အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) - ထူးဆန်းသော သားရဲ (၁)
ပိယောင်တို့ နောက်သို့လိုက်သွားပြီး မကြာမီမှာပင် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့သည့် အမှောင်ထုကြီးမှာ ပြန်လည်ငြိမ်သက်သွားလေတော့သည်။
ထို့နောက် အထက်ဆီမှ လေတိုးသံတစ်ချက် ထွက်ပေါ်လာကာ အဖြူရောင်အလင်းတန်းတစ်ခုနှင့် အစိမ်းရောင်အလင်းတန်းတစ်ခု ကျဆင်းလာခဲ့သည်။
အလင်းတန်းများ ရပ်တန့်သွားချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပေါ်ထွက်လာလေသည်။ ထိုသူတို့မှာ ဖန်ရှန်းတောင်ကြားမှ လီရွှင်နှင့် ယန်ဟုန်တို့ပင် ဖြစ်ပေသည်။
လီရွှင်၏ ခန့်ညားသောမျက်နှာထက်၌ အံ့အားသင့်သည့်အရိပ်အယောင်များ ပေါ်လွင်နေ၏။ မှော်လက်နက်၏ အလင်းရောင်အကူအညီဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ယန်ဟုန်အား ပြောလိုက်သည်။
“ဂိုဏ်းတူညီမ... မြေခွေးမိစ္ဆာရဲ့ တွင်းအောင်းရာနေရာမှာ ဒီလိုအံ့မခန်းမြင်ကွင်းမျိုး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ယန်ဟုန်၏ မျက်နှာထက်တွင်လည်း အံ့သြမှုများ အထင်းသားပေါ်လွင်နေပြီး ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်တယ်... အရင်က ဒီလိုနေရာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ဒီက ထူးဆန်းတဲ့ သားရဲတော်တော်များများက လောကကြီးက မသိကြသေးတဲ့ အကောင်တွေ ဖြစ်နိုင်တယ်”
ထို့နောက် ခေတ္တရပ်လိုက်ကာ တိုးညင်းသောအသံဖြင့် ဆက်ပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကို... ဒီနေရာက နည်းနည်း ထူးဆန်းနေတယ်။ ရှေ့ဆက်သွားမယ့်လမ်းက အန္တရာယ်များနိုင်လို့ သတိထားဖို့တော့ လိုမယ်ထင်တယ်။”
လီရွှင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။
“ဂိုဏ်းတူညီမ စိတ်အေးအေးသာထားစမ်းပါ။ ဒီမြေခွေးမိစ္ဆာက ကျင့်ကြံခြင်းသက်တမ်း နှစ်ငါးရာပဲ ရှိသေးတာ။ စိတ်ပူစရာ မလိုပါဘူး။”
ယန်ဟုန်က ပြုံးလိုက်၏။
“ဂိုဏ်းတူအစ်ကိုရဲ့ ထူးချွန်တဲ့ပါရမီနဲ့ ကျင့်ကြံဆင့်အရ ဒီမိစ္ဆာကို မကြောက်တာ သဘာဝပါပဲ။ ဒါပေမဲ့ အဲဒီအမြီးခြောက်ချောင်း မြေခွေးမိစ္ဆာသာ အမြီးသုံးချောင်း မြေခွေးမိစ္ဆာနဲ့အတူ ရှိနေမယ်ဆိုရင်တော့ သူ့ရဲ့ နှစ်ထောင်ချီတဲ့ ကျင့်ကြံမှုကြောင့် နည်းနည်းတော့ ခက်ခဲသွားနိုင်တယ်”
လီရွှင်က ယန်ဟုန်အား တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး ရုတ်တရက် ဆိုလိုက်လေသည်။
“ဂိုဏ်းတူညီမ... စကားကို လှလှပပ ပြောတတ်ပေမဲ့ ရင်ထဲမှာတော့ ဂိုဏ်းတူအစ်ကို သတိလက်လွတ် ရှေ့ဆက်သွားမှာကို စိုးရိမ်နေတာမလား”
ယန်ဟုန်၏ နှုတ်ခမ်းမှာ တုန်ရီသွားပြီး ပြန်ပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကိုက အတွေးလွန်နေပါပြီ”
လီရွှင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ ပေါ့ပါးစွာ ပြောလိုက်လေသည်။
“ဂိုဏ်းတူညီမ... ဒီချောက်ကမ်းပါးထဲက အပူချိန်က နည်းနည်း ထူးဆန်းနေတယ်လို့ မခံစားရဘူးလား။”
ယန်ဟုန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... အခု တော်တော်လေး နက်နေပြီဆိုပေမဲ့ အပူချိန်က ပိုပူလာသလိုပဲ”
လီရွှင်က ရှင်းပြလေသည်။
“ပိုပူလာရုံတင် မကဘူး။ ပုံမှန်ထက်ကို အများကြီး ပိုပူနေတာ။ အောက်ကို ဆင်းလာတုန်းက ဒီချောက်ကမ်းပါးထဲက ကျောက်တုံးနက်တွေကို သေချာကြည့်လာခဲ့သေးတယ်”
“အဲဒါတွေက ရှေးခေတ်တုန်းက မြေအောက်ပေထောင်ချီအနက်ကနေ ပန်းထွက်လာတဲ့ ချော်ရည်တွေကြောင့် ဖြစ်ပေါ်လာတာ သေချာတယ်။ ငါထင်တာသာ မမှားရင် ဒီချောက်ကမ်းပါးက မီးတောင်ပေါက်ဝတစ်ခု ဖြစ်နိုင်တယ်”
“အာ”
ယန်ဟုန်က အာမေဍိတ်သံ ထွက်သွားလေသည်။ ထို့နောက် ချက်ချင်း သဘောပေါက်သွားကာ ဆိုလိုက်၏။
“ဂိုဏ်းတူအစ်ကို ပြောချင်တာက...”
လီရွှင်က ဆက်ပြောလေသည်။
“မှန်တယ်။ မြေခွေးမိစ္ဆာတွေက ဒီမီးတောင်ပေါက်ဝကို သူတို့ရဲ့ ခိုလှုံရာအဖြစ် တမင်ရွေးချယ်ခဲ့တာပဲ”
“လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက မြေခွေးမိစ္ဆာတွေက ဖန်ရှန်းတောင်ကြားရဲ့ တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး ငါတို့ရဲ့ မီးလျှံရတနာကို ခိုးယူခဲ့ကြတယ်”
“ဒါပေမဲ့ သတင်းကြားကြားချင်း ဂိုဏ်းတူဦးလေးရှန်ကွမ်း ရောက်လာပြီး အဲဒီမြေခွေးမိစ္ဆာတွေကို ဖမ်းဆီးခဲ့ပေမယ့် ကောက်ကျစ်တဲ့ အမြီးခြောက်ချောင်း မြေခွေးမိစ္ဆာကတော့ လွတ်မြောက်သွားခဲ့တယ်။”
ရုတ်တရက် သူက အေးစက်စက် ရယ်မောလိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဂိုဏ်းတူဦးလေးရှန်ကွမ်းရဲ့ နက်နဲတဲ့ ကျင့်ကြံမှုနဲ့ လောကမှာ အကောင်းဆုံးဖြစ်တဲ့ လမင်းရေခဲအပ်ကြောင့် မြေခွေးမိစ္ဆာ အထိနာခဲ့ရတယ်”
“ဂိုဏ်းချုပ်ကြီးဆီကနေ ကြားဖူးတာတော့ အမြီးခြောက်ချောင်း မြေခွေးမိစ္ဆာ ကံကောင်းလို့ လွတ်သွားပေမဲ့ ဂိုဏ်းတူဦးလေး ရှန်ကွမ်းရဲ့ လမင်းရေခဲအပ်က သူ့ရဲ့ သွေးကြောတွေကို ထိုးဖောက်သွားလို့ ကျင့်ကြံမှုတွေ ပျက်စီးသွားခဲ့တယ်တဲ့”
“နှစ်သုံးရာလုံးလုံး မသေခဲ့ပေမဲ့ ကျင့်ကြံမှုတွေ ဆုံးရှုံးပြီး အကြီးအကျယ် ဒုက္ခရောက်နေမှာ အသေအချာပဲ။ ရေခဲအဆိပ်က နေ့ရက်တိုင်း ဒုက္ခပေးနေမှာမို့ နာကျင်မှုကို လျှော့ချဖို့ အပူဆုံးနဲ့ ယန်ဓာတ်အပြင်းဆုံး နေရာအနီးမှာ နေတာ ပိုကောင်းလိမ့်မယ်”
ယန်ဟုန်က ပြုံးလိုက်လေသည်။
“ဒါဆို အမြီးခြောက်ချောင်း မြေခွေးမိစ္ဆာက ဒီချောက်ကမ်းပါးထဲမှာ ရှိနေဖို့ အများကြီး သေချာသွားပြီပေါ့။ ဂိုဏ်းတူအစ်ကို ဒီလောက်အထိ ကြိုတွေးနိုင်တာကို ညီမ တကယ်ပဲ လေးစားသွားပြီ”
လီရွှင်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုအရိပ်အယောင်များ ထပ်မံပေါ်လာပြန်ပြီး ဆိုလိုက်သည်။
“ငါတို့က ဖန်ရှန်းတောင်ကြားက တပည့်တွေလေ။ ဂိုဏ်းရဲ့ ကျေးဇူးကို ဆပ်ရမယ်။ ဂိုဏ်းကို အရှက်ကွဲခံလို့ မဖြစ်ဘူး။ ဒီတစ်ကြိမ် ကောင်းကင်ဘုံက ကောင်းချီးပေးပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ပစ္စည်းကို ပိုင်ရှင်ဆီ ပြန်ပေးပြီး နတ်အဆင့်ရတနာ ပြန်ရဖို့နဲ့ မိစ္ဆာတွေ တရားမျှတမှု ရင်ဆိုင်ရဖို့ပဲ လိုတယ်။”
ယန်ဟုန်က ဘာမှမပြောဘဲ ပြုံးသာနေလိုက်လေသည်။ လီရွှင်က တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
“သွားကြစို့”
ယန်ဟုန်က ခေါင်းညိတ်လိုက်သည်။ လူရိပ်နှစ်ခုသည် အလင်းတန်းများအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး နက်ရှိုင်းသော အမှောင်ထုထဲသို့ အလျင်အမြန် ဆင်းသက်သွားကြလေတော့သည်။
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ ဧရာမရေဘဝဲလက်တံကြီး၏ ဖမ်းဆုပ်ခြင်းကို ခံထားရသော်လည်း ညာဘက်လက်ကမူ တုတ်ကို ကိုင်ဆုပ်ထားဆဲပင်။
သူ၏ခန္ဓာကိုယ်မှ အရိုးကျိုးသံကိုပင် ကြားနေရလေ၏။ ခန္ဓာကိုယ်ပေါ်တွင် မနာကျင်သောနေရာဟူ၍ မရှိတော့ချေ။
ဧရာမလက်တံကြီးက သူ့ကို မြေအောက်အနက်ပိုင်းသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ဆွဲချသွားရာ လေပြင်းများက မျက်နှာကို ဖြတ်တိုက်သွားသဖြင့် မျက်စိထဲတွင် ကြယ်များ လွင့်စင်နေပြီး ဦးနှောက်တစ်ခုလုံး ကမောက်ကမဖြစ်ကာ ကြောက်မက်ဖွယ် မြင်ကွင်းများ စိတ်ထဲတွင် တဖျတ်ဖျတ် ပေါ်လာလေသည်။
ထိုလက်တံကြီးမှာ အလွန်ပင် ရှည်လျားလှပြီး ပေငါးဆယ်ခန့် အောက်သို့ ဆွဲချခံရပြီးနောက် ကမောက်ကမအခြေအနေကြားမှ အလင်းရောင်ဖျော့ဖျော့ဖြင့် ကျန်းရှောင်ဖန်းတစ်ယောက် ချောက်ကမ်းပါး၏ အောက်ခြေသို့ ရောက်ရှိသွားကြောင်း မြင်တွေ့လိုက်ရလေသည်။
ပတ်ဝန်းကျင်တွင် သက်ရှိအရိပ်အယောင်မရှိဘဲ အရှေ့ဘက်တွင် ဧရာမဂူကြီးတစ်ခုသာ ရှိနေသည်။ အမြင့်ပေတစ်ရာ၊ အကျယ်ပေ ခုနစ်ဆယ် ရှစ်ဆယ်ခန့်ရှိပြီး အထဲတွင် ဘာရှိမှန်းမသိနိုင်လောက်အောင် မှောင်မည်းနေလေသည်။
ထိုဧရာမလက်တံကြီးမှာ ဂူထဲရှိ အမည်မသိသတ္တဝါကြီးထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ အကောင်ကို မမြင်ရသေးသော်လည်း ထိုသတ္တဝါကြီးမှာ တွေးထားသည်ထက် များစွာပိုကြီးမားနေမည်ဟု ခံစားနေရလေ၏။
ကျန်းရှောင်ဖန်းမှာ ဧရာမလက်တံကြီး၏ လေထဲတွင် လွှဲရမ်းခြင်းခံရပြီး ဂူထဲသို့ ဆွဲသွင်းခံရမည့်အရေးကို ကြည့်နေရလေသည်။
သို့သော် ထိုအချိန်တွင် ဂူဝ၌ အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သော အမြီးသုံးချောင်း မြေခွေးမိစ္ဆာမသည် မီးလျှံကြေးမုံကို ကိုင်ဆောင်လျက် ပြန်လည်ပေါ်ထွက်လာလေသည်။
မြေခွေးမိစ္ဆာက ခေါင်းမော့ကြည့်လိုက်ရာ ကျန်းရှောင်ဖန်းတစ်ယောက် ဧရာမလက်တံကြီး၏ တင်းကျပ်စွာ ဖမ်းဆုပ်ခံထားရပြီး ပြန်လည်ခုခံနိုင်စွမ်း မရှိတော့သည်ကို မြင်တွေ့လိုက်ရသည်။
သူမ၏ နူးညံ့သော မျက်နှာထက်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဂူထဲသို့လှည့်ကာ စကားပြောရန် ပြင်လိုက်လေသည်။
သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ရပ်တန့်သွားပြီးနောက် အချည်းနှီး ရုန်းကန်နေရသော ကျန်းရှောင်ဖန်းကို လှည့်ကြည့်လိုက်လေသည်။ ထို့နောက် သက်ပြင်းချကာ တိုးညင်းစွာ ပြောလိုက်သည်။
“လမင်းရေတွင်းထဲကို ကြည့်တုန်းက မင်းရဲ့ တုံ့ပြန်ပုံအရ မင်းလည်း မင်းချစ်ရတဲ့သူ တစ်ယောက်ရှိခဲ့ပုံပဲ။ မင်းကို အသက်ရှင်ခွင့် ပေးလိုက်ပါမယ်လေ”
ထို့နောက် သူမ၏ လက်ထဲရှိ မီးလျှံကြေးမုံကို မြှောက်ကာ ဂူထဲသို့ အလင်းထိုးလိုက်ပြီး တစ်ချိန်တည်းမှာပင် တောရိုင်းမြေခွေးတစ်ကောင်ကဲ့သို့ ထူးဆန်းသော အူသံတစ်ချက်ကို ပြုလုပ်လိုက်လေသည်။
အခိုက်အတန့်အကြာတွင် အမိန့်ရလိုက်သည့်အလား ဧရာမလက်တံကြီးက ဂူထဲသို့ အလျင်အမြန် ကျုံ့ဝင်သွားလေတော့သည်။ ကျန်းရှောင်ဖန်းမှာ အမှောင်ထုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
အလင်းရောင် တစ်စက်မျှ မမြင်ရတော့ချေ။ သွေးနံ့များ သူ့ပတ်လည်တွင် ရုတ်တရက် ဝန်းရံလာသည်ကို ခံစားလိုက်ရသည်။ သူ့ကို ဖမ်းဆုပ်ထားသော လက်တံကြီး၏ မျက်နှာပြင်မှာ ချောကျိကျိဖြစ်နေသော်လည်း တင်းကျပ်လွန်းလှသဖြင့် လှုပ်ရှား၍ပင် မရနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် အမြီးသုံးချောင်း မြေခွေးမိစ္ဆာသည် လေတိုးသံကို ကြားလိုက်ရလေသည်။ သူမက ခေါင်းမော့ကြည့်လိုက်ရာ ရွှေရောင်နှင့် အဖြူရောင် အလင်းတန်းနှစ်ခု အောက်သို့ဆင်းလာသည်ကို မြင်လိုက်ရသည်။
သူမက အေးစက်စက် ရယ်မောလိုက်ပြီးနောက် ဂူထဲသို့ ပြန်ဝင်ကာ မီးလျှံကြေးမုံဖြင့် ဂူထဲသို့ ထပ်မံအလင်းထိုးပြလိုက်ပြီး အလားတူ အူသံမျိုး ပြုလုပ်လိုက်လေသည်။
ထိုအလင်းတန်းနှစ်ခုမှာ ရှီထုံနှင့် ပိယောင်တို့ပင် ဖြစ်ပေသည်။ အမြီးသုံးချောင်း မြေခွေးမိစ္ဆာကို လိုက်မီသွားသည့်အတွက် ဝမ်းသာသွားကြသော်လည်း ကျန်းရှောင်ဖန်း၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ပိယောင်မှာ စိုးရိမ်သွားလေသည်။
သူတို့ ခြေမချနိုင်မီမှာပင် အမြီးသုံးချောင်း မြေခွေးမိစ္ဆာ၏ လှုပ်ရှားမှုကြောင့် ဧရာမဂူကြီးထဲတွင် လေပြင်းများ ဟိန်းထွက်လာသည်။ အခြားဧရာမလက်တံကြီးတစ်ခုက သူတို့ထံသို့ ရိုက်ခတ်လာခြင်းပင် ဖြစ်လေတော့သည်။
ကျန်းရှောင်ဖန်းမှာ အမှောင်ထုထဲတွင် ပိတ်မိနေလေပြီ။ လက်တံကြီးက သူ့ကို ပိုမိုနက်ရှိုင်းသောနေရာသို့ ဆွဲယူသွား၏။ လမ်းတစ်လျှောက်တွင် ကွေ့ကောက်နေသော နေရာများကြောင့် ကျောက်နံရံများနှင့် အဆက်မပြတ် ဆောင့်မိနေလေသည်။
ခေါင်းကွဲမသွားသော်လည်း ရွှံ့ဗွက်များ ပေကျံသွားသည်ကိုတော့ ရှောင်လွှဲ၍ မရနိုင်ချေ။ သို့သော် ဤမျှမှောင်မည်းနေသော နေရာတွင် မည်သူမျှ မြင်နိုင်မည်မဟုတ်ပေ။
ဤအခြေအနေသည် အတန်ကြာ ဆက်လက်ဖြစ်ပေါ်နေ၏။ လေထုထဲရှိ သွေးနံ့များက ပို၍ပြင်းထန်လာလေသည်။
သို့သော် ပတ်ဝန်းကျင်မှာ အလင်းရောင်တစ်စက်မျှမရှိဘဲ အမှောင်အတိဖြစ်နေသဖြင့် ပတ်ဝန်းကျင်ကို မြင်တွေ့နိုင်ရန် နည်းလမ်းမရှိချေ။
ကံကောင်းထောက်မစွာဖြင့် ဧရာမလက်တံကြီးက သူ့ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားဆဲဖြစ်သော်လည်း အမြီးသုံးချောင်း မြေခွေးမိစ္ဆာက ကျန်းရှောင်ဖန်းအား အန္တရာယ်မပြုရန် အမိန့်ပေးထားပုံရသည်။
လက်တံကြီးမှာ ပို၍တင်းကျပ်မလာဘဲ ကျန်းရှောင်ဖန်းအား အသက်ရှူခွင့် ပေးထားလေသည်။
နောက်ဆုံးတွင် ဧရာမလက်တံကြီးသည် အလွန်မှောင်မည်းသော နေရာတစ်ခု၌ ရပ်တန့်သွားလေသည်။ ဆက်လက်မလှုပ်ရှားတော့သော်လည်း ကျန်းရှောင်ဖန်းကိုမူ တင်းကျပ်စွာ ကိုင်ဆုပ်ထားဆဲပင် ဖြစ်သည်။
ကျန်းရှောင်ဖန်းမှာ အသက်ကို ပြင်းပြင်းရှူနေရသည်။သူ၏အရှေ့ရှိ အမှောင်ထုကြီးမှာ အဆုံးအစမဲ့နေပုံရလေသည်။
ကျန်းရှောင်ဖန်းသည် ရုတ်တရက် သူ၏အရှေ့ရှိ အမှောင်ထုထဲတွင် ယုံကြည်နိုင်လောက်အောင် ကြီးမားလှသော သတ္တဝါကြီးတစ်ကောင် နေရာယူထားကြောင်း ခံစားလိုက်ရသည်။ ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူ၏ တစ်ကိုယ်လုံး အေးစိမ့်သွားလေတော့သည်။
ဤရှေးဟောင်းဂူကြီးထဲတွင် ရှေးယခင်ကတည်းက အလင်းရောင် လုံးဝမဝင်ရောက်ခဲ့ဖူးသည့်အလား မင်ရည်ကဲ့သို့ မှောင်မည်းနေပေသည်။
သို့သော် အမှောင်ထုလောကကြီးသည် လူသားတို့၏ ရှေးအကျဆုံးနှင့် အနက်ရှိုင်းဆုံး အကြောက်တရားကို သယ်ဆောင်လာလေသည်။
သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော လက်တံကြီးက သူ၏အရှေ့တွင် ကြိုတင်ခန့်မှန်း၍မရနိုင်သော သတ္တဝါကြီးတစ်ကောင် ရှိနေလိမ့်မည်ကို အချိန်တိုင်း သတိပေးနေလေသည်။
အချိန်ကာလသည် အေးခဲသွားပုံရလေ၏။
အဝေးမှ တိုက်ခိုက်သံများကို ကြားနေရပြီး ရင်းနှီးနေသလို ခံစားနေရသည်။
ရုတ်တရက် အမှောင်ထုထဲတွင် တစ်စုံတစ်ခုက မသက်မသာ တုန်ခါသွားပြီး လှုပ်ရှားမှုအချို့ ရုတ်တရက် ထွက်ပေါ်လာသည်။ ကျန်းရှောင်ဖန်း မမြင်နိုင်သော်လည်း စိတ်ထဲတွင် အတွေးများ ဖြတ်ပြေးသွားလေသည်။
သတ္တဝါကြီး၏ ခန္ဓာကိုယ်မှာ ဤနေရာတွင်ရှိနေပြီး ဂူအပြင်ဘက်ရှိ ပိယောင်နှင့် ရှီထုံတို့ကို တိုက်ခိုက်ရန် အခြားလက်တစ်ဖက်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု သူတွေးလိုက်မိလေသည်။
ဤအတွေးသည် ကြာရှည်မခံလိုက်ချေ။ အကြောင်းမှာ သူ့ကို ရစ်ပတ်ထားပြီး အားမစိုက်တော့သော လက်တံကြီးမှာ အံ့အားသင့်မှု တစ်စုံတစ်ရာကြောင့် သို့မဟုတ် အခြားအကြောင်းအရင်းတစ်ခုခုကြောင့် ရုတ်တရက် ပြန်လည်တင်းကျပ်လာသည်ကို ခံစားလိုက်ရသောကြောင့်ပင်။
အရှိန်မမြန်သော်လည်း ဖိအားမှာမူ ဒေါသတကြီး ရုန်းကြွနေသော တောင်ကုန်းများနှင့် သမုဒ္ဒရာများကဲ့သို့ ကြီးမားလှသည်။
ကျန်းရှောင်ဖန်း၏ မျက်လုံးများ ပြာဝေသွားပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်လာသည်။ သူက အော်ဟစ်လိုက်ပြီး တောင့်ခံထားနိုင်ရန်အတွက် သူ၏ သိုင်းကျင့်စဉ်အားလုံးကို အစွမ်းကုန် အသုံးပြုလိုက်လေသည်။
သို့သော် လက်တံကြီး၏ စွမ်းအားမှာ မိစ္ဆာတစ်ကောင်ကဲ့သို့ တားဆီး၍မရနိုင်လောက်အောင် ကြီးမားလှသဖြင့် သူ ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။