← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း(157)

နှစ်ပတ် ကုန်လွန်သွားခဲ့ချေပြီ။

စစ်အခြေစိုက်စခန်း တစ်ခု၌ ဖြစ်၏။

နည်းပြရှီးသည် ရှေ့ဆုံးတွင် မတ်တတ်ရပ်နေပြီး သူ၏နောက်၌ နည်းပြဝမ်နှင့် နည်းပြလီတို့ ရှိနေကြချေသည်။

သူတို့၏ ရှေ့တွင် အထူးသင်တန်းသား နှစ်တန်းက ခေါင်းကို မော့၊ ရင်ကိုကော့ကာ မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေကြပေသည်၊

နည်းပြရှီး၏ တင်းမာလွန်းသော အကြည့်သည် သင်တန်းသားအားလုံး၏အပေါ်သို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် သြဇာညောင်းလှသော လေသံဖြင့် စတင်စကားပြောလေသည်။

“မင်းတို့က အခု ငါတို့ အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေကြပြီ၊ သာမန်အထက်တန်းကျောင်းသားတွေ မဟုတ်တော့ဘူး၊ နောက်ထပ် နှစ်လအတွင်းမှာ အပြင်းအထန် လေ့ကျင့်မှုတွေ လုပ်ရလိမ့်မယ်၊

ဆင်းရဲဒုက္ခခံရမှာကို စိုးရိမ်ပြီး ပင်ပန်းမှာ ကြောက်တဲ့သူရှိရင် အခုကတည်းက ပွင့်ပွင့်လင်းလင်းပြောပြီး ထွက်သွားလိုက်ကြစမ်း၊ ငါတို့ အထူးစစ်ဆင်ရေးအဖွဲ့က ထူးချွန်ထက်မြက်တဲ့သူတွေနဲ့ သူရဲကောင်းတွေကိုပဲ လိုအပ်တာ၊ သတ္တိကြောင်တဲ့သူတွေနဲ့ ပျော့ညံ့တဲ့သူတွေကို မလိုချင်ဘူး.. အားလုံး နားလည်လား!”

သင်တန်းသား နှစ်တန်းလုံးက ကျယ်လောင်သော လေသံဖြင့် တညီတညွတ်တည်း ပြန်လည်ဖြေကြားကြလေသည်။

“နားလည်ပါတယ်၊ ကျွန်တော်တို့က ထူးချွန်ထက်မြက်တဲ့သူတွေဖြစ်လာပါ့မယ်”

နည်းပြရှီးသည် စိတ်ကျေနပ်သွားသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ... အခု နာမည်ခေါ်မယ်၊ ကျန်းကျယ်”

“ရှိ”

“ယန်ရိချန်”

“ရှိ”

“ဟောင်ရှောက်ယား”

“ရှိ”

မကြာမီတွင်ပင် နည်းပြရှီးသည် သင်တန်းသားအားလုံး၏ နာမည်များကို ခေါ်ဆိုပြီးသွားချေသည်။

စုစုပေါင်း သင်တန်းသား ဆယ့်နှစ်ဦး ရှိသည်။

ထိုအထဲတွင် ပင်းဟိုင် အထက်တန်းကျောင်းမှ ကျောင်းသား သုံးဦးပါဝင်နေပြီး ၎င်းတို့မှာ ယောင်ပင်း၊ တုမင်ယွမ်နှင့် ကျန်းကျယ်တို့ ဖြစ်ကြသည်။

ကျန်ရှိသော ကိုးဦးမှာတော့ အခြားသော အထက်တန်းကျောင်းများမှ ကျောင်းသားများ ဖြစ်ကြသည်။

ဤအထူးသင်တန်းသား ဆယ့်နှစ်ဦးသည်က မတူညီသော ကျောင်းများမှ အထပ်ခပ်အခါခါ ရွေးချယ်မှု လုပ်ငန်းစဉ်များမှတစ်ဆင့် ရွေးချယ်ခံခဲ့ရသူများ ဖြစ်ကြလေ၏။ ထို့ကြောင့် တစ်ဦးချင်းစီက ထိုကျောင်း၏ ထိပ်တန်းကျောင်းသားများ ဖြစ်ကြရုံတင်မကဘဲ မြင့်မားသော IQ, EQ နှင့် ထူးခြားလှသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကိုလည်း ပိုင်ဆိုင်ထားကြချေသည်။

အချို့မှာ ကိုယ်ခံပညာကို ကိုယ်တိုင်လေ့လာခဲ့ကြပြီး မြင့်မားသော အဆင့်အတန်းတစ်ခုသို့ပင် ရောက်ရှိနေခဲ့ကြပြီ ဖြစ်ချေသည်။

အထူးသင်တန်းသားများ စစ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသော ပထမဆုံးနေ့တွင်ပင် နည်းပြရှီးက အဖွဲ့ဝင်များ တစ်ဦးကိုတစ်ဦး သိရှိစေရန်အတွက် အပြန်အလှန် မိတ်ဆက်ခြင်းကို ပြုလုပ်စေခဲ့ချေသည်။

ဤဆယ့်နှစ်ဦးသော သင်တန်းသားများ၏ အနည်းဆုံး တစ်ဝက်ခန့်သည် ပင်းဟိုင်မြို့၏ အထက်တန်းလွှာနှင့် ထိပ်တန်းအသိုင်းအဝိုင်းမှ ဆင်းသက်လာကြသူများဖြစ်ကြသဖြင့် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရသူများကဲ့သို့ပင် ဖြစ်ချေသည်။

ယန်ရိချန်သည်က ဤအုပ်စု၏ ခေါင်းဆောင် ဖြစ်သည်။

ကျန်ရှိသော တစ်ဝက်မှာတော့ သာမန်မိသားစုများနှင့် ကျေးလက်ဒေသများမှ ဆင်းသက်လာကြသူများ ဖြစ်ကြသဖြင့် သိသာထင်ရှားလှသော ကွာခြားချက်တစ်ခုကို ဖြစ်ပေါ်စေသည်။

ဤသာမန်သင်တန်းသား အုပ်စုကိုတော့ ဟောင်ရှောက်ယားက ဦးဆောင်ထားသည်။

မိတ်ဆက်ခြင်း အစီအစဉ် ပြီးဆုံးသွားသောအခါ သင်တန်းသား တစ်ဆယ့်နှစ်ဦးသည် ထင်ရှားလွန်းသော အုပ်စုနှစ်စုအဖြစ် ကွဲပြားသွားရလေသည်။ အထက်တန်းလွှာ သားသမီးများက အုပ်စုတစ်စုဖြစ်ပြီး သာမန်မိသားစုမှ သင်တန်းသားများကတော့ အခြားအုပ်စုတစ်စု ဖြစ်ချေသည်။

ယန်ရိချန်နှင့် ဟောင်ရှောက်ယား နှစ်ဦးလုံးသည်က ရွေးချယ်မှုလုပ်ငန်းစဉ်အတွင်း ထိပ်သီးကိုယ်ခံပညာ သင်တန်းသားများအဖြစ် တွေ့ရှိခြင်းခံခဲ့ရသူများ ဖြစ်ကြခသည်။ နှစ်ဦးစလုံးက အလွန်တော်ကြပြီး မာနကြီးကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့၏ မိသားစုနောက်ခံသာဖြစ်လေ၏။

သူတို့သည်က သူတို့၏ အုပ်စုများကို အသီးသီး ဦးဆောင်ကြပြီး လေ့ကျင့်ရေးစခန်းအတွင်း တစ်ဦးကိုတစ်ဦး လုံးဝ အလျှော့မပေးဘဲ ပြင်းထန်စွာ ပြိုင်ဆိုင်နေကြချေသည်၊

ရက်သတ္တပတ်ဝက်ခန့် ကုန်လွန်သွားသောအခါ အုပ်စုနှစ်စုက ထင်ထင်ရှားရှား ကွဲပြားသွားခဲ့ပြီ။

ပို၍ အရေးကြီးသည်မှာ အထက်တန်းလွှာ သားသမီးများသည်ကား သာမန်မိသားစုမှ သင်တန်းသားများကို နှိမ့်ချကြည့်ရှုကြပြီး နည်းပြရှီး၏ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်မှုများကြောင့်လည်း အုပ်စုနှစ်စုကြားတွင် ရန်လိုမုန်းထားမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာရပေသည်။

ယောင်ပင်းအတွက်တော့..

ရွေးချယ်မှုလုပ်ငန်းစဉ် စတင်ကတည်းက သူသည်က သူ၏ အစစ်အမှန် စွမ်းရည်ကို ဖုံးကွယ်ထားခဲ့ပြီး နောက်ဆုံးတွင် သတ်မှတ်အရည်အချင်းအမှတ်ထက် တစ်မှတ်တည်းသာပို၍ယူထားခဲ့သည်။

အစမှ အဆုံးအထိ ယောင်ပင်းအနေဖြင့် ယွီချီကျားက သူ့အား စေတနာအမှန်ဖြင့် ဤအထူးစစ်ဆင်ရေးအဖွဲ့ထဲသို့ အကြံပြုထောက်ခံပေးခဲ့သည်ဟု လုံးဝ မယုံကြည်ပေ။

ထို့ကြောင့် သူသည်က သာမန်ကာလျှံကာသာ နေထိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်ချေသည်။

သင်တန်းသားများအပြင် နည်းပြများ၏ သဘောထားမှာလည်း သိသာစွာ ကွာခြားလှချေသည်။

နည်းပြသုံးဦးအနက် နည်းပြလီမှလွဲ၍ နည်းပြရှီးနှင့် နည်းပြဝမ်တို့သည်က ယန်ရိချန်၏ အုပ်စုကို သိသာစွာ ဘက်လိုက်ကြပြီး ယောင်ပင်းတို့၏ အုပ်စုအပေါ်တွင်မူ ပို၍ ဝေဖန်ပိုင်းခြားကာ တင်းကျပ်လွန်းကြသည်။ သူတို့သည်က ယောင်ပင်းတို့အုပ်စုအား ဒုက္ခပေးရန်အတွက် အကြောင်းပြချက်အမျိုးမျိုးကို အမြဲတမ်း ရှာဖွေနေကြခြင်း ဖြစ်ချေသည်။

ယခုအခါတွင် နာမည်ခေါ်ဆိုခြင်း ပြီးဆုံးသွားခဲ့လေပြီ။

လေ့ကျင့်မှု စတင်ချေပြီ။

ပထမဆုံးအရာမှာ နေ့စဉ် မီတာ ၅၀၀၀ ပြေးရခြင်း ဖြစ်ချေသည်။

ယောင်ပင်းသည် ထိုလေ့ကျင့်ရေးကို ပေါ့ပေါ့ပါးပါးပင် အဆုံးသတ်နိုင်ခဲ့သော်လည်း ချွေးများ ရွှဲနစ်နေသည့် အမူအရာမျိုးကိုတော့ ဟန်ဆောင်၍ လုပ်ဆောင်နေဆဲပင်။

သို့မဟုတ်ပါက သူသည် အာရုံစိုက်မှုကို အလွန်အမင်း ခံရပေလိမ့်မည်။

“ယောင်ပင်း... ရှေ့ကို တစ်လှမ်းတိုးစမ်း”

သင်တန်းသား တစ်ဆယ့်နှစ်ဦးလုံး မီတာ ၅၀၀၀ ပြေးပြီးသွားသည်နှင့် တပြိုင်နက် နည်းပြရှီးက တင်းမာစွာ အော်ဟစ်လိုက်ချေသည်။

ယောင်ပင်းက ချက်ချင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်လေသည်။

“မင်း ခုနက ဘာလို့ ကျန်းကျယ်ကို ကူညီပေးရတာလဲ”

နည်းပြရှီးက ယောင်ပင်းအား ဒေါသတကြီး မေးလိုက်သည်။

ယောင်ပင်းလည်းမသိစိတ်ဖြင့် ရှင်းပြမိသည်။

“ကျန်းကျယ်က ပြေးနေရင်းနဲ့ လဲကျတော့မလို့ ဖြစ်သွားလို့၊ အဲဒါကြောင့် ကျွန်တော်...”

ဤသင်တန်းသား တစ်ဆယ့်နှစ်ဦးအနက် ကျန်းကျယ်သည်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အညံ့ဆုံး ဖြစ်ချေသည်။

မီတာ ၅၀၀၀ ပြေးနေစဉ်အတွင်း ကျန်းကျယ်က ပင်ပန်းနွမ်းနယ်မှုကြောင့် လဲကျလုမတတ် ဖြစ်သွားခဲ့ရပြီး သူ၏နောက်မှ ကပ်လျက်တွင် ရှိနေသော ယောင်ပင်းက ဗီဇအရ သူ့ကို လှမ်း၍ တွဲကူပေးခဲ့ခြင်း ဖြစ်ချေသည်။

မမျှော်လင့်ဘဲ နည်းပြရှီးက ဤမြင်ကွင်းကို မြင်တွေ့သွားခဲ့ရပေသည်။

“မင်းကိုယ်မင်း တော်လွန်းမေပြီလို့ ထင်နေတာလား၊ ဒါက အပြင်းအထန် လေ့ကျင့်ရေးဆိုတာ မင်း သိရဲ့လား၊ မင်းတို့အားလုံးက အဖွဲ့တစ်ခုတည်းပဲ၊ မင်းတို့ရဲ့ လှုပ်ရှားမှုတိုင်းက အဖွဲ့တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်”

ယောင်ပင်း စကားမဆုံးမီမှာပင် နည်းပြရှီးက တင်းမာစွာ ဖြတ်ပြောလိုက်သည်။

“ကောင်းပြီ... အခု ယောင်ပင်းနဲ့ ကျန်းကျယ်တို့ရဲ့ အုပ်စုတစ်ခုလုံးက နောက်ထပ် မီတာ ၅၀၀၀ ထပ်ပြေးစမ်း!”

ယောင်ပင်းနှင့် ကျန်းကျယ်တို့ ပါဝင်သော အုပ်စုကို ဟောင်ရှောက်ယားက ဦးဆောင်ခြင်း ဖြစ်ချေသည်။

ဤသည်က ပထမဆုံးအကြိမ် မဟုတ်ပေ။လေ့ကျင့်ရေးကာလအတွင်း သူတို့အုပ်စုဘက်က အမှားအယွင်း အနည်းငယ် ရှိရုံမျှဖြင့် နည်းပြရှီးသည်က အုပ်စုတစ်ခုလုံးကို ပြင်းထန်စွာ အမြဲတမ်း အပြစ်ပေးတတ်ချေသည်။

နည်းပြရှီးသည် ဤအရာကို ရည်ရွယ်ချက်ရှိရှိဖြင့် တမင်သက်သက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း လူတိုင်း အထင်အရှား မြင်နိုင်ချေသည်။

သူသည် တစ်ဖက်အုပ်စုကို သိသာစွာ ဘက်လိုက်နေခြင်းပင်။

နည်းပြရှီး စကားပြောလိုက်သည်နှင့် တပြိုင်နက် ယန်ရိချန်၏ အုပ်စုသည် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရသော အကြည့်ဖြင့် ကြည့်ကြပြီး၊ ဟောင်ရှောက်ယား၏ အုပ်စုမှာတော့ စိတ်ပျက်စွာဖြင့် မီတာ ၅၀၀၀ ထပ်မံပြေးရန်အတွက် အတန်းထဲမှ ထွက်ခွာရန် ပြင်ကြချေသည်။

“နေဦး”

ယောင်ပင်းက သူ၏ အဖွဲ့ဝင်များကို တားဆီးလိုက်ပြီး နည်းပြရှီးထံသို့ လှည့်၍ ပြောလိုက်သည်။

“နည်းပြရှီး... ကျန်းကျယ်ကို ကူညီခဲ့တဲ့သူက ကျွန်တော်တစ်ယောက်တည်းပဲ၊ ဒါက ကျွန်တော့်အမှားမို့လို့ ကျွန်တော့်ရဲ့ အဖွဲ့ဝင်တွေနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒီပြစ်ဒဏ်ကို ကျွန်တော်တစ်ယောက်တည်းပဲ ခံယူပါ့မယ်”

လူတိုင်း မှင်သက်သွားကြရချေသည်။

နည်းပြရှီး၏ မျက်နှာသည်လည်း ချက်ချင်းပင် မှုန်မှိုင်းသွားရပေသည်။

ဤစစ်အခြေစိုက်စခန်းတွင် နည်းပြရှီးသည် စည်းကမ်းကြီးလွန်းသဖြင့် မည်သူမျှ သူ၏အမိန့်ကို မဖီဆန်ဝံ့ကြပေ။

ယခုတော့ ယောင်ပင်းက သူ၏အမိန့်ကို စိန်ခေါ်လာခဲ့သည်။

“မင်းတစ်ယောက်တည်း ပြစ်ဒဏ်ခံမယ် ဟုတ်လား”

နည်းပြရှီးက လှောင်ပြောင်လိုက်သည်

“ကောင်းပြီလေ... လူတစ်ယောက်ကို မီတာ ငါးထောင်ဆိုတော့ မင်းအပါအဝင် မင်းတို့အုပ်စုမှာ လူခြောက်ယောက် ရှိတာဆိုတော့ မီတာ သုံးသောင်း ဖြစ်သွားပြီ၊ မင်း အခုပဲ မီတာ သုံးသောင်း သွားပြေးစမ်း၊ ပြီးအောင်မပြေးမချင်း ထမင်းမစားရဘူး၊ မင်းက သူရဲကောင်း လုပ်ချင်တာမလား၊

ကောင်းပြီ... ငါ မင်းကို အဲဒီအခွင့်အရေး ပေးလိုက်မယ်၊ အခုပဲ ပြေးလမ်းကို သွားပြီး ပြေးစမ်း၊ ယန်ရိချန်... မင်းက စောင့်ကြပ်ကြည့်ရှုဖို့ တာဝန်ယူရမယ်”

နည်းပြရှီး၏ အမိန့်ကြောင့် ယောင်ပင်း၏ အဖွဲ့ဝင်အားလုံးသည် မျက်နှာများ ပျက်သွားကြရချေသည်။

ကျန်းကျယ်သည်လည်း သူ့ကြောင့် ဤကိစ္စ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိသဖြင့် နည်းပြရှီးထံသို့ လေသံကိုနှိမ့်၍ ချက်ချင်းပင် အားနာစွာ တောင်းပန်စကား ဆိုလေသည်။

“နည်းပြ ... ကျွန်တော့်ရဲ့ မီတာ ၅၀၀၀ ကို ကျွန်တော်ကိုယ်တိုင် ပြေးခွင့်ပြု”

“နည်းပြ ... ကျွန်တော့်ရဲ့ မီတာ ၅၀၀၀ ကိုလည်း ကျွန်တော်ကိုယ်တိုင် ပြေးခွင့်ပြုပါ”

“နည်းပြ...”

…

နှစ်ပတ်ခန့် လေ့ကျင့်ပြီးနောက် သူတို့အုပ်စုသည်က စည်းလုံးညီညွတ်ကြပြီး ဒုက္ခကို အတူတကွ ဝေမျှခံစားတတ်နေကြလေပြီ။

ယောင်ပင်းတစ်ယောက်တည်း ပြစ်ဒဏ်ခံရသည်ကို သူတို့ မကြည့်ရက်ကြပေ။

ထို့ကြောင့် သူတို့သည်က မိမိတို့၏ ပြစ်ဒဏ် မီတာ ၅၀၀၀ကို ကိုယ်တိုင်ပြေးရန် အသီးသီး တောင်းဆိုကြခြင်း ဖြစ်ချေသည်။

“ကောင်းပြီ... အရမ်းကောင်းတယ်”

နည်းပြရှီးသည် ဒေါသထွက်မည့်အစား ရယ်မောလိုက်သည်။

“မင်းတို့က ဒုက္ခကို အတူတူ ဝေမျှခံစားချင်ကြတယ်ပေါ့ ဟုတ်လား၊ ဒါဆိုရင်လည်း မင်းတို့ရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်မယ်၊ မင်းတို့အားလုံး တစ်ယောက်ကို မီတာ ၅၀၀၀ စီ ပြေးကြစမ်း၊ ယောင်ပင်းကတော့ မီတာ သုံးသောင်း ဆက်ပြေးရမယ်၊ ယန်ရိချန်... မင်း သူတို့ကို သေသေချာချာ စောင့်ကြည့်နေလိုက်

အကယ်လို့ သူတို့ လမ်းခုလတ်မှာ လက်လျှော့တာဖြစ်ဖြစ်၊ ပျင်းရိတာဖြစ်ဖြစ် လုပ်ရဲရင် နောက်ထပ်တစ်ကြိမ် ထပ်ပြေးခိုင်းလိုက်”

*

All Chapters