အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) - နဂါးနက်ဂူ (၁)
သူတို့ မျက်မှောင်ကြုတ်လိုက်ကြသည်။ ထိုဆွဲဆောင်မှုရှိသော မိန်းမလှလေးသည် ဝိုင်းရံခံထားရချိန်တွင် ထူးဆန်းသော မှော်လက်နက်တစ်ခုကို ထုတ်ယူလိုက်ရာ သေရေးရှင်ရေး တိုက်ပွဲဝင်ရန် ပြင်ဆင်နေပုံရလေသည်။
လူတိုင်းက သတိထားနေကြသော်လည်း ရှီထုံကအော်ဟစ်ကာ သူ၏ ရွှေရောင်တင်းပုတ်ကို ကိုင်ဆောင်လျက် ရှေ့သို့ ပြေးဝင်သွားလေသည်။
ကျန်းရှောင်ဖန်းမှာ သတိပေးရန် အချိန်ပင် မရလိုက်ချေ။ အမြီးသုံးချောင်းမြေခွေးမ၏ နူးညံ့သော မျက်ဝန်းများက ရှီထုံအား လှမ်းကြည့်လိုက်ပြီး ကြိုးနီနှစ်ချောင်းပါရှိသော ကျောက်စိမ်းကွင်းကို ဖြည်းညင်းစွာ မတင်ကာ သူမရှေ့တွင် ကာကွယ်ထားလိုက်သည်။
ကျောက်စိမ်းကွင်းမှာ အနည်းငယ် လည်ပတ်သွားပြီး သူမ၏ မျက်နှာကို ရောင်ပြန်ဟပ်နေသည်။
အေးစက်သော လရောင်သည် မီးလျှံကြေးမုံထက်သို့ ကျရောက်နေလေသည်။ ရှေးဟောင်း မီးတောက်အမှတ်အသားသည် တစ်ဖန် ပြန်လည်အသက်ဝင်လာသကဲ့သို့ပင်။
အစစ်အမှန်မီးတောက်အလား အသက်ဝင်လွန်းလှသည်။
ရှီထုံသည် သူ၏ တင်းပုတ်ဖြင့် လေထဲသို့ ခုန်တက်ကာ အော်ဟစ်လိုက်၏။
“မိစ္ဆာမ သေစမ်း”
ထိုအချိန်တွင် မီးတောက်အမှတ်အသား တည်ရှိရာ မီးလျှံကြေးမုံ၏ အလယ်ဗဟိုသည် မူလအနီရောင်မှ အနီရင့်ရောင်သို့ ပြောင်းလဲသွားလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးတောက်အမှတ်အသားသည် နတ်မီးလျှံဖြင့် တောက်ပလာလေသည်။
ထိုမီးတောက်အမှတ်အသားလေးမှာ မီးပွားလေးမှစ၍ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်ကြီးတစ်ခု ဖြစ်လာလေသည်။
ဆွဲဆောင်မှုရှိသော မိန်းမလှလေးကို ဗဟိုပြုလျက် အပူရှိန်တစ်ခုက အရပ်မျက်နှာအနှံ့သို့ ပြင်းထန်စွာ ပျံ့နှံ့သွားလေတော့သည်။
သူမ ရပ်နေသော မြေပြင်မှလွဲ၍ သုံးကိုက်ပတ်လည်အတွင်းရှိ အပင်အားလုံးမှာ ညိုးနွမ်းသွားလေသည်။ သို့သော်လည်း မီးတောက်ကိုမူ မတွေ့ရပေ။
ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့မှာ အလွန်တုန်လှုပ်သွားကြသည်။ အမြီးသုံးချောင်းမြေခွေးမတွင် ဤမျှ အစွမ်းထက်သော မှော်လက်နက်ရှိမည်ဟု မျှော်လင့်မထားခဲ့ကြပေ။
လေထဲတွင် ရှိနေသော ရှီထုံလည်း ထိုအချင်းအရာကို မြင်တွေ့လိုက်ရလေသည်။ ထိုမှော်လက်နက်၏ အစွမ်းကြောင့် အံ့အားသင့်သွားသော်လည်း သူ၏ မျက်ဝန်းများက အကြောက်တရား ကင်းမဲ့နေပြီး တိုက်ခိုက်လိုစိတ်များ တောက်လောင်လျက်ရှိနေသည်။
သူ၏ ညာလက်က ရွှေရောင်တင်းပုတ်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူကလေထဲတွင် တစ်ပတ်လည်သွားပြီး လေတိုးသံနှင့်အတူ အမြီးသုံးချောင်းမြေခွေးမ၏ ဦးခေါင်းတည့်တည့်သို့ ရိုက်ချလိုက်လေသည်။
လက်နက်သည် လေထဲတွင် ရှိနေဆဲဖြစ်သော်လည်း မြေပြင်ပေါ်တွင်မူ ဖုန်မှုန့်များ ထောင်းထောင်းထနေပြီဖြစ်သည်။
အမြီးသုံးချောင်းမြေခွေးမ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် ပြင်းထန်သော လေပြင်းများကြောင့် လွင့်ထွက်သွားတော့မည့်အလား ရှိနေလေသည်။
သို့သော် သူမက အေးစက်စက် ပြုံးလိုက်ပြီး သူမ၏ လက်ချောင်းများသည် ကြိုးနီများကို ချိတ်ဆွဲလျက် ရှီထုံထံသို့ ချိန်ရွယ်လိုက်၏။
တောက်လောင်နေသော မီးလျှံကြေးမုံမှာ သူမ၏ မျက်လုံးထဲတွင် ပြင်းထန်သော မီးတောက်အစုံကဲ့သို့ ရောင်ပြန်ဟပ်နေလေသည်။
“ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မီးလျှံကြေးမုံ၏ ဗဟိုရှိ အမှတ်အသားမှ မီးနဂါးကြီးတစ်ကောင် ပြင်းထန်စွာထွက်ပေါ်လာကာ ၎င်း၏ ကြမ်းကြုတ်မှုအရှိန်အဝါသက်သက်ဖြင့် ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေခဲ့လေသည်။
ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးတောက်များ လွှမ်းခြုံထားပြီး တောအုပ်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေလေသည်။
ရှီထုံမှာ အံ့အားသင့်သွားသည်။ မီးနဂါးကြီးမှာ လျင်မြန်စွာ ကြီးမားလာပြီး ရွှမ်ဟော့ကျန့်မှ ထွက်လာစဉ်က မီးတောက်တစ်ခုမျှသာ ဖြစ်သော်လည်း ယခုအခါ နဂါး၏ ဦးခေါင်းသည် လူနှစ်ယောက်စာခန့် ကြီးမားနေပြီဖြစ်သည်။
အထူးသဖြင့် ၎င်းထံမှ ထွက်ပေါ်လာသော အပူရှိန်မှာ ပန်းပဲဖိုတစ်ခုများလားဟု သံသယဖြစ်ရလောက်အောင် ပြင်းထန်လွန်းလှပေသည်။
မီးနဂါးကြီး၏ စွမ်းအားအောက်တွင် ရှီထုံ၏ နားသယ်စပ်မှ ဆံပင်များသည် တိုက်ပွဲမစတင်မီကပင် အဝါရောင်သို့ ပြောင်းလဲလာကြောင်း အောက်ဘက်ရှိ မြင်တွေ့နိုင်ပေသည်။ ရှီထုံ ရင်ဆိုင်နေရသော အခြေအနေကို စိတ်ကူးကြည့်၍ ရနိုင်လေသည်။
သို့ရာတွင် ရှီထုံမှာ အံ့အားသင့်သွားသော်လည်း ကြောက်ရွံ့ပြီး နောက်ဆုတ်မသွားခဲ့ပေ။ သူ၏ ကျင့်ကြံဆင့်အောက်တွင် ရွှေရောင်တင်းပုတ်၏ ရွှေရောင်အလင်းတန်းများမှာ ပိုမိုတောက်ပလာပြီး မီးနဂါးကြီး၏ ဦးခေါင်းကို ရိုက်ချလိုက်လေသည်။
မီးနဂါးကြီးက လေထဲတွင် ဟိန်းဟောက်လိုက်ပြီး ကြီးမားသော မျက်လုံးအစုံမှ ပြင်းထန်သော မီးတောက်နှစ်ခု ပစ်လွှတ်လိုက်၏။ ၎င်းက မေးရိုးကို ဟကာ တင်းပုတ်ကြီးကို လှမ်းကိုက်လိုက်လေသည်။
ရွှေရောင်နှင့် နီရဲသော အလင်းတန်းတို့သည် ဗဟိုမှ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ရှီထုံသည် သူ၏ လက်ထဲရှိ ရွှေရောင်တင်းပုတ်မှာ လွန်စွာ ပူလောင်လာသဖြင့် ဆက်လက် မကိုင်တွယ်နိုင်တော့ကြောင်း ခံစားလိုက်ရသည်။
အံ့အားသင့်မှုအောက်တွင် သူက အားကုန်သုံးကာ နဂါး၏ ပါးစပ်ထဲမှ ရွှေရောင်တင်းပုတ်ကို ဆွဲထုတ်လိုက်လေသည်။
မီးနဂါးကြီးသည် ကောင်းကင်ယံတွင် ကခုန်နေပြီး ဟိန်းဟောက်ကာ ရှီထုံထံသို့ ဧရာမမီးတိုင်ကြီးတစ်ခု ပစ်လွှတ်လိုက်လေသည်။
ရှီထုံက မာန်သွင်းလိုက်ပြီး သူ၏ လက်နှစ်ဖက်လုံးဖြင့် ရွှေရောင်ကျည်ပွေ့ကို ကိုင်ဆောင်ကာ သူ၏ ရှေ့တွင် ထားလိုက်သည်။ ရွှေရောင်အလင်းတံတိုင်းကို မြှင့်တင်ကာ မီးတိုင်ကို ကာကွယ်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ကြီးမားလှသော စွမ်းအားကြောင့် နောက်သို့ တွန်းထုတ်ခြင်းကိုခံလိုက်ရလေသည်။
ရှီထုံ အရေးနိမ့်ပြီး အန္တရာယ်ရှိနေသည်ကို မြင်သောအခါ ကျန်းရှောင်ဖန်းသည် ဝိညာဉ်ဝါးမျိုတုတ်ကို တိတ်တဆိတ်မြှောက်လျက် မီးနဂါးကြီးထံ ပစ်လွှတ်လိုက်၏။
သို့သော် မီးနဂါးကြီးမှာ ထိုအရာကို လှည်ကြည့်စရာပင် မလိုချေ။ ၎င်းက ဦးခေါင်းကို လှည့်ကာ မေးရိုးကို ဖွင့်လိုက်ရာ နောက်ထပ် မီးတိုင်တစ်ခု ထွက်ပေါ်လာပြန်သည်။
ကျန်းရှောင်ဖန်းမှာ မျှော်လင့်မထားသည့်အတွပ် မီးတောက်လှိုင်းကို ရှောင်ရှားရန် ခက်ခဲသွားသည်။သူက အံကြိတ်ကာ ချီကို ဆက်လက်စီးဆင်းစေလိုက်သည်။
ဝိညာဉ်ဝါးမျိုတုတ်မှာ အစိမ်းရောင်အလင်းတန်းများဖြင့် တောက်ပလာပြီး မီးတိုင်ကို ကာကွယ်လိုက်လေသည်။
ဤအချိန်တွင် အမြီးသုံးချောင်းမြေခွေးမက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သူမက လေထဲသို့ ခုန်တက်ကာ သူမ၏ လက်ထဲတွင် တောက်ပစွာ လင်းလက်နေသော မီးလျှံကြေးမုံဖြင့် ထိုနှစ်ယောက်ထံသို့ ပြေးဝင်သွားတော့သည်။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့မှာ မီးနဂါးကြီးနှင့် တိုက်ခိုက်နေရသဖြင့် နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ အမြီးသုံးချောင်းမြေခွေးမ၏ အနောက်ဘက်တွင် ရပ်နေသော ပိယောင်ပင်လျှင် အတော်လေး အံ့အားသင့်သွားလေသည်။
အရေးပေါ်အခြေအနေအောက်တွင် သူမက အော်ဟစ်ကာ လေထဲသို့ ခုန်တက်လိုက်၏။ သူမ၏ ညာဘက်လက်မှ လက်ချောင်းများက လိမ်ယှက်သွားသည်။
ရှန့်ရှင်းဟွာပန်းသည် မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံတွင် ပြည့်နှက်သွားပြီး အမြီးသုံးချောင်းမြေခွေးမကို အနောက်ဘက်မှ တိုက်ခိုက်လိုက်လေသည်။
မည်သူမျှ မမြင်နိုင်သော နေရာတွင်မူ ပိယောင်၏ ဘယ်ဘက်လက်က ခါးတွင် တိတ်ဆိတ်စွာ နေရာယူထားပြီး သူမ၏ လက်ထဲတွင် ရွှေရောင်ခေါင်းလောင်းလေးကို ကိုင်ဆောင်ထားပေသည်။
အမြီးသုံးချောင်းမြေခွေးမသည် ရှန့်ရှင်းဟွာပန်း၏ စွမ်းအားကို သိရှိပုံရ၏။ သူမက ရှောင်တိမ်းလိုက်ပြီး တိုက်ရိုက် ရင်မဆိုင်ခဲ့ပေ။
ပိယောင်ကလည်း ဆက်မလိုက်တော့ဘဲ ကျန်းရှောင်ဖန်းထံသို့ ပြေးသွားကာ လေထဲတွင် သူ၏ဘေး၌ ရပ်လိုက်လေသည်။
ကျန်းရှောင်ဖန်းက ခေါင်းမော့ကာ သူမကို လှမ်းကြည့်လိုက်သည်။ ပိယောင်၏ မျက်လုံးများကလည်း သူ့ထံသို့ လှည့်လာလေသည်။
ကျန်းရှောင်ဖန်းသည် အကြောင်းပြချက်တစ်ခုခုကြောင့် သူ၏ ခေါင်းကို ချက်ချင်း လွှဲဖယ်လိုက်လေသည်။
မီးနဂါးကြီးမှာ ကောင်းကင်ယံတွင် ဝံ့ကြွားစွာ ရပ်နေဆဲပင်။ သို့ရာတွင် ပိယောင်က သူမကို တိုက်ခိုက်ပြီးနောက် အမြီးသုံးချောင်းမြေခွေးမသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ကိုဝှေ့ယမ်းကာ မီးလျှံကြေးမုံကို ပြန်လည်ဆင့်ခေါ်လိုက်သည်။
ထို့နောက် သူမသည် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မှောင်မိုက်နေသော တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
အဝေးတစ်နေရာတွင် ကျိုးယီရှန်က သက်ပြင်းရှည်ကြီးချလိုက်ကာ စကားပြောလိုက်၏။
“ကောင်းတယ်၊ ကောင်းတယ်။ အမြီးသုံးချောင်းမြေခွေးမရဲ့ ကျင့်စဉ်စွမ်းအားက မလုံလောက်လို့ မီးလျှံကြေးမုံရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်ဘဲ ဟိုလူငယ်လေးတွေကို ခြောက်လှန့်ရုံပဲ တတ်နိုင်ပုံရတယ်”
“ရွှမ်ဟော့ကျန့်ရဲ့ အစစ်အမှန် စွမ်းအားနဲ့သာဆိုရင် အဲဒီလူတွေ အန္တရာယ်များသွားပြီ”
ရှောင်ဟွမ်က မပျော်မရွှင်ဖြင့် ပြန်ပြောလိုက်သည်။
“သူ့ကျင့်စဉ်စွမ်းအား မလုံလောက်ဘူးဆိုတာ အဘိုးက ဘယ်လိုလုပ် သိတာလဲ။ တစ်ယောက်တည်းနဲ့ သုံးယောက်ကို ရင်ဆိုင်ရတာတောင် သူက အရေးနိမ့်မနေတာကို သမီးတော့ မြင်သားပဲ”
ကျိုးယီရှန်က သူမကို စူးရဲစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းက ဘာသိလို့လဲ။ မီးလျှံကြေးမုံဆိုတာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ လက်နက်တစ်ခုဖြစ်ပြီး အရမ်းအစွမ်းထက်တယ်”
“ဒဏ္ဍာရီတွေအရ သူ့ရဲ့ အစွမ်းအထက်ဆုံး အချိန်မှာဆိုရင် တောကန္တာရနဂါးကို ဆင့်ခေါ်နိုင်ပြီး လောကကြီးတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပစ်နိုင်တယ်။ အဲဒီ မာနကြီးတဲ့ လူငယ်လေးတွေကို ပြာတောင်မကျန်အောင် အမှုန်အမွှားတွေအဖြစ် ပြောင်းလဲပစ်နိုင်တယ်”
ရှောင်ဟွမ်က နှာမှုတ်လိုက်ပြီး သူ့ကို လျစ်လျူရှုကာ ခေါင်းလှည့်လိုက်သည်။ သူမက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။
“အဘိုး၊ သူတို့တွေ နောက်ကနေ လိုက်သွားတော့မယ်ထင်တယ်”
ကျိုးယီရှန်မှာ အံ့အားသင့်သွားပြီး လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ဖန်းနှင့် အခြားသူများသည် ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် အမြီးသုံးချောင်းမြေခွေးမ ပျောက်ကွယ်သွားသည့် တောအုပ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။
ရှီထုံက ရှေ့ဆုံးမှ သွားလေသည်။ ကျန်းရှောင်ဖန်းသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပိယောင်မှာ မလှုပ်ရှားသေးကြောင်း တွေ့ရှိသွားသည်။ သူက ပိယောင်ဘက်သို့ လှည့်ကာ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားသည်။ သူ၏ မျက်နှာမှာ အနည်းငယ် နီရဲနေလေသည်။
ပိယောင်က ပြုံးလိုက်ပြီး သူ့ကို တိတ်တဆိတ် အပြစ်တင်စကားဆိုလိုက်ကာ ဆက်လျှောက်သွား၏။ ကျန်းရှောင်ဖန်းမှာ အနည်းငယ်စိုးရိမ်သွားသော်လည်း ခေါင်းယမ်းကာ နောက်မှ လိုက်ပါသွားလေသည်။
ကျိုးယီရှန်မှာ ကြောင်အမ်းသွားပြီး ခြေဆောင့်ကာ ပြောလိုက်၏။
“အဲဒီ လူငယ်လေးတွေက တကယ်ပဲ သေရမှာကို မကြောက်ကြဘူးပဲ။ အဲဒီ အမြီးသုံးချောင်းမြေခွေးမရဲ့ လက်ထဲမှာ မီးလျှံကြေးမုံရှိနေတာတောင် သူတို့က လိုက်ရဲတဲ့ သတ္တိရှိသေးတယ်”
ရှောင်ဟွမ်က သူမ၏ သကြားလုံးကို ကိုက်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
“အဘိုး ခုနကပဲ အမြီးသုံးချောင်းမြေခွေးမရဲ့ ကျင့်စဉ်စွမ်းအားက ရွှမ်ဟော့ကျန့်ရဲ့ စွမ်းအားကို အပြည့်အဝထုတ်သုံးဖို့ မလုံလောက်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီလိုဆိုရင် သူက ရွှမ်ဟော့ကျန့် မရှိသလိုမျိုးပဲပေါ့။ အဲဒီလူငယ်လေးတွေက ဘာကို ကြောက်ရမှာလဲ”
ကျိုးယီရှန်မှာ ဆွံ့အသွားပြီး လည်ချောင်းဆို့သွားသကဲ့သို့ မည်သည့်စကားမျှ မပြောနိုင်တော့ပေ။ အတန်ကြာပြီးနောက် သူက တစ်စုံတစ်ရာကို သတိရသွားပြီး လျင်မြန်စွာ ပြောလိုက်သည်။
“မြန်မြန်လုပ်၊ ငါတို့လည်း သွားဖို့ လိုတယ်”
ဤတစ်ကြိမ်တွင် အံ့အားသင့်သွားသူမှာ ရှောင်ဟွမ် ဖြစ်လေသည်။
“သွားမယ်၊ ဘယ်ကိုသွားမှာလဲ”
ကျိုးယီရှန်က သွက်လက်သော ခြေလှမ်းများဖြင့် လျှောက်သွားရင်း ပြန်ဖြေလိုက်သည်။
“မိစ္ဆာကို သတ်ဖို့ပေါ့”
ရှောင်ဟွမ်က သူမ၏ မျက်နှာတွင် အေးစက်စက် အပြုံးတစ်ခုဖြင့် နောက်မှလိုက်သွားရင်း ပြောလိုက်သည်။
“အရင်တုန်းက မိစ္ဆာကြီးတွေရော မိစ္ဆာလေးတွေရော မိစ္ဆာတွေအများကြီးနဲ့ ကြုံခဲ့ရပေမယ့် အဘိုးပြေးတာကိုပဲ မြင်ဖူးတယ်၊ တကယ်သတ်တာ မမြင်ဖူးသလိုပဲနော်”
ကျိုးယီရှန်မှာ မျက်နှာနီရဲသွားပြီး ပြောလိုက်၏။
“ငါတို့လို လှည့်လည်သွားလာနေတဲ့ သူတွေအတွက် အရေးကြီးဆုံးက ကိုယ့်ရဲ့ ကန့်သတ်ချက်ကို သိဖို့ပဲ........ဟေ”
သူ၏ စကားမဆုံးမီမှာပင် လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ အာရုံသည် အခြားတစ်စုံတစ်ရာဆီသို့ ရောက်သွားလေသည်။
သူ ကြည့်နေသော အရပ်ဆီသို့ အာရုံစိုက်လိုက်ရာ ကျိုးယီရှန်သည် ရှေးဟောင်းရေတွင်းကို ကြည့်နေကြောင်း ရှောင်ဟွမ် တွေ့လိုက်ရသည်။
ဤအချိန်တွင် ကျန်းရှောင်ဖန်းနှင့် အခြားသူများမှာ အမှောင်ထုထဲသို့ တိုးဝင် ပျောက်ကွယ်သွားပြီဖြစ်သည်။ မရေမတွက်နိုင်သော မိစ္ဆာများလည်း ထွက်ခွာသွားကြပြီဖြစ်သည်။
တောအုပ်ထဲတွင် ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့သာ ကျန်ရစ်တော့၏။ အေးစက်သော လရောင်သည် ရှေးဟောင်းရေတွင်းပေါ်သို့ ကျရောက်နေပြီး ရေညှိများနှင့် အက်ကွဲကြောင်းများကို ဝမ်းနည်းမှု၊ အထီးကျန်မှုတို့ဖြင့် လင်းလက်စေလေသည်။
ကျိုးယီရှန်က အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ၎င်းထံသို့ လျှောက်သွားသည်။ ရှောင်ဟွမ်က သူ၏ အနောက်မှ လိုက်သွား၏။ သူမမှာ အနည်းငယ် စိုးရိမ်နေပြီး မေးလိုက်သည်။
“အဘိုး၊ ဘာလုပ်ချင်လို့လဲ”
ကျိုးယီရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဒီရေတွင်းမှာ ဘာတွေများ ထူးခြားနေလဲဆိုတာ ကြည့်ရမယ်။ အမြီးသုံးချောင်းမြေခွေးမက အဲဒီကောင်လေး ဘာမြင်ခဲ့လဲဆိုတာကိုချည်းပဲ ဘာဖြစ်လို့အမြဲတမ်း မေးနေရတာလဲ။ အကြောင်းအရင်းတစ်ခုခုတော့ရှိရမယ်”
ရှောင်ဟွမ်မှာ ရေတွင်းနှင့် ခြေသုံးလှမ်းခန့်အကွာတွင် ရပ်တန့်သွားသည်။ သူမ၏ စိတ်ထဲတွင် အနည်းငယ် ကြောက်လန့်နေမိသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသော်လည်း အမှောင်ထုထဲတွင် မရေမတွက်နိုင်သော မျက်လုံးများက သူမကို စောင့်ကြည့်နေကြောင်း ခံစားလိုက်ရလေသည်။
ကျိုးယီရှန်သည် ရေတွင်းဘေးသို့ ရောက်ရှိသွားသည်။ သူက ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ထူးခြားချက်တစ်စုံတစ်ရာ မတွေ့ရသဖြင့် ရေတွင်းထဲသို့ ငုံ့ကြည့်ရန် ပြင်လိုက်သည်။ ရှောင်ဟွမ်က ရုတ်တရက် စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်သည်။
“အဘိုး၊ သတိထားနော်”
ကျိုးယီရှန်က သူမကို လှမ်းကြည့်လိုက်ပြီး ပြုံးပြလိုက်၏။
“ဘာမှမဖြစ်ပါဘူး”
ထို့နောက် သူက အောက်သို့ငုံ့ကာ ရေတွင်းထဲသို့ ကြည့်လိုက်လေသည်။