← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) - မီးနဂါး (၁)

အမှောင်ထုထဲတွင် မရေမတွက်နိုင်သော မျက်လုံးများက အလင်းရောင်အောက်ရှိ လူသုံးဦးကို စောင့်ကြည့်နေကြ၏။ ကျန်းရှောင်ဖန်းမှာ ကျောချမ်းသွားသလို ခံစားလိုက်ရသည်။

သူက ပိယောင်နှင့် ရှီထုံဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့နှစ်ဦးလုံး၏ မျက်နှာမှာလည်း မကောင်းလှပေ။ ဤသို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးရာ သူတို့သုံးဦးမှာ တုန်လှုပ်ခြောက်ခြားနေကြလေသည်။

သို့သော်လည်း ပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော သတ္တဝါများမှာ သူတို့ကို တိုက်ခိုက်ရန် လှုပ်ရှားခြင်းမရှိကြသေးချေ။

ဒေါသကြီးသော ကျားအချို့ထံမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်မှလွဲ၍ ကျန်သတ္တဝါများမှာ အသံတိတ် စောင့်ကြည့်နေကြရုံသာ ရှိလေသည်။

သူတို့သည် အောက်ဘက်သို့ ဆက်လက်ဆင်းသက်လာခဲ့ကြ၏။

လေးငါးကိုက်ခန့် ရောက်သောအခါ ကျန်းရှောင်ဖန်းသည် မျက်လုံးအရေအတွက်မှာ နည်းပါးသွားသော်လည်း မျက်လုံးများ၏ အရွယ်အစားမှာ ပိုမိုကြီးမားလာကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

သူသည် မျက်မှောင်ကြုတ်လျက် ဘေးနံရံသို့ တိတ်တဆိတ် ချဥ်းကပ်သွား၏။ ဝိညာဉ်ဝါးမျိုတုတ်၏ အလင်းရောင်အောက်တွင် သူထင်ထားသည့်အတိုင်းပင် နံရံပေါ်ရှိ ဂူပေါက်များမှာ နည်းပါးသွားသော်လည်း ဂူပေါက်များ၏ အရွယ်အစားမှာမူ အနည်းဆုံး နှစ်ဆခန့် ပိုမိုကြီးမားလာလေသည်။

ဂူပေါက်အားလုံးနီးပါးမှာ လူတစ်ရပ်စာခန့် မြင့်ကြပြီး ဂူအတွင်းရှိ သတ္တဝါများမှာလည်း ပိုမိုကြီးမားပြီး ပိုမိုရန်လိုကြလေသည်။ ထက်ရှသော အစွယ်များနှင့် လက်သည်းများ၊ အရုပ်ဆိုးသော ပုံပန်းသဏ္ဍာန်များမှာ ကြည့်ရသူကို တုန်လှုပ်ချောက်ချားစေ၏။

ကျန်းရှောင်ဖန်း အနားသို့ ရောက်ရှိလာချိန်တွင် ရန်လိုသော ဝက်ဝံခေါင်းနှင့် တောဝက်ကြီးတစ်ကောင်က ဟိန်းဟောက်လျက် လက်သည်းဖြင့် ကုတ်ဖဲ့ရန် ကြိုးစားလိုက်ရာ သူ့ကို ထိလုနီးပါး ဖြစ်သွားသည်။

ကျန်းရှောင်ဖန်းမှာ အလန့်တကြားဖြစ်သွားပြီး သူ့ဝိညာဉ်လက်နက်ကို အနောက်ဘက်သို့ ပေအနည်းငယ်ခန့် အမြန်ဆုတ်ခွာစေလိုက်၏။

ပိယောင်နှင့် ရှီထုံတို့မှာလည်း ထိုအသံကိုကြား၍ သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။ ကျန်းရှောင်ဖန်းက တီးတိုးပြောလိုက်သည်။

“ဒီက သားရဲတွေက ပိုပြီး ရန်လိုပုံရတယ်။ ငါတို့ ပိုသတိထားရမယ်”

ပိယောင်နှင့် ရှီထုံတို့က ခေါင်းညိတ်ပြကြပြီး ပိုမိုသတိထားလိုက်ကြလေသည်။

နံရံနှင့် နီးကပ်သွားချိန်တွင် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရသည်မှလွဲ၍ သူတို့သုံးဦးမှာ အခြားနှောင့်ယှက်မှုများ မကြုံတွေ့ရသေးပေ။

ထိုသားရဲများမှာ ရန်လိုပုံရသော်လည်း ပျံသန်းနိုင်စွမ်းမရှိကြသဖြင့် သူတို့၏ ဂူများထဲတွင်သာ နေနိုင်ကြသည်။

ကျန်းရှောင်ဖန်းသည် ပျံသန်းမှုကို ထိန်းချုပ်ရင်း စဉ်းစားနေမိသည်မှာ ထိုသားရဲများသည် မပျံသန်းနိုင်ပါက နံရံပေါ်တွင်နေထိုင်ရင်း အစာကို မည်သို့ရှာဖွေကြသနည်း ဟူ၍ပင်။

ဤသို့ဖြင့် သူတို့သုံးဦးမှာ အောက်သို့ ကိုက်အနည်းငယ်ခန့် ဆက်လက်ဆင်းသက်လာခဲ့ကြသည်။

သွေးစက်ဂူမှ ဤနေရာအထိ ဆိုလျှင် သူတို့သည် မြေအောက် ပေရာနှင့်ချီသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း ဤကြီးမားပြီး မှောက်မိုက်လှသော တွင်းနက်ကြီးထဲတွင် ပတ်ဝန်းကျင်ရှိ ထူးဆန်းသော သတ္တဝါများ၏ မျက်လုံးများမှ ထွက်ပေါ်လာသော အလင်းရောင်မှလွဲ၍ အောက်ခြေမှာမူ မမြင်ရသေးဘဲ အဆုံးမရှိသော ချောက်ကြီးအလားပင်။

ယခင်က အတွေ့အကြုံများနှင့် မတူသည်မှာ ဤနက်ရှိုင်းသော ချောက်ကြီးထဲတွင် ချမ်းအေးမှုကို မခံစားရဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပူအိုက်မှုကို ခံစားနေရခြင်းပင်။

ဤနေရာ၏ အပူချိန်မှာ သွေးစက်ဂူ၏ မြေပြင်ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေလေသည်။ ကျန်းရှောင်ဖန်းမှာ ချွေးများ ထွက်လာသည်ကို ခံစားနေရ၏။ ပတ်ဝန်းကျင်မှာ အမှောင်ထုသာ ဖုံးလွှမ်းနေပြီး မီးတောက်မီးလျှံ လက္ခဏာလည်း မတွေ့ရသဖြင့် အလွန်ထူးဆန်းနေချေသည်။

ရှီထုံသည် သူ၏ဝိညာဉ်လက်နက်ကို ထိန်းချုပ်ရင်း ဖြည်းဖြည်းချင်း ဆင်းသက်လာရာမှ ရုတ်တရက် ဆဲရေးလိုက်လေသည်။

“ကော့လောင်ဇီ… အဲဒီမြေခွေးမက တကယ့်ကို ထူးဆန်းတဲ့နေရာမျိုးကို ရွေးတတ်တာပဲ။”

ကျန်းရှောင်ဖန်းက ဘာမှပြန်မပြောသော်လည်း ပိယောင်ကမူ တခစ်ခစ် ရယ်မောနေလေသည်။

ထိုရယ်မောသံမှာ ဆည်းလည်သံကဲ့သို့ကြည်လင်နေပြီး နားဝင်ချိုလှသည်။ သူမက အသံကို နှိမ့်ထားသော်လည်း ဤကဲ့သို့ တိတ်ဆိတ်သော နေရာတွင် အတိုင်းသား ကြားနေရသည်။

ကျန်းရှောင်ဖန်းက ပိယောင်ကို လှည့်ကြည့်လိုက်သည်။

ရှန့်ရှင်းဟွာပန်း၏ နူးညံ့ဖြူစင်သော အလင်းရောင်အောက်တွင် ပိယောင်၏ အပြုံးမှာ ပန်းတစ်ပွင့်ပမာ လှပနေပြီး သူမ၏ မျက်ခုံးတန်းများကြားတွင် နူးညံ့မှုများဖြင့် ပြည့်နှက်နေလေသည်။

သူမကလည်း ကျန်းရှောင်ဖန်း ကြည့်နေသည်ကို ခံစားမိသဖြင့် လှည့်ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြ၏။ ကျန်းရှောင်ဖန်း၏ ရင်ခုန်သံများ မြန်လာသဖြင့် သူက ခေါင်းကို အမြန်လွှဲလိုက်ရလေသည်။

သူတို့ ဆက်လက်ဆင်းသက်လာစဉ် အခြေအနေများ ပြောင်းလဲလာ၏။ ဂူပေါက်များမှာ ပိုမိုကြီးမားလာပြီး အတွင်းရှိ သတ္တဝါများမှာလည်း လူတစ်ရပ်ထက်ပင် ပိုမိုကြီးမားလာကြသည်။

သို့သော်လည်း ဂူအများစုမှာ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူတို့သုံးဦးမှာ အံ့အားသင့်သွားကြသည်။ လေထုထဲတွင်လည်း သွေးညှီနံ့ အနည်းငယ် ရလာလေသည်။

သူတို့ခြေဖဝါးအောက်ရှိ အဆုံးမရှိသော အမှောင်ထုထဲတွင် ကြယ်ပွင့်များ၊ မီးပွားများအလား လင်းလက်လာလေသည်။

ချောက်ကမ်းပါးအထက်တွင် ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့သည် မီးတုတ်ကို ကိုင်စွဲလျက် စိုးရိမ်တကြီးဖြင့် ချောက်ကမ်းပါးအစွန်းသို့ ရောက်ရှိလာကြလေသည်။

ဆက်သွားရန် လမ်းမရှိတော့ဘဲ အတိုင်းအဆမရှိ နက်ရှိုင်းသော ချောက်ကြီးကို မြင်လိုက်ရသောအခါ ကျိုးယီရှန်မှာ စကားပင် မပြောနိုင်လောက်အောင် ဖြစ်သွားလေသည်။

ရှောင်ဟွမ်မှာ ငယ်စဉ်ကတည်းက သူမ၏ အဖိုးနှင့်အတူ လောကအနှံ့ လှည့်လည်ခဲ့သော်လည်း ငယ်ရွယ်သူဖြစ်သဖြင့် ဤကဲ့သို့ မှောင်မိုက်ပြီး တိတ်ဆိတ်လှသော လှိုဏ်ဂူထဲတွင် အနည်းငယ် ကြောက်လန့်နေလေသည်။

သူမက ချောက်နက်ကြီးကို ငုံ့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် အနောက်သို့ ဆုတ်လိုက်ကာ ကျိုးယီရှန်အား မေးလိုက်သည်။

“ဘိုးဘိုး... အဲဒီအောက်ကို ဆင်းဖို့ ဘာနည်းလမ်းရှိလဲ”

ကျိုးယီရှန်က မျက်လုံးအပြူးသားဖြင့် ပြောလိုက်၏။

“ငါတို့က ကျင့်ကြံသူတွေလည်း မဟုတ်ဘူး... ကြိုးလည်း ပြင်မထားမိဘူး... တကယ့်ကို ဂွကျတာပဲ”

ရှောင်ဟွမ်က သက်ပြင်းချလိုက်ရင်း သူမ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

“တော်သေးတာပေါ့... တော်သေးတာပေါ့”

ကျိုးယီရှန်က သူမကို စိုက်ကြည့်ရင်း ဟောက်လိုက်သည်။

“ဘာကို တော်ရမှာလဲ... အဲဒီအောက်မှာ ရွှေတောင်၊ ငွေတောင်တွေ၊ ပုလဲတွေ၊ မြတွေ ငါတို့ကို စောင့်နေမှာ။ ဒါ တကယ်ကို ဆုံးရှုံးမှုကြီးပဲ”

မမြင်ရသေးသော ရတနာများအတွက် သူ၏ လေသံမှာ အလွန်ပင် ဝမ်းနည်းနေပုံရသည်။

ရှောင်ဟွမ်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ညာဘက်လက်ထဲမှ သကြားလုံးကို ငုံရင်း ပြောလိုက်လေသည်။

“ရွှေတောင်၊ ငွေတောင်တွေ မဟုတ်ပါဘူး... အလောင်းတောင်တွေ၊ အရိုးတောင်တွေပဲ ရှိမှာပါ။ ကဲ... အခုတော့ ဆင်းလို့မှ မရတာ... ပြန်ထွက်ကြတာ ပိုကောင်းမယ်ထင်တယ်”

“တကယ်လို့ မိစ္ဆာတစ်ကောင် နှစ်ကောင်နဲ့ တွေ့ရင် ချင်းယွင်ဂိုဏ်းရဲ့ (၁၃) ဆက်မြောက် တပည့်ကြီးဆိုတဲ့ ဘိုးဘိုးက ဘိုးဘေးတွေရဲ့ မျက်နှာကို အိုးမည်းသုတ်တော့မှာပဲ”

ကျိုးယီရှန်က ဒေါသတကြီး ပြောလိုက်၏။

“ပေါက်ကရတွေ... ငါ ကျိုးယီရှန်က ဘိုးဘေးတွေရဲ့ မျက်နှာကို ဘယ်လိုလုပ် အိုးမည်းသုတ်ရမှာလဲ...”

သူ့စကားမဆုံးမီမှာပင် မှောင်မိုက်သော ဂူအတွင်း၌ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာလေသည်။ အလင်းတန်းနှစ်ခု လင်းလက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာလေသည်။

ကျိုးယီရှန်က အော်ဟစ်လိုက်ပြီး ညာဘက်လက်ဖြင့် ရှောင်ဟွမ်ကို ဆွဲလိုက်ကာ ဘယ်ဘက်လက်ဖြင့် အဝါရောင် အဆောင်စာရွက်ကို ကိုင်လျက် ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော်လည်း အလင်းတန်းထဲမှ ပုံရိပ်နှစ်ခုမှာ အရိပ်အလား မြန်ဆန်စွာ ပေါ်ထွက်လာပြီး ကျိုးယီရှန် မန္တန်မရွတ်နိုင်မီမှာပင် လက်နက်တစ်ခုက သူ၏ လည်ပင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ထိတ်လန့်သွားသော်လည်း မလှုပ်ရဲတော့ပေ။

ခဏအကြာတွင် သူ၏ အသက်ကို မသတ်သေးကြောင်း သိလိုက်ရသော်လည်း လည်ပင်းမှ လက်နက်မှာမူ ဖယ်ရှားခြင်း မရှိသေးပေ။

သူသည် သတ္တိမွေး၍ ရှေ့မှလူနှစ်ဦးကို ကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထိုအမျိုးသားမှာ ချောမောပြီး အမျိုးသမီးမှာလည်း နူးညံ့ကာ လှပလွန်းလှသည်။

သူတို့သည် ကျိုးယီရှန်နှင့် တစ်ကိုက်ခန့် အကွာတွင် ရှိနေသော်လည်း ထိုအမျိုးသားက နွေးထွေးစင်ကြယ်သော ကျောက်စိမ်းပေတံတစ်ခုကို ကျိုးယီရှန်၏ လည်ပင်းသို့ ချိန်ထားပြီး ဖြစ်လေသည်။

လှပသောအမျိုးသမီးကလည်း ဓားတစ်လက်ကို ထိန်းချုပ်ကာ ရှောင်ဟွမ်ကို တားဆီးထားလေသည်။ သနားစရာကောင်းသော ရှောင်ဟွမ်လေးမှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာမှာ ဖြူလျော့နေ၏။

သူမက ညာဘက်လက်ဖြင့် သကြားလုံးကို ဆုပ်ကိုင်ထားရင်း အော်ဟစ်ငိုယိုလိုက်သည်။

“မိစ္ဆာအစ်ကိုကြီး... မိစ္ဆာအစ်မကြီးတို့... ကျွန်မကို မစားပါနဲ့။ ကျွန်မက သေးသေးလေးမို့ အသားမရှိပါဘူး... မစားကောင်းပါဘူး။ စားချင်ရင် ကျွန်မရဲ့ ဘိုးဘိုးကိုပဲ စားလိုက်ကြပါ”

ကျိုးယီရှန်မှာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားပြီး ဒေါသတကြီး အော်ဆဲတော့သည်။

“သောက်သုံးမကျတဲ့ မြေးမလေး... ငါ မင်းကို ကျွေးမွေးစောင့်ရှောက်လာခဲ့တာ အလကားပဲ။ အခုလို အရေးကြီးတဲ့ အချိန်ကျမှ မင်းဘိုးဘိုးကို သစ္စာဖောက်ရသလား”

ရှောင်ဟွမ်က မျက်ရည်များဖြင့် ပြန်ပြောလိုက်သည်။

“ဘိုးဘိုး... ကျွန်မကို မကဲ့ရဲ့ပါနဲ့။ အနည်းဆုံးတော့ ဘိုးဘိုး သေသွားရင် ဘိုးဘိုးအတွက် သကြားလုံးတွေ ယူလာပေးမယ့် ကျွန်မ ရှိသေးတာပဲ...”

ကျိုးယီရှန်က ဒေါသတကြီး ဟောက်လိုက်လေသည်။

“အလကားပဲ... ငါက အဲဒီလို စေးကပ်ကပ် အချိုတွေကို တစ်သက်လုံး မုန်းတာ။ ကြက်ကင် ဒါမှမဟုတ် ငါးပေါင်း ဆိုရင်မှ တော်ဦးမယ်...”

ရှောင်ဟွမ်က ခေါင်းညိတ်ပြလိုက်သည်။

“ဘိုးဘိုး... ကျွန်မ နားလည်ပါပြီ။ စိတ်ချလက်ချသာ သွားပါတော့”

“အေး... အဲဒါမှ ငါလည်း စိတ်အေးလက်အေးနဲ့ သွားနိုင်မှာ... နေဦး၊ နေဦး”

ထို့နောက်မှ သူက သတိဝင်လာကာ မျက်ခုံးများ မြင့်တက်သွားပြီး စတင်ကျိန်ဆဲတော့သည်။

“သောက်သုံးမကျတဲ့ မြေးမလေး... ငါက ဘာလို့ စိတ်အေးရမှာလဲ... ဘယ်ကို သွားရမှာလဲ။ အသိတရား မရှိတဲ့ မြေးမ... ငါက...”

ကျိုးယီရှန်က ရှောင်ဟွမ်ကို တစ်ရပ်စပ် ဆဲဆိုနေသည်ကို ကြည့်ရင်း ထိုအမျိုးသားနှင့် အမျိုးသမီးတို့မှာ မျက်မှောင်ကြုတ်လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့၏ ဝိညာဉ်လက်နက်များကို ပြန်လည်သိမ်းဆည်းလိုက်ကြလေသည်။

အမျိုးသမီးက ပြောလိုက်၏။

“စီနီယာအစ်ကို... သူတို့ဆီမှာ မိစ္ဆာစွမ်းအင်တွေ မတွေ့ရဘူး။ မိစ္ဆာနဲ့လည်း မတူဘူး။”

အမျိုးသားက ခေါင်းညိတ်လိုက်ပြီး ကျိုးယီရှန်ဘက်သို့ လှည့်ကာ အော်ပြောလိုက်ရသည်။ ထိုသို့ မအော်ပါက ကျိုးယီရှန်၏ စကားများကို ရပ်တန့်နိုင်မည် မဟုတ်ပေ။

“ခင်ဗျားတို့က ဘယ်သူတွေလဲ ဘယ်ကလာတာလဲ ဘာလာလုပ်တာလဲ”

ကျိုးယီရှန်မှာ လန့်သွားပြီး ချက်ချင်းပင် တည်ငြိမ်သော အမူအရာသို့ ပြန်ပြောင်းလိုက်ကာ ပြောလိုက်သည်။

“ဟို... ဒီအဖိုးကြီးနဲ့ မြေးမလေးက ဒီနေရာမှာ မိစ္ဆာတွေ သောင်းကျန်းနေတယ်ဆိုလို့ လူသားတွေအတွက် မိစ္ဆာတွေကို လာဖမ်းတာပါ”

ရှောင်ဟွမ်မှာ ကြောင်သွားပြီး သူမ၏ အဘိုးကို ကြည့်လိုက်ရာ ကျိုးယီရှန်မှာမူ မျက်နှာမပျက်ပဲ ရုပ်တည်ဖြင့်လိမ်နေသည်ကို မြင်လိုက်ရသည်။

သို့သော်လည်း ထိုအမျိုးသားက သူတို့ကို ကြည့်လျက် အေးစက်စွာ ပြုံးလိုက်၏။

“ခင်ဗျားတို့ရဲ့ ကျင့်စဉ်က အခြေခံအဆင့်ပဲ ရှိသေးတာ... မိစ္ဆာအသေးလေးတွေကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒီလို အန္တရာယ်များတဲ့ နေရာကို လာရဲတာ တကယ့်ကို သတ္တိကောင်းတာပဲ။ အချိန်မနှောင်းခင် အမြန်ပြန်ကြတာ ပိုကောင်းမယ်။”

ကျိုးယီရှန်၏ မျက်နှာအိုကြီးမှာ နီရဲသွားပြီး ရှောင်ဟွမ်ကို ဆွဲလျက် အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။

ထိုလူအိုနှင့် ကလေးမလေးတို့ အမှောင်ထဲတွင် ပျောက်ကွယ်သွားပြီးနောက် ထိုအမျိုးသားက ရှေ့ရှိ ချောက်ကမ်းပါးကို ကြည့်ကာ ပြောလိုက်သည်။

“ဂျူနီယာညီမ... ငါတို့ အောက်ကို ဆင်းရမယ် ထင်တယ်”

လှပသောအမျိုးသမီးက ပြန်ပြောလိုက်သည်။

“ဟုတ်တယ်... ဒီတစ်ခါတော့ ကောင်းကင်က ကျွန်မတို့ကို စောင်မတာပဲ။ နဂါးနက်ဂူထဲမှာ ပုန်းနေတဲ့ မြေခွေးဝိညာဉ်ရဲ့ သတင်းကို ရခဲ့တာပဲ”

“အဲဒီမြေခွေးဝိညာဉ်ကို ရှင်းလင်းပြီး ​မီးလျှံကြေးမုံကို ပြန်ရှာနိုင်ရင် ကျွန်မတို့ ဂိုဏ်းချုပ်ကြီး ဝမ်းသာသွားမှာပဲ”

အမျိုးသားက ပေါ့ပါးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ဒီကိစ္စကို နှောင့်နှေးလို့ မဖြစ်ဘူး... အခုပဲ သွားကြစို့”

ထို့နောက်တွင် အလင်းရောင်များ လင်းလက်လာပြီး ထိုအမျိုးသားနှင့် အမျိုးသမီးတို့မှာ လျှပ်စီးအလား အဆုံးမရှိသော ချောက်နက်ကြီးထဲသို့ ဆင်းသက်သွားကြလေသည်။

သို့သော်လည်း ချောက်ကမ်းပါးပေါ်ရှိ အမှောင်ထုထဲမှ ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့သည် ဖြည်းဖြည်းချင်း ပြန်လည်ပေါ်ထွက်လာကြ၏။ သူတို့သည် ဝေးဝေးသို့ မသွားခဲ့ကြပေ။

ကျိုးယီရှန်က မျက်မှောင်ကြုတ်လျက် ခဏခန့် စဉ်းစားပြီးနောက် ရှောင်ဟွမ်ကို ပြောလိုက်သည်။

“အဲဒီလူငယ်နှစ်ယောက်က အလားအလာ အရမ်းကောင်းတာပဲ... ကျင့်စဉ်အဆင့်လည်း မြင့်တယ်။ သူတို့ရဲ့ လက်အင်္ကျီမှာ မီးတောက်ပုံစံ ပန်းထိုးထားတာ ငါသတိထားမိတယ်။ သူတို့က ဖန်ရှန်းတောင်ကြားက တပည့်တွေ ဖြစ်ရမယ်”

“ဖန်ရှန်းတောင်ကြားလား”

ကျိုးယီရှန်က ခေါင်းညိတ်ပြလိုက်၏။

“ဖန်ရှန်းတောင်ကြားက အရမ်းအင်အားကြီးတယ်။ သူတို့က ချင်းယွင်ဂိုဏ်း၊ ထျန်းယင်ကျောင်းတော်တို့နဲ့အတူ လမ်းမှန်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်သုံးဂိုဏ်းထဲမှာ ပါဝင်တယ်”

“အဲဒီမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ မကြာသေးခင်က ထူးချွန်တဲ့ တပည့်နှစ်ယောက် ပေါ်ထွက်လာတယ်လို့ ကောလဟာလတွေထွက်ထားသေးတယ်”

“တစ်ယောက်က အမျိုးသား၊ တစ်ယောက်က အမျိုးသမီးပဲ။ အမျိုးသားနာမည်က လီရွှင်း၊အမျိုးသမီးက ယန်ဟုန်တဲ့။ သူတို့ရဲ့ ဝိညာဉ်လက်နက်တွေအရ ငါထင်တာသာမမှားဘူးဆိုရင် သူတို့ပဲ ဖြစ်ရမယ်”

ရှောင်ဟွမ်က ချောက်ကမ်းပါးအောက်ကို ကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

“အဘိုး…ခုနက ဆင်းသွားတဲ့ လူသုံးယောက်ကရော...”

ကျိုးယီရှန်က ပခုံးတွန့်ပြလိုက်ပြီး ရှောင်ဟွမ်ကို ဂူအပြင်ဘက်သို့ ဆွဲခေါ်သွားရင်း ပြောလိုက်သည်။

“ငါတို့ သူတို့ကို မကူညီနိုင်ဘူး။ ဒီညကတော့ လူတွေ အရမ်းများနေပြီ... ဘာကောင်းတာမှ ရမှာမဟုတ်တော့ဘူး။ အင်း... နှမြောစရာပဲ”

ရှောင်ဟွမ်က အသာအယာ ရယ်မောလိုက်ပြီး ဘာမှမပြောဘဲ ကျိုးယီရှန်နောက်သို့ ခုန်စွခုန်စွဖြင့် လိုက်ပါသွားတော့သည်။

All Chapters