အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃) - နဂါးနက်ဂူ (၂)
ရှောင်ဟွမ်က သူ၏ မျက်နှာကို စိုက်ကြည့်နေသည်။ ကျိုးယီရှန်၏ လေးနက်နေသော မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာတစ်ခု ပေါ်လာပြီးနောက် ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားကာ၊ ထိုမှတစ်ဆင့် ဝေခွဲမရဖြစ်မှုအဖြစ်သို့ ပြောင်းလဲသွားပြန်၏။ သူက ခေါင်းမော့ကာ စဉ်းစားနေလေသည်။
ရှောင်ဟွမ်က ရှေ့သို့ တိုးလာပြီး တီးတိုးမေးလိုက်သည်။
“အဘိုး၊ ဘာတွေမြင်ခဲ့ရလို့လဲ”
ကျိုးယီရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“အရမ်းကြီးတဲ့ရွှေပုံကြီးကို မြင်လိုက်ရတယ်”
ရှောင်ဟွမ် “…….”
ကျိုးယီရှန်က သူကိုယ်သူ စကားပြောနေလေသည်။
“ရေတွင်းထဲက ရေရဲ့ ရောင်ပြန်ဟပ်မှုက လူတစ်ယောက်ရဲ့ ပုံရိပ်မဟုတ်ဘူး၊ ထူးဆန်းတယ်.......”
“အာ”
ရုတ်တရက် ရှောင်ဟွမ်က အော်ဟစ်လိုက်သည်။ ကျိုးယီရှန်မှာ အံ့အားသင့်သွားပြီး သူမဘက်သို့ လျင်မြန်စွာ လှည့်ကြည့်လိုက်၏။ ရှောင်ဟွမ်လည်း ရေတွင်းထဲသို့ ငုံ့ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူမက ခေါင်းမော့လာလေသည်။
ကျိုးယီရှန်မှာ ခဏတာ ကြောင်အမ်းသွားပြီးနောက် မေးလိုက်သည်။
“ဟွမ်အာ မင်းရော ဘာမြင်ရလဲ”
ရှောင်ဟွမ်က ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။
“အရမ်းကြီးတဲ့ သကြားလုံးကြီးတွေကို မြင်လိုက်ရတယ်”
ကျိုးယီရှန်မှာ လည်ချောင်းထဲမှသွေးများဆို့တက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် တောအုပ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ လျှောက်သွားကြစဉ် ကျိုးယီရှန်က ရှောင်ဟွမ်ကို တီးတိုးပြောလိုက်သည်။
“ငါ စဥ်းစားနေတာ။ ဒီရေတွင်းက ဒဏ္ဍာရီထဲက လမင်းရေတွင်းဖြစ်ဖို့များတယ်။ လပြည့်ညမှာ တစ်ယောက်ယောက်က အဲဒီအောက်ကို ငုံ့ကြည့်မယ်ဆိုရင် သူတို့ အချစ်ရဆုံးသူ ဒါမှမဟုတ် အရာဝတ္ထုကို မြင်ရလိမ့်မယ်တဲ့”
“ဒါပေမယ့် ဘာဖြစ်လို့ အမြီးသုံးချောင်းမြေခွေးမက အဲဒီကောင်လေး ရေတွင်းထဲမှာ ဘာမြင်ခဲ့လဲဆိုတာကိုချည်း ဆက်တိုက်မေးနေရတာလဲဆိုတာ ငါ နားမလည်နိုင်သေးဘူး။ ဒါပေမယ့် အခုတော့ အဲဒီကောင်လေး ဘာမြင်ခဲ့လဲဆိုတာကို ငါတကယ်ပဲ သိချင်နေပြီ......”
တောအုပ်မှာ အပြင်ဘက်မှ ကြည့်လျှင် ကြီးမားပုံမပေါ်သော်လည်း ကျန်းရှောင်ဖန်းနှင့် အခြားသူများ ထိုနေရာသို့ ရောက်ရှိသွားသောအခါ ကျယ်ပြောလှသော ညဉ့်ဦးယံ၏ အလင်းရောင်အောက်တွင် အဆုံးမဲ့နေသည့်အလား ထင်ယောင်ထင်မှား ဖြစ်စေလေသည်။
သူတို့သုံးဦးသည် ကိုယ်ပိုင်မှော်လက်နက်များကို ဆင့်ခေါ်ကာ အမှောင်ထုထဲတွင် ခရီးနှင်ရင်း သူတို့ရှေ့ရှိ အဖြူရောင်အလင်းတန်းကို အနီးကပ် လိုက်လံရှာဖွေနေကြသည်။ ၎င်းမှာ အမြီးသုံးချောင်းမြေခွေးမ ထွက်ပြေးသွားသော ခြေရာဖြစ်ပေသည်။
သို့သော် မျှော်လင့်ထားသည့်အတိုင်း အဖြူရောင်အလင်းတန်းမှာ လေထဲသို့ ရုတ်တရက် တိုးဝင်ပျောက်ကွယ်သွားလေသည်။
သူတို့၏ မှော်လက်နက်များနှင့်အတူ ကျန်းရှောင်ဖန်းယနှင့် အခြားသူများသည် အဖြူရောင်အလင်းတန်း ပျောက်ကွယ်သွားသည့်နေရာသို့ ရောက်ရှိလာကြ၏။
သစ်တောများ ထူထပ်နေပြီး တောအုပ်အစတွင် တောင်ကုန်းငယ်တစ်ခု ရှိလေသည်။ တောင်ကုန်းဘေးတွင် ဂူပေါက်ဝတစ်ခု ရှိနေသည်။ ဂူပတ်လည်ရှိ ကျောက်တုံးများမှာ အားလုံး အနက်ရောင်ဖြစ်နေပေသည်။
ထိုနေရာသည် နဂါးနက်ဂူဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
သူတို့သုံးဦးသည် ဂူပေါက်ဝရှေ့တွင် ရပ်နေကြ၏။ သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ဂူဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဂူပေါက်ဝမှာ မကြီးမားလှဘဲ အတွင်းပိုင်း၌ လုံးဝ မှောင်မိုက်နေကာ သူတို့ကို အဆုံးမဲ့နေသည့် ခံစားချက်တစ်ခု ပေးစွမ်းနေလေသည်။ အေးစိမ့်သော လေပြင်းများက ဂူထဲမှ တိုက်ခတ်လာပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ထိုးဖောက်ဝင်ရောက်လာသည့်အလား ရိုက်ခတ်နေပေသည်။
ပိယောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒီဂူထဲမှာ ခန့်မှန်းလို့မရနိုင်တဲ့ အန္တရာယ်တွေ ရှိနေပြီး အဲဒီမြေခွေးမလက်ထဲက မှော်လက်နက်ကလည်း အရမ်းကို အစွမ်းထက်တယ်။ ကျွန်မတို့တွေ စွန့်စားပြီး မသွားသင့်ဘူးထင်တယ်”
ကျန်းရှောင်ဖန်းက သူမကို လှမ်းကြည့်လိုက်သည်။ သူ တစ်စုံတစ်ရာ မပြောရသေးမီ ရှီထုံက ကျယ်လောင်စွာ ပြောလိုက်လေသည်။
“ညီအစ်ကိုကျန်း၊ ကျုပ်တို့ ဒါကို အဆုံးသတ်ဖို့ လိုတယ်။ ဒီနေ့ ဒီနေရာမှာ လွယ်လွယ်နဲ့ အရှုံးပေးလိုက်မယ်ဆိုရင် အဲဒီမြေခွေးမက နောက်ပိုင်းမှာ ပြန်လာပြီး ကပ်ဘေးတွေ ထပ်ဖြစ်စေလိမ့်မယ်”
ကျန်းရှောင်ဖန်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“အစ်ကိုရှီပြောတာ မှန်တယ်၊ ကျွန်တော်တို့ ဝင်သွားကြတာပေါ့”
ပိယောင်မှာ ဒေါသထွက်သွားသော်လည်း ကျန်းရှောင်ဖန်းက လှည့်လာကာ တီးတိုးပြောလိုက်သည်။
“အထဲမှာ တကယ်ပဲ အန္တရာယ်များတယ်။ အစ်ကိုရှီနဲ့ ကျွန်တော်က လမ်းမှန်ဘက်တော်သားတွေဆိုတော့ ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ မင်း…မင်း…”
သူက စကားခဏရပ်လိုက်ပြီးနောက် တစ်ဖက်သို့ လှည့်သွားသော်လည်း အသံကတော့ ထွက်ပေါ်လာဆဲဖြစ်လေသည်။
“မင်းရဲ့ လုံခြုံရေးက အရေးကြီးတယ်၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ မဆွဲသွင်းပါနဲ့”
ပိယောင်သည် ကျန်းရှောင်ဖန်း၏ မျက်နှာကို မမြင်ရသော်လည်း သူ၏ ရင်တွင်းမှ ထွက်ပေါ်လာသည့် စစ်မှန်သောဂရုစိုက်မှုကိုမူ ခံစားနိုင်လေသည်။
သူမ၏ ရင်ထဲသို့ ချိုမြိန်သော ခံစားချက်တစ်ခု ဝင်ရောက်လာသော်လည်း သူမက အေးစက်စက်ပင် ပြန်ပြောလိုက်၏။
“ကျွန်မ ဝင်ချင်ရင် ဝင်သွားမှာပဲ၊ ရှင်က ဘာလုပ်နိုင်မှာမို့လို့လဲ”
ကျန်းရှောင်ဖန်းမှာ ဆွံ့အသွားပြီး မည်သည့်စကားမျှ မပြောနိုင်တော့ပေ။
ထိုသူနှစ်ဦး၏ ထူးဆန်းသော အမူအရာကို ရှီထုံ မြင်သောအခါ ခေါင်းခါမ်းလျက် ပြောလိုက်သည်။
“ညီအစ်ကိုကျန်း၊ ကျုပ်တို့ ဝင်ကြမယ်”
ကျန်းရှောင်ဖန်းက ပြန်ဖြေလိုက်ပြီး ပိယောင်ကို ထပ်မံ၍ ခိုးကြည့်လိုက်သည်။ ပိယောင်က နှာမှုတ်လိုက်ပြီး သူတို့ရှေ့မှ ရွေ့လျားကာ ဂူထဲသို့ ဝင်ရောက်သွားလေသည်။
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး သူမနောက်သို့ လျင်မြန်စွာ လိုက်သွားသည်။ သူ၏ နားထဲတွင် လေပြင်းတိုက်ခတ်သံများ ထွက်ပေါ်နေပြီး ရှီထုံလည်း သူ၏နောက်မှ လိုက်လာပါလေသည်။
အမှောင်ထုထဲတွင် ပိယောင်၏ လက်ထဲရှိ ရှန့်ရှင်းဟွာပန်းမှာ ဖြည်းညင်းစွာ တောက်ပလာလေသည်။ နူးညံ့သော အဖြူရောင်အလင်းတန်းသည် သူမပတ်လည် ငါးပေခန့် နေရာအထိ လွှမ်းခြုံထားလေသည်။
နံရံမှာ မှင်ကဲ့သို့ မည်းနက်နေပြီး သံမဏိကဲ့သို့ မာကျောကာ လွန်စွာ အေးစက်သော ထူးဆန်းသည့် ကျောက်တုံးများနှင့် ပြည့်နှက်နေသည်။
နဂါးနက်ဂူသည် ကုန်းစွန်းတောင်ရှိ သွေးစက်ဂူနှင့် အလွန်တူညီနေသည်။ လမ်းကြောင်းသည် မြေအောက်သို့ တိုက်ရိုက်ဆင်းသွားပြီး ဆင်ခြေလျှောမှာ သွေးစက်ထက်ပင် ပို၍ မတ်စောက်နေလေသည်။
ရွာသားများ တူးဖော်ထားခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ သဘာဝအတိုင်း ထိုသို့ဖြစ်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
သူတို့သုံးဦး အချိန်အနည်းငယ်ကြာ လမ်းလျှောက်သွားပြီးနောက် မြေအောက်သို့ နက်ရှိုင်းစွာ ရောက်ရှိသွားကြပြီဖြစ်သော်လည်း မည်သည့်အသံမျှ မကြားရဘဲ သက်ရှိများ အရိပ်အယောင်လည်း မတွေ့ရပေ။
ကြောက်မက်ဖွယ်ကောင်းသော သွေးစုပ်လင်းနို့များ နေထိုင်သည့် သွေးစက်ဂူနှင့် ကွာခြားလှသည်။ ကျန်းရှောင်ဖန်း လမ်းလျှောက်နေစဉ် သူ၏ အတွေးများက ဝမ်ဖူဂူတွင် ရှိနေခဲ့စဉ်က အမှတ်တရများဆီသို့ ပြန်လည်ရောက်ရှိသွားပြီး စွန့်ပစ်ချောက်နက်အောက်ရှိ သွေးစက်ဂူထဲတွင် သူနှင့် ပိယောင်တို့ ပိတ်မိနေခဲ့စဉ်က နေ့ရက်များကို ပြန်လည်သတိရမိနေလေသည်။
ထိုအချိန်တွင် ပိယောင်သည် ရုတ်တရက် ရပ်တန့်သွားပြီး ခပ်တိုးတိုး အော်သံတစ်ခု ထွက်ပေါ်လာ၏။ ကျန်းရှောင်ဖန်းက ရှေ့တွင် အန္တရာယ်ရှိသောအရာ တစ်ခုခုရှိနေသည်ဟု ထင်လိုက်သည်။
သူက ပိယောင်၏ဘေးသို့ အလျင်အမြန်ပြေးသွားလိုက်သည်။ ပိယောင်မှာ လန့်ဖျပ်သွားပြီး သူမ၏ တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
ရှေ့ဆက်သွားရန် လမ်းမရှိတော့ချေ။
သူတို့ရှေ့တွင် ချောက်ကမ်းပါးတစ်ခု တည်ရှိနေပြီ အဆုံးသတ်ကိုမမြင်ရပဲ မှောင်မိုက်နေသည်။ သို့သော် အဝေးမှ လှမ်းကြည့်လိုက်ပါက နက်ရှိုင်းသော အမှောင်ထုထဲတွင် တစ္ဆေမီးတောက်ကဲ့သို့ အရာဝတ္ထုအချို့ တောက်ပနေသည်ကို တွေ့ရပေသည်။
ကျန်းရှောင်ဖန်းမှာ တုန်လှုပ်သွားပြီး ထိုခဏတွင် သူသည် စွန့်ပစ်ချောက်နက်သို့ ပြန်ရောက်သွားသည်ဟု ထင်မှတ်လိုက်လေသည်။
သို့သော် ဤနေရာသည် စွန့်ပစ်ချောက်နက်နှင့် အလှမ်းဝေးလှပေသည်။ အရွယ်အစားသက်သက်ကို ကြည့်လျှင်ပင် စွန့်ပစ်ချောက်နက်ထက် များစွာသေးငယ်လွန်းလှသည်။
ကျန်းရှောင်ဖန်းက မျက်မှောင်ကြုတ်ကာ ရှီထုံဘက်သို့ ခေါင်းလှည့်လိုက်သည်။ ရှီထုံသည် အစွန်းသို့ လျှောက်သွားကာ တစ်ချက်ကြည့်လိုက်ပြီး ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
“ညီအစ်ကိုကျန်း၊ ကျုပ်တို့ အောက်ကို ဆင်းသွားရမယ်ထင်တယ်”
ကျန်းရှောင်ဖန်းက ခေါင်းညိတ်လိုက်၏။
“အစ်ကိုရှီ ခင်ဗျား သတိထားဖို့ လိုတယ်နော်”
ရှီထုံ၏ မျက်နှာမှာ လေးနက်နေပြီး ပြန်ပြောလိုက်သည်။
“ခင်ဗျားလည်း အတူတူပဲ”
ထို့နောက် သူက လက်ချောင်းဖြင့် ညွှန်ပြလိုက်သည်။ ရွှေရောင်တင်းပုတ်မှာ သူ၏ရှေ့တွင် ပေါ်ထွက်လာပြီး ခုန်တက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အောက်သို့ ဆင်းသွားလေသည်။
ကျန်းရှောင်ဖန်းသည် လှည့်ကာ ပိယောင်ကို ကြည့်လိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ သူ မည်သည့်စကားမျှ မပြောတော့ပေ။ သူက ဝိညာဉ်ဝါးမျိုတုတ်ကို ဆင့်ခေါ်ကာ ရှီထုံနောက်သို့ လိုက်သွားလေသည်။
ပိယောင်သည် သူ၏ အနောက်တွင် ရပ်နေရင်း ရုတ်တရက် ပြုံးလိုက်၏။ ထိုအပြုံးမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေပေသည်။
ရွှေရောင်၊ အစိမ်းရောင်နှင့် အဖြူရောင် အလင်းတန်းတို့သည် ချောက်ကမ်းပါးမှ ဖြည်းညင်းစွာ ဆင်းသက်သွားကြလေသည်။ သူတို့ပတ်လည်တွင် အနက်ရောင်ကျောက်တုံးများ ရှိနေဆဲပင်။
မည်သည့်အသံမျှလည်း ထွက်ပေါ်မလာသေးချေ။ တစ်ခုတည်းသော ထူးခြားချက်မှာ သူတို့ အောက်သို့ ဆင်းလေလေ၊ အပူချိန်မှာ မြင့်တက်လာလေပင်။
ထိုနည်းအတိုင်းပင် သူတို့သည် အတန်ကြာ ဆင်းသက်သွားကြ၏။ မှော်လက်နက်သုံးခုမှ အလင်းရောင်များဖြင့် ကျန်းရှောင်ဖန်းသည် သူတို့၏ ပတ်ပတ်လည်ကို ဝိုးတဝါးမြင်နေရသည်။
ချောက်ကမ်းပါး၏ အခြားတစ်ဖက်တွင် လမ်းကြောင်းမရှိဘဲ ထူးဆန်းသော နံရံတစ်ခုသာ ရှိနေသည်။
သူတို့ ရပ်နေသည့် နေရာမှ ကြည့်လျှင် ၎င်းမှာ အဆထောင်ပေါင်းများစွာ ကြီးမားချဲ့ထွင်ထားသော ရှေးဟောင်းရေတွင်းတစ်ခုနှင့် တူနေ၏။ ၎င်းက အောက်သို့ ဆက်လက်နိမ့်ဆင်းသွားလေသည်။
ရုတ်တရက် ရှီထုံက အလျင်စလို ပြောလိုက်သည်။
“သတိထား”
ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့မှာ အံ့အားသင့်သွားပြီး ချက်ချင်း ကာကွယ်လိုက်ကြ၏။ နံရံပေါ်တွင် အပေါက်ငယ်တစ်ခု ရှိနေသည်။ တောက်ပနေသော မျက်လုံးအစုံက သူတို့ကို ထိုအပေါက်ထဲမှ စောင့်ကြည့်နေသည်။
ရှီထုံက သူတို့ကို အချက်ပြလိုက်ပြီးနောက် ၎င်းထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလေသည်။ ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့မှာ အသက်အောင့်ထားလိုက်ကြ၏။
သူတို့ အနီးသို့ ချဉ်းကပ်သွားသောအခါ အချိန်ကာလကြာရှည်စွာ အလင်းမရခဲ့သော အမှောင်ထုထဲတွင်၊ ရှီထုံ၏ ရွှေရောင်တင်းပုတ်မှ ရွှေရောင်အလင်းတန်းသည် အပေါက်ပေါ်သို့ ကျရောက်သွားချိန်၌ သူတို့သည် လက်ဖဝါးအရွယ်အစားရှိ ကြွက်ငယ်လေးတစ်ကောင်ကို တွေ့လိုက်ရလေသည်။
ထိုအပေါက်ကို သူ၏ အိမ်အဖြစ် မှတ်ယူထားဟန်တူပြီး မဖိတ်ခေါ်ထားသော ဧည့်သည်များကို မျက်လုံးဖွင့်ကာ စောင့်ကြည့်နေလေသည်။
ရှီထုံက ခေါင်းယမ်းကာ ပြန်လှည့်လာ၏။ ကျန်းရှောင်ဖန်းနှင့် ပိယောင်မှာ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့သုံးဦးမှာ ခါးသီးစွာ ပြုံးလိုက်ကြပြီးနောက် အောက်သို့ ဆက်လက် ဆင်းသွားကြလေသည်။
ထို့နောက်တွင် ဖြစ်ပေါ်လာသော အခြေအနေမှာ သူတို့ လုံးဝ စိတ်ကူးမယဉ်နိုင်ခဲ့သော အရာတစ်ခုပင် ဖြစ်တော့သည်။
တစ်ခု၊ နှစ်ခု၊ သုံးခု..... တစ္ဆေအလင်းတန်းများသည် သူတို့၏ ဘေးနှင့် ပတ်လည်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ အမှောင်ထုထဲတွင် မရေမတွက်နိုင်သော ဟိန်းဟောက်သံများလည်း ထွက်ပေါ်လာလေသည်။
ဂူအတွင်းရှိ သက်ရှိကင်းမဲ့နေသော နေရာ၊ နေရောင်ခြည်ကို မည်သည့်အခါမျှ မမြင်နိုင်လောက်အောင် မှောင်မိုက်နေသည့် ချောက်ကမ်းပါးအောက်၌ပင် မရေမတွက်နိုင်သော သက်ရှိများ နေထိုင်နေကြသည်။
အမှောင်ထုက ၎င်း၏ ရှေးဟောင်းကန့်လန့်ကာကို ဖယ်ရှားလိုက်ချိန်တွင် ထူးဆန်းသော နှလုံးခုန်သံတစ်ခုနှင့်အတူ၊ ထိုကြွက်တွင်းငယ်လေးမှ စတင်ကာ သူတို့ အောက်သို့ ဆက်လက်ဆင်းသက်သွားသည်နှင့်အမျှ အရွယ်အစား အမျိုးမျိုးရှိသော ဂူများ ပေါ်ထွက်လာလေသည်။
ပေအနည်းငယ်တိုင်းတွင် အခြားဂူတစ်ခု ရှိနေပေသည်။ ထိုဂူထဲတွင် ကြွက်များ၊ လင်းနို့များမှစ၍ မျောက်လွှဲကျော်များ၊ ကျားသစ်များအထိ တိရစ္ဆာန်အမျိုးမျိုး အနားယူနေကြ၏။ သူတို့၏ နေ့စဉ် အစာကို မည်သည့်နေရာတွင် ရှာဖွေစားသောက်ကြသနည်း။
ထိုအရာများမှာ သူတို့သိသော တိရစ္ဆာန်များသာ ဖြစ်လေသည်။ သို့သော် သူတို့ ပိုမိုနက်ရှိုင်းစွာ ဆင်းသက်သွားသောအခါ ဂူထဲတွင် နေထိုင်သော ခြေသည်းလေးခုပါ ရေနေကဏန်းတစ်ကောင်၊ ခြေခြောက်ချောင်းပါ ချစ်စရာ ရက်ကွန်းဝံတစ်ကောင်၊ ကျားမွေးနှင့် ချိုနှစ်ချောင်းပါရှိသော ဝက်ကဲ့သို့ သားရဲတစ်ကောင်တို့ကို တွေ့လိုက်ရသဖြင့် သူတို့မှာ ကြက်သေသေသွားကြ၏။ မျိုးစိတ်များမှာ မရေမတွက်နိုင်အောင် များပြားလှပေသည်။
မရေမတွက်နိုင်သော မျက်လုံးများက တစ္ဆေပင်လယ်ကြီးတစ်ခုအဖြစ် ဖန်တီးကာ အလင်းရောင်ထဲရှိ လူသုံးဦးကို စောင့်ကြည့်နေကြသည်။
ကျန်းရှောင်ဖန်းမှာ ပို၍ပင် အံ့အားသင့်သွားပြီး ကျန်းရှူရှူသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် သူ၏ ထူးဆန်းသော စရိုက်လက္ခဏာကြောင့် သူ၏ ပါးစပ်မှာ ရယ်မောလွန်း၍ ပြဲသွားလောက်မည်ဟု တွေးမိလိုက်လေသည်။