← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း(154)

ယောင်ပင်းသည် ယွီချီကျားကို စူးစိုက်ကြည့်နေပြီး သူ၏နှုတ်ခမ်းဖျားတွင် အနည်းငယ် ပြုံးလိုက်ချေသည်။

ရုံးခန်းအတွင်းရှိ လွှမ်းမိုးထားသော ဖိနှိပ်မှုအာရုံသည် ချက်ချင်းပင် ကွယ်ပျောက်သွားရလေသည်။

ယွီချီကျားသည်လည်း သတိ လျင်မြန်စွာ ပြန်လည်ဝင်လာပြီး သူ၏ ပုံမှန်ယုံကြည်မှုနှင့် အထက်စီးဆန်မှုများ ပြန်လည်ရောက်ရှိလာချေသည်။

သူ သိသားပဲ။ ဘာမှမဟုတ်တဲ့ လူတကလေကချေမှာ ဘယ်လိုလုပ်ပြီးဒီလောက် ပြင်းထန်တဲ့ အရှိန်အဝါရှိနေမှာလဲ။

သူ အထင်မှားသွားခြင်းသာ ဖြစ်ရပေမည်။

“ဘာလဲ... ငါက မင်းရဲ့အဓိကအချက်ကို ကွက်တိပြောလိုက်လို့ စိတ်မလုံဖြစ်သွားတာလား”

ယွီချီကျားက သူ့ကို အထက်စီးမှ ကြည့်ကာ ရန်စသော စကားလုံးများဖြင့် ပြောလိုက်သည်။

“ငါ ပြောတာ မှန်နေတာပဲ။ မင်းက ငါတို့ အထူးစစ်ဆင်ရေးအဖွဲ့ထဲကိုမှ မဝင်ရဲတာ... ဘာလို့လဲဆိုတော့ မင်းမှာ အရည်အချင်းမရှိဘူး၊ ဒါနဲ့ မထိုက်တန်ဘူးဆိုတာ မင်းကိုယ်တိုင် သိနေလို့ပဲ၊ အဲဒါကြောင့် ကြိုပြီး နောက်ဆုတ်နေတာ မဟုတ်လား၊ ငါ ပြောစရာရှိတာ ပြောပြီးပြီ၊ မင်း အခု ထွက်သွားနိုင်ပြီ”

စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်ခြင်းသည်က အဓိက သော့ချက် ဖြစ်ချေသည်။

ဤသည်မှာ ယွီချီကျား အမြဲတမ်း အနှစ်သက်ဆုံး နည်းဗျူဟာ ဖြစ်ချေသည်။

ယောင်ပင်းကဲ့သို့သော လူစားမျိုးအတွက် မာနနှင့် ကိုယ့်ကိုယ်ကိုယ် လေးစားမှုသည်ကစာ အသက်ထက်ပင် ပို၍ အရေးကြီးကြောင်း သူ သိနေသည်။

သူ၏ စကားလုံးများသည် ယောင်ပင်းကို သေချာပေါက် ဆွပေးနိုင်လိမ့်မည်ဖြစ်ပြီး သူတို့၏ အထူးစစ်ဆင်ရေးအဖွဲ့ထဲသို့ ပါဝင်လိုစိတ် ပြင်းပြလာစေလိမ့်မည်ဟု သူ ယုံကြည်သည်။

အကယ်၍ ယောင်ပင်းသာ ထိုအဖွဲ့၏ ရွေးချယ်ပွဲတွင် ပါဝင်လိုပါက ဤမျှများပြားသော လူများ၏ ရှေ့မှောက်တွင် သူ့ကို လာရောက်တောင်းပန်ရမည်။

အကယ်၍ ယောင်ပင်းက မပါဝင်ခဲ့လျှင်လည်း သူ့အတွက် ဆုံးရှုံးမှုမရှိပေ။ ယောင်ပင်း ရွေးချယ်ခံရလျှင်ပင် သူ၏ ဗိုလ်မှူးရာထူးဖြင့် ယောင်ပင်းကို ဒုက္ခပေးရန်မှာ အလွန်လွယ်ကူသော ကိစ္စတစ်ခု ဖြစ်ချေသည်။

သူ၏ ရာထူးအာဏာကို အသုံးချ၍ ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေခြင်း အတတ်ပညာတွင် ယွီချီကျားက အလွန် ကျွမ်းကျင်လှချေသည်။

ယောင်ပင်း မည်သည့်အရာကို ရွေးချယ်ပါစေ အားလုံးက ယွီချီကျား၏ လက်ခုပ်ထဲက ရေသာ ဖြစ်ချေသည်။

သို့သော်လည်း ယွီချီကျားသည် သူ၏ တွက်ချက်မှု မှားယွင်းသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူ ရင်ဆိုင်နေရသည်မှာ သာမန်လူတစ်ယောက် မဟုတ်ဘဲ ယောင်ပင်း ဖြစ်ချေသည်။

ယွီချီကျားက သူ၏ စကားကို ကြားပြီးနောက် ယောင်ပင်းမှာ ဆွပေးခြင်းကို ခံရပြီး အထူးစစ်ဆင်ရေးအဖွဲ့ထဲသို့ သေချာပေါက် ဝင်ရောက်လာလိမ့်မည်ဟု မူလက ထင်မှတ်ထားသည်။ ထိုအခြေအနေသည်က သူ အလိုချင်ဆုံး အခြေအနေလည်း ဖြစ်ချေသည်။

မျှော်လင့်မထားဘဲ ယွီချီကျား၏ စကားကို ကြားပြီးနောက် ယောင်ပင်းက မသိမသာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ဗိုလ်မှူးယွီချီ... ကျွန်တော် ပြောပြီးပြီလေ၊ အကယ်လို့ ဒီအထူးစစ်ဆင်ရေးအဖွဲ့မှာ မင်းလိုလူတွေနဲ့ပဲ ပြည့်နှက်နေမယ်ဆိုရင် ကျွန်တော်ကတော့ နည်းနည်းလေးမှ စိတ်မဝင်စားပါဘူး၊ မင်း ဘာပဲထင်ထင် အဲဒါ မင်းအပိုင်းပဲ… ကောင်းပြီ... ကျွန်တော် ပြောစရာရှိတာ ပြောပြီးပြီ၊ အခု သွားလို့ရပြီလား”

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူ၏ စိတ်အခြေအနေမှာ ရှုပ်ထွေးနေခဲ့သဖြင့် ယွီချီကျားနှင့် ပတ်သက်ပြီးရှုပ်ထွေးနေရန် သူ လုံးဝ ဆန္ဒမရှိပါချေ။

ယွီချီကျား၏ မျက်နှာပေါ်မှ ယုံကြည်မှုအပြည့်ရှိသော အပြုံးသည် ချက်ချင်းပင် ခဲအပ်သွားရလေသည်။

ရုံးခန်းအတွင်းရှိ အခြားသူများသည်လည်း ဇဝေဇဝါဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လွင်နေကြသည်။

ယွီချီကျားသည် ဗိုလ်မှူးတစ်ဦး ဖြစ်သော်လည်း ယောင်ပင်းက သူ့ကို လူသိရှင်ကြား စော်ကားရဲချေသည်။

ဤသည်က သေကြောင်းကြံစည်ခြင်းပင်။

ကျောင်းအုပ်ကြီးသည်လည်း ပျာပျာသလဲ ဖြစ်သွားပြီး အခြေအနေကို ပြေလည်အောင် ဖြေရှင်းရန် ယောင်ပင်းထံသို့ အပြေးအလွှား လာရောက်ကာ ပြောလိုက်သည်။

“ဗိုလ်မှူးယွီချီ၊ အဟမ်း.. ယောင်ပင်းက စကားပြော မတတ်လို့ပါ၊ စိတ်ထဲ မထားပါနဲ့ဦး”

“ကျောင်းအုပ်ကြီး..ကျွန်တော် အတန်းတက်စရာ ရှိလို့ ခွင့်ပြုပါဦး”

ကျောင်းအုပ်ကြီးမှ အခြေအနေကို ညှိနှိုင်းပေးမည့် စကားကိုပင် မစောင့်ဘဲ ယောင်ပင်းက တည်ငြိမ်စွာ ဖြတ်ပြောလိုက်သည်။

ထို့နောက် ကျောင်းအုပ်ကြီး၏ တောင့်တင်းလှသော အပြုံးကို ချန်ထားရစ်ကာ နေရာမှ လှည့်ထွက်ပြီး ဂရုမစိုက်သော အမူအရာဖြင့် ရုံးခန်းထဲမှ ထွက်ခွာသွားလေသည်။

ကျောင်းအုပ်ကြီး၏ ရုံးခန်းအတွင်းရှိ လေထုမှာမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖိနှိပ်လျက် ရှိနေချေသည်။

ယွီချီကျား၏ မျက်နှာသည်က မုန်တိုင်းမလာမီ တိတ်ဆိတ်နေသော အခြေအနေကဲ့သို့ မှုန်မှိုင်းနေပြီး အလွန်အမင်း ကြောက်စရာကောင်းနေချေသည်။

*

မိုမိသားစု၏ စံအိမ်ကြီးတွင်။

ဧည့်ခန်းမဆောင်ကြီး အတွင်း၌ ဖြစ်ချေသည်။

အရသာရှိမည့် ဟင်းလျာများ ပြည့်နှက်နေသော စားပွဲဝိုင်းများနှင့် တစ်ဖက်မှ ကြင်နာစွာ ပြုံးနေသော သခင်ကြီးမို၊ ချိုသာစွာ ပြုံးနေသော မိုရှောက်ယောင်တို့ကို ကြည့်ရင်း ယွီချီကျားတစ်ယောက် လက်ဆောင်ကို အစေခံတစ်ဦးထံသို့ လျင်မြန်စွာ ကမ်းပေးလိုက်ပြီး သခင်ကြီးမိုကို လိမ္မာယဉ်ကျေးစွာ ပြောလိုက်သည်။

“အဘိုးမို... ကျွန်တော် လွန်ခဲ့တဲ့ ရက်ပိုင်းက တာဝန်တစ်ခုနဲ့ သွားရင်းနဲ့ ကောင်းမွန်တဲ့ လက်ဖက်ရည်ခွက် အစုံအလင်ကို ဝယ်ခဲ့ပါတယ်၊ အဘိုးက လက်ဖက်ရည် သောက်ရတာ ဝါသနာပါမှန်း သိလို့ တစ်စုံ ဝယ်လာခဲ့တာပါ အဘိုး သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

သူသည် သခင်ကြီးမို၏ စိတ်ကျေနပ်မှုကို မည်ကဲ့သို့ ရယူရမည်ကို အမြဲတမ်း သိနေချေသည်။

အဆုံးတွင် မိုမိသားစု၏ အာဏာစွမ်းအားနှင့် မိုရှောက်ယောင်အပေါ် ထားရှိသော သူ၏ ခံစားချက်များ နှစ်ခုစလုံးသည်က သူ အပင်ပန်းခံ၍ မျက်နှာချိုသွေးရန် ထိုက်တန်နေသည်။

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်”

သခင်ကြီးမိုက ပြုံးလိုက်ပြီး အစေခံများကို စားပွဲအား သေသေချာချာ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။

ထို့နောက်တွင်မှ ချီးမွမ်းစကား ဆိုလေသည်။

“ရှောင်ကျားက အမြဲတမ်း လိမ္မာသိတတ်တာပဲ၊ အဘိုးက မင်းကို အရမ်းသဘောကျတယ်၊ မင်းလည်း ငါတို့အိမ်မှာ ထမင်းမစားဖြစ်တာ ကြာပြီပဲ၊ ယောင်ယောင်ကလည်း မင်းအကြောင်း ခဏခဏ ပြောနေတာ၊

အဘိုးက ဒီနေ့ မီးဖိုချောင်ကို မင်းအကြိုက်ဆုံး ဟင်းတွေပဲ သီးသန့် ပြင်ခိုင်းထားတယ်၊ ကဲ... ထိုင်ပြီး စားပါဦး”

မိုရှောက်ယောင်ကလည်း ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။

“အစ်ကိုယွီချီ... အစ်ကို ကျွန်မတို့အိမ်မှာ ထမင်းမစားဖြစ်တာ တကယ်ကို ကြာလှပြီ၊ ဒါလေး မြည်းကြည့်ပါဦး”

ထိုသို့ ပြောဆိုရင်း မိုရှောက်ယောင်သည် ယွီချီကျား၏ ပန်းကန်ထဲသို့ ဟင်းကို ထည့်ပေးလိုက်ချေသည်။

ယွီချီကျား ချက်ချင်းပင် မြောက်ကြွသွားရချေသည်။

ယခင်က သူ့ဘက်မီ မိုရှောက်ယောင်၏ စိတ်ကျေနပ်မှုကို ရရှိရန်သာ အမြဲတမ်း အစွမ်းကုန် ကြိုးစားခဲ့ရပြီး မိုရှောက်ယောင်ကတေား မသိကျိုးကျွံဖြင့်သာပြုမူခဲ့သည်။

သို့သော် ယခုတွင် မိုရှောက်ယောင်က သူ့အား သူမ၏အိမ်သို့ ထမင်းစားရန် ကိုယ်တိုင် လာရောက်ဖိတ်ခေါ်ခဲ့ချေပြီ။ ဤသည်က ဤနှစ်များတစ်လျှောက်လုံး ထားရှိခဲ့သော သူ၏ ခံစားချက်များကို သူမ နောက်ဆုံးတွင် နားလည်သွားပြီဟု ဆိုလိုခြင်း ဖြစ်ရပေမည်။

ဤသို့ တွေးမိသောအခါ ယွီချီကျားတစ်ယောက် အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားသွားရချေသည်။

သူက ချက်ချင်း ထိုင်လိုက်ပြီး မိုရှောက်ယောင်အား ဟင်းများ ပြန်လည်ထည့်ပေးကာ သခင်ကြီးမိုကိုလည်း မြှောက်ပင့်စကား ဆိုနေခဲ့သည်။ သူ၏ တစ်ကိုယ်လုံးက အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

“ရှောင်ကျား... မင်း အခု အထူးစစ်ဆင်ရေးအဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ အဘိုး ကြားမိတယ်နော်”

အဘိုးမိုက ပြုံးလျက် ယွီချီကျားအား ဟင်းထည့်ပေးရင်း ပြောလိုက်သည်။

“မင်းက အရွယ်ငယ်ငယ်လေးနဲ့ ဒီလောက်အထိ အောင်မြင်မှုတွေ ရနေတာ... အဘိုးမိုက မင်းအတွက် တကယ်ပဲ ဂုဏ်ယူတယ်”

အဘိုးမိုသည်က အထူးစစ်ဆင်ရေးအဖွဲ့အကြောင်းကို ကြိုတင်သိရှိနေပုံ ရချေသည်။

ယွီချီကျားက တိတ်တဆိတ် ဝမ်းသာသွားသော်လည်း ဟန်ဆောင်၍ နှိမ့်ချလိုက်သည်။

“အဘိုးမို... တကယ်တော့ ကျွန်တော် ဖွဲ့စည်းတာ မဟုတ်ပါဘူး၊ အထက်က အမိန့်အရ ဒီလို စစ်ဆင်ရေးအဖွဲ့ကို ဖွဲ့စည်းခိုင်းတာပါ၊ ကျွန်တော်ကတော့ အဖွဲ့ဝင်တွေကို ရွေးချယ်ဖို့နဲ့ ဦးဆောင်ဖို့ပဲ တာဝန်ယူထားရတာလေ

သူတို့ကို လေ့ကျင့်ပေးဖို့အတွက် သီးသန့် နည်းပြတွေရှိနေလိမ့်မယ်၊ အမှန်အတိုင်း ပြောရရင် ကျွန်တော့်အတွက် ဒီလို တာဝန်မျိုး ပထမဆုံးအကြိမ် ပေးအပ်ခံရတာမို့လို့ ဖိအားတွေ အများကြီး ရှိနေပါတယ်”

သူက နှိမ့်ချပြောဆိုပြီးနောက်တွင်တော့ ဤမျှ ကြီးမားသော တာဝန်ကို လူတိုင်း မထမ်းဆောင်နိုင်ကြောင်း မသိမသာဖြင့် အရိပ်အမြွက်ပြောလိုက်ပြန်၏။

အဘိုးမို၏ အကြည့်ထဲတွင်ပင် ဤတာဝန်က အလွန်အမင်း အရေးကြီးပြီး ကြီးမားသော ဂုဏ်ယူစရာတစ်ခု ဖြစ်ကြောင်း သူ နားလည်ထားခဲ်သည်။

“အောင်မြင်မှုတွေ အများကြီးရထားတဲ့ လူငယ်လေးပဲ... တကယ်ကို အလားအလာရှိတယ်”

အဘိုးမိုက သူ့ကို ချီးမွမ်းသော အကြည့်ဖြင့်ကြည့်လိုက်ပြီး ယွီချီကျားအား ဟင်းအချို့ ထပ်မံ ထည့်ပေးလိုက်သည်။

မိုရှောက်ယောင်ကလည်း အားကျသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“အစ်ကိုယွီချီက တကယ်ကို တော်တာပဲ”

ယွီချီကျားက လျင်မြန်စွာပင် နှိမ့်ချစွာ တုံ့ပြန်လိုက်သည်။

“မဟုတ်ပါဘူး... ကျွန်တော့်အနေနဲ့ အဘိုးမိုဆီက လမ်းညွှန်မှုအချို့ကို လိုအပ်ပါသေးတယ်...”

သူသည်က နှိမ့်ချနေသော်လည်း စိတ်ထဲတွင်မူ အလွန် ဂုဏ်ယူဝင့်ကြွားနေဆဲပင်။

ယွီချီကျားအတွက် အဘိုးမိုနှင့် မိုရှောက်ယောင်တို့၏ ချီးမွမ်းမှုသည် သူ၏အဆင့်အတန်းကို အသိအမှတ်ပြုခြင်း၏ အထူး သက်သေပြချက်တစ်ခု ဖြစ်ချေသည်။

မိုရှောက်ယောင်ကို ဤမျှ နှစ်ပေါင်းများစွာ လိုက်ခွင့်ပန်ခဲ့ပြီးနောက် နောက်ဆုံးတွင် တုံ့ပြန်မှုကို သူ ရရှိခဲ့ချေပြီ။

“အစ်ကိုယွီချီ..”

ယွီချီကျား စိတ်ကျေနပ်မှု ရရှိနေစဉ်မှာပင် မိုရှောက်ယောင်က ချိုသာစွာ ထပ်မံခေါ်ဆိုလိုက်သည်။

“ကျွန်မ အစ်ကို့ကို အကူအညီတစ်ခု တောင်းချင်လို့ပါ၊ ဒါက အစ်ကိုယွီချီအတွက်တော့ ကိစ္စသေးသေးလေးပဲ ဖြစ်မယ်၊ ဒါပေမဲ့ အစ်ကို သဘောတူပါ့မလားတော့ ကျွန်မ မသိဘူး”

မိုရှောက်ယောင်၏ အပြုံးက ချိုသာလှပြီး သူမ၏ လေသံမှာလည်း ပို၍ပင် ချိုမြိန်နေချေသည်။

ယွီချီကျား၏ နှလုံးသားမှာ လှုပ်ခတ်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။

“ယောင်ယောင်... မင်း ဘာပဲပြောပြော ငါ သဘောတူပါတယ်၊ မင်းအတွက်ဆိုရင် မီးပင်လယ်၊ ရေပင်လယ်ထဲ ဆင်းရမယ်ဆိုရင်တောင် ငါ လုပ်ပေးမယ်”

သူသည်က မိုရှောက်ယောင်၏ တောင်းဆိုမှုများကို မည်သည့်အခါမျှ ငြင်းဆန်ခြင်း မရှိခဲ့ပေ။

“အစ်ကိုယွီချီက အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို ရွေးချယ်ဖို့ တာဝန်ယူထားတာဆိုတော့ ယောင်ပင်းကိုလည်း ဒီရွေးချယ်ပွဲ ပြိုင်ပွဲမှာ ပါဝင်ခွင့် ပေးလို့ရမလား”

မိုရှောက်ယောင်က ယွီချီကျားကို ချိုသာစွာ ပြုံးပြလိုက်သည်။

“ဒါက အစ်ကိုယွီချီအတွက် မခက်ခဲပါဘူး၊ ဟုတ်တယ်မလား”

ယွီချီကျား၏ အပြုံးက ချက်ချင်းပင် ခဲအပ်သွားရချေသည်။

အဘိုးမိုနှင့် မိုရှောက်ယောင်တို့က သူ့ကို ထမင်းဖိတ်ကျွေးခြင်းမှာ ဤကိစ္စတစ်ခုတည်းအတွက်သာ ဖြစ်နေခဲ့သည်လား။

*

All Chapters