← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) - မီးနဂါး (၂)

ချောက်ကမ်းပါးမှာ မှောင်မိုက်နေဆဲဖြစ်ပြီး လီရွှင်းနှင့် ယန်ဟုန်တို့၏ ပုံရိပ်များမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကျန်းရှောင်ဖန်းသည် အမှောင်ထုထဲတွင် ရောက်နေစဉ် ပြင်းထန်သော အပူရှိန်နှင့် ထူးဆန်းသော သားရဲများ၏ စိုက်ကြည့်မှုကို ခံနေရသဖြင့် သူသည် စွန့်ပစ်ချောက်နက်ကြီး သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားနေရလေသည်။

ပတ်ဝန်းကျင်ရှိ ဂူပေါက်များမှာ ပိုမိုကြီးမားလာပြီး လူနှစ်ရပ်စာခန့် ရှိနေလေပြီ။ အတွင်းရှိ သားရဲများမှာလည်း ပိုမိုရန်လိုပြီး ပို၍ကြီးမားလာကြသည်။

သို့သော်လည်း ဗလာဖြစ်နေသော ဂူအရေအတွက်မှာလည်း ပိုမိုများပြားလာပြီး လေထုထဲမှ သွေးညှီနံ့မှာလည်း ပို၍ ပြင်းထန်လာသည်။

ပို၍ဆိုးသည်မှာ သူ ဆင်းသက်လာစဉ်တွင် တစ်စုံတစ်ခုကို ဝါးစားနေသကဲ့သို့ တဂျွပ်ဂျွပ် အသံများကို ကြားနေရခြင်းပင်။ ၎င်းမှာ အမည်မသိ ဧရာမသားရဲကြီးတစ်ကောင်က ၎င်း၏အစာကို မျိုချနေသည့်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။

လူတိုင်း၏ ကြွက်သားများ တောင့်တင်းနေပြီး မိမိတို့၏ ရင်ခုန်သံကိုပင် ပြန်ကြားနေရချိန်တွင် ကျန်းရှောင်ဖန်းသည် သူ၏ ခြေဖဝါးအောက်ရှိ အမှောင်ထုထဲမှ ပြင်းထန်သော လေလှိုင်းတစ်ခု ဖြတ်တိုက်သွားသည်ကို ခံစားလိုက်ရသည်။

၎င်းမှာ ဗီဇအရ တုံ့ပြန်မှုတစ်ခုကဲ့သို့ပင် ဖြစ်၏။ ဝိညာဉ်ဝါးမျိုတုတ်မှာ သူ၏ အလိုအတိုင်း ဘေးဘက်သို့ သုံးပေခန့် အမြန်ရွေ့လျားသွားလေသည်။

“ဖျန်း…”

ပြင်းထန်သော ရိုက်ခတ်သံနှင့်အတူ အလင်းရောင် အနည်းငယ် လင်းလက်သွားပြီး အလွန်ကြီးမားသော ရေဘဝဲလက်တံကြီးတစ်ခု အမှောင်ထဲမှ ပေါ်ထွက်လာကာ ကျန်းရှောင်ဖန်း၏ ဘေးနံရံကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

နံရံမှာ တုန်ခါသွားပြီး ဖုန်မှုန့်များနှင့် ကျောက်တုံးများ ပြိုကျလာလေသည်။ ခဏအကြာတွင် နံရံဆီမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

ကျန်းရှောင်ဖန်းနှင့် အခြားသူများမှာ အံ့အားသင့်သွားကြ၏။ သူတို့ လှည့်ကြည့်လိုက်ရာ မိစ္ဆာအလား ကြီးမားသော လက်တံကြီးတစ်ခုမှာ နံရံရှိ ဂူပေါက်ကြီးတစ်ခုထဲသို့ ဝင်သွားပြီး အကြိမ်အနည်းငယ် လှုပ်ရှားပြီးနောက် ပြန်လည်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ကျန်းရှောင်ဖန်းမှာ တစ်ကိုယ်လုံးအေးစက်သွားပြီး အသက်ပြင်းပြင်းရှူလိုက်မိ၏။ သွေးညှီနံ့များ ပြည့်နှက်နေသော လေလှိုင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် မျက်လုံးငါးလုံးပါသော အစွယ်ရှည်ကျားကြီးတစ်ကောင်ကို ထိုဧရာမလက်တံကြီးက ဖမ်းဆီးကာ ဂူထဲမှ ဆွဲထုတ်လာလေသည်။

ထိုမျက်လုံးငါးလုံးပါ အစွယ်ရှည်ကျားကြီးမှာ ရုန်းကန်ရန် ကြိုးစားသော်လည်း အလွန်ကြီးမားသော လက်တံကြီးနှင့် ယှဉ်လိုက်ပါက ဆင်နှင့်ဆိတ်ကဲ့သို့ကင် အရွယ်အစားချင်း ကွာခြားလွန်းလှသည်။

လက်တံကြီးမှာ ကျားကို ဖမ်းမိပြီးနောက် အောက်ဘက်ရှိ အမှောင်ထုထဲသို့ ချက်ချင်းပင် ဆုတ်ခွာသွားပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကာ ကျားကြီး၏ မျှော်လင့်ချက်မဲ့သော အော်ဟစ်သံသာ ကျန်ရစ်ခဲ့လေသည်။

သူတို့သုံးဦးလုံး ထိတ်လန့်သွားကြပြီး မျက်နှာများမှာ ဖြူလျော့ကုန်ကြ၏။ အထူးသဖြင့် ပိယောင်မှာ ပို၍ပင် ဖြူဖျော့နေလေသည်။

နက်ရှိုင်းလှသော အမှောင်ထုထဲတွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရာများစွာ ပုန်းကွယ်နေနိုင်ချေများသည်။

ခဏအကြာတွင် ရှီထုံက ချောင်းဟန့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သော်လည်း ပိယောင်၏ ထက်မြက်သော မျက်လုံးများက တစ်စုံတစ်ခုကို မြင်လိုက်သဖြင့် အမြန်အော်ပြောလိုက်၏။

“အောက်မှာ... သတိထား။”

ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့မှာ ထပ်မံအံ့အားသင့်သွားပြီး အောက်ဘက်သို့ အမြန်ငုံ့ကြည့်လိုက်ကြသည်။

သူတို့အောက်ရှိ အမှောင်ထုထဲတွင် မီးတောက်များ လင်းလက်လာပြီး တစ်စက္ကန့်အတွင်းမှာပင် ပတ်ဝန်းကျင်၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာလေသည်။

မီးတောက်များမှာ ပိုမိုကြီးမားလာပြီး ပြင်းထန်သော လေလှိုင်းနှင့် အပူရှိန်တို့နောက်မှ နီးကပ်လာသောအခါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် တုန်လှုပ်သွားကြ၏။

၎င်းမှာ အလွန်ကြီးမားသောမီးနဂါးတစ်ကောင်ပင် ဖြစ်၏။ ကောင်းကင်သို့ ဟိန်းဟောက်ရင်း အသူရာချောက်နက်ကြီးထဲမှ ဒေါသတကြီး ထိုးတက်လာလေသည်။

ထိုမီးနဂါး၏ ပုံပန်းသဏ္ဍာန်မှာ မြေခွေးဝိညာဉ်က မီးလျှံကြေးမုံဖြင့် ဆင့်ခေါ်ခဲ့သော မီးနဂါးနှင့် ဆင်တူသော်လည်း ယခုတွေ့ရသော မီးနဂါးမှာမူ အရွယ်အစားနှင့် စွမ်းအားအရ အဆပေါင်းများစွာ သာလွန်နေသည်။

သူတို့တွင် သံသယများ ရှိနေသော်လည်း ယခုအချိန်မှာ မေးခွန်းထုတ်ရမည့် အချိန်မဟုတ်ပေ။

ကြောက်မက်ဖွယ်ကောင်းသော နဂါးကြီးနှင့် အပူလှိုင်းမှာ သူတို့ရှေ့သို့ တားဆီး၍မရနိုင်လောက်အောင် ရောက်ရှိလာပြီ ဖြစ်သဖြင့် သူတို့သည် ဝိညာဉ်လက်နက်များကို အမြန်ထိန်းချုပ်ကာ ရှောင်တိမ်းလိုက်ကြရသည်။

ဝိညာဉ်လက်နက်များ၏ အလင်းရောင်က ပိုင်ရှင်များကို ကာကွယ်ရန် တောက်ပလာ၏။ သို့သော်လည်း နဂါးကြီးမှာ အလွန်စွမ်းအားကြီးလွန်းသဖြင့် ဝိညာဉ်လက်နက်များ၏ အရှိန်အဝါကို ချက်ချင်းပင် ဖိနှိပ်လိုက်လေသည်။

ကျန်းရှောင်ဖန်းနှင့် အခြားသူများမှာ ဧရာမအပူလှိုင်းကြီးကြောင့် နောက်သို့ လွင့်ထွက်သွားကြပြီး ခဏအကြာတွင် နံရံနှင့် ဝင်တိုက်မိကြသည်။

နဂါးကြီး အထက်သို့ ထိုးတက်သွားစဉ် ဖြစ်ပေါ်လာသော စွမ်းအားမှာ အလွန်ပင် ကြီးမားလှလေသည်။

ကျန်းရှောင်ဖန်း၏ ကျောပြင်မှာ မာကျောသော နံရံနှင့် တိုက်မိသဖြင့် နာကျင်လွန်းသောကြောင့် မျက်စိထဲ ပြာဝေသွား၏။ သို့သော်လည်း သူသည် ကံကောင်းသည်ဟု ဆိုရပေမည်။

သူ သတိပြန်ဝင်လာသောအခါ ရှီထုံ၏ ကြီးမားသော ခန္ဓာကိုယ်မှာ ဂူပေါက်တစ်ခုထဲသို့ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသည်။ ထို့ပြင် ကံဆိုးစွာဖြင့် ထိုဂူထဲမှ သားရဲ၏ ဟိန်းဟောက်သံမှာ ချက်ချင်းပင် ထွက်ပေါ်လာလေသည်။

ကျန်းရှောင်ဖန်းမှာ ထိတ်လန့်သွားပြီး ကူညီရန် အမြန်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း ရှီထုံက အော်ဟစ်လိုက်ပြီးနောက် ဂူထဲတွင် ထုရိုက်သံအချို့ ကြားလိုက်ရကာ ရွှေရောင်အလင်းများ လင်းလက်လာပြီး ကြီးမားသော ခန္ဓာကိုယ်တစ်ခုမှာ အပြင်သို့ လွင့်ထွက်လာလေသည်။

၎င်းမှာ ထူးဆန်းသော သားရဲတစ်ကောင် ဖြစ်လေသည်။ ကြည့်ရသည်မှာ ထိုသားရဲသည် အသက်မသေသေးလျှင်ပင် ကြာရှည်ခံတော့မည် မဟုတ်ပေ။

ကျန်းရှောင်ဖန်းမှာ စိတ်အေးသွားလေသည်။ ရှီထုံဟူသော နာမည်မှာ တကယ်ကို သင့်တော်ပေသည်၊ သူက တကယ်ကိုပင် ကျောက်ခဲထက်ပင် ပို၍ မာကျောလှ၏။

ထိုအချိန်မှာပင် အထက်သို့ တက်သွားသော နဂါးကြီးမှာ တစ်ပတ်လှည့်လာပြီးနောက် ပြင်းထန်သော မုန်တိုင်းအလား အောက်သို့ ပြန်လည်ထိုးဆင်းလာလေသည်။

အထက်မှ အောက်သို့ ဆင်းလာသော အရှိန်မှာ ပို၍ပင် စွမ်းအားကြီးလှသည်။ ကျန်းရှောင်ဖန်းက သွားကို တင်းတင်းစေ့လျက် မန္တန်ကို ရွတ်လိုက်သည်။

သူက ဘေးဘက်သို့ တစ်ကိုက်ခန့် အမြန်ရွှေ့လိုက်ကာ ကြောက်မက်ဖွယ် နဂါးကြီးကို ရှောင်တိမ်းလိုက်သည်။ သူ၏ ညာဘက်လက်က ညွှန်ပြလိုက်ရာ ဝိညာဉ်ဝါးမျိုတုတ်မှာ နဂါး၏ လည်ပင်းဆီသို့ ထိုးနှက်လိုက်လေသည်။

နဂါးကြီးက အော်ဟစ်လိုက်ပြီး ၎င်း၏ မီးတောက်နေသော မျက်လုံးများက လှည့်ကြည့်လာကာ ကြီးမားသော ဘယ်ဘက် လက်သည်းကြီးကို မြှောက်လျက် ဝိညာဉ်ဝါးမျိုတုတ်ကို တားဆီးလိုက်လေသည်။

ကျန်းရှောင်ဖန်း၏ မျက်နှာမှာ ဖြူလျော့သွားသည်။ သူသည် ပြင်းထန်သော အပူရှိန်များကို ခံစားနေရသော်လည်း အစွမ်းကုန် တောင့်ခံထားရုံသာ တတ်နိုင်လေတော့သည်။

နူးညံ့သော အော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် နဂါး၏ အလင်းရောင်အောက်ရှိ ချောက်ထဲတွင် ပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာလေသည်။

ပိယောင်သည် လေထဲတွင်ပျံဝဲလျက်ရှိပြီး သူမ၏ ရှန့်ရှင်းဟွာပန်းမှာ ဖြူစင်သော အလင်းရောင်ဖြင့်များ တောက်ပနေလေသည်။ ကောင်းကင်ယံတွင် ပန်းပွင့်များဖြင့် ပြည့်နှက်သွားပြီး နဂါး၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာလေသည်။

“ဝေါင်း...”

တောက်လောင်နေသော မီးလျှံများကြားတွင် နဂါးကြီးမှာ နောက်ထပ်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။ ၎င်း၏ ညာဘက် လက်သည်းကြီးကို ဝှေ့ယမ်းလိုက်ရာ ပန်းပွင့်များမှာ နောက်သို့ လွင့်ထွက်သွားလေသည်။

သို့သော်လည်း ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့က သူတို့၏ စွမ်းအားကို ပေါင်းစပ်လိုက်ကြရာ မီးနဂါးကို အောက်သို့ တွန်းချနိုင်ခဲ့ပြီး ဂူထဲမှ အပြေးထွက်လာသော ရှီထုံနှင့် ဆုံမိကြလေသည်။

ရှီထုံသည် ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့ ဧရာမနဂါးကြီးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ သူတို့မှာ မီးတောက်များ၏ ဝိုင်းရံခြင်းကို ခံနေရပြီး ဝိညာဉ်လက်နက်များ၏ အကာအကွယ် ရှိနေသော်လည်း သူတို့၏ မျက်နှာများမှာ နီရဲနေကြချေပြီ။

ရှီထုံ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး လေထဲသို့ ခုန်တက်ကာ လက်နှစ်ဖက်ဖြင့် တင်းပုတ်ကို ကိုင်စွဲထားလေသည်။

ရွှေရောင်အလင်းများ တောက်ပလာပြီး ဆူးများပါသော တင်းပုတ်တစ်ခုလုံးမှာ ရွှေရောင်အလင်းများကြောင့် ကြည်လင်နေသကဲ့သို့ပင် ဖြစ်၏။ ရှီထုံကိုယ်တိုင်မှာလည်း အာရဟတ်ဗုဒ္ဓတစ်ပါးအလား ခန့်ညားတည်ကြည်နေလေသည်။

ရှီထုံ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ခွန်အားကြီးမားသော နတ်မင်းတစ်ပါးအလား လျင်မြန်သော ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ လေထုကို ဖောက်ခွဲ၍ ထိုးနှက်လိုက်သည်။

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ တင်းပုတ်မှာ မာကျောသော နံရံထဲသို့ စိုက်ဝင်သွားလေသည်။ ချက်ချင်းပင် သံမဏိအလား မာကျောသော ကျောက်ဆောင်ကြီးမှာ ပျက်စီးသွားလေသည်။

ရှီထုံ၏ မျက်နှာတွင် အကြောများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထောင်ထနေ၏။ သူ၏ ပါးစပ်မှ သွေးစများ စိမ့်ထွက်လာသော်လည်း တင်းပုတ်မှာမူ စူးရှသော ရွှေရောင်အလင်းများ တောက်ပနေဆဲ ဖြစ်သည်။

သူက အော်ဟစ်လိုက်ရာ ရွှေရောင်အလင်းများ စုစည်းသွားပြီး ကြီးမားသော ရွှေရောင်အလင်းတန်းကြီးအဖြစ်အသွင်ပြောင်း၍ နဂါး၏ ဦးခေါင်းသို့ ထိုးနှက်လိုက်လေသည်။

ဤတိုက်ကွက်၏ စွမ်းအားမှာ မသေးလှပေ၊ ၎င်းမှာ ရှီထုံ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားအားလုံးကို စုစည်းထားခြင်း ဖြစ်လေသည်။

နဂါးကြီးမှာ အလွန်ပင် ရန်လိုသော်လည်း ဦးခေါင်းကို အရှိန်ပြင်းစွာ ထိမှန်သွားခြင်းအပြင် ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့၏ ပေါင်းစပ်တိုက်ခိုက်မှုကြောင့် ချောက်နက်တသ်ခုလုံး ပြိုကျမတတ် အော်ဟစ်လိုက်ရလေသည်။

နောက်ဆုံးတွင် ၎င်းမှာ မတောင့်ခံနိုင်တော့ဘဲ အောက်ဘက်ရှိ အမှောင်ထုထဲသို့ ပြုတ်ကျသွားတော့သည်။

အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီးနောက် ရှီထုံ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားသည်။ သူ၏ မျက်နှာမှာ နီရဲနေပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းရှောင်ဖန်းက ရှီထုံ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိလိုက်သဖြင့် သူ၏အနားသို့ အမြန်သွားကာ ဖမ်းဆီးလိုက်မှသာ ရှီထုံမှာ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်လေတော့သည်။

သူတို့ အသက်ရှူရန် အချိန်မရမီမှာပင် ပိယောင်က အော်ဟစ်လိုက်ပြီး အောက်ဘက်သို့ အပြေးဆင်းလာလေသည်။

မိစ္ဆာအလား ကြီးမားသော လက်တံကြီး ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် ကျန်းရှောင်ဖန်းမှာ ထိတ်လန့်သွားလေသည်။ ဤတစ်ကြိမ်တွင် ၎င်းမှာ သူတို့နှစ်ဦး၏ ဦးခေါင်းထက်မှ ရိုက်ချလိုက်ခြင်း ဖြစ်၏။

လေလှိုင်းမှာ သူတို့၏ မျက်နှာကို ထိုးနှက်နေလေသည်။ ရှီထုံမှာ အသက်မရှူနိုင်သေးဘဲ ကျန်းရှောင်ဖန်းမှာလည်း အဆင်သင့်မဖြစ်သေးချိန်တွင် ထိုဧရာမလက်တံကြီးအောက်၌ သူတို့ သေဆုံးရတော့မည့်အချိန်တွင် ပိယောင်၏ ပုံရိပ်မှာ ကျန်းရှောင်ဖန်းရှေ့တွင် ပေါ်လာလေသည်။

သူမ၏လက်ထဲရှိ ရှန့်ရှင်းဟွာပန်းမှာ ပန်းပွင့်ခြောက်ပွင့်အဖြစ် ပြောင်းလဲသွားပြီး အလယ်ရှိ ပန်းပွင့်ကို ဝန်းရံလျက် လှည့်ပတ်နေ၏။ ပန်းပွင့်တစ်ပွင့်ချင်းစီတွင် ဖြူစင်သော အလင်းရောင်များဖြင့် ဆက်သွယ်ထားပြီး ဘီးလုံးကြီးတစ်ခုအလား ရှိနေလေသည်။

ကျန်းရှောင်ဖန်းသည် ထိုတိုက်ကွက်ကို ပိယောင်က စွန့်ပစ်ချောက်နက်အောက်တွင် မဟူရာရေမြွေကို ခုခံစဉ်က အသုံးပြုခဲ့သည်ကို သတိရလိုက်သည်။

အမှောင်ထဲရှိ အမည်မသိသတ္တဝါမှာ မဟူရာရေမြွေကဲ့သို့ပင် ထူးခြားသော ခွန်အားရှိနေသည်မှာ ထင်ရှားလှပေသည်။

၎င်းမှာ မဟူရာရေမြွေလောက် မသန်မာသဖြင့် ပိယောင်၏ တိုက်ကွက်ကို ခုခံနိုင်သော်လည်း ပိယောင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရပြီး အဆုံးမရှိသော အမှောင်ထုထဲသို့ ကျဆင်းသွားလေတော့သည်။

ကျန်းရှောင်ဖန်း၏ ဦးနှောက်ထဲတွင် အချက်ပေးသံများ မြည်ဟည်းသွားပြီး မျက်လုံးများထဲတွင် မီးတောက်များ ပေါက်ဖွားလာလေသည်။

အမည်မသိသော နေရာမှ ခွန်အားများ ရောက်ရှိလာသကဲ့သို့ သူသည် ဘာမှမစဉ်းစားဘဲ ရှီထုံကို လွှတ်လိုက်ကာ အောက်ဘက်သို့ အမြန်ပျံသန်းသွားလေသည်။

ဝိညာဉ်ဝါးမျိုတုတ်၏ အစိမ်းရောင်အလင်းတန်းမှာ တောက်ပလာပြီး ကြောက်မက်ဖွယ် လက်တံကြီးနှင့် ပိယောင်တို့၏ အနောက်သို့ အမြန်ပင်လိုက်မီသွားလေသည်။

ပိယောင်မှာ ရုန်းကန်နေရပြီး ဖိအားမှာ တောင်ကြီးတစ်လုံးအလား လေးလံနေလေသည်။ သူမ ထိန်းချုပ်မှု လွတ်တော့မည့်အချိန်တွင် ကျန်းရှောင်ဖန်းက သူမအနားသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။

“သွားတော့...”

သူမ စကားမဆုံးမီမှာပင် ကျန်းရှောင်ဖန်းက သူ၏ ဝိညာဉ်ဝါးမျိုတုတ်ဖြင့် ရှေ့သို့ အရှိန်ပြင်းစွာ ထိုးနှက်လိုက်ပြီး ပိယောင်၏ အထက်ရှိ ဧရာမလက်တံကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ဝိညာဉ်ဝါးမျိုတုတ်နှင့် ထိမိသော နေရာတွင် လက်တံကြီးမှာ ရှုံ့တွသွား၏။ ချောမွတ်သော အရေပြားမှာ ချက်ချင်းပင် ခြောက်သွေ့သွားလေသည်။

လက်တံကြီးမှာ နာကျင်မှုကြောင့် ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွား၏။ ပိယောင်ထံမှ ဖိအားများ ပျောက်ကွယ်သွားလေသည်။

ကျန်းရှောင်ဖန်းက သူမကို အသက်ဘေးမှ မဆင်မခြင် လာရောက်ကယ်တင်သည်ကို မြင်သောအခါ သူမမှာ ဝမ်းသာသော်လည်း စိုးရိမ်စိတ်လည်း ဖြစ်မိသည်။ သို့သော်လည်း စကားမပြောနိုင်မီမှာပင် သူမ၏ မျက်နှာမှာ ထပ်မံဖြူလျော်သွားလေသည်။

ကြီးမားသော လက်တံကြီးမှာ အမှောင်ထဲမှ ပြန်လည်ပေါ်ထွက်လာပြန်သည်။ ဤတစ်ကြိမ်တွင် ၎င်းမှာ ကျန်းရှောင်ဖန်း၏ အောက်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာခြင်း ဖြစ်ပြီး ကျန်းရှောင်ဖန်းမှာ သတိမပြုမိလိုက်ဘဲ ဧရာမလက်တံကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အမှောင်ထုထဲသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။

ပိယောင်နှင့် ရှီထုံတို့မှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး စကားပင်မပြောနိုင်တော့ဘဲ လက်တံနောက်သို့ ပြေးဝင်သွားတော့သည်။

All Chapters