အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) - အတူတကွ သေဆုံးခြင်း (၁)
သူမရင်ဘတ်ပေါ်ရှိ မီးလျှံကြေးမုံမှာ တဖြည်းဖြည်း ငြိမ်သက်သွားလေ၏။ တောက်ပနေသော အလင်းရောင်များအားလုံး စတင်ပျောက်ကွယ်သွားချေပြီ။ မီးနဂါးကြီးလည်း ပျောက်ကွယ်သွားခဲ့ကြောင်းကို ကျန်းရှောင်ဖန်း ရုတ်တရက် သတိပြုမိလိုက်ပေသည်။
တကယ်တော့ အချိန်မည်မျှ ကြာမြင့်သွားခဲ့ပြီကို သူ မသိခဲ့ပေ။
သူသည် မြေပြင်ပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ ရပ်တန့်နေမိ၏။ အတွေးပေါင်းထောင်သောင်းမက သူ၏စိတ်ထဲတွင် လှုပ်ခတ်နေသော်လည်း ဦးနှောက်တစ်ခုလုံး ဗလာကျင်းနေသကဲ့သို့ ခံစားနေရဆဲပင်။
အမြီးခြောက်ချောင်း မြေခွေးဖြူသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ မော့ကာ ကျန်းရှောင်ဖန်းအား ပြောလိုက်သည်။
“လူငယ်လေး၊ ဒီကိုလာခဲ့ပါဦး”
ကျန်းရှောင်ဖန်းသည် သူ၏အနီးသို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။ သူ၏နောက်ဘက် လိုဏ်ခေါင်းအတွင်း၌မူ လေတိုက်ခတ်သံများက ပို၍ကျယ်လောင်လာခဲ့ချေပြီ။
မြေခွေးဖြူသည် သတိလစ်နေသော ခန္ဓာကိုယ်ကို ပွေ့ဖက်ထားဆဲဖြစ်သော်လည်း မျက်နှာမှာမူ တည်ငြိမ်နေခဲ့၏။ သူ၏အသံမှာလည်း ရေပြင်ကဲ့သို့ ငြိမ်းချမ်းနေလေသည်။
“ကျုပ်ကို တစ်ခုလောက် ကူညီပေးနိုင်မလား”
ကျန်းရှောင်ဖန်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။
“ဘာများလဲ”
မြေခွေးဖြူသည် သူ၏ရင်ခွင်ထဲရှိ မိန်းကလေးကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။
“ကျုပ်တို့နှစ်ယောက်လုံးကို အောက်က ချော်ရည်ပူတွေထဲ ပစ်ချပေးပါ”
ကျန်းရှောင်ဖန်းသည် ရုတ်တရက် ခေါင်းမော့လာပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေသည်။
မြေခွေးဖြူက သူ့ကိုကြည့်နေသော်လည်း မည်သည့်စကားမှ မဆိုလာတော့ပေ။
ကျန်းရှောင်ဖန်းသည် တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်ပေါ်မလာခဲ့ချေ။ မျက်လုံးများမှာ မီးနှင့်အမြှိုက်ခံရသကဲ့သို့ ရုတ်တရက် ပူလောင်လာခဲ့သည်ဟု ခံစားလိုက်ရသည်။
သူသည် ခေါင်းကို အားယူကာ ညိတ်ပြလိုက်လေသည်။
မြေခွေးဖြူက ပြုံးလိုက်ပြီး ရင်ခွင်ထဲရှိ မိန်းကလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်၏။
တစ်လှမ်း၊ နှစ်လှမ်းဖြင့် ကျန်းရှောင်ဖန်းသည် ပွေ့ဖက်ထားသော မြေခွေးနှစ်ကောင်ကို သယ်ဆောင်ကာ ကမူ၏ အစွန်းဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။
သူ၏ခြေအောက်တွင်မူ ဒေါသတကြီး လောင်ကျွမ်းနေသော လေပူများက ဟိန်းဟောက်နေခဲ့လေသည်။
နောက်ဆုံးတွင် သူသည် အစွန်းသို့ရောက်ရှိသွားပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားရှိ နယ်နိမိတ်ပေါ်တွင် ရပ်တန့်နေခဲ့၏။
မြေခွေးဖြူ၏ မျက်နှာမှာ ရုတ်တရက် ပို၍ကောင်းမွန်လာခဲ့လေသည်။ သူသည် ခေါင်းကိုမော့ကာ ကျန်းရှောင်ဖန်းကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ကျန်းရှောင်ဖန်း၏ မျက်နှာအမူအရာကို မည်သူမျှ မမြင်နိုင်ခဲ့ပေ။
ထို့နောက် မြေခွေးဖြူသည် ရုတ်တရက် ပြုံးလိုက်လေသည်။ နာကြည်းချက်များအားလုံးကို မေ့ပျောက်သွားသည့်အလား သက်ကြီးရွယ်အိုတစ်ဦးက လူငယ်လေးတစ်ယောက်ကို ကြည့်နေသည့်နှယ်ပင်။
“လူငယ်လေး၊ ဘာဖြစ်လို့ ခုလိုဖြစ်ရတာလဲ”
ကျန်းရှောင်ဖန်းသည် မည်သည့်စကားမျှ မဆိုခဲ့ပေ။
မြေခွေးဖြူသည် မိန်းကလေး၏ ရင်ဘတ်ပေါ်ရှိ မီးလျှံကြေးမုံကို ညင်သာစွာ ကောက်ယူလိုက်ပြီး သူ၏နောက်ဆုံးခွန်အားကို အသုံးပြုကာ ကျန်းရှောင်ဖန်း၏ ညာဘက်အင်္ကျီလက်ကို ဆွဲတင်လိုက်ပြီး မီးလျှံကြေးမုံကို အနီရောင်ကြိုးများဖြင့် သူ၏လက်မောင်းတွင် ချည်နှောင်ပေးလိုက်သည်။
“ဒါက မရေမတွက်နိုင်တဲ့ မြေခွေးမျိုးနွယ်တွေရဲ့ အသက်တွေနဲ့ လဲလှယ်ခဲ့ရတဲ့ နတ်ဘုရားလက်နက်တစ်ခုပဲ၊ အခုတော့ မင်းအတွက် အမှတ်တရအနေနဲ့ ပေးခဲ့ပါမယ်”
သူသည် ပြုံးလိုက်သော်လည်း ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်လာခဲ့ပြီး ပါးစပ်မှလည်း အနက်ရောင်သွေးများ အန်ထွက်လာခဲ့လေသည်။
“ဒါပေမဲ့ ဘယ်သူမှ မမြင်စေနဲ့”
နောက်ဆုံးတွင် သူ၏အသံလည်း တိတ်ဆိတ်သွားခဲ့ချေပြီ။
ကျန်းရှောင်ဖန်းသည် နှုတ်ခမ်းကို ကိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် လက်ကို လွှတ်ချလိုက်တော့သည်။
အဝေးဆီမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ပိယောင်နှင့် ရှီထုံတို့နှင့်အတူ ဖန်ရှန်းတောင်ကြားမှ လီရွှင်နှင့် ယန်ဟုန်တို့သည် လိုဏ်ခေါင်းအတွင်းမှ အလင်းတန်းများအဖြစ် ထွက်ပေါ်လာကာ ကမူစွန်းပေါ်သို့ ဆင်းသက်လာကြလေသည်။
သူတို့သည် အချိန်ကိုက် ရောက်ရှိလာခဲ့ပြီး ကျန်းရှောင်ဖန်းက မြေခွေးနှစ်ကောင်ကို ချော်ရည်ပူများထဲသို့ ပစ်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ကျန်းရှောင်ဖန်းသည် ကမူအစွန်းတွင် ရပ်နေခဲ့ပြီး သူ၏နောက်ဘက်ရှိ မည်သည့်အရာကိုမျှ သတိမထားမိဘဲ လေထဲသို့ ပြုတ်ကျသွားသော ပုံရိပ်များကိုသာ စိုက်ကြည့်နေမိပေသည်။
လေပြည်များ တိုက်ခတ်လာပြီး သူ၏အင်္ကျီစကို လွင့်ခတ်သွားစေ၏။
နူးညံ့သော အလင်းရောင်တစ်ခု တောက်ပသွားပြီး ကျက်သရေရှိလှသော မိန်းမပျိုလေးသည် လူသားအဝတ်အစားများ ပျောက်ကွယ်သွားကာ လှပသော အမြီးသုံးချောင်းမြေခွေးမလေးအဖြစ် မူလပုံစံသို့ ပြောင်းလဲသွားလေသည်။
အသက်ကင်းမဲ့နေသော်လည်း လှပနေဆဲဖြစ်သော မြေခွေးနှစ်ကောင်သည် အချင်းချင်း ပွေ့ဖက်ထားလျက် လေထဲသို့ ပြုတ်ကျသွားခဲ့၏။ တိုးညင်းသော အသံတစ်ခုနှင့်အတူ သူတို့သည် ချော်ရည်ပူများထဲသို့ နစ်မြုပ်ကာ ပျောက်ကွယ်သွားခဲ့ချေပြီ။
ပိယောင်သည် အနည်းငယ် စိုးရိမ်သွားခဲ့သည်။ သူမသည် ရှေ့သို့လှမ်းကာ အော်ခေါ်လိုက်၏။
“ရှောင်ဖန်း”
သို့သော် ထိုလူငယ်လေးသည် မည်သည့်အရာကိုမျှ မကြားရသည့်အလား မြေပြင်ပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ ရပ်တန့်နေခဲ့လေသည်။
သူတို့သည် နဂါးနက်ဂူထဲမှ ထွက်လာကြပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာကြလေသည်။ ထိုအချိန်တွင် ကောင်းကင်ယံ၌ နံနက်ခင်းအချိန်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
လီရွှင်နှင့် ယန်ဟုန်တို့အပါအဝင် လူတိုင်းမှာ သက်ပြင်းရှည်ကြီးကို ချလိုက်ကြ၏။ သူတို့နှစ်ဦးလုံးမှာလည်း ပင်ပန်းနွမ်းနယ်နေပုံရသည်။
သူတို့လေးဦး ပူးပေါင်းကာ အနိုင်ယူခဲ့ရသော ရေမျှော့နက်ကြီးမှာ လွယ်ကူသည့်ပြိုင်ဘက် မဟုတ်ကြောင်း နားလည်နိုင်ပေသည်။
ကျန်းရှောင်ဖန်း တစ်ယောက်တည်းသာ တိတ်ဆိတ်နေခဲ့လေသည်။
ပိယောင်က သူ့ကို တိုးညင်းစွာ မေးမြန်းလိုက်သော်လည်း ကျန်းရှောင်ဖန်းက ခေါင်းယမ်းရုံသာ တုံ့ပြန်ခဲ့သည်။
လီရွှင်က ကျန်းရှောင်ဖန်းထံ လျှောက်လာပြီး ပြောလိုက်သည်။
“ညီလေးကျန်းက စွန့်ပစ်ချောက်ကမ်းပါးအောက်က ဘေးအန္တရာယ်ကနေ လွတ်မြောက်လာနိုင်ခဲ့တာပဲ၊ ဒါက တကယ်ကို ဂုဏ်ပြုသင့်တဲ့ ကိစ္စပဲ”
ကျန်းရှောင်ဖန်းသည် အတင်းအကျပ် ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုလီ”
ယန်ဟုန်လည်း လျှောက်လာလေသည်။ သူမ၏မျက်နှာမှာ လီရွှင်ထက် ပို၍ကြင်နာတတ်ပုံရပြီး ပြုံးကာ ပြောလိုက်သည်။
“မောင်လေးကျန်း ရှင်က ကံကြမ္မာနဲ့ အတော်လေး ရေစက်နက်ရှိုင်းတာပဲ။ ဒီလိုဘေးအန္တရာယ်မျိုးကနေ အသက်ရှင်လွတ်မြောက်လာနိုင်တာဆိုတော့ အနာဂတ်မှာလည်း ကံကောင်းမှုတွေ ရရှိဖို့ ဖန်တီးထားပြီးသား ဖြစ်မှာပါ”
ထို့နောက် သူမက ရုတ်တရက် ပြုံးလိုက်ပြန်သည်။
“ဒါနဲ့စကားမစပ်၊ စွန့်ပစ်ချောက်ကမ်းပါးအောက်မှာ ရှင့်ကို ရှာမတွေ့ခဲ့ကြလို့ ရှင့်ဂိုဏ်းကလူတွေ အတော်လေး စိုးရိမ်နေကြတယ်။ အထူးသဖြင့် ရှင့်ရဲ့ ဂိုဏ်းတူအမလုပေါ့”
ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် လှုပ်ခတ်သွားပြီး ခေါင်းမော့ကာ ယန်ဟုန်ကို ကြည့်လိုက်လေသည်။ သို့သော် သူမက လီရွှင်ကို ထူးဆန်းသော အပြုံးဖြင့် လှမ်းကြည့်နေခဲ့သည်။
လီရွှင်သည် ယန်ဟုန်၏ အကြည့်ကို ခံစားမိသွားပြီး ရှားရှားပါးပါး ပြုံးလိုက်သော်လည်း သူ၏မျက်လုံးထဲတွင် အလင်းရောင်တစ်ခု တောက်ပသွားကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
“မှန်တယ်၊ မင်းရဲ့ဂိုဏ်းတူအကိုတွေက မင်းအတွက် အရမ်းစိုးရိမ်နေကြတာ။ မင်း မြန်မြန်ပြန်သွားပြီး အန္တရာယ်ကင်းကင်းနဲ့ ရှိနေကြောင်း သတင်းပို့တာ ပိုကောင်းလိမ့်မယ်”
ကျန်းရှောင်ဖန်းမှာ စိတ်လှုပ်ရှားသွားပြီး အရိုအသေပေးလိုက်လေသည်။
“ခင်ဗျားတို့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်”
ယန်ဟုန်က ပြုံးကာ တုံ့ပြန်လိုက်ပြီး ကျန်းရှောင်ဖန်း၏ အနောက်ဘက်ရှိ အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။
သူမမှာ လှပသော်လည်း ဤအခိုက်အတန့်တွင် သူမ၏မျက်နှာပေါ်၌ မှောင်မိုက်သော အရိပ်အယောင်များ လွှမ်းခြုံနေလေသည်။
ယင်းက ယန်ဟုန်၏ အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့သည်။ သူမသည် ပိယောင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် ကျန်းရှောင်ဖန်းအား မေးလိုက်သည်။
“မောင်လေးကျန်း အဲ့ဒီနှစ်ယောက်က…”
ကျန်းရှောင်ဖန်းက လှည့်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“သြော်၊ သူက တျန်းယင်ဂိုဏ်းခွဲက ဆရာတော် ဖူဟုန်ရဲ့ တပည့်ရှီထုံပါ”
ထို့နောက် သူက ရှီထုံကို လှည့်ပြောလိုက်၏။
“အစ်ကိုရှီ၊ သူတို့နှစ်ယောက်က ဖန်ရှန်းတောင်ကြားက အကိုလီရွှင်နဲ့ အစ်မယန်ဟုန်တို့ပဲ”
ရှီထုံ၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားလေသည်။ ကျင့်ကြံသူများ၏ အမြင်တွင် ဖန်ရှန်းတောင်ကြား၏ ဂုဏ်သတင်းမှာ နာမည်ကျော် ချင်းယွင်ဂိုဏ်းထက် နိမ့်ကျမှုမရှိပေ။ သူသည် ချက်ချင်းပင် အရိုအသေပေးလိုက်သည်။
လီရွှင်နှင့် ယန်ဟုန်တို့က ပြန်လည်၍ အရိုအသေပေးလိုက်ကြသည်။ ယန်ဟုန်က ပြုံးကာ ပြောလိုက်၏။
“တာအိုရောင်းရင်းရှီထုံရဲ့ ကျင့်ကြံမှုအဆင့်က အတော်လေး မြင့်မားတာပဲ”
ရှီထုံမှာ မျက်နှာပူသွားသော်လည်း သူသည် ပွင့်လင်းရိုးသားသူတစ်ဦးဖြစ်ရာ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ပေါ်လွင်နေခဲ့သည်။ သူက ပြုံးကာ ပြောလိုက်သည်။
“မြှောက်လွန်းပါပြီဗျာ….မြှောက်လွန်းပါပြီဗျာမြှောက်လွန်းပါပြီဗျာ”
ယန်ဟုန်က ပြုံးကာ လှည့်လာပြီး ပိယောင်ကို တစ်ချက်ကြည့်လိုက်ကာ ကျန်းရှောင်ဖန်းအား မေးလိုက်ပြန်သည်။
“အဲ့ဒီမိန်းကလေးကကော ဘယ်သူလဲ”
ကျန်းရှောင်ဖန်းမှာ စကားမပြောနိုင်ဖြစ်နေခဲ့၏။ ပိယောင်၏ မျက်လုံးများမှာမူ အေးစက်သွားလေသည်။
ရှီထုံသည် သူတို့နှစ်ဦးလုံး မည်သည့်စကားမျှ မဆိုသည်ကို မြင်သောအခါ ပြုံးကာ ဝင်ပြောလိုက်သည်။
“သူကတော့ မိန်းကလေးပိယောင်ပါ၊ ညီလေးကျန်းရဲ့ မိတ်ဆွေဖြစ်ပြီး ကျင့်ကြံမှုအဆင့်ကလည်း အတော်လေး နက်ရှိုင်းပါတယ်”
လီရွှင်သည် ပိယောင်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူမတွင် နှုတ်ဆက်ရန် ဆန္ဒမရှိသည်ကို မြင်သဖြင့် ခေါင်းလွှဲသွားခဲ့လေသည်။ သို့သော် ယန်ဟုန်ကမူ ပိယောင်နှင့်ပတ်သက်၍ အလွန်စိတ်ဝင်စားနေပုံရပြီး ပြုံးကာ မေးလိုက်သည်။
“အို မိန်းကလေးပိယောင်ပါလား၊ ရှင်က ဘယ်ဂိုဏ်းကလဲ”
ပိယောင်သည် ကျန်းရှောင်ဖန်းကို တစ်ချက်ကြည့်လိုက်သော်လည်း သူက တိတ်ဆိတ်နေဆဲဖြစ်သဖြင့် ရုတ်တရက် အေးစက်စက် ရယ်မောလိုက်လေသည်။
“ကျန်မက ဘယ်ဂိုဏ်းကမှမဟုတ်ပါဘူး၊ တစ်ယောက်တည်းပဲ နေလာတာ။ လူတစ်ယောက်ကို တစ်ကြိမ် ကူညီပေးခဲ့ဖူးပေမဲ့ အဲ့ဒီလူရဲ့ စွန့်ပစ်တာကို ခံခဲ့ရတာပဲ”
ကျန်းရှောင်ဖန်းမှာ မျက်မှောင်ကြုတ်သွားခဲ့၏။ ယန်ဟုန်ကမူ သူမကို ပြုံး၍ ကြည့်နေလေသည်။
ထို့နောက် အရှေ့တွင်ရပ်နေသော လီရွှင်က ချောင်းဟန့်လိုက်ပြီး ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ညီလေးကျန်း မင်းကို ငါမေးစရာတစ်ခု ရှိတယ်”
ကျန်းရှောင်ဖန်းသည် အချိန်ဆွဲမနေဘဲ ပြန်ပြောလိုက်သည်။
“အစ်ကိုလီ မေးပါဗျာ”
လီရွှင်က သူ့ကိုကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။
“ညီလေးကျန်းက နဂါးနက်ဂူထဲကို ပထမဆုံး ဝင်သွားတာဆိုတော့ ဂူထဲမှာဖြစ်ဖြစ်၊ မြေခွေးဖြူဆီမှာဖြစ်ဖြစ်၊ အလယ်မှာ မီးတောက်သင်္ကေတပါပြီး ဘေးနှစ်ဖက်မှာ ကြိုးနီတွေတပ်ထားတဲ့ လက်နက်တစ်ခုကိုများ မြင်ခဲ့မိသေးလား”
ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားခဲ့သည်။ ရှီထုံကမူ ဝင်ရောက်အော်ပြောလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်၊ မနေ့ညက ကျုပ်တို့ အမြီးသုံးချောင်း မြေခွေးမိစ္ဆာမနဲ့ တိုက်ခိုက်ခဲ့တုန်းက သူမ အဲ့ဒီလက်နက်ကို သုံးခဲ့သေးတယ်”
လီရွှင်နှင့် ယန်ဟုန်တို့၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းသွားလေသည်။ သို့သော် ယန်ဟုန်၏ စိတ်က ပို၍သတိကြီးသဖြင့် စဉ်းစားပြီးနောက် လီရွှင်အား မေးလိုက်သည်။
“ဒါပေမဲ့ မနေ့ညက ကျွန်မတို့ အောက်ဆင်းသွားတုန်းက အမြီးသုံးချောင်း မြေခွေးမိစ္ဆာမက ဘာလို့ မီးလျှံကြေးမုံကို မသုံးခဲ့တာလဲ”
လီရွှင်က ပေါ့ပါးစွာ ပြောလိုက်သည်။
“သူမက ငါတို့ကိုခုခံဖို့ မီးနဂါးကိုဆင့်ခေါ်ရာမှာ မီးလျှံကြေးမုံကို သုံးခဲ့တာပဲ၊ ဒါဆို မီးလျှံကြေးမုံက သူမဆီမှာ ရှိနေရမယ်”
ယန်ဟုန်က စဉ်းစားကာ ခေါင်းညိတ်လိုက်၏။ လီရွှင်သည် ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ညီလေးကျန်း မီးလျှံကြေးမုံက ငါတို့ဂိုဏ်းရဲ့ အရေးကြီးတဲ့ ရတနာတစ်ခုပဲ။ မင်း အဲ့ဒါကို မြင်ခဲ့သေးလား”
လူတိုင်း၏ အကြည့်များက ကျန်းရှောင်ဖန်းထံသို့ ရောက်ရှိနေခဲ့လေသည်။ ကျန်းရှောင်ဖန်းသည် အသက်ပြင်းပြင်းရှူကာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်သည်။
“မမြင်ခဲ့ပါဘူး”
လီရွှင်မှာ အံ့သြသွားပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
ယန်ဟုန်၏ အကြည့်များက ကျန်းရှောင်ဖန်းအပေါ် ဝဲပျံနေခဲ့ပြီး စဉ်းစားကာ မေးလိုက်သည်။
“ဘာလဲ၊ မောင်လေးကျန်းက အမြီးသုံးချောင်း မြေခွေးမိစ္ဆာမနဲ့ အမြီးခြောက်ချောင်း မြေခွေးမိစ္ဆာတို့ကို တိုက်ခိုက်ခဲ့တုန်းက သူတို့က မီးလျှံကြေးမုံကို မသုံးခဲ့ဘူးလား”
ကျန်းရှောင်ဖန်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်ပြန်သည်။
“မနေ့ညက ကျွန်တော် မတော်တဆ နဂါးနက်ဂူထဲ ရောက်သွားပြီး အဲ့ဒီမြေခွေးဖြူကို တွေ့ခဲ့တာပဲ။ ခင်ဗျားတို့ပြောတဲ့ အမြီးခြောက်ချောင်း မြေခွေးမိစ္ဆာဆိုတာ သေလုမျောပါး ဖြစ်နေခဲ့ပြီ”
“နောက်တော့ အမြီးသုံးချောင်း မြေခွေးမိစ္ဆာမဝင်လာတော့ သူမက ခင်ဗျားတို့လေးယောက်နဲ့ တိုက်ခိုက်ထားရလို့ ဖြစ်မယ်၊ သူမရဲ့ ခွန်အားတွေ အတော်လေး ဆုတ်ယုတ်နေခဲ့တယ်။ ကျွန်တော်လည်း သူတို့ကို အနိုင်ယူဖို့ အင်အားအများကြီး မသုံးခဲ့ရပါဘူး”
ယန်ဟုန်နှင့် လီရွှင်တို့၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာခဲ့လေသည်။ ယန်ဟုန်က လီရွှင်ဘက်သို့ လှည့်ကြည့်လိုက်၏။ လီရွှင်က ပေါ့ပါးစွာ ပြောလိုက်သည်။
“ငါတို့ နဂါးနက်ဂူထဲက မထွက်လာခင် အဲ့ဒီနေရာတစ်ခုလုံးကို သေချာရှာဖွေခဲ့ပြီးပြီ၊ မီးလျှံကြေးမုံရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူးဆိုတော့ အဲ့ဒါက သူတို့နဲ့အတူ ချော်ရည်ပူတွေထဲ ပြုတ်ကျသွားတာပဲ ဖြစ်ရမယ်”
ယန်ဟုန်သည် သက်ပြင်းချကာ ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတူအစ်ကိုလီ ကျွန်မတို့က ကျန်နေတဲ့ မြေခွေးမိစ္ဆာတွေကို နှိမ်နင်းနိုင်ခဲ့ပြီပဲ၊ အနည်းဆုံးတော့ ဂိုဏ်းကို ပြန်ပြီး သတင်းပို့စရာတော့ ရှိသွားပြီလေ”
လီရွှင်က ခေါင်းညိတ်လိုက်ပြီး လှည့်ကာ ကျန်းရှောင်ဖန်းနှင့် အခြားသူများကို နှုတ်ဆက်လိုက်လေသည်။
“ဒီလိုဆိုမှတော့ ဂိုဏ်းတူညီမလေးနဲ့ ငါက ဖန်ရှန်းတောင်ကြားကို ပြန်ပြီး သတင်းပို့ရမှာမို့ အရင်သွားနှင့်ပါရစေ”
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့က အလျင်အမြန် ပြောလိုက်ကြသည်။
ပိယောင်၏ မျက်နှာမှာမူ မှုန်ကုပ်နေဆဲဖြစ်ပြီး ဘေးတွင် မလှုပ်မယှက် ရပ်နေခဲ့လေသည်။