← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) - သုံးမြီးမြေခွေး၏ သေဆုံးခြင်း (၂)

အမြီးခြောက်ချောင်း မြေခွေးဖြူက ဖိနှိပ်လာသော အစိမ်းရောင်အလင်းတန်းကို ကြည့်နေ၏။ ဤမျှ ပူပြင်းလှသော ချော်ရည်များကြားတွင်ပင် အေးစက်မှု အနည်းငယ်ရှိနေသဖြင့် ၎င်းကို တုန်လှုပ်သွားစေသည်။

ထိုအချိန်မှာပင် ကျန်းရှောင်ဖန်းက သူ ပြုတ်ကျလာခဲ့သော လှိုဏ်ဂူလမ်းကြောင်းအနောက်မှ လေတိုက်ခတ်သံ လျင်မြန်စွာ ထွက်ပေါ်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

ထိုအသံမှာ သားရဲတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ဖြစ်ပြီး ထောင်ပေါင်းများစွာသော မြင်းတပ်များ၏ ခွာသံနှင့်လည်း တူနေကာ မည်သည့်အရာဖြစ်ကြောင်း သူ မမြင်ရခင်မှာပင် ကြီးမားသော အရှိန်အဟုန်နှင့် လာနေသည်။

ကျန်းရှောင်ဖန်း အံ့အားသင့်သွားသော်လည်း အမြီးခြောက်ချောင်း မြေခွေးဖြူအပေါ် သတိမလျှော့ရဲပေ။ သူက မီးတုတ်ကို ရုပ်သိမ်းလိုက်ပြီး ရင်ဘတ်ရှေ့တွင် ထားကာ အသင့်ပြင်ထားလိုက်သည်။

ခပ်လှမ်းလှမ်းရှိ နေရာတစ်ခုတွင်လည်း အမြီးခြောက်ချောင်း မြေခွေးဖြူက မျက်မှောင်ကြုတ်ကာ လှိုဏ်ဂူလမ်းကြောင်းကို ကြည့်နေလေသည်။

မကြာမီမှာပင် ကျန်းရှောင်ဖန်းသည် လှိုဏ်ဂူလမ်းကြောင်းမှ လာသော ပူပြင်းသည့် အပူလှိုင်းကို ခံစားလိုက်ရ၏။ အသက်ရှူရသည်မှာ ပိုမိုခက်ခဲလာပြီး ဤချော်ရည်ဂူထဲတွင် အရည်ပျော်သွား​တော့မည့် ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

သူ ရှုပ်ထွေးပြီး အံ့အားသင့်နေစဉ်မှာပင် အသံက ပို၍ နီးကပ်လာကာ အရှိန်အဟုန်က ပိုမို ပြင်းထန်လာ၏။ ခဏအကြာတွင် မှောင်မိုက်နေသော လှိုဏ်ဂူလမ်းကြောင်းက သူ၏ မျက်စိရှေ့၌ တောက်ပစွာ လင်းလက်လာသည်။

ဧရာမမီးနဂါးကြီးတစ်ကောင်က ကျဉ်းမြောင်းသော လှိုဏ်ဂူလမ်းကြောင်းထဲမှ ထွက်ပေါ်လာလေသည်။ ဂူထဲမှ ထွက်လာပြီးနောက် မီးနဂါးကြီးက ဟိန်းဟောက်လိုက်ကာ ၎င်း၏ အစွယ်များနှင့် လက်သည်းများကို ပြသလျက် လေထဲသို့ ပျံတက်သွားလေသည်။

ထို့နောက် နဂါး၏ ဦးခေါင်းပေါ်မှ အဖြူရောင်ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ၎င်းမှာ ညှို့ယူဖမ်းစားနိုင်သော အမြီးသုံးချောင်း မြေခွေးမိစ္ဆာမပင် ဖြစ်လေသည်။

သူမက အမြီးခြောက်ချောင်း မြေခွေးဖြူရှေ့တွင် ဆင်းသက်လာပြီး သူမ၏ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများ ရှိနေ၏။ သူမ၏ သန့်ရှင်းသော အဝတ်အစားများပေါ်တွင် စုတ်ပြဲပြီး ညစ်ပေနေသော နေရာအတော်များများ ရှိနေသည်။ တိုက်ပွဲတွင် သူမ အနည်းငယ် အထိနာခဲ့ပုံရလေသည်။

ကျန်းရှောင်ဖန်း မှင်တက်သွားကာ မြေပြင်ပေါ်၌ အမြစ်တွယ်နေသကဲ့သို့ ရပ်နေမိပြီး ရှေ့ဆက်ဆက်မတိုးရဲပေ။ သူ၏ အာရုံများက လေထဲရှိ မီးနဂါးကြီးထံသို့ ရောက်ရှိနေလေသည်။

မီးနဂါးကြီးကို လောင်ကျွမ်းနေသော မီးတောက်များဖြင့် ဖုံးလွှမ်းထားပြီး ၎င်း၏ မျက်လုံးများပင်လျှင် မီးလုံးနှစ်လုံး ဖြစ်နေလေသည်။

မီးနဂါးကြီး၏ အရှိန်အဟုန်က ဤမြေအောက် ချော်ရည်ဂူထဲတွင် ပိုမို ကြမ်းတမ်းလာ၏။ နဂါးဟိန်းဟောက်သံတစ်ခု ထွက်ပေါ်ပြီးနောက် မီးနဂါးကြီးက အောက်သို့ ပြေးဆင်းလာလေသည်။

ကျန်းရှောင်ဖန်း အံ့အားသင့်သွားကာ ချက်ချင်းနောက်ဆုတ်လိုက်သော်လည်း မီးနဂါးကြီးက သူ့ကို ဖြတ်ကျော်သွားရုံသာ ဖြစ်သည်။ အပူလှိုင်းများကြားတွင် မီးနဂါးကြီးက ဟိန်းဟောက်ကာ ချော်ရည်အိုင်ထဲသို့ ထိုးဆင်းသွားပြီး ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် ၎င်းက ပြန်ထွက်လာကာ ဤပူပြင်းကြောက်မက်ဖွယ်ကောင်းသော ရေကန်ထဲတွင် သက်သောင့်သက်သာ ကူးခတ်နေလေသည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာ၏ တိတ်ဆိတ်သော အသံက ထွက်ပေါ်လာ၏။

“အစ်ကို၊ အဆင်ပြေရဲ့လား”

အမြီးခြောက်ချောင်း မြေခွေးဖြူက ပြုံးလိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

“ဒီလူငယ်လေးက သေခါနီးဖြစ်နေတဲ့ ဒီမြေခွေးကို ဘာမှမလုပ်ရသေးပါဘူးလေ။”

ကျန်းရှောင်ဖန်း မျက်နှာနီရဲသွားပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ အမြီးခြောက်ချောင်း မြေခွေးဖြူ၏ စကားအရ ၎င်းမှာ ရောဂါကြောင့် သေဆုံးတော့မည့်ပုံ ပေါ်နေလေသည်။

အမြီးသုံးချောင်း မြေခွေးမိစ္ဆာမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ရှိနေပြီး သူမက တိတ်ဆိတ်စွာ ပြောလိုက်သည်။

“အစ်ကို၊ အဲဒီ လူငယ်လေးနဲ့ ပါလာတဲ့ လူနှစ်ယောက်အပြင် ဖန်ရှန်းတောင်ကြားက လူနှစ်ယောက်လည်း ရှိသေးတယ်”

အမြီးခြောက်ချောင်း မြေခွေးဖြူ၏ ကိုယ်လုံး တုန်ယင်သွားပြီး သူမဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ရှန်ကွမ်းအဘိုးကြီးလား”

အမြီးသုံးချောင်း မြေခွေးမိစ္ဆာက ခေါင်းခါလိုက်၏။

“မဟုတ်ဘူး၊ လူငယ်မျိုးဆက်က တပည့်တွေပါ။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုက တော်တော်လေး နက်ရှိုင်းတယ်။ ညီမ...ညီမက သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး......”

အမြီးခြောက်ချောင်း မြေခွေးဖြူ မှင်တက်သွားပြီး သက်ပြင်းချလိုက်သည်။

“အင်းလေ။ မင်းမှာက နှစ်သုံးရာ ကျင့်ကြံမှုပဲ ရှိသေးတာ။ မီးတောက်ကြေးမုံရှိနေရင်တောင် အဲဒီနာမည်ကြီး ဂိုဏ်းတွေက ထူးချွန်တဲ့ တပည့်တွေကို မင်း ဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ။ ထားလိုက်ပါတော့”

အမြီးသုံးချောင်း မြေခွေးမိစ္ဆာ၏ ညှို့ယူဖမ်းစားနိုင်သော မျက်နှာပေါ်တွင် မျက်ရည်ကြောင်း နှစ်ကြောင်း စီးကျလာလေသည်။

“ဒါပေမဲ့ အစ်ကို၊ အခု ဒီနဂါးနက်ဂူကနေ တခြားထွက်ပေါက် မရှိတော့ဘူး။ အပေါ်က လမ်းကြောင်းကို သူတို့ လေးယောက်က ပိတ်ဆို့ထားတယ်။”

“အခု ‘ရေမျှော့နက်ကြီး’ နဲ့ သူတို့ကို တားဆီးထားခဲ့ပေမဲ့ သူတို့ရဲ့ မှော်ပစ္စည်းတွေက အရမ်းအစွမ်းထက်တော့ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်အတွင်း သူတို့ ဒီကို ရောက်လာလိမ့်မယ်လို့ ညီမ စိုးရိမ်တယ်။ ညီမတို့...ညီမတို့ ဘာလုပ်ကြမလဲ”

အမြီးခြောက်ချောင်း မြေခွေးဖြူက သူမကို ကြည့်ကာ ၎င်း၏ အရှေ့ခြေထောက်ကို ခက်ခက်ခဲခဲ မြှောက်ပြီး သူမကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်၏။ သို့သော် လေထဲသို့ ရောက်သောအခါ ပြုတ်ကျသွားလေသည်။ ၎င်းက လေကို အပူတပြင်း ရှူသွင်းလိုက်ပြီးနောက် ပြောလိုက်သည်။

“ငါ့အခြေအနေကို မင်း မမြင်ဘူးလား။ သူတို့ မလာရင်တောင် ငါ အချိန်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”

အမြီးသုံးချောင်း မြေခွေးမိစ္ဆာ၏ မျက်ရည်များက မြေခွေးဖြူ၏အမွေးများပေါ်သို့ ကျဆင်းသွားလေသည်။

မြေခွေးဖြူ၏ အသံက အလွန် တည်ငြိမ်နေလေသည်။

“နှစ်သုံးရာလုံးလုံး ငါ နေရာအနှံ့ ထွက်ပြေးခဲ့ရတယ်။ အမြဲတမ်း အရိပ်ထဲမှာ ရှင်သန်ခဲ့ရပြီး ဖန်ရှန်းတောင်ကြားက လူတွေ ငါ့ကို လိုက်ရှာမှာကို ကြောက်ရွံ့နေခဲ့ရသလို လမင်းရေခဲအပ်ရဲ့ ရေခဲအဆိပ်ကိုလည်း ခံစားခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ နောက်ဆုံးမှာ ငါ မလွတ်မြောက်နိုင်တော့ပါဘူး။”

အမြီးသုံးချောင်း မြေခွေးမိစ္ဆာက ဝမ်းနည်းစွာ ပြောလိုက်သည်။

“အစ်ကို…အဲ့သလိုမပြောပါနဲ့။ ညီမ အစ်ကို့ကို ဒီကနေ ခေါ်ထုတ်သွားမှာပါ။ ညီမတို့မှာ မီးတောက်ကြေးမုံ ရှိသေးတာပဲ။ အစ်ကို့ရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် ညီမတို့ သေချာပေါက်......”

မြေခွေးဖြူက ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး ပြောလိုက်သည်။

“ငါ့ရဲ့ နှစ်ထောင်ချီ ကျင့်ကြံမှု အခြေခံက ဒီနှစ်သုံးရာအတွင်းမှာ လမင်းရေခဲအပ်ရဲ့ ရေခဲအဆိပ်ကြောင့် တဖြည်းဖြည်း ပျက်စီးခဲ့ရပြီ။ အခု ငါ့ခန္ဓာကိုယ်က လုံးဝအေးခဲနေပြီ။ ရိုးတွင်းခြင်ဆီအထိ အေးစက်နေပြီမို့ ငါ တောင့်မခံနိုင်တော့ဘူး”

အမြီးသုံးချောင်း မြေခွေးမိစ္ဆာမမှာ တုန်ယင်သွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။

မြေခွေးဖြူက ခေါင်းမော့လိုက်ပြီး ခဏမျှ တုံ့ဆိုင်းနေကာ ပြောလိုက်သည်။

“ငါ တကယ် မတတ်နိုင်တော့ဘူး၊ ဒါပေမဲ့ မင်းကတော့ သေလို့ မဖြစ်ဘူး။ မင်းဆီမှာ မီးတောက်ကြေးမုံရှိနေတာပဲ။ သူတို့ လှိုဏ်ဂူလမ်းကြောင်းထဲ ဝင်လာတဲ့အခါ မီးနဂါးကို ဆင့်ခေါ်ပြီး သူတို့ကို ဝင်တိုက်လိုက်။ သူတို့ အံ့အားသင့်သွားပြီး မင်းကို တားနိုင်မှာ မဟုတ်ဘူး။ မင်း….မင်းက......”

၎င်းက စကားပြောခြင်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။ အမြီးသုံးချောင်း မြေခွေးမိစ္ဆာမက ၎င်းရှေ့တွင် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူမ၏ အဝတ်အစားထဲသို့ လက်နှိုက်ကာ တစ်ဖက်တစ်ချက်စီတွင် အနီရောင်ချည်ကြိုးများပါသော မှော်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ မီးတောက်ကြေးမုံပင် ဖြစ်လေသည်။

ချော်ရည်ဂူထဲတွင် မီးတောက်ကြေးမုံမှာ အနီရောင်တောက်ပနေ၏။ ၎င်း၏ အလယ်ဗဟိုရှိ ရှေးဟောင်းမီးတောက်သင်္ကေတမှာ လောင်ကျွမ်းကာ ထွက်ပေါ်လာတော့မည့်ဟန် ရှိနေလေသည်။

ကျန်းရှောင်ဖန်း၏ မျက်စိထဲရှိ ညှို့ယူဖမ်းစားနိုင်သော မိန်းမပျိုဖြစ်သည့် အမြီးသုံးချောင်း မြေခွေးမိစ္ဆာမက သူမ၏ လက်ထဲရှိ မီးတောက်ကြေးမုံကို စိုက်ကြည့်နေ၏။

မကြာမီမှာပင် မျက်ရည်တစ်ပေါက်က မီးတောက်ကြေးမုံပေါ်သို့ တိတ်ဆိတ်စွာ ကျဆင်းသွားသည်။ ခဏအကြာတွင် ၎င်းသည် မီးခိုးအဖြစ် ပြောင်းလဲသွားကာ လေထဲသို့ အငွေ့ပျံသွားလေသည်။

မြေခွေးတွေမှာလည်း မျက်ရည်ရှိတာပဲလား။

မိစ္ဆာတွေမှာလည်း အချစ်ရှိတာပဲလား။

ကျန်းရှောင်ဖန်းမှာ မှင်တက်ကာ နေရာတွင်ပင် အမြစ်တွယ်နေသကဲ့သို့ ဖြစ်သွားလေသည်။

“နှစ်သုံးရာတိုင်ခဲ့ပြီ အစ်ကို”

သူမက ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလိုက်သည်။

“စုစုပေါင်း နှစ်သုံးရာ ရှိခဲ့ပြီ။ ညီမ ကျင့်ကြံမှု နည်းနည်း အောင်မြင်လာပြီး မြေခွေးတောင်ကုန်းမှာ အစ်ကိုနဲ့ တွေ့ခဲ့တဲ့ အချိန်ကစလို့ ညီမ အစ်ကို့နောက်ကို လိုက်ခဲ့တယ်”

“လောကကြီးရဲ့ အစွန်အဖျားအထိ၊ ခြောက်သွေ့တဲ့ မြေရိုင်းတွေအထိ၊ မှောင်မိုက်တဲ့ ဘဝမှာ နေထိုင်ရင်း လူတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရမှာ စိုးရိမ်ပူပန်နေရတဲ့ ဘဝမှာ ရှင်သန်ရင်းနဲ့ပေါ့။”

“ဒါပေမဲ့ ညီမ တစ်ခါမှ နောင်တမရခဲ့ပါဘူး......”

ကျန်းရှောင်ဖန်းက ခြေလှမ်းအနည်းငယ်ကို ဖြည်းညင်းစွာ လှမ်းကာ သူတို့၏ အနောက်တွင် ရပ်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် ရှုပ်ထွေးမှုများ ထူးဆန်းစွာ ဖြစ်ပေါ်လာလေသည်။

မြေခွေးတောင်ကုန်းဟူသော အသံကို ကြားလိုက်ရချိန်တွင် သူ၏ နှလုံးသား လှုပ်ရှားသွားကာ ရင်းနှီးနေသလို ခံစားရသော်လည်း မည်သည့်အရာဖြစ်ကြောင်း မမှတ်မိပေ။

ညှို့ယူဖမ်းစားနိုင်သော မိန်းမပျိုလေး၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေလေသည်။

“ဒါပေမဲ့ ဒီနေ့ ဘာလို့…ဘာလို့ ညီမကို ထွက်သွားခိုင်းရတာလဲ”

မြေခွေးဖြူက ခေါင်းငုံ့သွား၏။ ၎င်း၏ ခန္ဓာကိုယ် တုန်ယင်နေသည်ကို ကျန်းရှောင်ဖန်း သတိထားမိလိုက်သည်။ အအေးဒဏ်ကြောင့်လား သို့မဟုတ် ၎င်း၏ နှလုံးသား လှုပ်ရှားသွား၍လား မပြောတတ်ပေ။

“အစ်ကို….”

ညှို့ယူဖမ်းစားနိုင်သော မိန်းမပျိုလေးက ရုတ်တရက် ခေါ်လိုက်သည်။ အသံမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းပြီး စူးရှနေလေသည်။ မြေခွေးဖြူက ခေါင်းမော့လာသည်။ ကျန်းရှောင်ဖန်းလည်း သူမကြောင့် အံ့အားသင့်သွားရသည်။

ထူးဆန်းသည့်ပုံစံရှိသော မီးတောက်ကြေးမုံကို သူမ၏ ရင်ဘတ်ပေါ်၌ ညင်သာစွာ တင်ထားလိုက်ရာ နူးညံ့သော အလင်းရောင်ဖြင့် တောက်ပနေလေသည်။

မြေခွေးဖြူ၏ တစ်ကိုယ်လုံး တုန်ယင်နေကာ မည်သည့်နေရာမှန်းမသိသော ခွန်အားများ ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ကို မြှောက်ကာ အော်ဟစ်လိုက်၏။

“ဟင့်အင်း......မင်းမလုပ်ရဘူး…..”

“ဘန်း”

ကျယ်လောင်သော အသံတစ်ခုက ကျန်းရှောင်ဖန်း၏ နှလုံးသားကို ရိုက်ခတ်သွားသကဲ့သို့ပင်။ ထိုညှို့ယူဖမ်းစားနိုင်သော မိန်းမပျိုလေး၏ အနောက်တွင် သူ ရပ်နေခဲ့ပြီး သူမ၏ နူးညံ့သော ကျောပြင်မှ မီးတောက်ကြေးမုံ၏ အလင်းရောင်များ ထွက်ပေါ်လာသည်ကို စောင့်ကြည့်နေမိသည်။

အနည်းငယ်၊ တစ်စက်ချင်းစီမှနေ၍ တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ပုံပေါ်လာကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။

ပတ်ဝန်းကျင် လောကကြီးနှင့် အသံများအားလုံးက ထိုခဏ၌ ရုတ်တရက် ဆိတ်သုန်းသွားလေသည်။

…

ထိုဒေါသများအားလုံး၊ ထိုဇွဲလုံ့လများအားလုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားချေပြီ။

ထိုလူငယ်လေး၏ မျက်စိထဲတွင် နူးညံ့လှပသော ခန္ဓာကိုယ်မှ ထွက်ကျလာသော တောက်ပသည့် သွေးနီရဲရဲများ မြေပြင်ပေါ်သို့ ကျဆင်းကာ တောက်ပသော ပန်းနီနီလေးတစ်ပွင့်အဖြစ် ပြောင်းလဲသွားပြီး ကျောက်တုံးများထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားသည်ကိုသာ မြင်တွေ့နေရလေသည်။

သွေးနီရောင်မြေပြင်သည် မည်သည့်အခါမျှ အရောင်လွင်ပြယ်သွားမည် မဟုတ်ပေ။

သူမသည် အင်အားမဲ့စွာဖြင့် မြေခွေးဖြူရှေ့သို့ လဲကျသွားလေသည်။ မြေခွေးဖြူ၏ ပါးစပ်မှ အက်ကွဲနေသော ငိုကြွေးသံ ထွက်ပေါ်လာသည်။ ၎င်း ဘာပြောချင်နေသည်ကို ကျန်းရှောင်ဖန်း နားမလည်နိုင်ပေ။

မြေခွေးဖြူက အော်ဟစ်နေကာ ၎င်း၏ ခန္ဓာကိုယ် တုန်ယင်လျက်ဖြင့် ရှေ့သို့အနည်းငယ်တိုးရန်ပင် ရုန်းကန်နေပြီး မဝေးလှသော နေရာရှိ အားနည်းကာ သေဆုံးတော့မည့် ခန္ဓာကိုယ်ထံသို့ တွားသွားနေလေသည်။

သို့သော် ၎င်း၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသဖြင့် အချိန်ကြာမြင့်စွာ ရုန်းကန်ပြီးနောက်မှ အနည်းငယ်သာ သွားနိုင်လေသည်။

ကျန်းရှောင်ဖန်း ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားလေသည်။

သူ ရှေ့သို့ ပြေးထွက်သွားချိန်တွင် အရာအားလုံးကို မေ့လျော့နေခဲ့သည်။

သူက ပြင်းထန်စွာ ဒဏ်ရာရနေသော မိန်းမပျိုလေး၏ ခန္ဓာကိုယ်ကို ဂရုတစိုက် သယ်ဆောင်ကာ မြေခွေးဖြူ၏ ရှေ့၌ ချပေးလိုက်သည်။ ထို့နောက် သူက တိတ်ဆိတ်စွာ နောက်ဆုတ်ကာ သူတို့ရှေ့၌ ရပ်နေလိုက်သည်။

ထိုအချိန်မှာပင် အဝေးရှိ လှိုဏ်ဂူလမ်းကြောင်းမှ လေတိုက်ခတ်သံ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် မည်းနက်ပြီး ခြောက်သွေ့နေသော အရာတစ်ခုက လှိုဏ်ဂူလမ်းကြောင်းထဲမှ ပြုတ်ကျလာလေသည်။

၎င်းမှာ သူ့ကို ဖမ်းဆီးခဲ့သော ရေဘဝဲလက်တံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကျန်းရှောင်ဖန်း မှတ်မိလိုက်သည်။

ထို့နောက် သူ လှည့်ကာ မြေခွေးမိစ္ဆာ နှစ်ကောင်ကို စောင့်ကြည့်နေလိုက်၏။

မြေခွေးဖြူက မိန်းမပျိုလေးကို ဖက်ထားကာ ၎င်း၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါနေလေသည်။ တစ်ချိန်က လှပခဲ့သော ၎င်း၏ အမွေးအမျှင်များက သိသာထင်ရှားသော အမြန်နှုန်းဖြင့် လျင်မြန်စွာ ညှိုးနွမ်းသွားလေတော့သည်။

“မင်း......”

၎င်း၏ အသံမှာ အက်ကွဲနေပြီး စကားတစ်ခွန်းစီ ပြောရတိုင်း ၎င်း၏ နှလုံးသားကို ဆွဲဆုတ်နေသကဲ့သို့ပင်။

မိန်းမပျိုလေး၏ မျက်နှာမှာ သွေးရောင်တစ်စက်မျှ မရှိဘဲ စက္ကူကဲ့သို့ ဖြူလျော့နေ၏။ သို့ရာတွင် ၎င်းမှာ နူးညံ့နေဆဲဖြစ်ပြီး သေဆုံးရမည့် အကြောက်တရားနှင့် ရင်ဘတ်မှ နာကျင်မှုများက သူမကို နှောင့်ယှက်နိုင်ခြင်း မရှိသကဲ့သို့ပင်။

နောက်ဆုံးအချိန်အထိ သူမက မြေခွေးဖြူကို နူးညံ့စွာ ကြည့်နေဆဲဖြစ်လေသည်။

“အစ်ကို၊ အခုတော့ ညီမကို နှင်လို့ မရတော့ဘူးနော်။”

မြေခွေးဖြူမှာ ဆို့နင့်နေသဖြင့် စကားမပြောနိုင်တော့ချေ။

သူမက လက်ကို မြှောက်ကာ ၎င်းကို ထိတွေ့ရန် ကြိုးစားလိုက်၏။ သို့သော် လမ်းတစ်ဝက်သို့ ရောက်ချိန်တွင် ပြုတ်ကျသွားလေသည်။ သူမ၏ သွေးများက မြေခွေးဖြူ၏ ရင်ဘတ်ကို စွန်းထင်းစေခဲ့ပြီ ဖြစ်သည်။

“အစ်ကို အစ်ကိုနဲ့ ညီမ...... အတူတူ...... ရှိနေရတော့မယ်......”

ထို့နောက် သူမ၏ မျက်လုံးက ထာဝရမှိတ်သွားလေတော့သည်။

လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

All Chapters