← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း(152)

ယောင်ပင်း အလွန်အံ့အားသင့်သွားခဲ့ရသည်။

ယွီချီကျားသည် စစ်တက္ကသိုလ် ဆင်းတစ်ယောက် ဖြစ်ပြီး သူဌေးသားတစ်ဦးလည်းဖြစ်ကာ သူ့ကိုယ်သူ အမြဲတမ်း အထက်တန်းလွှာအဖြစ် သတ်မှတ်ထားသူ ဖြစ်သည်။ သူက အဘယ်ကြောင့် ပင်းဟိုင် နံပါတ်တစ် အထက်တန်းကျောင်းသို့ နှိမ့်ချ၍ ရောက်ရှိလာရသနည်း။

သူ၏ ချောမောသော ရုပ်ရည်၊ (1.8) မီတာကျော်ရှိသော အရပ်အမောင်းနှင့် အေးစက်သော အမူအရာတို့ကြောင့် ယွီချီကျားသည် စာသင်ခန်းအပြင်ဘက်တွင် ခေတ္တမျှ စောင့်ဆိုင်းနေရုံမျှဖြင့် မိန်းကလေး အုပ်စုကြီးကို ဆွဲဆောင်နိုင်ခဲ့သည်။

မိန်းကလေးများက ယွီချီကျားကို စိုက်ကြည့်နေကြပြီး တစ်ယောက်ချင်းစီတိုင်းက ရင်ခုန်စိတ်လှုပ်ရှားနေကြ၏။

“အို... ဘုရားရေ၊ သူက အရမ်းချောတာပဲ မင်းသားတစ်ယောက်တောင်လုပ်လို့ရတယ်”

“မင်းသားက ဘာလဲ၊ သူက မင်းသားထက်တောင် ပိုချောသေးတယ်၊ အရမ်း ချောလွန်းတယ်၊ သူ ဘယ်အတန်းကလဲဆိုတာသိကြလား”

“ငါ့ရည်းစားသာ ဒီလောက် ချောရင် အိပ်မက်ထဲတောင် ပြုံးပြီး နိုးလာမှာ”

မိန်းကလေးများသည် မျက်နှာများ နီမြန်းလျက်၊ မျက်ဝန်းများတွင် အသည်းပုံများ တောက်ပလျက် ရင်ခုန်စိတ်လှုပ်ရှားစွာ တတွတ်တွတ် ပြောဆိုနေကြသည်။

ယွီချီကျားကဲ့သို့သော ကောင်လေးတစ်ယောက် ပင်းဟိုင်နံပါတ်တစ် အထက်တန်းကျောင်းတွင် ရှိနေခြင်းသည်က ၎င်းတို့အတွက် အလွန်ရင်ခုန်စရာကောင်းလှပေ၏။ သူတို့အားလုံးက သူ၏ အတန်းကို သိရှိရန် အားတက်သရော စုံစမ်းနေကြ၏။

သို့သော်လည်း ယွီချီကျားက တစ်လျှောက်လုံး အေးစက်သော မျက်နှာအမူအရာကိုသာ ထိန်းသိမ်းထားခဲ့ပြီး တတွတ်တွတ် ပြောဆိုကာ ဝိုင်းအုံကြည့်ရှုနေကြသော မိန်းကလေးများကို လုံးဝ ဥပေက္ခာပြုထားခဲ့သည်။

ဤသည်က အံ့သြစရာ မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ ငယ်စဉ်ကတည်းက မိန်းကလေးများသည် သူ့အပေါ် ဤသို့သာ တုံ့ပြန်ခဲ့ကြသဖြင့် သူသည် ကျင့်သားရနေပြီ ဖြစ်ကာ အာရုံစိုက်ရန်ပင် စိတ်မပါတော့ချေ။

“သခင်လေးယွီချီလား၊ ကျွန်တော့်ကို လာရှာတာလား”

စာသင်ခန်းထဲမှ ထွက်လာပြီးနောက် ယောင်ပင်းက ယွီချီကျားကို နှုတ်ဆက်လိုက်သည်။

“သခင်လေးယွီချီ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”

ယောင်ပင်း စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ယွီချီကျားက ရုတ်တရက် လှည့်လာပြီး ယောင်ပင်း၏ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်လေသည်။

ဤသည်က လုံးဝ မျှော်လင့်မထားသော အခြေအနေ ဖြစ်ပေသည်။

ကြိုတင်သတိပေးချက် မရှိပေ။

မည်သည့်အကြောင်းပြချက်မျှလည်း မရှိချေ။

“အား”

ယွီချီကျားသည် ကြိုတင်သတိပေးချက်မရှိဘဲ စတင်တိုက်ခိုက်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ မိန်းကလေးများမှာ တညီတညွတ်တည်း အော်ဟစ်ကြလေသည်

“အဲဒီလှုပ်ရှားမှုက တကယ်ကို လန်းတာပဲ”

“ရုပ်ချောရုံတင်မကဘူး၊ တိုက်ခိုက်ရတာလည်း အရမ်းကျွမ်းကျင်တာပဲ.. တကယ်ကို ချောပြီး လန်းလွန်းတယ်”

…

ခဏချင်းတွင်ပင် ယွီချီကျားသည် မိန်းကလေး အမြောက်အမြား၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ချေသည်။

ယွီချီကျားက ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့သော်လည်း ယောင်ပင်းသည်လည်း ပင်ကိုအသိစိတ်အရ ဘေးသို့ ရှောင်တိမ်းလိုက်သဖြင့် ထိုရုတ်တရက် ထိုးချက်ကို လွယ်ကူစွာ ရှောင်ရှားနိုင်ခဲ့ချေသည်။

“သခင်လေးယွီချီ... မင်း ဘာလုပ်နေတာလဲ”

ယောင်ပင်းက အေးစက်စွာ မေးလိုက်သည်။

သူသည်က ယွီချီကျားနှင့် မည်သည့် ရန်ငြိုးမျှ မရှိခဲ့သည်ကို မှတ်မိသည်။

ယွီချီကျားက အဘယ်ကြောင့် ချက်ချင်း လက်ပါလာသည်ကို သူ နားမလည်နိုင်ပေ။

“ငါ ဘာလုပ်နေလဲ ဟုတ်လား”

ယွီချီကျားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ယောင်ပင်းကို ထပ်မံ ကန်ကျောက်လိုက်ပြန်သည်။

“ငါ မင်းကို ဘာလို့ ရိုက်လဲဆိုတာ မင်း အသိဆုံးဖြစ်မှာပါ”

ထိုကန်ချက်သည် ယောင်ပင်း၏ ဝမ်းဗိုက်ဆီသို့ တည့်တည့် ဦးတည်နေချေသည်။

ယွီချီကျားက ရုတ်တရက် တိုက်ခိုက်ရုံတင်မကဘဲ လှုပ်ရှားမှုတိုင်းက ရက်စက်ပြီး အသက်အန္တရာယ်ရှိသော နေရာများကိုသာ တည့်တည့်ဦးတည်နေချေသည်။ ပုံမှန်အားဖြင့် တည်ငြိမ်လှသော ယောင်ပင်းပင်လျှင် ယွီချီကျား၏ သဘောထားကြောင့် ဒေါသထွက်သွားရချေသည်။

သို့သော်လည်း ဤနေရာသည် ကျောင်းဖြစ်သဖြင့် သူ အာရုံစိုက်မခံချင်ပေ။ သူသည်က ယွီချီကျား၏ နောက်ထပ် ကန်ချက်တစ်ခုကို ရိုးရိုးရှင်းရှင်းပင် ရှောင်တိမ်းလိုက်ပြီး စိတ်တိုတိုဖြင့် မေးလိုက်သည်။

“သခင်လေးယွီချီ... မင်း ပြဿနာရှာချင်ရင်တောင် အနည်းဆုံးတော့ အကြောင်းပြချက်တစ်ခု ရှိသင့်တာ မဟုတ်ဘူးလား၊ အတန်းတက်ဖို့ အချိန်နီးနေပြီ၊ ငါ မင်းနဲ့ ဆော့ကစားနေဖို့ အချိန်မရှိဘူး”

ယွီချီကျားက မည်သည့်အရာကိုမှမပြောသဖြင့် သူသည်လည်း ထပ်မံမေးမြန်းရန် ပျင်းရိသွားချေသည်။

ဤချမ်းသာသော သားသမီးများသည်က အားလုံး မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ လူတိုင်းကို နှိမ့်ချတတ်ကြချေသည်။

မည်သည့်အရာက သူတို့ကို လာရောက်ဆွပေးလိုက်သဖြင့် သူ့အပေါ် ဒေါသပုံချနေသည်ကို မည်သူသိနိုင်မည်နည်း။

ယွီချီကျား၏ ကန်ချက်ကို ရှောင်တိမ်းပြီးနောက် ယောင်ပင်းသည် လှည့်ထွက်ရန် ပြင်လိုက်လေသည်။

သူ့အနေဖြင့် ပြသနာမတတ်ချင်လျှင်ပင် ရှောင်လွှဲ၍တော့ ရနိုင်သည် မဟုတ်ပါလော။

ရွှပ်။

မျှော်လင့်မထားဘဲ ယောင်ပင်း လှည့်လိုက်သည်နှင့် တပြိုင်နက် ယွီချီကျားသည် သူ၏ကျောပြင်ကို နောက်ထပ်တစ်ကြိမ် ကန်ကျောက်လိုက်ပြန်ချေသည်။

“ဝိုး... လန်းလိုက်တာ၊ တော်တော်လန်းတာပဲ။း”

“အဲဒီကန်ချက်က တကယ့်ကို မိုက်တယ်”

ယွီချီကျား၏ ကန်ချက်သည် သပ်ရပ်၊ တိကျပြီး ရက်စက်လှသဖြင့် ပတ်ဝန်းကျင်ရှိ မိန်းကလေးများထံမှ အော်ဟစ်သံများနှင့် အံ့သြတုန်လှုပ်သံများကို ထွက်ပေါ်လာစေချေသည်။

ယွီချီကျားက ယောင်ပင်းနှင့် အဘယ်ကြောင့် ရုတ်တရက် စကားများ တိုက်ခိုက်နေရသည်ကိုမူ သူတို့ လုံးဝ ဂရုမစိုက်ကြပေ။

အကယ်၍ တခြားသူသာဆိုလျှင် ယွီချီကျား၏ ကန်ချက်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ယွီချီကျား ရင်ဆိုင်နေရသည်မှာ ယောင်ပင်း ဖြစ်ချေသည်။

ယောင်ပင်းသည်က သူ့ကို ကြည့်ပင်မကြည့်သော်လည်း သူ၏ဦးခေါင်းနောက်ကွယ်တွင် မျက်လုံးများ ပါရှိနေသကဲ့သို့ပင်။ သူက ဘေးသို့ ပေါ့ပေါ့ပါးပါး ရှောင်တိမ်းလိုက်ပြီး ယွီချီကျား၏ ကန်ချက်ကို လွယ်ကူစွာ ရှောင်ရှားကာ စာသင်ခန်းထဲသို့ မြန်မြန်ဆန်ဆန် လျှောက်လှမ်းသွားလေသည်။

ယောင်ပင်းက ယွီချီကျား၏ အကျိုးအကြောင်းမရှိသော အပြုအမူကို အဖက်လုပ်ရန် ပျင်းရိနေချေသည်။

ယွီချီကျားကတော့ ယောင်ပင်းက သူ့ကို လျစ်လျူရှုကာ စာသင်ခန်းထဲသို့ ပြန်ဝင်ရဲသည်ကို မြင်သောအခါ မျက်နှာထားက ချက်ချင်း ပျက်ယွင်းသွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

“ယောင်ပင်း... မင်း အဲဒီမှာတင် ရပ်လိုက်စမ်း”

ယောင်ပင်းက သူ့ကို လျစ်လျူရှုပြီး ရှေ့သို့သာ ဆက်လက် လျှောက်သွားခဲ့သည်။

“ကောင်းပြီ... အရမ်းကောင်းတယ်”

ယောင်ပင်းက သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ စာသင်ခန်းသို့ ပြန်သွားသည်ကို ကြည့်ရင်း ယွီချီကျားသည် ဒေါသထွက်မည့်အစား ရယ်မောလိုက်သည်။

“မင်း နောင်တမရဖို့ မျှော်လင့်ပါတယ်”

ယောင်ပင်းသည် သူ့ကို ဆက်လက်လျစ်လျူရှုထားဆဲဖြစ်ပြီး စာသင်ခန်းထဲသို့ အေးဆေးစွာ ပြန်ဝင်သွားချေသည်။

ယွီချီကျားက သူ့ကို ထွက်လာရန် ပြောသဖြင့် သူ ထွက်လာခဲ့သည်။

သို့သော် သူ ထွက်လာပြီးနောက် ယွီချီကျားက ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ပြီး မည်သည့်အတွက်ကြောင့် တိုက်ခိုက်ချင်သည်ကိုလည်း ပြောရန် ငြင်းဆန်ခဲ့သည်။ ယောင်ပင်းအနေဖြင့် ယွီချီကျား၏ ထိုကဲ့သို့သော အလိုလိုက်ထားသည့် ကလေးဆိုးဗီဇကို လုံးဝ သည်းမခံနိုင်ပေ။

အတန်း(6)၏ စာသင်ခန်း အပြင်ဘက်တွင် ဖြစ်၏။

ယွီချီကျား၏ မျက်နှာသည် ညှိုးမှိန်နေပြီး သူ၏အမူအရာမှာလည်း ရေစက်များကျလုမတတ် မှုန်မှိုင်းနေခဲ့သည်။

သူကို ဤကဲ့သို့ လျစ်လျူရှုရဲသောသူကို သူ ပထမဆုံးအကြိမ် ဆုံဖူးခြင်း ဖြစ်ချေသည်။

ယောင်ပင်း လှည့်ထွက်သွားသည်နှင့် မိန်းကလေးအုပ်စုထံမှ စကားသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။

“ခုနက ကောင်လေးက ဘယ်သူလဲ၊ အဲဒီလို ရုပ်ချောတဲ့လူကို ဘယ်လိုတောင် လျစ်လျူရှုရဲရတာလဲ”

“သူက အတန်း (၆) က ယောင်ပင်းလေ၊ ‘အသန်မာဆုံး အထက်တန်းကျောင်းပြိုင်ပွဲ’ မှာ မယုံနိုင်စရာ မှတ်ဉာဏ်စွမ်းရည် ရှိခဲ့ပြီး အမြွှာညီအစ်ကိုတွေကို တစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တဲ့သူပဲ၊ နင် သူ့ကို မသိဘူးလား”

“သူက ယောင်ပင်း ဟုတ်လား၊ အိုး... ဘုရားရေ၊ ငါ သူ့ကို အရမ်းအားကျတာ... လာ၊ ငါတို့ အိုင်ဒေါကို သွားကြည့်ရအောင်”

  …

ခုနတင် ယွီချီကျားကို ကြည့်ပြီး သွားရည်ကျနေကြသော မိန်းကလေးအုပ်စုသည်က ထွက်သွားသော ကောင်လေးမှာ ယောင်ပင်းဖြစ်ကြောင်း ကြားသိရသည်နှင့် ယွီချီကျားအပေါ် စွဲလန်းနေမှုကို ချက်ချင်း စွန့်လွှတ်လိုက်ကြချေသည်။

ထို့နောက် ‘အသန်မာဆုံး အထက်တန်းကျောင်းပြိုင်ပွဲ’ ၏ ကြယ်ပွင့်က မည်ကဲ့သို့ ရုပ်ရည်ရှိသည်ကို မြင်တွေ့လိုသဖြင့် အတန်း(6)၏ တံခါးဝတွင် စုပြုံတိုးဝှေ့နေကြလေသည်။

ယွီချီကျား၏ မျက်နှာသည် ပို၍ပင် အေးစက်သွားချေသည်။

သူ ယွီချီကျားမှာ ယခင်က ဤမျှ အေးစက်စွာ ဆက်ဆံခံရဖူးခြင်း မရှိချေ။

အထူးသဖြင့် မိန်းကလေးများ၏ ရှေ့မှောက်တွင် ဖြစ်ချေသည်။

“ယောင်ပင်း... ငါတို့ တွေ့ကြတာပေါ့။”

ယွီချီကျားက အတန်း(6)ဆီသို့ အေးစက်စွာ လှည့်ကြည့်လိုက်သည်။

“မင်း ငါ့ကို လာတောင်းပန်ဖို့ သိပ်မကြာတော့ပါဘူး”

ဤအကြိမ်တွင်မူ သူ အဆင်သင့် ပြင်ဆင်ထားခဲ့သည်။

ယွီချီကျားမှာ မတိုင်မီက ယောင်ပင်းထံသို့ လာရောက်ခြင်းက စမ်းသပ်ရုံသက်သက်သာ ဖြစ်ချေသည်။

သူ အကြိမ်ကြိမ် လှုပ်ရှားခဲ့သော်လည်း ယောင်ပင်းသည် ရှောင်တိမ်းရန်သာ ရဲဝံ့ပြီး ပြန်လည်မတုံ့ပြန်ခဲ့ပေ။ ဤသည်က ယွီချီကျားကို ပို၍ ရဲတင်းသွားစေခဲ့သည်။

ယောင်ပင်းသည် သူ့၏ ပြိုင်ဘက်မဟုတ်သောကြောင့်သာ တိုက်ခိုက်ရန် ဝန်လေးနေခြင်းဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်သွားချေသည်။

အထက်တန်းပထမနှစ်၊ အတန်း(6)ကို လှည့်ကြည့်ပြီးနောက် ယွီချီကျားက ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလေသည်။

အတန်းတစ်ချိန် ပြီးသွားသောအခါ:

  ကျောင်းအုပ်ကြီးက သူ့ကို တွေ့ချင်နေကြောင်း ကျိုးဟိုင်ပိုင်က ယောင်ပင်းအား ကိုယ်တိုင် လာရောက်ပြောခဲ့သည်။

ယောင်ပင်းသည်လည်း ကျောင်းအုပ်ကြီးက သူ့ကို အဘယ်ကြောင့် တွေ့ချင်ရသည်ကို မသေချာသဖြင့် ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ အပြေးအလွှား သွားခဲ့ရလေသည်။

ယောင်ပင်း အံ့သြသွားစေသည်မှာ ကျောင်းအုပ်ကြီး၏ ရုံးခန်းထဲတွင် ကျောင်းအုပ်ကြီး တစ်ယောက်တည်း ရှိနေခြင်း မဟုတ်ဘဲ စစ်ဝတ်စုံဝတ်ထားသော လူသုံးဦးနှင့် သူနှင့် အသက်အရွယ်တူ ကောင်လေး တစ်ဒါဇင်ခန့်လည်း ရှိနေခြင်းပင်။

ထိုသူများထဲတွင် တုမင်ယွမ်နှင့် ယွီချီကျားလည်း ပါဝင်နေချေသည်။

သူ အထင်မမှားလျှင် ထိုတခြား ကောင်လေးများက သူတို့ကျောင်းရှိ အခြားအတန်းများမှ မဟုတ်ကြပေ။

ယောင်ပင်း ဝင်လာသည်နှင့် တပြိုင်နက် ကျောင်းအုပ်ကြီး ရုံးခန်းအတွင်းရှိ လူတိုင်းက သူ၏အပေါ်သို့ အာရုံစိုက်လိုက်ကြသည်။

အထူးသဖြင့် တုမင်ယွမ်နှင့် ယွီချီကျားတို့ ဖြစ်ချေသည်။

တုမင်ယွမ်နှင့် ယွီချီကျားတို့၏ အကြည့်များက အေးစက်ပြီး ရန်စလိုသော အမူအရာ ရှိနေခဲ့ကြသည်။

*

All Chapters