← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) - မီးလျှံကြေးမုံ (၂)

သူမ၏ အရှေ့တွင် ည၏အမှောင်အောက်၌ လှည့်ပတ်နေသော နတ်ဆိုးများ၏ အဆုံးမရှိသည့် ရေဝဲကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး သူမကို ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုနှင့်အတူ ဝါးမျိုတော့မည့်အလား ဖြစ်နေပေသည်။

သူမက ကောင်းကင်သို့ မော့ကာ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် လေထဲသို့ ပျံတက်သွားလေသည်။

သူမသည် အဖြူရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် နတ်ဆိုးကဲ့သို့သော အစိမ်းရောင် အလင်းတန်းများထဲမှ လွတ်မြောက်သွားကာ အဝေးသို့ ဆင်းသက်သွားလေတော့သည်။

ထို့နောက် သူမက အံ့အားသင့်ကာ ဒေါသတကြီးဖြင့် အလျင်အမြန် လှည့်ကြည့်လိုက်ပြီး ထိုလူငယ်လေးနှင့် လေထဲတွင် လှည့်ပတ်နေသော ဝိညာဉ်ဝါးမျိုတုတ်ကို စူးရဲစွာ စိုက်ကြည့်နေလေသည်။

အဝေးတစ်နေရာမှ ရှောင်ဟွမ်က အသက်ရှူမှားသွားပြီး တီးတိုးမေးလိုက်လေသည်။

“အရမ်း အစွမ်းထက်တဲ့ မှော်လက်နက်ပဲ။ ဒါက ဘာကြီးလဲ ဘိုးဘိုး”

သူမက နှစ်ကြိမ်တိတိ မေးလိုက်သော်လည်း ကျိုးယီရှန်က ပြန်မဖြေသည်ကို သတိပြုမိသွား၏။

သူမက သူ့ထံသို့ လှည့်ကြည့်လိုက်ရာ ကျိုးယီရှန်၏ မျက်မှောင်များ တင်းကျပ်စွာ ကြုတ်ထားပြီး အံ့အားသင့်နေသည်ကို မြင်လိုက်ရပေသည်။

ရှောင်ဟွမ်မှာ အံ့အားသင့်သွားပြီး ကျိုးယီရှန်ကို ဆွဲလှုပ်ကာ မေးလိုက်လေသည်။

“ဘိုးဘိုး.. ဘာဖြစ်သွားတာလဲ”

ကျိုးယီရှန်မှာ တုန်လှုပ်သွားပြီး ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အရာများထဲမှ သတိဝင်လာကာ သူ၏ မျက်နှာက တုန်လှုပ်နေဆဲ ဖြစ်လေသည်။ သူက တီးတိုးရေရွတ်လိုက်၏။

“ဒီကောင်လေးက ဘယ်သူလဲ။ ချင်းယွင်ဂိုဏ်းမှာ ဒီလို ထူးဆန်းတဲ့ တပည့်မျိုး ဘယ်လိုလုပ်ပြီးရှိနေရတာလဲ”

ရှောင်ဟွမ်က သူ့ကို လှမ်းကြည့်ကာ မေးလိုက်လေသည်။

“ဘာလဲ”

ကျိုးယီရှန်က မြင်ကွင်းကို ကြည့်ကာ ပြောလိုက်လေသည်။

“အဲဒီကောင်လေးရဲ့ မှော်လက်နက်က အရမ်း ထူးဆန်းတယ်။ သူ အဲဒါကို ခေါ်ထုတ်လိုက်တဲ့အချိန်မှာ မိစ္ဆာစွမ်းအင်က အမြီးသုံးချောင်း မြေခွေးမိစ္ဆာရဲ့ နတ်ဆိုးစွမ်းအင်ထက်တောင် ပိုပြင်းထန်နေတယ်။ ဒီလို မိစ္ဆာလက်နက်မျိုးကို ဘယ်လိုလုပ်...”

ရှောင်ဟွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မြင်ကွင်းဘက်သို့ လှည့်ကြည့်လိုက်ရာ ရုတ်တရက် သူမ၏ မျက်လုံးထောင့်ဖြင့် တစ်စုံတစ်ရာကို မြင်လိုက်ရပေသည်။ သူမက ကျိုးယီရှန်အား တီးတိုး ပြောလိုက်လေသည်။

“ဘိုးဘိုး.. ဟိုအမျိုးသမီးကို ကြည့်လိုက်ဦး”

ကျိုးယီရှန် မှာ လန့်သွားပြီး ရှောင်ဟွမ် လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်ရာ ရေလိုကြည်လင်နေသော အစိမ်းရောင်ဝတ်စုံနှင့် ပိယောင်သည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်ကို မြင်လိုက်ရလေသည်။

ရှီထုံသည် နတ်ဆိုးများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသော်လည်း ပိယောင်က သူ့ကို လှည့်ပင်မကြည့်ဘဲ သူမ၏ မျက်လုံးများကို ကျန်းရှောင်ဖန်းထံတွင်သာ စူးစိုက်ထားပေသည်။

အထူးသဖြင့် ကျန်းရှောင်ဖန်းက ဝိညာဉ်ဝါးမျိုတုတ်ကို ခေါ်ထုတ်လိုက်သောအခါ သူမ၏ အကြည့်များက အနေခက်နေပုံရပြီး ဝမ်းသာနေသကဲ့သို့ ရှိသလို စိုးရိမ်နေသကဲ့သို့လည်း ရှိကာ တုံ့ဆိုင်းနေပုံလည်း ရပေသည်။ ကောင်းသည် ဆိုးသည်ကို ခွဲခြားသိမြင်ရန်ပင် ခက်ခဲလှသည်။

ကျိုးယီရှန်က အနည်းငယ် ကြည့်ပြီးနောက် ပြောလိုက်လေသည်။

“အဲဒီအမျိုးသမီးက အဲဒီ ဝိညာဉ်ဝါးမျိုတုတ်ကို သဘောကျနေတာလေ။ မင်းက ဘာကို ကြည့်နေတာလဲ ကောင်မစုတ်လေးရဲ့”

ရှောင်ဟွမ်မှာ စပ်စုချင်စိတ် ဖြစ်သွားလေသည်။

“ဘာ ဝိညာဉ်ဝါးမျိုတုတ်လဲ”

ကျိုးယီရှန်က ပြောလိုက်၏။

“အဲဒီ ကောင်လေးကိုလေ”

ရှောင်ဟွမ်က မယုံကြည်ပေ။

“ထူးဆန်းလိုက်တာ၊ ဘာလို့ သူက အဲဒီကောင်လေးကို သဘောကျနေရတာလဲ။ ပြီးတော့ သမီးက ကြည့်လို့ မရဘူးလား”

ကျိုးယီရှန်က သူမကို စူးရဲစွာ ကြည့်လိုက်ပြီး အရွယ်မတိုင်မီ တတ်သိနေသော မြေးဖြစ်သူအား ပညာပေးရန် ပြင်လိုက်လေသည်။

သို့သော် ထိုစဉ် တစ်စုံတစ်ရာ ဖြစ်ပျက်သွားသည်ကို ကြားလိုက်ရသဖြင့် သူသည် မြင်ကွင်းဘက်သို့ အလျင်အမြန် ပြန်လှည့်ကြည့်လိုက်ကာ ရှောင်ဟွမ်ကို လျစ်လျူရှုထားလိုက်တော့သည်။

မြင်ကွင်းထဲတွင် ကျန်းရှောင်ဖန်းသည် မြေခွေးမိစ္ဆာ တုန်လှုပ်သွားသည်ကို မြင်လိုက်ရရာ ဤကဲ့သို့သော အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။

သူသည် ဝိညာဉ်ဝါးမျိုတုတ်ဖြင့် ရှေ့သို့ တိုးသွားလေ၏။ အမြီးသုံးချောင်း မြေခွေးမိစ္ဆာက မျက်မှောင်ကြုတ်လိုက်ရာ သူမ၏ မျက်နှာမှာ ပို၍ ဖြူဖျော့လာလေသည်။

ကျန်းရှောင်ဖန်း သူမထံသို့ ပြေးဝင်လာသည်ကို မြင်သောအခါ ည၏အရောင်က ပို၍ လေးလံလာပြီး လေတိုက်နှုန်းကလည်း ပို၍ မြန်ဆန်လာလေသည်။

ထိုအမျိုးသမီး၏ နူးညံ့သော မျက်နှာလေးပေါ်တွင် မျက်ခုံးနှစ်ခုက စုကြုံ့သွားသည်။

သူမက ညင်သာစွာ အော်ဟစ်လိုက်ပြီး ဖြူဖွေးသော ကျောက်စိမ်းကဲ့သို့ လက်ချောင်းများက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ လေထဲသို့ ခုတ်ချလိုက်လေသည်။

“အာ”

ရုတ်တရက် ထွက်ပေါ်လာသော အော်ဟစ်သံသည် လူတိုင်း၏ နားစည်ထဲသို့ အပ်ဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။

အမှောင်ထုဖုံးလွှမ်းနေသော သစ်တောနက်ကြီးထဲမှ မရေမတွက်နိုင်သော တစ္ဆေအလင်းတန်းများ ထွက်ပေါ်လာတော့သည်။

ထိုအမျိုးသမီး၏ အနောက်ဘက်တွင် ကြောက်မက်ဖွယ် ရုပ်ဆင်းသွင်ပြင်ရှိသော မရေမတွက်နိုင်သည့် နတ်ဆိုးများက အော်ဟစ်ကာ ကျန်းရှောင်ဖန်းထံသို့ ပြေးဝင်လာကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းရှောင်ဖန်းသည် ထိုနတ်ဆိုးများ၏ လွှမ်းမိုးမှုကို ခံရလုနီးပါး ဖြစ်သွားလေသည်။

လူတိုင်းမှာ ထိတ်လန့်သွားကြသော်လည်း နောက်တစ်ခဏတွင် ကျန်းရှောင်ဖန်းသည် သူ၏ ဝိညာဉ်ဝါးမျိုတုတ်ဖြင့် နတ်ဆိုးအုပ်စုကြီးကို ထိုးဖောက်ထွက်လာခဲ့လေသည်။

ဝိညာဉ်ဝါးမျိုတုတ်၏ အစိမ်းရောင်အလင်းတန်းများ ဖြတ်သန်းသွားသောအခါ ပို၍ ကြီးမားပြီး အစွမ်းထက်ကာ ခုခံနိုင်စွမ်း ရှိသည့် နတ်ဆိုးအနည်းငယ်မှလွဲ၍ မည်သည့် နတ်ဆိုးကမျှ ရှေ့သို့ ဆက်မတိုးဝံ့ကြတော့ချေ။

ဤသည်ကို မြင်သောအခါ လူတိုင်းမှာ ပို၍ အံ့အားသင့်သွားကြရပေသည်။ ကျန်းရှောင်ဖန်းသည် အစွမ်းကုန် အသုံးပြုကာ တိုက်ခိုက်နေပြီး သူ၏ စိတ်ထဲတွင် နာကျင်စွာ တွေးလိုက်မိသည်

‘ဒီ သေမင်းနှင်တံက လောင်ကျွမ်းနေတဲ့ ဝိညာဉ်တွေနဲ့ သွန်းလုပ်ထားတာပဲ။ နတ်ဆိုးတွေရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ သရဲဘုရင် ကွေ့ဝမ် ပြောခဲ့တာတွေက အများအားဖြင့် မှန်နေတယ်’

အမြီးသုံးချောင်း မြေခွေးမိစ္ဆာသည် မရေမတွက်နိုင်သော နတ်ဆိုးများပင် ကျန်းရှောင်ဖန်းကို မတားဆီးနိုင်သည်ကို မြင်သောအခါ သူမ၏ မျက်နှာမှာ ပို၍ ဖြူဖျော့သွားလေသည်။

ထိုအချိန်တွင် ရှီထုံက ဟိန်းဟောက်လိုက်ရာ ခမ်းနားထည်ဝါသော ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာလေသည်။

မိစ္ဆာနှိမ်နင်းဝရဇိန်တစ်ပါးအလား သူ၏ မျက်လုံးများကို ပြူးကျယ်ထားကာ လေထဲသို့ ပျံတက်သွားပြီး မြေပြင်ကို သူ၏ တုတ်ဖြင့် ထပ်မံထိုးစိုက်လိုက်လေသည်။

“ဝုန်း”

ရွှေရောင်အလင်းတန်းများက အရပ်မျက်နှာ အနှံ့အပြားသို့ ပစ်လွှတ်သွားလေသည်။

ဤတစ်ကြိမ်တွင် မြေပြင်ပျက်စီးမှု အတိုင်းအတာမှာ ပို၍ ကျယ်ပြန့်သွားပြီး ကိုက်သုံးဆယ်ခန့်အထိ ရောက်ရှိသွားကာ ပစ်လွှတ်လိုက်သော နတ်ဆိုးချေမှုန်းရေး ရွှေရောင်အလင်းတန်းများက လျှပ်စီးနှင့် မိုးကြိုးများအလား ပို၍ တောက်ပနေပေသည်။

နတ်ဆိုးများ၏ ညည်းတွားသံများနှင့်အတူ ရှီထုံကို ဝန်းရံထားသော နတ်ဆိုးများစွာမှာ ပျောက်ကွယ်သွားကြပြီး ကျန်ရစ်သူ အများစုမှာလည်း ကြောက်လန့်တကြား ထွက်ပြေးသွားကြလေတော့သည်။

ရှီထုံသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။

ဆင်းသက်လိုက်သည်နှင့် သူသည် အသက်ပြင်းပြင်း ရှူနေရရာ ဤကဲ့သို့သော အစွမ်းထက် သိုင်းပညာကို အသုံးပြုခြင်းက သူ၏ စွမ်းအင်များစွာကို ကုန်ဆုံးစေကြောင်း ထင်ရှားနေသည်။

သူ၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်စွမ်းလှသဖြင့် မကြာမီမှာပင် ပြန်လည် နာလန်ထူလာလေသည်။

သူသည် အနည်းငယ် အမောဆို့နေဆဲ ဖြစ်သော်လည်း တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းရှောင်ဖန်း ရှိရာသို့ ချက်ချင်း ပြေးသွားလေတော့သည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာသည် ရှီထုံ သူမထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရပြီး ကျန်းရှောင်ဖန်းကလည်း မလှမ်းမကမ်းတွင် ရှိနေသောကြောင့် မြေပြင်ကို ဆောင့်နင်းလိုက်ကာ သူမ၏ အနောက်ဘက်ရှိ အမှောင်ထုထဲသို့ ဆုတ်ခွာရန် ပြင်လိုက်လေသည်။

မျှော်လင့်ထားသည့်အတိုင်း အမှောင်ထုထဲတွင် အဖြူရောင်အလင်းတန်းများ လက်ကနဲ တောက်ပသွားပြီး ရုတ်တရက် အဖြူရောင်ပန်းပွင့်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာကာ လေထုကို ပြင်းထန်စွာ ထိုးဖောက်သွားသည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာမှာ အံ့အားသင့်သွားပြီး သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။

၎င်းမှာ ဘေးတွင် ရပ်နေသော ရေလိုကြည်လင်သည့် အစိမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးပင် ဖြစ်ပြီး ယခုအခါ ဆုတ်ခွာမည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပေသည်။

နှင်းပွင့်များကဲ့သို့ လွင့်ပျံနေသော ပန်းပွင့်များသည် တဖြည်းဖြည်း ကျုံ့ဝင်သွားကာ သူမ၏ ဘေးတွင် လှည့်ပတ်နေလေသည်။

အေးမြသော လရောင်အောက်တွင် ၎င်းသည် လှပသော ပန်းပွင့်လေးတစ်ပွင့်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ လက်ချောင်းများကြားတွင် ကိုင်ဆောင်ထားပေသည်။

အနောက်ဘက်မှ ခြေသံများ ထွက်ပေါ်လာလေသည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာက လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူတို့သည် တြိဂံပုံစံ ဖန်တီးကာ သူမကို အလယ်တွင် ဝန်းရံထားလိုက်ကြသည်။

နတ်ဆိုးလေးများမှာ ပျောက်ကွယ်သွားကြပြီး သူမကို တစ်ယောက်တည်း ထားရစ်ခဲ့ကြလေပြီ။ အထီးကျန်မှုများနှင့်အတူ သူမသည် တိတ်ဆိတ်စွာ ရပ်နေပြီး လူသားများ၏ ဝန်းရံခြင်းကို ခံထားရသည်။

သူမက ပါးစပ်ကို အနည်းငယ် ဟလိုက်ပြီး အနည်းငယ် နောင်တရနေပုံပေါ်သော်လည်း ဘာမှ မပြောခဲ့ချေ။

ယခုအချိန်အထိပင် သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးပေါ်ရှိ နူးညံ့သိမ်မွေ့သော အလှတရားများက မှေးမှိန်မသွားခဲ့ပေ။

သူမက ပိယောင်ကို ကြည့်လိုက်ပြီးနောက် ရှီထုံကို ကြည့်လိုက်ကာ နောက်ဆုံးတွင် ရေကဲ့သို့ နူးညံ့သော သူမ၏ မျက်လုံးများက ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားလေတော့သည်။

ကျန်းရှောင်ဖန်းက အသင့်ပြင်လိုက်သည်။

သူမက လှုပ်ရှားခြင်း မရှိဘဲ သူမက ညင်သာစွာ ထပ်မေးလိုက်လေသည်။

“လူငယ်လေး.. ခုနက ရေတွင်းထဲမှာ နင် ဘာမြင်ခဲ့လဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”

လူတိုင်းမှာ ထိန့်လန့်သွားကြသည်။ ထိုနတ်ဆိုးမက ကျန်းရှောင်ဖန်း ရေတွင်းထဲတွင် မြင်ခဲ့ရသည့် အရာကို အဘယ်ကြောင့် ဤမျှလောက် စိတ်ဝင်စားနေရကြောင်းကို သူတို့ နားမလည်နိုင်ကြချေ။

ကျန်းရှောင်ဖန်း စကားမပြောရသေးခင်မှာပင် ရှီထုံက အော်ဟစ်လိုက်လေသည်။

“အစ်ကိုကျန်း .. သူမရဲ့ ထောင်ချောက်ထဲကို မကျစေနဲ့”

ကျန်းရှောင်ဖန်းက ခေါင်းညိတ် သဘောတူလိုက်ပြီး တိတ်ဆိတ်စွာ နေလိုက်သည်။ သူက လက်ကိုမြှောက်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်လေသည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာက သူ့ကို ကြည့်ကာ ညင်သာစွာ သက်ပြင်းချလိုက်ပေသည်။

ကျန်းရှောင်ဖန်းမှာ ရုတ်တရက် တွေဝေသွားလေသည်။

ရေကဲ့သို့သော လရောင်က ညင်သာစွာ တောက်ပနေပေသည်။

ထိုအမျိုးသမီးက ခေါင်းငုံ့လိုက်လေသည်။ သူမ၏ ပါးလျသော မျက်တောင်များက သူမ၏ ချစ်စရာကောင်းသော မျက်လုံးလေးများကို ဖုံးကွယ်ထား၏။

ရေကဲ့သို့သော အကြည့်များက လှိုင်းထနေပေသည်။

ထို့နောက် သူမက ခေါင်းကို မော့လိုက်ပြီး သူမ၏ အဝတ်အစားထဲသို့ လက်နှိုက်ကာ ပစ္စည်းတစ်ခုကို ဖြည်းညင်းစွာ ထုတ်ယူလိုက်လေသည်။

လူတိုင်းက ၎င်းကို စိုက်ကြည့်နေကြလေသည်။

၎င်းမှာ လက်ဖဝါးတစ်ဝက်ခန့် အရွယ်အစားရှိသော ပစ္စည်းတစ်ခု ဖြစ်ပေသည်။

အပြင်ဘက်တွင် ကြည်လင်သော အစိမ်းရောင် ကျောက်စိမ်းကွင်းဖြင့် ဝန်းရံထားရာ ၎င်းသည် သာမန်ပစ္စည်းတစ်ခု မဟုတ်ကြောင်း သိသာလေသည်။

ကျောက်စိမ်းကွင်း၏ အလယ်တွင်မူ သေးငယ်သော မှန်ကဲ့သို့ အနီရောင် အဝိုင်းလေးတစ်ခု ရှိပြီး အလယ်တွင် ထူးဆန်းသော မီးတောက်ပုံစံ ထွင်းထုထားပေသည်။

ကျောက်စိမ်းကွင်းသည် ထိုပစ္စည်း၏ နေရာအများစုကို ယူထားလေသည်။ ကျောက်စိမ်းကွင်း၏ တစ်ဖက်တစ်ချက်စီတွင် အနီရောင်ကြိုးတစ်ချောင်းစီကို ကွင်းတွင် ချည်နှောင်ထားပေသည်။

ကျိုးယီရှန်မှာ တကယ်ကို မှင်သက်သွားခြင်း ဖြစ်ပေသည်။ ရှောင်ဟွမ်က ၎င်းကို ခံစားသိရှိနိုင်လေသည်။

သူမ၏ ဘိုးဘိုးသည် အရင်က ဤကဲ့သို့ တစ်ခါမျှ မဖြစ်ခဲ့ဖူးဘဲ သစ်တုံးတစ်တုံးကဲ့သို့ ရပ်နေပေသည်။

သူမက အနည်းငယ် ကြောက်ရွံ့သွားပြီး ကျိုးယီရှန်၏ အင်္ကျီလက်စကို ဆွဲကာ မေးလိုက်လေသည်။

“ဘိုးဘိုး.. ဘာဖြစ်သွားတာလဲ”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ကျိုးယီရှန်က မြင်ကွင်းကို ငေးမောကြည့်နေပြီး အမြီးသုံးချောင်း မြေခွေးမိစ္ဆာ၏ လက်ထဲတွင် ရှိနေသော ထူးဆန်းသည့် မှော်လက်နက်ကို စူးစိုက်ကြည့်ကာ သူ၏ အသံက ညည်းတွားနေသကဲ့သို့ ဖြစ်နေလေသည်။

“ဒါက ဖန်ရှန်းတောင်ကြားရဲ့ အရေးအကြီးဆုံး ရတနာ ရွှမ်ဟော့ကျန့်မှန်ကူကွက် ဆိုတာ သိသာနေတာပဲ”

“ကမ္ဘာပေါ်မှာ ယန်စွမ်းအင် အပြည့်ဝဆုံးနဲ့ အဖြောင့်မတ်ဆုံး ပစ္စည်းတစ်ခုဖြစ်ပြီး ဖန်ရှန်းတောင်ကြားက နတ်ဆိုးတွေကို နှစ်ထောင်ပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့ နတ်ဘုရားလက်နက်လေ”

“ဘယ်လိုလုပ်၊ ဘယ်လိုလုပ်ပြီး အဲဒီ မြေခွေးမိစ္ဆာရဲ့ လက်ထဲကို ရောက်နေရတာလဲ”

ရှောင်ဟွမ်မှာ တုန်လှုပ်သွားပြီး ရွှမ်ဟော့ကျန့်မှန်ကို လှမ်းကြည့်လိုက်ကာ မေးလိုက်လေ၏။

“ဒီမှော်လက်နက်က တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား”

ကျိုးယီရှန်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး တီးတိုးရေရွတ်လိုက်လေသည်။

“လောကကြီးက တကယ်ကို ပြောင်းလဲသွားပြီပဲ။ ဖြောင့်မတ်တဲ့ တပည့်တစ်ယောက်က အလွန် ပြင်းထန်တဲ့ မိစ္ဆာစွမ်းအင်တွေ ပါတဲ့ မှော်လက်နက်ကို သုံးနေပြီး နတ်ဆိုးရဲ့ လက်ထဲမှာကျတော့ နတ်ဘုရားလက်နက်တစ်ခု ရောက်နေတယ်ပေါ့လေ”

“ဟွန်း.. ဘိုးဘိုးက စိတ်ဝင်စားစရာ တစ်ခုခုကြောင့် အံ့သြနေတာလို့ သမီးက ထင်နေတာ”

ရှောင်ဟွမ်က အထင်သေးဟန်ဖြင့် ပြောလိုက်လေသည်။

ကျိုးယီရှန်က ဒေါသတကြီး ပြောလိုက်လေသည်။

“မင်း ဘာပြောလိုက်တယ်”

ရှောင်ဟွမ်က ပြန်ပြောလိုက်၏။

“ဒီလောက် ခေတ်နောက်ကျနေတဲ့ စကားတွေကို ဘိုးဘိုးက ပြောထွက်နေသေးတယ်ပေါ့။ အခုက ဘယ်ခေတ်ရောက်နေပြီလဲ၊ အကောင်းနဲ့ အဆိုးကြားက ကွာခြားချက်ကို ဂရုစိုက်နေတုန်းပဲလား”

ကျိုးယီရှန်မှာ အာစေးမိသွားသကဲ့သို့ ဖြစ်သွားပြီး ဘာမှ မပြောနိုင်တော့ချေ။

All Chapters