အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း(156)
ယောင်ပင်း ဝင့်ကြွားစွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ယွီချီကျားတစ်ယောက် ထိုနေရာတွင်ပင် ကြောင်အမ်းကာ ကျန်ရစ်ခဲ့ချေသည်။
သူ၏မျက်လုံးများထဲတွင် ဒေါသမီးများ ပြင်းထန်စွာ တောက်လောင်နေခဲ့သည်။
မာနကြီးလွန်းသည်။
တကယ့်ကို မာနကြီးလွန်းပေသည်။
ဤယောင်ပင်းက အလွန်အမင်း မာနထောင်လွှားလွန်းလွန်းသည်။
သူ ယွီချီကျားမှာ လေးစားသင့်သော သခင်လေးယွီချီဖြစ်ရုံတင်မကဘဲ ဗိုလ်မှူးတစ်ဦးလည်း ဖြစ်နေသော်လည်း အတန်း(6)၏ စာသင်ခန်းအပြင်ဘက်တွင် နံနက်ခင်းတစ်ခုလုံး စောင့်ဆိုင်းခဲ့ရသည်။ ထိုစောင့်ဆိုင်းမှုကိုပင် ယောင်ပင်းက လျစ်လျူရှုပြီး ထမင်းစားရန် ထွက်ခွာသွားခဲ့သည်လား။
ယောင်ပင်း၏ သဘောထားသည် ယွီချီကျား၏ မျှော်လင့်ချက်ကို အများကြီး ကျော်လွန်နေချေသည်။
အကယ်၍ ယောင်ပင်းသာ သဘောမတူပါက သူ အဘိုးမိုနှင့် မိုရှောက်ယောင်တို့ကို မည်ကဲ့သို့ ရှင်းပြရမည်နည်း။
သူ့အနေဖြင့် ဤမျှ ရိုးရှင်းသော ကိစ္စတစ်ခုကိုပင် မကိုင်တွယ်နိုင်ပါက မိုရှောက်ယောင်က သူ့အပေါ် မည်သို့ ထင်မြင်သွားမည်နည်း။
အထပ်ထပ် စဉ်းစားပြီးနောက် ယွီချီကျားတစ်ယောက် သူ၏ဒေါသကို အောင့်အီးကာ ပင်းဟိုင် အဆင့် (၁) အထက်တန်းကျောင်း၏ ထမင်းစားဆောင်ထဲသို့ ယောင်ပင်း၏နောက်မှ လိုက်ပါသွားရန်သာ တတ်နိုင်တော့သည်။
ထမင်းစားဆောင် အတွင်း၌:
ယောင်ပင်းက ဟင်း သွားဝယ်သောအခါ ယွီချီကျားက နောက်မှ ကပ်လျက် လိုက်ပါသွားသည်။
ယောင်ပင်းက စွပ်ပြုတ် သွားခတ်သောအခါလည်း ယွီချီကျားက နောက်မှ ကပ်လျက် လိုက်ပါသွားပြန်သည်။
ထို့နောက် သူက ယောင်ပင်း၏ မျက်နှာချင်းဆိုင်တွင် ရည်ရွယ်ချက်ရှိရှိ ထိုင်လိုက်ပြီး မျက်နှာချိုသွေးကာ ပြုံး၍ ပြောလိုက်သည်။
“ယောင်ပင်း... ပြီးခဲ့တဲ့အကြိမ်က ငါ မှားသွားပါတယ်၊ ငါတို့ တွေ့တွေ့ချင်း မင်းကို လက်ပါမိတာက မလုပ်သင့်တဲ့အရာပဲ၊ ဒီလိုလုပ်ရင် ဘယ်လိုလဲ... ငါ မင်းကို တောင်းပန်မယ်၊ မင်းက အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ ရွေးချယ်ပွဲ ပြိုင်ပွဲမှာ ပါဝင်ပေးပါ၊ ဟုတ်ပြီလား”
ယွီချီကျားကဲ့သို့သော သခင်လေးတစ်ဦးအနေဖြင့် သူ၏အမှားကို ဝန်ခံခြင်းသည် ယောင်ပင်းအတွက် အလွန် ကြီးမားသော မျက်နှာသာပေးမှု ဖြစ်နေချေပြီ။
ဤသဘောထားသည်က ယွီချီကျားအတွက်တော့ ဒူးထောက်တောင်းပန်နေရခြင်းနှင့် အတူတူပင်။
“မင်းက ငါ့ကို တောင်းပန်တယ် ဟုတ်လား”
ယောင်ပင်းသည် နောက်ဆုံးတွင် ခေါင်းမော့၍ ယွီချီကျားကို ကြည့်လိုက်သည်။
“ကောင်းပြီလေ... အခု စားပွဲပေါ်မှာ မတ်တတ်ရပ်ပြီး ထမင်းစားဆောင်ထဲက ကျောင်းသားအားလုံးရဲ့ ရှေ့မှောက်မှာ ငါ့ကို တောင်းပန်လိုက်၊ ဒါဆိုရင် မင်းရဲ့စစ်ဆင်ရေးအဖွဲ့ ရွေးချယ်ပွဲမှာ ပါဝင်ဖို့ ငါ သဘောတူမယ်၊ ဟုတ်ပြီလား”
ယွီချီကျား၏ အပြုံးက ချက်ချင်း ခဲအပ်သွားရလေသည်။
ယောင်ပင်းသည် သူ့ကို ထမင်းစားဆောင်ရှိ လူတိုင်း၏ရှေ့မှောက်တွင် တောင်းပန်စေချင်နေခဲ့သည်။
ကျောင်းဆင်းချိန်၊ နေ့လယ်စာစားချိန် ဖြစ်သဖြင့် ထမင်းစားဆောင်အတွင်း သွားလာနေကြသော ကျောင်းသားအရေအတွက်မှာ အနည်းဆုံး ထောင်ဂဏန်းခန့် ရှိနေသည်။
သူ့ကဲ့သို့ သခင်လေးတစ်ဦးအနေဖြင့် ယောင်ပင်းကဲ့သို့သော ဆင်းရဲသားကောင်လေးတစ်ယောက်ကို တောင်းပန်ရခြင်းမှာ လူသိရှင်ကြား ပါးရိုက်ခံရခြင်းနှင့် အတူတူသာ ဖြစ်၏။
“တကယ်လို့ သခင်လေးယွီချီက ဆန္ဒမရှိဘူးဆိုရင်လည်း ထားလိုက်ပါတော့”
ယောင်ပင်းသည် ထိုင်နေရာမှ ထ၍ ထွက်ခွာရန် ပြင်လိုက်သည်။
“ကောင်းပြီ... ငါ တောင်းပန်မယ်”
ယောင်ပင်း ထွက်ခွာတော့မည်ကို မြင်သောအခါ ယွီချီကျားက စိတ်ကို တင်းလိုက်ပြီး ရုတ်တရက် ထရပ်ကာ ယောင်ပင်း၏ လမ်းကို ပိတ်ဆို့လိုက်ချေသည်။
ထို့နောက် ယွီချီကျားသည် သွားကို ကြိတ်ကာ ထမင်းစားပွဲပေါ်သို့ တက်၍ အော်ဟစ်လိုက်သည်။
“ငါ ယွီချီကျား... ကျောင်းသား ယောင်ပင်းကို တောင်းပန်ပါတယ်”
ဝိုး..
ယွီချီကျား၏ စကားသံသည်က ဘေးပတ်ဝန်းကျင်တွင် ထမင်းစားနေကြသော ကျောင်းသားများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေပြီး သူတို့အားလုံးက အခြေအနေကို ကြည့်ရှုရန် စုပြုံရောက်ရှိလာကြချေသည်။
ကျောင်းသားအချို့သည် ယွီချီကျားကို လျင်မြန်စွာ မှတ်မိသွားကြပြီး အံ့သြစွာဖြင့် အော်ဟစ်ကြလေသည်။
“အဲဒါ သခင်လေးယွီချီ မဟုတ်ဘူးလား၊ အရွယ်ငယ်ငယ်လေးနဲ့ ဗိုလ်မှူးဖြစ်သွားတဲ့သူလေ၊သူ ထမင်းစားပွဲပေါ်မှာ ဘာတက်လုပ်နေတာလဲ”
“သူပြောတဲ့စကားကို နင်မကြားဘူးလား၊ သူက ယောင်ပင်းကို တောင်းပန်နေတာ၊ ကျစ် ကျစ်.. သခင်လေးယွီချီက ယောင်ပင်းကို တကယ်ကြီး တောင်းပန်နေရတယ်ပေါ့”
…
ခဏအတွင်းပင် ထမင်းစားဆောင်တစ်ခုလုံးတွင် အမျိုးမျိုးသော တိုးတိုးတိတ်တိတ် ပြောဆိုသံများဖြင့် ပြည့်နှက်သွားရချေသည်။
ယွီချီကျား၏ မျက်နှာသည်လည်း အရှက်ရမှုကြောင့် နီမြန်းသွားရပေသည်။
သူသည်က အထက်တန်းလွှာအသိုင်းအဝိုင်း၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး ကြယ်ပွင့်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေ၏။ သူက မည်သည့်အခါကမှ အခြားသူကို လူသိရှင်ကြားမတောင်းပန်ဖူးပါချေ။
အထူးသဖြင့် ဤကဲ့သို့မျောက်တစ်ကောင်ကဲ့သို့ ဝိုင်းအုံကြည့်ရှုခြင်းနှင့် အတင်းပြောခြင်းကို မခံရဖူးပါချေ။
တောင်းပန်ပြီးနောက် ယွီချီကျားက စားပွဲပေါ်မှ ဆင်းရန် ပြင်လိုက်စဉ် ယောင်ပင်းက ဂရုမစိုက်သော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။
“သခင်လေးယွီချီ... မင်းရဲ့ တောင်းပန်မှုက စိတ်ရင်းမပါဘူး၊ ငါ အဲဒါကို လက်မခံနိုင်ဘူး”
“မင်း...”
ယွီချီကျားသည် သွေးအန်လုမတတ် ဒေါသထွက်သွားရချေသည်။ သူသည် ပေါက်ကွဲလုမတတ် ဖြစ်သွားသော်လည်း အတင်းအကျပ် ပြန်လည်အောင့်အီးကာ နောက်ထပ်တစ်ကြိမ် ထပ်မံတောင်းပန်ရပြန်သည်။
“ငါက ယွီချီကျားပါ၊ အရင်က ကျောင်းသား ယောင်ပင်းအပေါ် စကားအသုံးအနှုန်း ရိုင်းစိုင်းမိခဲ့ပြီး လက်ပါမိခဲ့ပါတယ်၊ ငါကျောင်းသား ယောင်ပင်းကို စိတ်ရင်းအမှန်နဲ့ ထပ်မံ တောင်းပန်ပါတယ်”
“စိတ်ရင်းမပါသေးဘူး”
“ငါက ယွီချီကျား...”
“ပိုပြီး စိတ်ရင်းပါပါ လုပ်စမ်းပါ။”
“ကျောင်းသား ယောင်ပင်း... ငါ တောင်းပန်ပါတယ်”
…
လူတိုင်း၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ယွီချီကျားတစ်ယောက် ယောင်ပင်းအား အကြိမ်ရေ အပြည့် နှစ်ဆယ်ခန့် တောင်းပန်ခဲ့ရချေသည်။
ထို့အပြင် အကြိမ်တိုင်းတွင် စကားလုံးများ ထပ်တူမကျစေရန်လည်း ပြုလုပ်ခဲ့ရချေသည်။
ယွီချီကျား အကြိမ်နှစ်ဆယ် တောင်းပန်ပြီးနောက်တွင်မှ ယောင်ပင်းသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“သခင်လေးယွီချီရဲ့ တောင်းပန်မှုက ဒီလောက် စိတ်ရင်းပါနေမှတော့... အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ ရွေးချယ်ပွဲ ပြိုင်ပွဲမှာ ပါဝင်ဖို့ ငါ သဘောတူပါ့မယ်၊ အခု ငါ ထမင်းစားလို့ ပြီးပြီ၊ သခင်လေး... အေးဆေး ဆက်စားပါဦး”
ထိုသို့ ပြောပြီးနောက် ယောင်ပင်းသည် လှည့်မကြည့်ဘဲ ထမင်းစားဆောင်ထဲမှ ထွက်ခွာသွားချေသည်။ ထိုနေရာတွင် ဒေါသထွက်ကာ ကျန်ရစ်ခဲ့သော ယွီချီကျားနှင့် အခြေအနေကို ဝိုင်းအုံကြည့်ရှုနေကြသော ကျောင်းသားအုပ်စုကြီးသာ ကျန်ရစ်ခဲ့ချေသည်။
ထမင်းစားဆောင်အတွင်း ဆူညံစွာ ကြည့်ရှုနေကြသော ကျောင်းသားများသည် အားလုံး မှင်တက်သွားကြရချေသည်။
“ဒီအထူးစစ်ဆင်ရေးအဖွဲ့က အဆင့်မြင့်တဲ့အဖွဲ့ မဟုတ်ဘူးလား၊ အဆက်အသွယ်တွေ ရှိရင်တောင် ဝင်ဖို့ မလွယ်ဘူးလို့ ပြောကြတာလေ၊ ဒါပေမဲ့ ယောင်ပင်း ပါဝင်လာဖို့အတွက် သခင်လေးယွီချီကိုယ်တိုင် လာပြီး တောင်းပန်နေရတယ်”
“ဟုတ်တယ်၊ ပင်းဟိုင်မြို့ကနေ လူ ဆယ့်နှစ်ယောက်ပဲ ရွေးချယ်မယ်လို့ ပြောကြတာ၊ အကယ်လို့ ရွေးချယ်ခံရရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဖို့ မလိုဘဲ စစ်တက္ကသိုလ် တိုက်ရိုက်တက်ခွင့်ရမယ့်အပြင် ရာထူးပါ ရဦးမှာလေ
ပင်းဟိုင်မြို့မှာ ရှိတဲ့ အထက်တန်းကျောင်းသားတွေ အများကြီးထဲက လူတိုင်းက ဝင်ခွင့်ရဖို့ အလုအယက် ကြိုးစားနေကြတာကို ဘယ်သူကများ လာပြီး တိုးလျှိုးတောင်းပန်နေရမှာလဲ”
“ပြီးတော့ ယောင်ပင်း ပါဝင်ဖို့အတွက် လာတောင်းပန်နေရတဲ့သူက ဗိုလ်မှူး ယွီချီကျား ဖြစ်နေတာ.. ဒါကတကယ်ကို မယုံနိုင်စရာပဲ…”
ကျောင်းသားများက ဆူညံစွာ ဆွေးနွေးနေကြပြီး ယောင်ပင်း၏ နောက်ခံအကြောင်းကိုပင် အမျိုးမျိုး ခန့်မှန်းနေကြသည်။ ကျော်ကြားလွန်းသော သခင်လေးယွီချီအား သူ့ကို ပါဝင်ပေးရန် လာရောက်တိုးလျှိုးစေသည့် အကြောင်းရင်းက မည်သည့်အရာ ဖြစ်သည်ကို သူတို့ သိချင်နေကြသည်။
ယွီချီကျား၏ ချောမောသော မျက်နှာသည် ဒေါသကြောင့် အနည်းငယ် ပုံပျက်သွားရပြီး သူ၏မျက်လုံးများထဲတွင်တော့ ယောင်ပင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ရက်စက်သော အငြိုးအတေးများဖြင့် ပြည့်နှက်နေခဲ့သည်။
ယောင်ပင်းသည် သူ့ကို လူသိရှင်ကြား အရှက်ခွဲဝံ့သော ပထမဆုံးလူ ဖြစ်ပေသည်။
သူသည်က ယောင်ပင်းအား ဤအရာအတွက် အဆပေါင်း ရာချီ၍ ပြန်လည်ပေးဆပ်စေရမည်ပင်။
“ယွီချီ... မြန်မြန် ဆင်းခဲ့ပါဦး၊ အဲဒီကလေး ထွက်သွားပြီ”
ယွီချီကျား စားပွဲပေါ်တွင် မတ်တတ်ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ နောက်မှ လိုက်ပါလာသော တုမင်ယွမ်က သူ့ကို ဆင်းလာရန် ချက်ချင်း အချက်ပြလိုက်သည်။
“လူတွေ အများကြီး ကြည့်နေကြတယ်၊ အရင် ဆင်းခဲ့ပါဦး”
ယွီချီကျားက မျက်နှာတစ်ခုလုံးအေးစက်စွာဖြင့် စားပွဲပေါ်မှ ခုန်ဆင်းလိုက်လေသည်။
ပတ်ဝန်းကျင်ရှိ ကျောင်းသားများ၏ သိလိုစိတ်ပြင်းပြသော အကြည့်များကြားတွင် ယွီချီကျားနှင့် တုမင်ယွမ်တို့က ထမင်းစားဆောင်အပြင်ဘက်သို့ ထွက်ခွာသွားခဲ့ကြသည်။
“ယွီချီ... မင်းက တကယ်ပဲ အဲဒီကလေးကို ရွေးချယ်ပွဲ ပြိုင်ပွဲမှာ ပါဝင်ခွင့် ပေးတော့မှာလား”
တုမင်ယွမ်က စိုးရိမ်တကြီး မေးလိုက်သည်။
“ငါ မင်းကို ပြောပြမယ်... အဲဒီကလေးက မရိုးရှင်းဘူးနော်... ငါ့အထင်တော့ မင်း သူ ဝင်ခွင့်မှာ ရှုံးနိမ့်သွားအောင်လုပ်ဖို့ နည်းလမ်းတစ်ခုခု ရှာသင့်တယ်”
ယွီချီကျားသည် တုမင်ယွမ်ကို စူးစိုက်ကြည့်လိုက်သည်။
“ငါ ဘာလို့ သူ့ကို ရှုံးနိမ့်အောင် လုပ်ရမှာလဲ၊ အကယ်လို့ သူ ရှုံးသွားရင် ငါ သူ့ကို ဘယ်လို ကလဲ့စားချေရတော့မှာလဲ”
လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူ့အနေဖြင့်မိုလီချွမ်ထံမှ ဖုန်းကောလ်တစ်ခု လက်ခံရရှိခဲ့ချေသည်။ မိုရှောက်ယောင်သည်က ယောင်ပင်းအပေါ် စိတ်ဝင်စားနေခဲ့ပြီဖြစ်သဖြင့် သူ့အနေဖြင့် မြန်မြန်ဆန်ဆန် လှုပ်ရှားသင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်ချေသည်။
ဤသတင်းကို ကြားရသောအခါ ယွီချီကျား ထိတ်လန့်သွားရသည်။
သူသည်က ဤမျှ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီးမှ မိုရှောက်ယောင် ကြီးပြင်းလာသည်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်ပေ၏။ ဤအချိန်တွင် ထိုဆင်းရဲသား ယောင်ပင်းထံသို့ မည်ကဲ့သို့ အလွယ်တကူ လက်လွှဲပေးနိုင်မည်နည်း။
ထို့ကြောင့် သူသည်က ယောင်ပင်းအား ဤအထူးစစ်ဆင်ရေးအဖွဲ့ထဲသို့ သွတ်သွင်းနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားနေခြင်း ဖြစ်ချေသည်။
“ယွီချီ... အဲဒီကလေးက ရှင်းရွလွယ်တဲ့ကောင် မဟုတ်ဘူးနော်၊ အကယ်လို့ သူသာ အထူးစစ်ဆင်ရေးအဖွဲ့ထဲ ဝင်သွားရင် မင်းရဲ့ အနာဂတ်ကို ထိခိုက်မှာ ငါ စိုးရိမ်တယ်”
တုမင်ယွမ် စိုးရိမ်နေဆဲပင်။
“မင်ယွမ်... မင်းက ဘယ်အချိန်ကစပြီး ဒီလောက်အထိ သတ္တိကြောင်သွားရတာလဲ”
ယွီချီကျားသည် ရက်စက်စွာ ပြုံးလိုက်သည်။
“မင်းက ငါ တကယ်ပဲ သူ့ကို အထူးစစ်ဆင်ရေးအဖွဲ့ထဲ ထည့်ချင်နေတယ်လို့ ထင်နေတာလား၊ အထက်က ဒီအထူးစစ်ဆင်ရေးအဖွဲ့ကို ဖွဲ့စည်းခိုင်းရတဲ့ အကြောင်းရင်းက လုပ်ဆောင်ရမယ့် တာဝန်တစ်ခု ရှိနေလို့ပဲ၊ ပြီးတော့ အဲဒီတာဝန်ကလည်း လုံးဝကို ထူးခြားတယ်”
*