင်ရတာ။ ငါတို့ ခံစားနေရတာ မင်းတို့ထက် မလျှော့ဘူး"
"မင်းက လူသားတွေကို ဒီလောက်အထိ မုန်းတီးနေမှတော့... ဘာဖြစ်လို့ လူသားနဲ့တူတဲ့ ပုံသဏ္ဍာန်ကို ယူထားရတာလဲ၊ ကြည့်လို့ အဆင်မပြေဘူး"
"ဒါက အလုပ်သဘောသက်သက်ပဲ။ ဒီအသွင်ပြောင်းလဲခြင်းပညာကို ကျင့်ကြံတာ မကြာသေးတော့ အပြည့်အဝ မကျွမ်းကျင်သေးဘူး။ ကျွမ်းကျင်လာလို့ တကယ့်လူသားပုံစံ ပြောင်းလဲနိုင်ရင် ဘယ်သူမှ သတိပြုမိမှာ မဟုတ်တော့ဘူး"
...
စုန့်ဝမ်မှာ ရှင်းယီရွှမ်း လက်မှ ထွက်ပြေး လွတ်မြောက်ပြီးနောက်၊ ဖန်မြို့တော်ဆီသို့ မသွားရဲသေးဘဲ တိမ်တိုက်များအတွင်း တစ်ရက်ကြာ ခိုအောင်းနေခဲ့သည်။ နောက်တစ်နေ့ စိတ်ချရပြီဟု ယူဆသောအခါမှ ဖန်မြို့တော်ဆီ ထွက်လာခဲ့သည်။
မြို့၏ အနီးနားသို့ ရောက်ရှိလာသောအခါ၊ အခြေခံတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် ရုပ်ဖျက်ပြီး ဝင်လာခဲ့သည်။
ဂူအိမ်ဆီ ပြန်ရောက်ပြီးနောက်၊ ရက်အနည်းငယ်ခန့် အနားယူခဲ့သည်။ စွမ်းအားများ ပြန်လည်ပြည့်ဝလာမှသာ သတင်းပို့ကျောက်စိမ်းပြား ထုတ်ယူပြီး ရှန်းယွဲ့ကို ဆက်သွယ်လိုက်သည်။
“ရှင်းကတော်... ဒီရေသားရဲ ရပြီ။ ငါတို့ ဘယ်မှာ ဆုံကြမလဲ”
ခဏအကြာတွင်၊ ရှန်းယွဲ့က အကြောင်းပြန်လာသည်။
“နင့်အစွမ်းအစကတော့ တကယ် အထင်ကြီးဖို့ ကောင်းတာပဲ။ တစ်လကျော်ပဲ ရှိသေးတယ် ဘေးကင်းကင်းနဲ့ ပြန်ရောက်ပြီပေါ့။ ဒါဆို ဒီနေ့ပဲ အရောင်းအဝယ် လုပ်ကြရင် မကောင်းဘူးလား”
“ကောင်းတာပေါ့။ ရှင်းကတော် ဘယ်နေရာမှာ တွေ့ချင်လဲ”
“လေညင်းခန်းမဆောင် ဆိုရင်ကော ဘယ်လိုလဲ။ အဲဒီနေရာမှာ ကိုယ်ပိုင် သီးသန့်အခန်းတွေ ရှိတော့ လုံခြုံတယ်လေ”
စုန့်ဝမ်သည် ခဏမျှ စဥ်းစားပြီးနောက် ရှန်းယွဲ့၏ အကြံပြုချက်ကို ငြင်းပယ်လိုက်သည်။
“လေညင်းခန်းမဆောင်က လူအလွန်များလွန်းလှတယ်။ ရှင်းကတော်ကလည်း ထင်ရှားသူဖြစ်လို့ အာရုံစိုက် ခံရလိမ့်မယ်”
လေညင်းခန်းမဆောင်သည် မြို့၏ အတွင်းပိုင်း၌ တည်ရှိနေသောကြောင့်၊ တစ်ဖက်လူတွင် မရိုးသားသည့် ရည်ရွယ်ချက်များ ရှိနေပါက စုန့်ဝမ်အနေဖြင့် ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ရှန်းယွဲ့ကလည်း ထိုအချက်ကို ရိပ်မိသည်။
“နင်ကလည်း အခုထိ ငါ့ကို အပြည့်အဝ မယုံသေးဘူးလား။ ထားပါတော့… အဲလိုဆိုရင် အနောက်ဘက် ဆင်ခြေဖုံးမှာရှိတဲ့ ကမ္ဘာမြေအစွန်းတောင်တန်းမှာပဲ တွေ့ကြတာပေါ့”
ကမ္ဘာမြေအစွန်းတောင်တန်းသည် ဖန်မြို့၏ အနောက်ဘက် မိုင်ငါးဆယ်ခန့်အကွာတွင် တည်ရှိသည်။ ၎င်းသည် ဝိညာဉ်စွမ်းအင် အားနည်းသော တောင်တန်းတစ်ခု ဖြစ်ပေသည်။ ရှင်းမိသားစုသည် ထိုနေရာတွင် မြေကမ္ဘာအဆင့်ရှိသည့် ဂူအိမ်အနည်းငယ် တည်ဆောက်ထားပြီး၊ ၎င်းတို့ကို အဆင့်နိမ့် ကျင့်ကြံသူများထံသို့ ငှားရမ်းပေးထားသည်။
“ကောင်းပါပြီ! နောက်တစ်နာရီအတွင်း ကမ္ဘာမြေအစွန်းတောင်တန်းရဲ့ အမြင့်ဆုံးတောင်ထိပ်မှာ စောင့်နေမယ်”
“သဘောတူပါတယ်။ ဒါနဲ့ ငါ့အပေါ်မှာ ဒီလောက်အထိ သတိကြီးကြီး ထားနေဖို့ မလိုအပ်ပါဘူး။ ငါ့ရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ ရှင်းလီယန် ဘယ်မှာ ဆေးဖော်စပ်မယ်ဆိုတာ အခုပဲ ပြောပြမယ်။ သူက ရတနာအထွတ်အထိပ်တောင်မှာ ဖော်စပ်ဖို့ စီစဉ်နေတာ”
“အဲဒါက လစဉ် ဆယ်ရက်နေ့တိုင်း ရတနာဖလှယ်ပွဲ ကျင်းပလေ့ရှိတဲ့နေရာ မဟုတ်လား”
“သေချာတာပေါ့၊ အဲဒီနေရာပဲ”
“မင်းက အဲဒီနေရာကို ထုတ်ပြောပြလိုက်တာဆိုတော့... ငါ ကတိဖျက်ပြီး မင်းရဲ့ ဒီရေသားရဲကို လုယူသွားမှာ မစိုးရိမ်ဘူးလား”
“မစိုးရိမ်ပါဘူး။ နင် ငါ့သားနဲ့ ငါ့ကို ချမ်းသာပေးဖို့ ရွေးချယ်ခဲ့တုန်းက ငါ့ရဲ့ ရှင်းမိသားစုအတွင်းက အဆင့်အတန်းကို တန်ဖိုးထားခဲ့လို့ပဲ၊ ငါ နင့်ကို အကူအညီ ပေးနိုင်မယ်ဆိုတာကို သိလို့ပေါ့။ အခုကျမှ... ဒီရေသားရဲ တစ်ကောင်အတွက်နဲ့ အားလုံးကို ဖျက်ဆီးပစ်ပါ့မလား၊ မဖြစ်နိုင်တာ”
စုန့်ဝမ် အမှန်ပင် အံအားသင့်သွားသည်။ ရှန်းယွဲ့သည် တကယ်ပင် ရင့်ကျတ်သွားပုံ ရသည်။ ကျင့်ကြံခြင်းကို မြှင့်တင်ရန်အတွက်သာ အာရုံစိုက်နေသည် မဟုတ်ဘဲ၊ သူမ၏ စိတ်ကူးစိတ်သန်းများမှာလည်း ပိုမို၍ ပါးနပ်လာခဲ့ချေပြီ။ စုန့်ဝမ်အတွက်တော့၊ ကောင်းမွန်သည့်အရာ မဟုတ်ချေ။ ပါးနပ်သော လူများနှင့် ဆက်ဆံရခြင်းက မိုက်မဲသော လူများနှင့် ဆက်ဆံရခြင်းထက် ပိုမို၍ ခက်ခဲသောကြောင့်ပင်။
ယခုပင် မည်သူက မည်သူ့ကို အသုံးချနေသလဲဟု တွေးစရာ ဖြစ်လာသည်။ ရှန်းယွဲ့က ကုတင်ပေါ်မှ သတင်းစကားကို မျှဝေရုံဖြင့် ချွေးတစ်စက်ပင် မကျဘဲ အလိုရှိရာကို ရရှိသွားသည်။ သူကတော့ အသက်လုပွဲ နွှဲပြီးမှ အပေးအယူ ပြီးမြောက်စေရသည်။ ထို့အပြင် အလိုရှိရာ ရယူနိုင်ရန် ကျားရဲတွင်းထဲ စွန့်စားရဦးမည် မဟုတ်ပါလား။
တစ်နာရီ ကြာမြင့်ပြီးနောက် ရှန်းယွဲ့သည် ကတိပေးထားသည့်အတိုင်း ကမ္ဘာမြေအစွန်းတောင်တန်း၏ တောင်ထိပ်သို့ ရောက်ရှိလာခဲ့သော်လည်း၊ စုန့်ဝမ်ကို မြင်တွေ့ခဲ့ရခြင်း မရှိချေ။ ယင်းအစား ထိုနေရာတွင် သူမကို စောင့်ဆိုင်းနေသည့် ကူပိုးကောင်တစ်ကောင်သာ ရှိနေခဲ့သည်။
ရှန်းယွဲ့ကို မြင်သည်နှင့် ကူပိုးကောင်က ၎င်းကိုက်ချီထားသည့် သိုလှောင်အိတ်ကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီး၊ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်။
“သတိကြီးပုံက သခင်ရော၊ သားရဲပါ တစ်ပုံစံတည်းပဲ”
ရှန်းယွဲ့ မျက်နှာတစ်ချက်မဲ့ပြီး ရေရွတ်လိုက်မိသည်။ သိုလှောင်အိတ်ကို ကောက်ယူ စစ်ဆေးလိုက်ရာ၊ သူမ၏ လှပသော မျက်နှာထက်တွင် အပြုံးပန်းတစ်ပွင့် ပေါ်လာသည်။
ချက်ချင်းပင် ထိုသိုလှောင်အိတ်ကို သိမ်းဆည်းပြီး ဓားပျံကို စီးနင်းကာ ပျံသန်းထွက်ခွာသွားသည်။
…….