← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) - ထူးဆန်းသော သားရဲ (၂)

သူ၏ ရင်ဘတ်ပေါ်ရှိ နံရိုးများမှ ကျိုးအက်သံများ ထွက်ပေါ်လာလေ၏။ ကျန်းရှောင်ဖန်းလည်း ဆက်လက်၍ ဂရုမစိုက်နိုင်တော့ဘဲ ထျန်းယင်ကျောင်းတော်မှ ဆရာတော်ဖူကျစ် သင်ကြားပေးခဲ့သော နောက်ထပ် ကျင့်ကြံမှုတစ်ဝက်ဖြစ်သည့် ‘မဟာဗြဟ္မာပညာရပ်’ ကိုပါ အသက်သွင်းလိုက်လေတော့သည်။

၎င်းက သူ့ကို ပို၍ကြာရှည်စွာ တောင့်ခံထားနိုင်ရန် ကူညီပေးနိုင်မည်ဟု မျှော်လင့်မိ၏။

အသက်မသွင်းမီက အဆင်ပြေသော်လည်း ယခုအခါတွင်မူ ထျန်းယင်၏ အထွတ်အထိပ်မန္တန်နှင့် ချင်းယွင်၏ အံ့မခန်းပညာရပ်တို့မှာ ကျင့်ကြံပုံနှင့် ချီလှည့်ပတ်ပုံကွာခြားမှုကြောင့် သူ၏ခန္ဓာကိုယ်အတွင်း၌ ချက်ချင်းပင် တစ်ခုနှင့်တစ်ခု ဆန့်ကျင်လာကြလေသည်။ သူ၏ သွေးကြောများမှာ အပ်ဖြင့်ထိုးခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်လာလေတော့သည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက်ရှိ ဧရာမလက်တံကြီးထံမှ ဖိအားများကြောင့် သူ၏ အရိုးများမှာ ကျိုးကြေတော့မည့်အလား ဖြစ်နေပေသည်။

ကျန်းရှောင်ဖန်းမှာ အမှောင်ထုထဲတွင် ကူကယ်ရာမဲ့ ဖြစ်နေလေ၏။ ဖိအားများ ပိုမိုအားကောင်းလာသည်နှင့်အမျှ သူ၏ အာရုံမှာ ဝေဝါးလာလေတော့သည်။

ဤအရေးကြီးသော အချိန်တွင် သူ၏စိတ်ထဲ၌ စာကြောင်းများ ရုတ်တရက် ထူးဆန်းစွာ ပေါ်လာလေသည်။

“...ကောင်းကင်ဘုံမှာ အကဲဖြတ်မှုမရှိ၊ လမ်းစဉ်မှာ အမည်နာမ မရှိဘူး။ ဒါကြောင့် အတ္တကင်းစင်ပြီး ဘက်လိုက်မှုမရှိ၊ လိုချင်တပ်မက်မှုမရှိ၊ ကံမရှိရင် အဲဒါက ဖြောင့်မတ်ခြင်းပဲ။ ဖြောင့်မတ်ခြင်းကို ဆုပ်ကိုင်ထားရင် အတွင်းက ကိုယ်ပိုင်သဘာဝဖြစ်ပြီး လောကကြီးက ဗဟိုချက်ပဲ...”

ဤစကားလုံးများသည် သူ၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာပြီး စိတ်ထဲတွင် ပဲ့တင်ထပ်နေလေ၏။ ဤသည်မှာ ‘ကောင်းကင်ကျမ်း’ ၏ အနှစ်ချုပ်မှ စာပိုဒ်တစ်ခုပင် ဖြစ်သည်။

လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော ထျန်းယင်နှင့် ချင်းယွင် ကျင့်စဥ်နှစ်ခုကို တစ်ခုတည်းအဖြစ် မည်သို့ပေါင်းစပ်ရမည်နှင့် ပတ်သက်၍ တစ်ချိန်က သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သော စာပိုဒ်ပင် ဖြစ်လေသည်။

သို့သော် ဤအခိုက်အတန့် မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် သူ၏ ခန္ဓာကိုယ်မှာ စုတ်ဖြဲခံရတော့မည့်အလား အလွန်နာကျင်နေသော်လည်း သူ၏ သိစိတ်က ရှင်းလင်းလာလေသည်။

ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုကို လျစ်လျူရှုကာ စိတ်ထဲတွင် စာပိုဒ်များကိုသာ ပဲ့တင်ထပ်နေစေလေသည်။

“…

ဒါကြောင့် အရာအားလုံးက လောကကြီးထဲမှာရှိပြီး လောကကြီးက စောင့်ကြည့်နေတယ်။

လောကမှာ အကောင်းနဲ့ အဆိုးဆိုတာ မရှိဘူး။

ဒါကြောင့် လောကကြီးက အမြဲတမ်းတည်ရှိနေပြီး ဖန်တီးလို့ မရနိုင်ဘူး။

အရာဝတ္ထုတွေက တည်မြဲမနေနိုင်ရင် လိုချင်တပ်မက်မှုကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး...

…"

သူ၏ လက်ထဲတွင် အချိန်တိုင်း ကိုင်ဆုပ်ထားခဲ့သော မှေးမှိန်နေသည့် ဝိညာဥ်ဝါးမြိုတုတ်မှာ တဖြည်းဖြည်း ပြန်လည်လင်းလက်လာလေသည်။

တစ္ဆေဆန်သော အစိမ်းရောင်အလင်းတန်းက သဲ့သဲ့လေး ထွက်ပေါ်လာသည်။

အေးခဲနေသော ချမ်းစိမ့်စိမ့်ခံစားချက်က သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားလေ၏။

ကျန်းရှောင်ဖန်းမှာ အမှောင်ထုထဲတွင် မည်သည့်အရာကိုမျှ မမြင်ရသော်လည်း မျက်လုံးအပြူးသားဖြစ်နေပြီး သူ၏ ဦးနှောက်တစ်ခုလုံးတွင် စာကြောင်းတစ်ကြောင်းတည်းသာ ပဲ့တင်ထပ်နေလေသည်။

“ဒါကြောင့် အရာဝတ္ထုတွေက တည်မြဲမနေနိုင်ရင် လိုချင်တပ်မက်မှုကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် အရာဝတ္ထုတွေက တည်မြဲမနေနိုင်ရင် လိုချင်တပ်မက်မှုကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် အရာဝတ္ထုတွေက တည်မြဲမနေနိုင်ရင် လိုချင်တပ်မက်မှုကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး...”

“အား”

သူက ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်၍ အော်ဟစ်လိုက်လေသည်။ သူ၏ အသံမှာ အက်ကွဲနေပြီ ဖြစ်၏။

“ဒါကြောင့် အရာဝတ္ထုတွေက တည်မြဲမနေနိုင်ရင် လိုချင်တပ်မက်မှုကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး”

ပဋိပက္ခဖြစ်နေသော မူလအနှစ်သာရ နှင့် မဟာဗြဟ္မာပညာရပ် ချီစွမ်းအင်နှစ်ခုမှာ တိုက်မိပြီးနောက် ဒေါသတကြီး ရုန်းကြွနေသော ဒီရေလှိုင်းများကဲ့သို့ သူ၏ ညာဘက်လက်မောင်းမှ ရုတ်တရက် လျှံကျလာကာ ဝိညာဥ်ဝါးမြိုတုတ်ထဲသို့ အတင်းဝင်ရောက်သွားလေတော့သည်။

အခိုက်အတန့်အကြာတွင် မီးတုတ်မှာ လင်းထိန်လာလေသည်။ ဆန်းကြယ်သော အစိမ်းရောင်အလင်းတန်းအောက်တွင် မီးတုတ်မှာ တစ်စုံတစ်ရာ၏ လှုံ့ဆော်မှုကို ခံလိုက်ရပုံရသည်။

အသေးစိတ်အချက်အလက်တိုင်းမှာ အလွန်ရှင်းလင်းလာသည်။ သွေးကြောများပင်လျှင် သွေးသစ်များ ရရှိလိုက်သကဲ့သို့ တုန်ခါနေပြီး အနက်ရောင်သန်းသော အနီရောင်မိစ္ဆာသွေးများ စီးဆင်းနေလေတော့သည်။

“ဂျစ်... ဂျစ်... ဂျစ်... ဂျစ်... ဂျစ်...”

မီးတုတ်၏ ထူးဆန်းသော ဖြစ်ရပ်နောက်တွင် ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှ ထူးဆန်းသောအသံများ ထွက်ပေါ်လာလေသည်။

သို့သော် ထိုအသံများမှာ အရိုးကျိုးသံများ မဟုတ်ဘဲ မြန်ဆန်နေသော နှလုံးခုန်သံများ ဖြစ်နေပြီး ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော လက္ခဏာမပြသော်လည်း ပွက်ပွက်ဆူနေသောသွေးများက အရေပြားကို ဖောက်ထွက်တော့မည့်အလား ဖြစ်နေပေသည်။

ကျန်းရှောင်ဖန်း သတိပြန်လည်လာလေ၏။ သူ၏ ခန္ဓာကိုယ်တွင် ဘာဖြစ်သွားမှန်း မသိသော်လည်း ဧရာမလက်တံကြီး၏ ဖမ်းဆုပ်ခံထားရဆဲဖြစ်ကြောင်း သူ သိလိုက်ရသည်။

သို့သော် ကွာခြားချက်မှာ ဉာဏ်အလင်းရသည့် အခိုက်အတန့်တွင် သူသည် ထျန်းယင်နှင့် ချင်းယွင် ပညာရပ်များကို မီးတုတ်ထဲသို့ အတင်းအကျပ် ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ ယခုအခါ မီးတုတ်မှာ အနည်းငယ် ကွဲပြားစွာ လင်းလက်နေလေပြီ။

ဆန်းကြယ်သော အစိမ်းရောင်အလင်းတန်းအတွင်း၌ မှေးမှိန်သော ရွှေရောင်အလင်းတန်းများ ပါဝင်နေပြီး သွေးကြောများမှ ကြောက်လန့်ရွံရှာဖွယ်ကောင်းသော ကြည်လင်သည့် အနီရောင်အလင်းတန်းများလည်း တောက်ပနေလေသည်။

ဤစွမ်းအင်အရှိန်အဝါက လက်တံကြီးထံမှ နေရာလွတ်ငယ်တစ်ခုကို ဖွင့်ပေးလိုက်သော်လည်း ဧရာမလက်တံကြီး၏ စွမ်းအားမှာ အလွန်ကြီးမားလွန်းကြောင်း ကျန်းရှောင်ဖန်း သိလိုက်ရလေသည်။

ကျန်းရှောင်ဖန်း၏ ခုခံမှု ပိုမိုအားကောင်းလာသည်ကို တွေ့ရှိပြီးနောက် ၎င်းက သူ့ကို ဖိနှိပ်ရန်အတွက် အနည်းဆုံး အဆတစ်ရာခန့် ပိုမိုအားထည့်လာလေ၏။ ခဏအကြာတွင် မီးတုတ်မှ မြှင့်တင်ပေးသော စွမ်းအင်အရှိန်အဝါမှာ ကျဆင်းတော့မည်ဖြစ်ပြီး အချိန်ကြာရှည်စွာ ခံနိုင်မည်မဟုတ်ချေ။

ကျန်းရှောင်ဖန်းမှာ လူမိုက် မဟုတ်ပေ။ ဤအတိုင်း ဆက်သွားပါက အဆုံးသတ်မှာ သေချာပေါက် သေဆုံးခြင်းသာဖြစ်ကြောင်း သူ သိထားလေသည်။

သူက ဆုံးဖြတ်ချက်ချလိုက်ပြီး အံကိုကြိတ်ကာ သူ၏ စွမ်းအားအားလုံးဖြင့် မီးတုတ်ကို ချက်ချင်း လင်းထိန်သွားစေလိုက်၏။ နောက်ဆုံးအခွင့်အရေးကို အရယူကာ ကျန်းရှောင်ဖန်းက အော်ဟစ်လိုက်ပြီး မီးတုတ်ဖြင့် လက်တံကြီးကို အလျင်အမြန် ထိုးစိုက်လိုက်လေတော့သည်။

“ဖူး”

အသံ ထွက်ပေါ်လာပြီးနောက် မီးတုတ်တစ်ခုလုံးမှာ နတ်ဓားတစ်လက်ကဲ့သို့ လက်တံကြီးထဲသို့ စူးဝင်သွားလေသည်။

အမှောင်ထုထဲတွင် မီးတုတ်မှထွက်ပေါ်လာသော တစ်ခုတည်းသောအလင်းရောင်မှာ ဧရာမလက်တံကြီးထဲသို့ ဝင်ရောက်သွားသောကြောင့် ပတ်ဝန်းကျင်မှာ အလင်းရောင်တစ်စက်မျှမရှိဘဲ ချက်ချင်း မှောင်မည်းသွားလေတော့သည်။

အမှောင်ထု၏ အငွေ့အသက်နှင့် ပတ်ဝန်းကျင်၏ တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားရင်း ကျန်းရှောင်ဖန်းမှာ ထိုအခိုက်အတန့်တွင် အသက်အောင့်ထားလိုက်သည်။

အလင်းတန်းတစ်ခုက ရုတ်တရက် လက်တံကြီးပေါ်တွင် အပေါက်ကြီးတစ်ခုကို ဖန်တီးလိုက်ပြီး မီးတုတ်၏ ထူးဆန်းသော အလင်းရောင်နှင့်အတူ အပြင်သို့ ပစ်ထွက်လာလေသည်။

“ဖောက်”

နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပြီး လက်တံကြီး၏ အခြားတစ်ဖက်မှ နောက်ထပ် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြန်၏။

ဆက်တိုက်ဆိုသလိုပင် “ဖောက်...ဖောက်...ဖောက်” ဟူသော အသံများ ထွက်ပေါ်လာလေသည်။ ကျန်းရှောင်ဖန်းမှာ အံသြတကြီးဖြစ်နေပြီး သူ့ကို ဖမ်းဆီးထားသော ဧရာမလက်တံကြီးမှာ စက္ကူပါးလေးတစ်ရွက်ကဲ့သို့ ထိုးဖောက်ခံနေရသည်ကို ကြည့်နေမိသည်။

ပို၍များပြားသော အလင်းတန်းများ ထွက်လာကာ မြေပြင်ပေါ်သို့ လင်းလက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။

မကြာမီမှာပင် ကျန်းရှောင်ဖန်းသည် လက်တံကြီးမှာ အင်အားမဲ့စွာဖြင့် သူ့ထံမှ လျှောကျသွားသည်ကို ခံစားလိုက်ရသည်။ ဤအချိန်တွင် မီးတုတ်မှာ လက်တံကြီး၏ အတွင်းဘက်မှ ထွက်ပေါ်လာပြီး သူ၏လက်ထဲသို့ ပြန်လည်ပျံသန်းလာလေသည်။

မီးတုတ်မှ ထွက်ပေါ်လာသော အလင်းရောင်ဖြင့် ကျန်းရှောင်ဖန်းမှာ ဧရာမလက်တံကြီးသည် ဒဏ်ရာများနှင့်အတူ ခြောက်သွေ့နေပြီး မြေပြင်ပေါ်တွင် လဲကျနေသည်ကို မြင်တွေ့လိုက်ရသည်။

သေမင်းတံခါးဝမှ လွတ်မြောက်လာခါစဖြစ်သဖြင့် သူ ထိတ်လန့်နေဆဲပင်။ သူ့အရှေ့ရှိ သတ္တဝါကြီးမှာလည်း ထူးဆန်းလှပေသည်။ ဤမျှ ပြင်းထန်သော ဒဏ်ရာကို ရရှိထားသော်လည်း နာကျင်သည့် လက္ခဏာ တစ်စုံတစ်ရာမျှ မပြသပေ။

ကျန်းရှောင်ဖန်း၏ အသက်ရှူနှုန်း တည်ငြိမ်သွားပြီး ထွက်ပေါက်ရှာရန် စီစဉ်နေချိန်တွင် အမှောင်ထုထဲ၌ သူ၏အရှေ့မှ လေပြင်းများ ဟိန်းထွက်လာလေသည်။

မှေးမှိန်နေသော အလင်းရောင်၏ အကူအညီဖြင့် အမှောင်ထုထဲမှ ဧရာမလက်တံကြီးများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ကျန်းရှောင်ဖန်းမှာ မေးရိုးပြုတ်ကျမတတ် အံ့သြသွားလေတော့၏။ အရိပ်များ ကခုန်နေပြီး လက်တံကြီးများ အများအပြား ရှိနေပေသည်။

လက်တံတစ်ချောင်းကပင် သူ၏ အသက်ကို နုတ်ယူနိုင်လုနီးပါးသွားခဲ့ရာ ဤအခြေအနေကို ရင်ဆိုင်ရမည့် အကျိုးဆက်မှာ မလွယ်ကူလှပေ။

ကျန်းရှောင်ဖန်းမှာ ဘာမှမစဉ်းစားတော့ဘဲ လှည့်ကာ သူ၏ မီးတုတ်ဖြင့် ချက်ချင်း ပျံသန်းထွက်ပြေးလေတော့၏။ သို့သော် သုံးပေခန့်အကွာတွင် “ဒိုင်း” ခနဲအသံနှင့်အတူ သူနှင့် သူ၏ မီးတုတ်မှာ မာကျောသော ကျောက်နံရံနှင့် ဝင်တိုက်မိသွားလေတော့သည်။

နာကျင်မှုမှာ ရိုးတွင်းခြင်ဆီအထိ စူးနစ်သွားလေ၏။ ဤဝင်တိုက်မိမှုမှာ အလွန်ပြင်းထန်လှသည်။

သူ၏မျက်နှာပေါ်တွင် စေးကပ်ကပ်အရာများ ရှိနေသည်ကို ခံစားလိုက်ရပြီး သွေးထွက်နေခြင်း ဖြစ်နိုင်၏။ သို့သော် ဤအရာကို ဂရုစိုက်နေရန် အချိန်မရှိချေ။

သူသည် မှောင်မည်းနေသော ဂူကြီးထဲတွင် မျက်မမြင်တစ်ဦးကဲ့သို့ ပိတ်မိနေလေပြီ။ လက်တံကြီး၏ ဖမ်းဆွဲခြင်းခံရပြီး ဤနေရာသို့ ရောက်လာစဉ်က အလွန်စိတ်ရှုပ်ထွေးနေခဲ့သောကြောင့် ဝင်လာသည့်လမ်းကို သူ မမှတ်မိတော့ပေ။

သူသည် ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်ကဲ့သို့ သူ၏ ပင်ကိုအသိစိတ်နှင့် လေတိုးသံကိုသာ လုံးဝအားကိုးနေရလေသည်။

ဂူထဲတွင် ဟိုတိုက်ဒီတိုက်ဖြစ်နေပြီး သတိမထားမိပါက နံရံနှင့် မကြာခဏ ဝင်တိုက်မိတတ်သော်လည်း လက်တံကြီးများကို ရှောင်တိမ်းနိုင်မည့် အခိုက်အတန့်သည် အခိုက်အတန့်တစ်ခုသာ ဖြစ်ပေသည်။

အမှောင်ထုထဲရှိ လက်တံကြီးများမှာ ကြီးမားရုံသာမက အလွန်လည်း လျင်မြန်လှပေသည်။ ကျန်းရှောင်ဖန်းမှာ အသက်လု၍ ထွက်ပြေးရန် ကြိုးစားသော်လည်း လေတိုးသံမှာ သူ၏ ကျောဘက်သို့ တဖြည်းဖြည်းချင်း နီးကပ်လာလေ၏။

မျက်စိမှိတ်ကာ အော်ဟစ်လိုက်ပြီး သူ၏မီးတုတ်ဖြင့် ရှေ့သို့ အဆင်ခြင်မဲ့ ပြေးဝင်သွားကာ လက်တံကြီးများနှင့် တတ်နိုင်သမျှ အဝေးသို့ရောက်ရန်သာ ဆန္ဒရှိနေတော့သည်။

သို့သော် ထွက်ပြေးလိုသော ဖိအားအောက်တွင် မီးတုတ်၏ အရှိန်မှာ အလွန်မြင့်မားလာသော်လည်း နံရံမှာမူ သိပ်သဘောမကောင်းလှချေ။ ဆယ်ပေခန့်အကွာတွင် “ဒိုင်း” ခနဲအသံနှင့်အတူ နံရံကို ထပ်မံ၍ ဝင်တိုက်မိသွားပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ အနည်းငယ် ကွာခြားလေ၏။ နံရံမှာ အနည်းငယ် ပျော့ပျောင်းနေပုံရသည်။ ဝင်တိုက်မိမှုအောက်တွင် သူသည် နံရံကို ဖြတ်တိုက်သွားလေသည်။

အလင်းရောင်အချို့ ထွက်ပေါ်လာပြီး အပူလှိုင်းများက သူ့အပေါ်သို့ လိမ့်ဝင်လာလေတော့သည်။

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွား၏။ သူ သတိမပြန်လည်နိုင်မီမှာပင် သူသည် ကျဉ်းမြောင်းသော ဥမင်လှိုဏ်ခေါင်းတစ်ခုပေါ်သို့ ကျသွားပြီး အောက်သို့ လိမ့်ကျသွားလေတော့သည်။

အတန်ကြာအောင် ဆက်လက်ကျဆင်းနေပြီ လမ်းတစ်လျှောက်တွင် ကျန်းရှောင်ဖန်းသည် တောက်ပသော အနီရောင်အလင်းတန်းများ ဝန်းရံနေကြောင်း ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် လောင်ကျွမ်းနေသော အပူလှိုင်းကိုလည်း ခံစားနေရသည်။

သူ ထိတွေ့နိုင်သော မြေပြင်ပေါ်ရှိ နေရာတိုင်းမှာ ပူလောင်နေလေသည်။ သူ၏ ဒဏ်ရာများကို အကြိမ်အနည်းငယ် ထိခိုက်မိရာ လွန်စွာနာကျင်လှသဖြင့် အော်ဟစ်နေရလေသည်။

သို့သော် တကယ်တမ်းတွင် ကျန်းရှောင်ဖန်းမှာ ယခုအချိန်အထိ တောင့်ခံနိုင်စွမ်းရှိနေသည်မှာ ဂူအပြင်ဘက်တွင် တိုက်ခိုက်နေဆဲဖြစ်သော ရှီထုံနှင့် နှိုင်းယှဉ်ပါက ကျောက်တုံးတစ်တုံးနှင့် ပို၍တူနေပေလိမ့်မည်။

နောက်ဆုံးတွင် သူ၏ လိမ့်ကျနေသော ခန္ဓာကိုယ်မှာ ရပ်တန့်သွားလေသည်။ သူ၏ နှုတ်ခမ်းမှ သွေးများထွက်နေပြီး မျက်နှာတစ်ခုလုံးတွင် ဒဏ်ရာများ ပြည့်နှက်နေကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်တော့မည့်အလား ဖြစ်နေပေသည်။ သူက ညည်းတွားလိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်လေ၏။

ထို့နောက် သူ အံ့အားသင့်သွားလေတော့သည်။

သူ၏ မျက်စိရှေ့တွင် မြေအောက်လှိုဏ်ဂူကြီးတစ်ခု ရှိနေ၏။ သို့သော် ကွာခြားချက်မှာ နေရာတိုင်းတွင် တောက်ပသော အနီရောင်ချော်ရည်ပူများ စီးဆင်းနေပြီး ပွက်ပွက်ဆူနေသော ကန်ကြီးတစ်ခုအဖြစ် ဖန်တီးကာ ဂူအောက်ခြေတစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။

ကန်၏ မျက်နှာပြင်ပေါ်တွင် ပူဖောင်းများ မကြာခဏ ထွက်ပေါ်လာပြီးနောက် ပေါက်ကွဲသွားတတ်သည်။ ပို၍ပြင်းထန်သော နေရာတွင်မူ ချော်ရည်ပူများက ဒီရေလှိုင်းကဲ့သို့ လေထဲသို့ ပန်းထွက်နေလေသည်။

ချော်ရည်များ၏ တောက်လောင်နေသော မီးတောက်များက ဧရာမဂူကြီးကို အနီရောင်လောကကြီးအဖြစ် လင်းထိန်စေလေသည်။

ကျန်းရှောင်ဖန်းကိုယ်တိုင်မှာမူ ချော်ရည်ကန်အထက်ရှိ ကမူတစ်ခုပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ သူ၏ အနောက်ဘက်တွင် သူ လိမ့်ဆင်းလာခဲ့သော လမ်းရှိနေသည်။

သူ၏ အရှေ့ဘက်၊ မခံမရပ်နိုင်အောင် ပူပြင်းလှသော စင်မြင့်၏ အဆုံးတွင်မူ ဘဲဥပုံသဏ္ဌာန် အသိုက်တစ်ခုရှိနေပြီး မြေခွေးဖြူတစ်ကောင်က ထိုနေရာတွင် တိတ်ဆိတ်စွာ လဲလျောင်းနေလေသည်။

ဖြူလွလွ မြေခွေးဖြူကြီးတစ်ကောင်ပင်။

၎င်း၏ မျက်လုံးများ မှိတ်ထားပြီး ငြိမ်းချမ်းစွာ အိပ်ပျော်နေသည့်အလားပင်။ ၎င်း၏ ခန္ဓာကိုယ်ကို ကွေးထားလေသည်။

အလွန်ပင် လှပလွန်းလှသည်။

ကျန်းရှောင်ဖန်းမှာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး အသက်အောင့်ကာ ၎င်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

တရွေ့ရွေ့နှင့် တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။

အပူလှိုင်းက ပိုမိုပူပြင်းလာပြီး ကျန်းရှောင်ဖန်း၏ မျက်နှာကို တောက်ပသော အနီရောင်အဖြစ် လောင်ကျွမ်းစေလေ၏။ သို့သော် အပူဒဏ်ကို မခံစားရချေ။

ပြူးကျယ်နေသော သူ၏ မျက်လုံးများထဲတွင် ချစ်စရာကောင်းပြီး လှပကာ နူးညံ့ပြီး တိတ်ဆိတ်နေသော မြေခွေးနှင့် ၎င်း၏ အနောက်ဘက်ရှိ နေရာတစ်ခုသာ ရှိနေလေတော့သည်။

ထိုနေရာတွင် လှပသော အမွေးအမျှင်များကြား၌ ၎င်း၏ အမြီးများကို ဖွက်ထားလေသည်။

သေးငယ်ပြီး လှပသော အမွေးအမျှင်များ၊ သဟဇာတဖြစ်စွာ ခွဲထွက်နေသော ထိုနေရာတွင် စုစုပေါင်း အမြီးခြောက်ချောင်း ရှိနေလေတော့သည်။

All Chapters