အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း(155)
“ဒါက...”
“ဘာဖြစ်လို့လဲ... အစ်ကိုယွီချီအတွက် အခက်အခဲ ရှိလို့လား၊ အကယ်လို့ အစ်ကိုယွီချီအတွက် ခက်ခဲတယ်ဆိုရင် ကျွန်မ ပြောတာကို မကြားချင်ယောင်ပဲ ဆောင်လိုက်ပါတော့”
“မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ပါဘူး...”
မိုရှောက်ယောင်၏ မျက်နှာပေါ်မှ စိတ်ပျက်သွားသော အမူအရာကို မြင်သောအခါ ယွီချီကျားက ပျာပျာသလဲ ငြင်းဆိုလိုက်သည်။
“ဒါပေမဲ့... ယောင်ပင်းက ပါဝင်ဖို့ ဆန္ဒမရှိဘူး...”
အဘိုးမိုက မိုရှောက်ယောင်ကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
“ယောင်ယောင်... ရှောင်ကျားအတွက် ခက်ခဲနေမှတော့ မင်းလည်း ထပ်ပြီး မပြောပါနဲ့တော့၊ စစ်တပ်ထဲက ကိစ္စတွေက မင်းထင်သလို ရိုးရှင်းတာ မဟုတ်ဘူး”
“မခက်ခဲပါဘူး... လုံးဝ မခက်ခဲပါဘူး”
အဘိုးမိုကလည်း စိတ်ပျက်သွားသော အမူအရာ ပြသလာသည်ကို မြင်သောအခါ ယွီချီကျားက ချက်ချင်းပင် သဘောတူလိုက်သည်။
“အဘိုးမို... ယောင်ယောင်... စိတ်မပူပါနဲ့၊ ကျွန်တော် ယောင်ပင်းကို ဒီအထူးစစ်ဆင်ရေးအဖွဲ့ထဲ ပါဝင်လာအောင် သေချာပေါက် လုပ်ပေးပါ့မယ်”
သူ့အနေဖြင့် အဘိုးမိုနှင့် မြေးမဖြစ်သူတို့ ဆင်ထားသော ထောင်ချောက်ထဲသို့ သက်ဆင်းသွားရသည်ကို သူ သိနေသော်လည်း ယွီချီကျားတစ်ယောက် မသိချင်ယောင်ဆောင်ရန်သာ တတ်နိုင်ချေသည်။
ထို့အပြင် သူ့ထံတွင် သဘောတူရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။
အဘိုးမိုနှင့် မိုရှောက်ယောင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြချေသည်။
မိုရှောက်ယောင်က ယွီချီကျားအား ချိုသာစွာ ကျေးဇူးတင်စကား ဆိုလေသည်။
“အစ်ကိုယွီချီ... ကျေးဇူးတင်ပါတယ်၊ ကျွန်မအပေါ်မှာ အစ်ကိုက အကောင်းဆုံးဆိုတာ ကျွန်မ သိပြီးသားပဲ”
ယွီချီကျားက ပြုံးနေသော်လည်း သူ၏အပြုံးမှာတော့ အလွန်အမင်း အိုးတိုးအမ်းတမ်း ဖြစ်နေချေသည်။
သူသည် ယခုလေးတင် ယောင်ပင်းနှင့် စကားများပြီး လမ်းခွဲခဲ့ခြင်း ဖြစ်ပြီး ယောင်ပင်းကလည်း အထူးစစ်ဆင်ရေးအဖွဲ့ထဲသို့ မဝင်ဟု လူအများရှေ့တွင် ပြောခဲ့ချေပြီ။
ယောင်ပင်း သဘောတူလာအောင် သူ မည်သို့လုပ်ရမည်နည်း။
သူကိုယ်တိုင် ယောင်ပင်းထံသို့ သွားရောက်ကာ တောင်းပန်ရမည်လား။
ပင်းဟိုင် အထက်တန်းကျောင်း။
ပထမနှစ် အတန်း(6)တွင် :
တုမင်ယွမ်သည် ယောင်ပင်းကို နောက်ထပ်တစ်ကြိမ် လာရောက်ခေါ်ဆိုပြန်သည်။
“ယောင်ပင်း... ယွီချီက အပြင်မှာ မင်းကို စောင့်နေတယ်၊ မင်းကို ပြောစရာ ရှိလို့တဲ့၊ ခဏလောက် အပြင်ထွက်ပေးပါဦး”
ဤအကြိမ်တွင် တုမင်ယွမ်၏ သဘောထားမှာ ယခင်အကြိမ်ထက် အများကြီး ပို၍ ယဉ်ကျေးပျော့ပျောင်းနေချေသည်။
အဘယ်ကြောင့်ဆိုသော် ယွီချီကျားသည်ပင် ယောင်ပင်းကို လာရောက်တောင်းပန် တိုးလျှိုးနေရခြင်းဖြစ်ကြောင်းကို သူ သိနေခဲ့လေ၏။
တုမင်ယွမ်အနေဖြင့် ယွီချီကျားက အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားပြီး ယောင်ပင်းအား အထူးစစ်ဆင်ရေးအဖွဲ့ထဲသို့ မရမက ပါဝင်ရန် ဖိတ်ခေါ်နေရသည်ကို မသိပါချေ။ သို့သော်လည်း ယွီချီကျားသည်က သူ၏ သူငယ်ချင်းဖြစ်သဖြင့် သူ ကူညီပေးရမည် ဖြစ်ချေသည်။
“ငါ ဝေါဟာရ စာလုံးတွေ ကျက်နေတာ... အပြင်ထွက်ဖို့ အချိန်မရှိဘူး”
ယောင်ပင်းက ခေါင်းကိုပင် မော့မကြည့်ဘဲ တုမင်ယွမ်ထံသို့ စကားတစ်ခွန်းကို အေးစက်စွာ ပစ်လွှတ်လိုက်သည်။
“ယွီချီကျားကို ပြောလိုက်.. တကယ်လို့ သူ ငါ့ကို ပြဿနာ လာရှာတာဆိုရင် အခုပဲ ထွက်သွားခိုင်းလိုက်တော့ ငါ အလုပ်ရှုပ်နေတယ်၊ အဲဒီ သခင်လေးကို ဧည့်ခံနေဖို့ အချိန်မရှိဘူး”
ယောင်ပင်းက ဤစကားကို အနည်းငယ် စိတ်ပျက်သော လေသံဖြင့် ပြောလိုက်ခြင်းပင်။
သူ့အနေဖြင့် ယွီချီကျားကို ရှောင်ဖယ်နေခဲ့ပြီးဖြစ်သော်လည်း ထိုသခင်လေးက အဘယ်ကြောင့် လက်မလျှော့နိုင် ဖြစ်နေရသနည်း။
လွန်ခဲ့သော ရက်ပိုင်းက ကိစ္စများစွာ ဖြစ်ပွားခဲ့သောကြောင့် သူ ယွီချီကျားနှင့် ပတ်သက်နေရန် စိတ်မပါခဲ့ပေ။
“ယောင်ပင်း...”
တုမင်ယွမ်သည်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏လေသံကို ရည်ရွယ်ချက်ရှိရှိ နှိမ့်လိုက်သည်။
“ယွီချီက မင်းကို ပြဿနာလာရှာတာ မဟုတ်ဘူး၊ သူက မင်းကို အထူးစစ်ဆင်ရေးအဖွဲ့ထဲ ပါဝင်ဖို့ လာဖိတ်ခေါ်တာ”
သူသည်က ဤစကားကို အလွန်အမင်း ဝန်လေးစွာဖြင့် ပြောလိုက်ခြင်း ဖြစ်ချေသည်။
သူ၏ အမြင်တွင်တော့ မြင့်မြတ်လှသော ယွီချီကျားက ယောင်ပင်းကဲ့သို့သော ဆင်းရဲသားတစ်ယောက်ကို တိုးလျှိုးတောင်းပန်နေရသည်က အဓိပ္ပါယ်မရှိပေ။
ယောင်ပင်းက နောက်ဆုံးတွင် ခေါင်းမော့လာပြီး အေးစက်စွာ မေးလိုက်သည်။
“ယွီချီကျားက ငါ့ကို အထူးစစ်ဆင်ရေးအဖွဲ့ထဲမှာပါဝင်ဖို့ ဖိတ်ခေါ်တယ် ဟုတ်လား”
သူ၏ လေသံက မကျယ်သော်လည်း ပတ်ဝန်းကျင်ရှိ လူတိုင်း ကြားနိုင်ရန် လုံလောက်သည်။
အကြည့်အားလုံးက ယောင်ပင်းနှင့် တုမင်ယွမ်ထံသို့ လှည့်လည် ရောက်ရှိသွားကြလေ၏။
ယောင်ပင်း၏ လေသံသည်က အလွန်မကျယ်သကဲ့သို့ အလွန်လည်း မတိုးလှပေ။ သို့သော် ပတ်ဝန်းကျင်ရှိ ကျောင်းသားများအားလုံး ကြားနိုင်ပေ၏။
သူ စကားပြောလိုက်သည်နှင့် တပြိုင်နက် အကြည့်အားလုံးက သူနှင့် တုမင်ယွမ်ထံသို့ လှည့်လည် ရောက်ရှိသွားကြချေသည်။
တုမင်ယွမ်၏ မျက်နှာက ချက်ချင်းပင် ပျက်သွားရ၏။
သူ လေသံကို နှိမ့်လိုက်ပြီး ပြောလိုက်သည်
“ယောင်ပင်း... ဒါက တစ်သက်မှာ တစ်ခါပဲရမယ့် အခွင့်အရေးမျိုးပဲ၊ မင်း ဒါကို လက်လွှတ်လိုက်ရင် နောက်ဘယ်တော့မှ ဒီလို အခွင့်အရေးမျိုး ထပ်ရမှာ မဟုတ်ဘူး… ယွီချီက အပြင်မှာ မင်းကို စောင့်နေတယ်၊ သွားပြီး တွေ့လိုက်ဦး”
သူ့ဘက်မှ ယောင်ပင်းကို တောင်းပန်နေသည်ကို အတန်းဖော်များ မြင်သွားမည်ကို သူ မလိုလားပေ။
ထို့ကြောင့် တုမင်ယွမ်က ယောင်ပင်းအား အပြင်သို့ထွက်၍ ယွီချီကျားကို တွေ့ရန် ချက်ချင်းပင် တိုက်တွန်းလေသည်။
“ယွီချီကျားက ငါ့ကို စောင့်နေတယ်လို့ မင်း ပြောတာလား”
ယောင်ပင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်”
တုမင်ယွမ်သည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးမှ လျင်မြန်စွာ ထပ်မံတိုက်တွန်းလိုက်သည်။
“မြန်မြန် ထွက်သွားလိုက်၊ သူက အရမ်းအလုပ်ရှုပ်နေတာ”
“အတန်းခေါင်းဆောင်... ငါလည်း အလုပ်ရှုပ်နေတာပဲလေ”
ယောင်ပင်းက တုမင်ယွမ်ကို ကြည့်ကာ မသိမသာ ပြုံးလိုက်သည်။
“မင်းပြောတဲ့အချက်ကို ငါ စဉ်းစားလိုက်ပါဦးမယ်”
ထိုသို့ ပြောပြီးနောက် သူသည်က ခေါင်းကို ပြန်လည်ငုံ့လိုက်ပြီး ဝေါဟာရ စာလုံးများကို အလေးအနက် ဆက်လက်ကျက်မှတ်နေချေသည်။ အပြင်တွင် စောင့်ဆိုင်းနေသော ယွီချီကျားကိုတော့ လုံးဝ လျစ်လျူရှုထားချေပြီ။
တုမင်ယွမ်သည် ကြောင်အမ်းသွားရပြီး သူ၏စိတ်ထဲတွင် ဒေါသလှိုင်းတစ်ခု ထိုးတက်လာရသည်။ ယောင်ပင်းသည်က ယွီချီကျားကို ရည်ရွယ်ချက်ရှိရှိဖြင့် တမင်သက်သက် စောင့်ခိုင်းနေခြင်း ဖြစ်လေ၏။
“ယောင်ပင်း... အခုက ဘယ်လိုအချိန် ရောက်နေပြီလဲ မင်းက ဗဟုသုတ စာလုံးတွေ ကျက်ဖို့ စိတ်ကူးရှိနေသေးတယ်ပေါ့ ဟုတ်လား”
“အတန်းခေါင်းဆောင်ပဲ ငါ့ကို သေသေချာချာ စဉ်းစားဦးဆို၊ ဘာလဲ... အတန်းခေါင်းဆောင်မှာ အခြားမေးစရာ မေးခွန်းတွေ ရှိသေးလို့လား”
ယောင်ပင်းက တည်ငြိမ်စွာ ပြန်လည်ဖြေလိုက်သည်။
တုမင်ယွမ်မှာ စကားမဲ့သွားရပြီး သည်းခြေပျက်လုမတတ် ဖြစ်သွားရချေသည်။
သို့သော်လည်း သူလည်း မတတ်နိုင်ပေ။
ယောင်ပင်းပြောသည်မှာ မှန်ပေသည်။ သူကိုယ်တိုင်ပင် ယောင်ပင်းအား သေသေချာချာ စဉ်းစားရန် ပြောခဲ့မိသည် မဟုတ်ပါလား။
“ယွီချီက အပြင်မှာ မင်းကို စောင့်နေတယ်နော်”
တုမင်ယွမ်သည် သက်ပြင်းချလိုက်ပြီး ယောင်ပင်းကိုသာ သတိပေးရုံသာတတ်နိုင်တော့သည်။
“မင်း ဆုံးဖြတ်ချက်ချပြီးရင် အပြင်ထွက်ပြီး ယွီချီကို ပြောလိုက်၊ သူ့ကို အကြာကြီး အစောင့်မခိုင်းပါနဲ့”
ယောင်ပင်းက အလေးအနက်ပင် ထပ်မံခေါင်းညိတ်ပြသည်။
“ကောင်းပြီလေ”
သူက အလွယ်တကူပင် သဘောတူလိုက်သော်လည်း ထိုင်နေရာမှ ထ၍ ထွက်ခွာမည့် အမူအရာမျိုးမူ လုံးဝ မပြသချေ။
တုမင်ယွမ်လည်း လှည့်ထွက်သွားရန်သာ တတ်နိုင်တော့သည်။
ယွီချီကျားအတွက်တော့ အပြင်ဘက်တွင်သာ ဆက်လက်စောင့်ဆိုင်းနေစေရန် ချန်ထားခဲ့ရချေပြီ။
အတန်းတစ်ချိန်စာ ကုန်လွန်သွားပြီးနောက်...
တုမင်ယွမ်က ယောင်ပင်းထံသို့ ထပ်မံလာရောက်ကာ တိုက်တွန်းပြန်သည်။
“ယောင်ပင်း... မင်းရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုလဲ၊ ယွီချီက အပြင်မှာ အတန်းတစ်ချိန်လုံး စောင့်နေခဲ့တာ”
ယောင်ပင်းက သူ့ကို ကြည့်ပြီး ပြုံးလိုက်သည်။
“ဒါက ကိစ္စကြီးပဲလေ၊ ငါ သေသေချာချာ စဉ်းစားဖို့ လိုသေးတယ်၊ ငါ့ကို လာပြီး မလောပါနဲ့ဦး”
နံနက်ခင်းတစ်ခုလုံး ကုန်လွန်သွားခဲ့ချေပြီ။
တုမင်ယွမ်သည်က ယောင်ပင်းထံသို့ နောက်ထပ်တစ်ကြိမ် ရောက်ရှိလာပြန်သည်။
သူ၏မျက်နှာက ညှိုးမှိန်နေပြီး မအောင့်အီးနိုင်သော ဒေါသများဖြင့် ပြည့်နှက်နေချေသည်။
“ယောင်ပင်း၊ မင်း ဆုံးဖြတ်ချက် ချပြီးပြီလား၊ ယွီချီက အပြင်မှာ မင်းကို တစ်မနက်ခင်းလုံး စောင့်နေခဲ့တာ၊ မင်းသာ ရွေးချယ်ခံရရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲတောင် ဖြေဖို့ မလိုတော့ဘူး? ဒီလောက် ရိုးရှင်းတဲ့ အကျိုးအကြောင်းကို မင်း နားမလည်နိုင်ရအောင် ဖြစ်နေတာလား”
“သခင်လေးယွီချီက ငါ့ကို တစ်မနက်ခင်းလုံး စောင့်နေတယ်ဟုတ်လား”
ယောင်ပင်းသည် စာသင်ခန်း အပြင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး အံ့သြသွားသော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ တကယ်ပဲ အားနာပါတယ်”
တုမင်ယွမ်၏ အမူအရာက အနည်းငယ် ပျော့ပြောင်းသွားသည်။
“မင်း သိတယ်ဆိုရင်လည်း သွားပြီးတော့ ယွီချီကို မင်း ဒီရွေးချယ်ပွဲ ပြိုင်ပွဲမှာ ပါဝင်မယ်လို့ သွားပြောလိုက်”
ယောင်ပင်းသည် ဤအခွင့်အရေးကို လက်လွှတ်မခံရဲလောက်ဟု သူ ယုံကြည်သည်။
ယနေ့နံနက်ခင်းတွင် ယောင်ပင်း ပြုမူနေသည်မှာ ယွီချီကျားကို ဒုက္ခပေးရန် ဟန်ဆောင်နေခြင်းသာ ဖြစ်ရပေမည်။
ဤသို့ တွေးမိသောအခါ တုမင်ယွမ်က ယောင်ပင်းကို ပို၍ပင် မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်ချေသည်။
မမျှော်လင့်ဘဲ သူ စကားပြောပြီးသည်နှင့် တပြိုင်နက် ယောင်ပင်းသည် ထိုင်နေရာမှ ထလိုက်ပြီး သူ၏ထမင်းဗူးကို ကောက်ကိုင်ကာ တုမင်ယွမ်ကို အေးစက်စွာ ပြောလိုက်သည်။
“အတန်းခေါင်းဆောင်... ငါ နေ့လယ်စာ သွားစားတော့မယ်”
“ယောင်ပင်း... ယွီချီက အပြင်မှာ မင်းကို စောင့်နေတုန်းပဲလေ”
တုမင်ယွမ်တစ်ယောက် ဒေါသပေါက်ကွဲမသွားစေရန် အစွမ်းကုန် အောင့်အီးထိန်းချုပ်ထားရသည်။
“သူ စောင့်ချင်ရင်လည်း စောင့်ပါစေပေါ့”
“ယောင်ပင်း... မင်း လွန်လွန်းနေပြီ...”
ယောင်ပင်းသည် ပျင်းရိပျင်းတွဲ အမူအရာဖြင့် စာသင်ခန်းထဲမှ ထွက်ခွာသွားသဖြင့် တုမင်ယွမ်မှာ အလွန်အမင်း ဒေါသထွက်ကျန်ရစ်ခဲ့ရသည်။
ယောင်ပင်းက ယွီချီကျားကို ဤမျှအကြာကြီး စောင့်ဆိုင်းစေဝံ့သော ပထမဆုံးလူ ဖြစ်ပေသည်။
အကယ်၍ သူသာ ယောင်ပင်းကို သတိမထားမိပါက လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ခဲ့ပြီးပြီပင်။
စာသင်ခန်း အပြင်ဘက်တွင် ဖြစ်၏။
ယွီချီကျားသည် မတ်တတ်ရပ်နေရလွန်းသဖြင့် ခြေထောက်များပင် ထုံကျဥ်နေခဲ့ပြီဖြစ်ပြီး စိတ်မရှည် ဖြစ်နေချေပြီ။
သို့သော်လည်း ယောင်ပင်းက သူ့ကို ထွက်မတွေ့သဖြင့် ဆက်လက်စောင့်ဆိုင်းနေရန်သာ တတ်နိုင်ခဲ့သည်။
ယောင်ပင်း စာသင်ခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ ယွီချီကျားက ချက်ချင်း ချဉ်းကပ်လာပြီး ခင်မင်ရင်းနှီးသော အမူအရာမျိုးဖြင့် ပြုံး၍ ပြောလိုက်သည်။
“ယောင်ပင်း... ငါ မင်းကို တွေ့ဖို့ လာခဲ့တာပါ၊ မင်း အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ ရွေးချယ်ပွဲ ပြိုင်ပွဲမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်... ဟေး... မင်း ဘယ်သွားမလို့လဲ”
ယောင်ပင်းသည် သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အရှေ့တည့်တည့်သို့သာ ထွက်ခွာသွားလေ၏။
*